အပိုင်း ၆၉
Viewers 53k

အခန်း ၆၉ “အနိမ့်ဆုံးအဆင့်ပဲ ပေးနိုင်တယ်”


“အာ… သူက ဒီဆိုင်ကိုလာပြီး ပြသနာရှာတယ်လို့တောင် ထုတ်ပြောမှတော့ သူက နည်းလမ်းတကျ တွေးခေါ်တော့မှာမဟုတ်ဘူး… ဒါက ပိုင်ရှင်ပုရဲ့ ပုံစံအမှန်လား…” ရှောင်ရှောင်လုံတို့ သုံးယောက် ဆွံ့အနေမိကြသည်။ သူတို့က ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်တွင် ပုဖန်က အမှားရှာ၍ ပြသနာရှာလိုသော အကြောင်းအရင်းကို မသိရှိကြချေ။


“ပိုင်ရှင်ပု … ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကို ဘာလို့ တိုက်ခိုက်ချင်ရတာလဲ..” ရှောင်ယန်ယုက ချိုသာသော အသံဖြင့် ခပ်တိုးတိုး မေးမြန်းလိုင်သည်။ ရှောင်ရှောင်လုံသာမက ဉာဏ်ရည်မြင့်မားသော သူမသည်ပင် ထိုသို့ ပြုလုပ်လိုသော ပုဖန်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ပေ။ 


“ငါက ဒီမှာအမှားရှာမယ်ဆိုတာကို အကြောင်းပြချက်လိုသေးလို့လား… ပြသနာရှာမယ်ဆိုမှတော့ အဲလိုလုပ်ရတာ ကြိုက်လို့ပေါ့…” ပုဖန်က ရှောင်ယန်ယု ဘက်သို့ လှည့်၍ အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။


“ကောင်းပြီလေ… ဒီအကြောင်းပြချက်က တော်တော့်ကို ပြီးပြည့်စုံပါတယ်… ဒီအချက်က ပိုင်ရှင်ပုနဲ့ အံကိုက်ကို ဖြစ်နေတာပဲလေ…”


ထို့နောက် သူတို့က စကားမပြောကြတော့ပဲ ဟင်းပွဲများ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်ကြသည်။ ပထမထပ်မှ ရိုးရိုးစားသောက်ခန်း ဖြစ်သည့်အတွက် ဆူညံ ပွက်လောရိုက်နေပြီး အနံ့မျိုးစုံကလဲ လေထုထဲတွင် ပျံ့နှံ့နေပေသည်။ အရည်အသွေးနိမ့်သော ဝိုင်ရနံ့များနှင့် အမျိုးအမည်မသိရသော ဟင်းပွဲများ၏ ရနံ့များ ပေါင်းစပ်ထွက်ပေါ်လာမှုက မခံမရပ်နိုင်လောက်အောင်ပင် နံစော်နေပေသည်။


ရှောင်ရှောင်လုံ၏ မျက်နှာကလဲ ရွံရှာမှုကြောင့် ရှုံ့မဲ့နေလေတော့သည်။ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က အင်ပါယာမြို့တော်အတတွင်းတွင် အကျော်ကြားဆုံး စားသောက်ဆိုင်ဖြစ်သော်လည်း ရိုးရိုးစားသောက်ခန်းများ၏ သန့်ရှင်းသပ်ရပ်မှုမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ဆိုးရွားစုတ်ပဲ့နေပေသည်။ စားသုံးသူများ အလွန်များပြားသောကြောင့် သန့်ရှင်းသပ်ရပ်မှုကို ဦးစားပေး လုပ်ဆောင်နိုင်ခြင်းမရှိသည်လည်း ဖြစ်နိုင်ပေသည်။


