အခန်း ၇၀ “ပန်းဂဏန်းဟင်းကလဲ အဆင့်နိမ့်တယ်.”
ရှောင်ရှောင်လုံ၏ သူငယ်ချင်းက ဤနေရာတွင် ပြသနာလာရှာနေသောကြောင့် အမချွန်းက ဒေါသချောင်းချောင်း ထွက်နေပေသည်။ ရိုးရိုးစားသောက်ခန်းမှ ဟင်းပွဲများကို ဆိုင်၏ ထိပ်တန်းစားဖိုမှုးမှ ချက်ပြုတ်ထားခြင်း မဟုတ်သော်လည်း အလွယ်တကူ အပြစ်ပြု၍ ရသော နေရာမျိုး မဟုတ်နေပေ။ ထိုအချိန်တွင် ရှောင်ရှောင်လုံတို့လူစုက အမချွန်းကို အဓ်ိပ္ပါယ်ဖော်မရနိုင်သော မျက်၀န်းများနှင့် စိုက်ကြည့်နေကြပြီး တွေးတောနေမိကြလေသည်။
“ဘာဖြစ်တယ်… ပိုင်ရှင်ပုက ဒီဟင်းပွဲတွေကို အကဲဖြတ်ဖို့ အဆင့်မမှီဘူး… ဟုတ်လား…ရယ်စရာကောင်းတဲ့ဟာသပဲ….”
“ကမ္ဘာပေါ်မှာ အကောင်းဆုံး ပျက်လုံးတစ်ခုကိုကြားလိုက်ရ သလိုပဲ အရှင်မင်းကြီးတောင် ပိုင်ရှင်ပုချက်ပြုတ်ထားတဲ့ ဟင်ပွဲတွရဲ့ လွမ်းမိုးမှုအောက်မှာ ကျရှုံးသွားရတာ ဒီထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က ဘာမို့လဲ…”
အမချွန်းက မာနထောင်လွှားနေသော်လည်း သူမတွင် မာနထောင်လွှားနိုင်သည့် အရည်အချင်း ရှိနေပေသည်။ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှ စားဖိုမှုးများကို အလွန်ယုံကြည် စိတ်ချနေပေသည်။ အခြားစားသောက်ဆိုင်မှ စားဖိုမှုးများက ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှ စားဖိုမှုးများလောက် ကျွမ်းကျင်မှု ရှိနေလိမ့်မည် မဟုတ်ချေ။ ထာ၀ရရှင်သန်သော ဖီးနစ်စားသောက်ဆိုင်မှ စားဖိုမှုးများက အင်ပါယာမြို့တော်အတွင်းတွင် အကောင်းဆုံး လူများပင် ဖြစ်ကြသည်။
သို့သော် ရှောင်ရှောင်လုံတို့၏ လှောင်ပြောင်လိုသော အမူအယာများကို တွေ့မြင်လိုက်ရသောကြောင့် သူမက စိတ်မသက်မသာ ဖြစ်သွားပြီး လှမ်းမေးလိုက်မိသည်။
“ဘာလဲ … ငါပြောတာ မှားနေလို့လား…”
ရှောင်ရှောင်လုံတို့က သူမကို ပြန်ပြောခြင်းမရှ်ိပဲ ခေါင်းကို ခါရမ်း၍ ခပ်ဟဟရယ်မောနေကြသည်။ ပုဖန်က အမချွန်းကို လူပျက်တစ်ယောက်ကို ကြည့်နေသကဲ့သို့ မျက်နှာသေနှင့် ကြည့်လိုက်သည်။ ပုဖန်က သူမကို ကြည်လိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်သည်။
“ငါ့ကို ဒုတိယထပ်ကို ခေါ်သွားပေး… ပထမထပ်မှာရှိတဲ့ အစားအသောက်တွေအကုန်လုံးကို အဆင့်နိမ့်တယ်လို့ပဲ ငါက သတ်မှတ်လိုက်တော့မယ်…” ပုဖန်က ရွှေပြားအနည်းငယ်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ခပ်ပြတ်ပြတ်ပြောလိုက်သည်။
“နင်….” အမချွန်းက ဒေါသထွက်သွားပြီး တွေးလိုက်မိသည်။
“ဘယ်လိုဖြစ်ပြီး ဒီကောင်က အရမ်းကိုဆောင့်ကြွားကြွားနိုင်နေတာလဲ… သူကဘယ်ကလဲ… ဘာကြောင့် ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က ဟင်းပွဲတွေကို ဝေဖန်ဖို့ အဆင့်ရှိတယ်လို့ သူ့ကိုယ်သူ တွေးထင်နေတာလဲ …”
ရှောင်ရှောင်လုံတို့က ဒုတိယထပ်သို့ သွားရန် ပြောဆိုနေသော ပုဖန်၏ အသံကို ကြားလိုက်ရသောအခါ သူတို့၏ မျက်၀န်းများက တောက်ပသွားပြီး ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ကြသည်။ ရှောင်ရှောင်လုံက ခပ်ပြုံးပြုံး အမူအယာနှင့် အမချွန်းဘက်သို့ လှည့်၍ ပြောဆိုလိုက်သည်။
“အမချွန်း စိတ်မဆိုးပါနဲ့… ငါ့သူငယ်ချင်းရဲ့ အမူအကျင့်က ဒီလိုပဲ မို့ပါ… ငါတို့ကို ဒုတိယထပ်ကို ခေါ်သွားပေးလေ… ဒုတိယထပ်က ဟင်းပွဲတွေက ပထမထပ်ကထက် အပုံကြီးသားနေတယ်မဟုတ်လား… အဲဒီအခါကျရင် သူက ဟင်းပွဲတွေကို ဒီလိုဆိုးဝါးတဲ့ မှတ်ချက်မျိုး ပေးနိုင်မှာ မဟုတ်တော့ဘူး…”