“ဟင်းပွဲတွေရပါပြီ…” အသံကြားလိုက်ရပြီးနောက် ပဝါအဖြူတစ်ထည်ကို ပုခုံးပေါ်တွင် တင်ထား၍ ဟင်းပွဲများကို ဖြည်းညင်းစွာ သယ်ဆောင်လာသော စားပွဲထိုးတစ်ယောက်ကို တွေ့လိုက်ရသည်။


“ဧည့်သည် .. ဒီမှာ မင်းရဲ့ဟင်းပွဲ အနီရောင်ခြင်္သေ့ဦးခေါင်းသားနှပ်ပါ…” စားပွဲထိုးက ခပ်ပြုံးပြုံးနှင့် ပြောဆိုလိုက်ပြီး စားပွဲပေါ်သို့ အငွေ့တစ်ထောင်းထောင်း ထနေသော ဟင်းပွဲကို ချပေးလိုက်သည်။ အနီရောင်ခြင်္သေ့ဦးခေါင်းသားနှပ်ကို အနီရောင်အချဉ်ရည် အတွင်းတွင် နှစ်ထားသောကြောင့် အသားအရောင်က ရွှန်းစိုလှပနေပေသည်။ ရနံ့ကလဲ မွှေးပျံ့နေသောကြောင့် ဟင်းပွဲကို ကြည့်လိုက်သည်နှင့် သူတို့၏ မျက်လုံးထဲတွင် စမ်းချောင်းငယ်လေးထဲတွင် မျောပါနေသော နှင်းဆီပန်းများကဲ့သို့ မြင်နေရပေသည်။


“ဒီအနီရောင်ခြင်္သေ့ဦးခေါင်းသားနှပ်က ကြည့်ရတာ တော်တော်ကို စွဲဆောင်မှုရှိတာပဲ …” ရှောင်ရှောင်လုံက ဟင်းပွဲကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။ 


ထို့နောက် ရှောင်ရှောင်လုံက တူကို ကောက်ယူလိုက်ပြီး စားပွဲခုံပေါ်တွင် ခပ်သာသာ ဆောင့်လိုက်ကာ အနီရောင်အချဉ်ရည်များ အတွင်း နှစ်ထားသည့် အသားနှပ်ကို ကောက်ယူလိုက်သည်။ ပုဖန်ကလည်း တူဖြင့် အသားတစ်ဖက်ကို ပန်ကန်လုံးအတွင်းသို့ ပြောင်းထည့်ရန်ပြင်ဆင်လိုက်သည်။ သို့သော် တူဖြင့် အသားကို ကိုင်လိုက်မိချိန်တွင် အနည်းငယ် မာကျောနေသည်ဟု ခံစားလိုက်ရသောကြောင့် နှခေါင်းအနီးသို့ကပ်၍ နမ်းကြည့်လိုက်သည်။


ရှောင်ယန်ယုနှင့် ကွမ်းရှောင်ယီတို့ကလည်း အသားတစ်ဖက်စီကို ကောက်ယူလိုက်ပြီး မြည်းကြည့်လိုက်ကြသည်။ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်၏ ရိုးရိုးစားသောက်ခန်းတွင်သာ ရနိ်ုင်သည့် ထိပ်သီးဟင်းပွဲ ဆယ်မျိုးဖြစ်သောကြောင့် အရသာက အလွန်ကောင်းမွန်ပေသည်။ ပုဖန်၏ ဟင်းပွဲများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သာမာန်ဟင်းပွဲများထက် ကောင်းမွန်နေပေသည်။


ရှောင်ရှောင်လုံက ပါးစပ်အတွင်းမှ အသားတစ်ဖက် ကုန်သွားသောကြောင့် နှုတ်ခမ်းကို သုတ်၍ ရေတစ်ခွက်သောက်လိုက်လေသည်။ ထို့နောက် သူက အသားနောက်တစ်ဖက်ကို ထပ်စားလိုက်လေသည်။ အနီရောင်ခြင်္သေ့ ဦးခေါင်းသားနှပ်တွင် အသားဖက် ငါးခုသာပါ၀င်ပြီး ရှောင်ရှောင်လုံက နှစ်ခုစားလိုက်လေသည်။ 


“ပိုင်ရှင်ပု…မြည်းကြည့်လေ… ဒီခြင်္သေ့ဦးခေါင်းသားနှပ်ရဲ့ အရသာက မဆိုးပါဘူး.. တော်တော်လေးကောင်းတယ်… ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က စားဖိုမှုးရဲ့ လက်ရာက မဆိုးဘူးလို့ ပြောလို့ရတယ်…” ရှောင်ရှောင်လုံက အသားဖက်ကို ကြိတ်ဝါးနေရာမှ ပြောဆိုလိုက်သည်။


ပုဖန်က ပြန်မပြောပဲ အသားကို ခပ်သေးသေးကိုက်လိုက်သည်။ အသားက ပါးစပ်အတွင်း ရောက်ရှိသွားသည်နှင့် အချဉ်ရည်၏ ခပ်ပြင်းပြင်းအရသာကို ခံစားလိုက်ရသည်။ သူက တစ်ချက်နှစ်ချက်မျှ ဝါးလိုက်ပြီး အသားကို မြိုချလိုက်လေသည်။ ထို့နောက် သူ၏တူကို စားပွဲပေါ်သို့ ပြန်တင်လိုက်ပြီး ထပ်မစားတော့ချေ။ ပုဖန်၏ အမူအယာကြောင့် အခြားသူများက အထူးအဆန်းသဖွယ် ကြည့်နေကြပေသည်။


“အနီရောင်ခြင်္သေ့ဦးခေါင်းသားနှပ်မှာ အသုံးပြုထားတဲ့ အချဉ်ရည်က အရမ်းကို ငန်လွန်းတယ်… သူ့ထဲမှာ ဆားတွေအများကြီး ထည့်ထားတယ်ဆိုတာ ငါသေချာပေါက် ပြောနိုင်တယ်… ပြီးတော့ အချဉ်ရည်ထဲက သကြားကလဲ ကောင်းကောင်း မကျေညက်သေးဘူး…. သူကို စားလိုက်တာနဲ့ အရမ်းကို ပြင်းထန်တဲ့ အရသာက ထွက်ပေါ်လာတယ်…”


“ ခြင်္သေ့ဦးခေါင်းသားကို ပျော်ရွှင်ခြင်းလေးမျိုးအသားလို့ ပြောဆိုကြသေးတယ်.. ဒီအသားကို နှပ်မယ်ဆိုရင် အသားသီးသန့် ၇၀% နဲ့ အဆီအသားနှစ်မျိုးပေါင်းက ၃၀% အသုံးပြုပြီး လုံးထားရတယ် အသားသီးသန့်ကို နုပ်နုပ်စင်းပြီး ညက်နေအောင် ကြိတ်ထားရပြီး အဆီအသားရောကလဲ အရမ်းအဆီများလို့မရဘူး.. အခုက အသားကို ကျေညက်အောင် မကြိတ်ထားတော့ အသားမျှင်တွေက စည်းကပ်နေတယ်.. ပြီးတော့ အဆီအသားအရောကလဲ အရမ်းကို အဆီများလွန်းတယ် .. ဒီနှစ်ခုကိုရောပြီး နှပ်လိုက်တော့ ပြီးပြည့်စုံခြင်း မရှိတော့ဘူး… ငါ့အနေနဲ့တော့ ဒါကို အညံ့ဆုံးဟင်းပွဲလို့ပဲ ပြောရလိမ့်မယ်…”


ပုဖန်က အသက်တစ်ရှိုက်စာအတွင်းတွင် ရှင်းရှင်းလင်းလင်းနှင့် သက်တောင့်သက်သာ ပြောဆိုသွားလေသည်။ လူများအားလုံက ပုဖန်ကို ငေးကြောင်ကြည့်နေကြပြီး ဆွံ့အနေမိကြလေသည်။ ပုဖန်၏ ဝေဖန်ချက်များကြောင့် ဟင်းပွဲက လုံး၀ကို ရစရာမရှိလောက်အောင် ဖြစ်သွားပေသည်။ ရှောင်ရှောင်လုံ၏ လက်အတွင်းမှ တူက စားပွဲပေါ်သို့ ပြုတ်ကျသွားခဲ့သည်။


သူက ပုဖန်၏ ဝေဖန်မှုကို ကြားလိုက်ရပြီးနောက် ထိုဟင်းပွဲက အရသာမရှိဟု ထင်မြင်လာခဲ့သည်။ ခြင်္သေ့ဦးခေါင်းသား ထဲတွင် များပြာသော ပြစ်ချက်များ ရှိနေမည်ဟု ရှောင်ရှောင်လုံက တွေးထင်ထားမိခြင်းမရှိ်ပေ။


ရှောင်ရှောင်လုံက ဟင်းပွဲကို မြင်လိုက်ရစဉ်က စားချင်သောက်ချင်စိတ်များ အပြည့်အဝဖြစ်နေသော်လည်း ပဖြန်၏ ဝေဖန်မှုကိုကြားလိုက်ရပြီးနောက် ပါးစပ်အတွင်းမှ ဝါးလက်စ အသားဖက်ကိုပင် ထွေးထုတ်လိုက်လေသည်။


“ပိုင်ရှင်ပု… သူကဒီမှာတစ်ကယ်ပဲ ပြသနာရှာနေတာပဲ… ရိုးရိုးစားသောက်ခန်းက အကောင်းဆုံးဟင်းပွဲတောင်မှ သူအပြစ်ရှာလိုက်တာ သုံးစားလို့မရတဲ့ အခြေအနေကို ရောက်သွားပြီ … ဒါပေမယ့် သူ့ရဲ့ ဟင်းချက်စွမ်းရည်အရ သူပြောတာတွေက အမှန်တွေပဲ ဖြစ်ဖို့ရာခိုင်နှုန်းများနေတာပဲ …” ရှောင်ရှောင်လုံက တွေးတောနေမိသည်။


ဒုတိယဟင်းပွဲ ဖြစ်သည့် ငါးပေါင်းဟင်းက ရောက်ရှိလာခဲ့သည်။ ထောင်းထောင်းထနေသည့် အပူငွေ့အတွင်းတွင် သင်းပျံ့လတ်ဆတ်သည့် မွှေးရနံ့များက အတူရောယှက်လျက် ပျံံ့နှံ့ထွက်ပေါ်နေပေသည်။ ငါးကို ဓါးချက်အနည်းငယ်မျှသာ မွှန်းထားသောကြောင့် ပုံစံမပျက်ပဲ ရှိနေပေသည်။ ပေါင်းခံထားသော အပူရှိန်ကြောင့် ဓါးချက်များက အနည်းငယ်ဟနေပြီး လတ်ဆတ်သော ငါးအတွင်းသားကို လှစ်ဟာပြနေသကဲ့သို့ ဖြစ်နေပေသည်။ ရှောင်ရှောင်လုံတို့အားလုံးက တူကို မကိုင်သေးပဲ အကဲဖြတ်မည့် ပုဖန်ကို စောင့်ဆိုင်းနေကြပေသည်။


ပုဖန်က ခေါင်းတစ်ချက်ညိမ့်လိုက်ပြီး တူကိုကောက်ယူလိုက်သည်။ သူက ပထမဦးစွာ ငါး၏ ဦးခေါင်းပိုင်းမှ ပါးဟပ်ကို တူဖြင့် ဖိကြည့်လိုက်သည်။ တူမှ တွန်ကန်အားကို ခံစားလိုက်ရသောကြောင့် ကျေနပ်သွားပြီး ရေရွတ်လိုက်မိသည်။


“အင်း… ကြည့်ရတာတော့ ဒီငါးကို ပေါင်းတဲ့အချိန်မှာ အပူချိန်ကို ကောင်းကောင်းထိန်းချုပ်ထားနိုင်တာပဲ …” 


ထို့နောက် ငါးအသားဖက်တစ်ဖက်ကို တူဖြင့် ညှပ်ယူလိုက်ပြီး ဟင်းရည်အတွင်းသို့ နှစ်၍ ပါးစပ်အတွင်းသို့ ထည့်လိုက်လေသည်။ ငါးအသားဖက်က ပါးစပ်အတွင်း ရောက်ရှိလာသည်နှင့် အနည်းငယ်ငန်သော အရသာကို ရလိုက်သည့်အပြင် ငါးညှီနံ့ကလဲ ထွက်ပေါ်လာသောကြောင့် ပုဖန်၏ မျက်နှာက မကျေမနပ်အမူအယာသို့ ပြောင်းလဲသွားလေတော့သည်။


“ဖြီး….”


 ပုဖန်က ပါးစပ်အတွင်းမှ ငါးညှီနံ့ပျောက်စေရန် ရေဖြင့် ပလုပ်ကျင်းလိုက်ပြီး ထွေးထုတ်လိုက်လေသည်။


“ အခြေခံအကျဆုံးဖြစ်တဲ့ ငါးရဲ့ အညှီနံ့ကိုတောင် ပျောက်အောင် မဖယ်ရှားနိုင်ဘူး… ဒီလိုအညှီနံ့စွဲနေတဲ့ ငါးအသားက မြည်းကြည့်ဖို့တောင်မထိုက်တန်ဘူး…” ပုဖန်၏ အမူအယာက အလွန်မကျေမနပ်ဖြစ်နေပုံရပြီး သူ၏အသံက ရေခံတမျှ အေးစက်နေပေသည်။ ရှောင်ရှောင်လုံတို့က နောက်တစ်ကြိမ် ထပ်မံ အံ့အားသင့်သွားကြသည်။ ပုဖန်က ငါးအသားကို မစားကြည့်ပဲ ပါးစပ်အတွင်း ထည့်၍ ထွေးထုတ်လိုက်သည်ကိုသာ သူတို့က မြင်တွေ့လိုက်ရပေသည်။ 


ရှောင်ရှောင်လုံက မယုံသင်္ကာဖြစ်သွားပြီး ငါးအသားဖက်ကို ပါးစပ်အတွင်း ထည့်လိုက်လေသည်။ ပုဖန်ပြောလိုက်သကဲ့သို့ အသားမှ အညှီနံ့ထွက်နေသော်လည်း အရသာက အလွန်ကောင်းမွန်နေပေသည်။ ထိုအညှီနံ့က မသိမသာဖြင့် ထွက်ပေါ်နေသောကြောင့် လက်ခံ၍ ရသော အနေအထားတွင် ရှိ်နေပေသည်။


ဟင်းပွဲများကို ချက်ပြုတ်ရာတွင် သေသေချာချာ ဂရုစိုက်ရန် လိုအပ်ပေသည်။ သေးငယ်သော အမှားတစ်ခုကပင် ဟင်းပွဲများ၏ အရသာကိုပျက်စီးသွားစေနိုင်ပေသည်။ ပထမတန်းစားဟု သတ်မှတ်ထားသော ဟင်းပွဲများတွင် ငါးညှီနံ့ အနည်းငယ်မျှပင် ရှိမနေသင့်ပေ။ ထိုအညှီနံ့ အနည်းငယ် ရှိနေခြင်းကြောင့် ပုဖန်၏ ရက်ရက်စက်စက် ဝေဖန်ခြင်းကို ခံလိုက်ရပေသည်။


ရှောင်ရှောင်လုံတို့က ပုဖန်၏ စကားများကို နားမလည်သော်လည်း ခေါင်းညိမ့်လက်ခံလိုက်ကြသည်။ စားပွဲထိုးလေးက နောက်ထပ် ဟင်းလျာများကို ယူဆောင်လာပြီး စားပွဲပေါ်မှ အရာမယွင်းသေးသော ဟင်းပွဲများကိုကြည့်၍ အံ့အားသင့်သွားလေတော့သည်။


အချို့ဟင်းပွဲများက ထိပင် မထိရသေးပုံ ပေါ်နေသောကြောင့် စားပွဲထိုးလေးက စိတ်ကသိကအောင့် ဖြစ်သွားလေသည်။ စားပွဲပေါ်မှ ဟင်းပွဲများတွင် အချို့ကို အနည်းငယ်မျှ မြည်းစမ်းထားပြီး အချို့ဟင်းပွဲများက ထိပင် မထိရသေးပေ။ ထိုသို့သော အခြေအနေမျိုးက ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်တွင် မဖြစ်ဖူးသောကြောင့် သူက မယုံကြည်နိုင်ပဲ ဖြစ်နေပေသည်။ စားဖိုမှုး၏ လက်ရာက အလွန်ကောင်းမွန်သောကြောင့် အစာအိမ်မပါသော သူများကိုပင် စွဲဆောင်နိုင်ပေသည်။


စားပွဲထိုးလေးက နောက်ဆုံးဟင်းပွဲကို ချပေးရမည့်အချိန်တွင် ထိုအခြေအနေကို အမချွန်းထံ သွားရောက်ပြောဆိုလိုက်သည်။ အမချွန်းက ပုဖန်တို့၏ စားပွဲကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မယုံသင်္ကာဟန်နှင့် နောက်ဆုံးဟင်းပွဲကို သူမကိုယ်တိုင် ယူဆောင်လာလိုက်သည်။ စားပွဲထံသို့ ရောက်ရှိလာသည်နှင့် အနည်းငယ်မျှသာ ထိတွေ့ထားသော ဟင်းပွဲများကို တွေ့လိုက်ရသောကြောင့် မျက်လုံးကို အနည်းငယ် မှေးကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။


“အိုး… သခင်လေးရှောင်… ဒီဟင်းပွဲတွေကို ဘာလို့မစားထားတာလဲ… အကြိုက်မတွေ့ဘူးလား….”


အရသာမရှိသည့် ဟင်းပွဲများကို မြည်းစမ်းထားရသောကြောင့် ပုဖန်၏ စိတ်အခြေအနေက အလွန်ဆိုးဝါးနေပေသည်။ ရှောင်ရှောင်လုံက ကူရာမဲ့စွာဖြင့် ပုဖန်ကို လက်ညိုးညွှန်ပြလိုက်ပြီး ပြောဆိုလိုက်သည်။


“ဒီသခင်လေးပုက ပြောတယ်…. ဟင်းပွဲတွေကိ်ု ချက်ထားတဲ့ ချက်ထားတဲ့ လက်ရာက အရမ်းကို ညံ့ဖျင်းလွန်းလို့ သူလုံး၀ကို စားလို့မရဘူးတဲ့…” 


“ဘယ်လို… သခင်လေးရှောင်… နောက်နေတာလား… ဒီထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က ဟင်းပွဲတွေက အရသာအရမ်ကောင်းတယ်ဆိုတာ အင်ပါယာမြို့တော်ထဲက လူတွေအားလုံး သိကြတယ်… ဒီနေရာက ရိုးရိုးစားသောက်ခန်းဆိုပေမယ့် ဒီမှာရှိတဲ့ ဟင်းပွဲတွေက မြို့တော်ထဲက တစ်ခြားစားသောက်ဆိုင်တွေရဲ့ အကောင်းဆုံးဟင်းပွဲနဲ့တောင် ယှဉ်နိုင်တယ်လေ..” အမချွန်းက ခပ်ဟဟ ရယ်မောလိုက်ပြီး သူမ၏ လက်များကို ဝေ့ရမ်း၍ ရှောင်ရှောင်လုံကို ချိုသာသောအသံဖြင့် ပြောဆိုလိုက်သော်လည်း သူမ၏ မျက်၀န်းများက ပုဖန်ကို အေးစက်စက် စိုက်ကြည်နေပေသည်။ 


ပုဖန်က သူမ၏ အကြည့်ကို သတိထားမိခြင်းပင်မရှိ်ပဲ တူကိုကောက်ကိုင်လိုက်ပြီး နောက်ဆုံးဟင်းပွဲကို စားကြည့်လိုက်လေသည်။ သူကအနည်းငယ်မျှ စားလိုက်ပြီးနောက် တူကို ပြန်ချထားလိုက်ပြီး ခပ်တည်တည်အမူအယာနှင့် ပြောဆိုလိုက်သည်။


“ဒီ ပုဇွန်ဆိတ်နဲ့ မျှစ်ကြော်က အရမ်းကိုပဲ ညံ့ဖျင်းလွန်းတယ်…. ရွေးချယ်အသုံးပြုထားတဲ့ မျှစ်က အရမ်းကိုပဲ ရင့်နေပြီ… အဲဒါကြောင့် တစ်ချို့က အရမ်းခါးပြီး ဝါးရခက်နေတယ်… ဒီမှာအသုံးပြုထားတဲ့ ပုဇွန်ဆိတ်ရဲ့ အရည်အသွေးက အရမ်းကိုပဲ ကွာခြားမှုရှိနေတယ်.. ပုဇွန်အချို့က မလတ်တော့ပဲ တစ်ချို့တစ်လေကပဲ လတ်ဆတ်နေတယ်… ဒါကြောင့် သူတို့ရဲ့ ကွဲပြားခြားနားတဲ့ အရသာက အရမ်းကိုပဲ သိသာလွန်းတယ်… ဒါကြောင့် ဒီဟင်းပွဲကိုလည်း အညံ့ဆုံးအရည်အသွေးလို့ပဲ ငါက သတ်မှတ်ရမှာပဲ …” 


ပုဖန်၏ ဝေဖန်ချက်ကို ကြားလိုက်ရသောကြောင့် အမချွန်းကမှင်သက်သွားမိပေသည်။ ထို့နောက်သူမက ပြင်းပြင်းထန်ထန် ဒေါသထွက်လာပြီး သူမ၏ ရင်ဘက်တစ်ခုလုံးပင် နိမ့်ချည်မြင့်ချည် ဖြစ်နေပေသည်။


“ဒီဖုတ်ကောင် မျက်နှာနဲ့လူက ပြသနာလာရှာနေတာပဲ… ဒီဆိ်ုင်က အကောင်းဆုံးဟင်းပွဲတွေကိုတောင် ရစရာမရှိအောင် ဝေဖန်ရဲတယ်… ဒိလိုလာပြီး အကဲဖြတ်ရအောင် သူ့ကိုသူ ဘာများထင်နေတာလဲ…” အမချွန်းက တွေးလိုက်မိသည်။ 


ထို့နောက် သူမ၏ရင်ဘက်ကို လက်ဖြင့် ဖိလိုက်ပြီးနောက် အမချွန်းက ပုဖန်ကို အေးစက်စက်စိုက်ကြည့်၍ ပြောဆိုလိုက်သည်။


“ကြည့်ရတာတော့ မင်းက စားဖိုမှုးတစ်ယောက်ဖြစ်မယ်ထင်တယ်… စားဖိုမှုးတစ်ယောက် ဆိုရင်တောင် မင်းနားလည်ထားရမယ့် အရာတွေရှိသေးတယ်… ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က ဟင်းပွဲတွေကိုအကဲဖြတ်နေရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ….”