“ကောင်းပြီလေ … ဒုတိယထပ်ကိုရောက်မှ ဒီဆောင့်ကြွားကြွားနိုင်တဲ့ ကောင်စုတ်လေးက ထပ်ပြီး ဘ၀င်မြင့်နိုင်သေးလားဆိုတာကို ငါကြည့် ဦးမယ်…” အမချွန်းက ပုဖန်ကို သနားနေသာ ဟန်ဖြင့် ကြည့်လိုက်ပြီး နှာခေါင်းရှုံ့၍ လှည့်ထွက်သွားလိုက်သည်။
ထို့နောက် သူမ၏ လှပသော တင်ပါးများကို ခါရမ်း၍ ရှေ့မှဦးဆောင် လျောက်သွားလေတော့သည်။ ရှောင်ရှောင်လုံတို့ လူစုက ပြုံးလိုက်ပြီးနောက် သူမ၏ နောက်မှ လိုက်ပါသွားကြလေတော့သည်။ စားသောက်ဆိုင်၏ ဒုတ်ယထပ်က ပထမထပ်ထက် ကျဉ်မြောင်းပေသည်။ ပုဖန်က ဒုတိယထပ်သို့ လျောက်လှမ်းနေရာမှ လေထုကပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
ဒုတိယထပ်က အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး ပတ်၀န်းကျင်က သက်တောင့်သက်သာ ရှိနေပေသည်။ ပရိဘောဂ ပစ္စည်းများက အရည်အသွေးအလွန်ကောင်းမွန်လှပြီး ပတ်၀န်းကျင်မှ လေထုကို သန့်၀င်ပေးနိုင်သော ဝိဉာဉ်ပျိုးပင် အမြောက်အများကို စိုက်ပျိုးထားပေသည်။ စားပွဲအချို့တွင် စားသုံးနေကြသော ဧည့်သည်အချို့ကလည်း တိတ်ဆိတ်စွာပင် စားသောက်နေကြသည်။ အမချွန်းက စားပွဲတစ်ခုဆီသို့ ဦးဆောင်သွားလိုက်ပြီး ပုဖန်တို့လူစုကို နေရာချပေးလိုက်သည်။
“မီနူးကိုကြည့်ပြီး မင်းမှာချင်တာကိုပြောလိုက်…” အမချွန်းက ပုဖန်ကို မကျေမနပ်စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
ပုဖန်က မီနူးကို ကောက်ယူ၍ ကြည့်ရှုလိုက်ရာဟင်းပွဲ နှစ်ဆယ်ခန့် ရေးသားထားသည်ကို တွေ့လိုက်ရသည်။ ဟင်းပွဲတစ်ပွဲစီတိုင်း၏ စျေးနှုန်းများက အလွန်မြင့်မားနေပေသည်။ ထိုပမာဏက ပုဖန်၏ ဆိုင်ငယ်လေးမှ ဟင်းပွဲများ၏ စျေးနှုန်းကိုမယှဉ်နိုင်သော်လည်း သာမာန်လူများအတွက် အလွန်မြင့်မားသော စျေးနှုန်းများပင် ဖြစ်ကြပေသည်။ ပုဖန်က မီနူးကို တစ်ချက်မျှသာကြည့်လိုက်ပြီးနောက် စားပွဲပေါ်သို့ ပြန်တင်လိုက်ပြီး ပြောဆိ်ုလိုက်သည်။
“ဒီဒုတိယထပ်မှာ အကောင်းဆုံးလို့ ထင်တဲ့ ဟင်းပွဲတိုင်းကို အကုန်ချပေး….”
“ဟမ်… ဒီကောင်စုတ်က ဒုတိယထပ်က ဟင်းပွဲတွေကိုလည်း အပြစ်ရှာချင်နေတာလား… သူက ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကို လာပြီး ဆိုင်ရဲ့ ပြစ်ချက်တွေကို ရှာရဲတာလား…” အမချွန်းက မျက်လုံးများကို မှေးကျဉ်း၍ ပုဖန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး တွေးလိုက်မိသည်။
“ကောင်းပြီလေ… ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က စားဖိုမှုးတွေရဲ့ ကျွမ်းကျင်မှုကို မင်းသိအောင် ပြရသေးတာပေါ့…” အမချွန်းက ပြောဆ်ိုလိုက်ပြီး ဟင်းပွဲများကို ပြင်ဆင်ရန် လှည့်ထွက်သွားလိုက်သည်။
“ပိုင်ရှင်ပု… မင်းကဒီနေ့ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က ဟင်းပွဲတွေရဲ့ ပြစ်ချက်ကို ရှာဖို့ ပြင်ဆင်ထားတာလား… ဒါက တစ်ကယ်ရော လုပ်ဖို့ လိုအပ်လို့လား… မင်းပြောတဲ့ ပညာရှာတယ်ဆိုတာ ဒီလိုလား….” ရှောင်ရှောင်လုံက အမချွန်းထွက်ခွာသွားသည်နှင့် လေသံကို နှိမ့်၍ မေးမြန်းလိုက်သည်။
“ငါက သူတို့ဟင်းပွဲတွေရဲ့ ပြစ်ချက်တွေကို ထောက်ပြတာလေ… သူတို့က ဒီအတွက် ငါ့ကို ကျေးဇူးတောင် တင်ရဦးမယ်…” ပုဖန်က ရှောင်ရှောင်လုံကို တစ်ချက်မျှကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
ကွမ်းရှောင်ယီက စိတ်အားထက်သန်စွာဖြင့် ရယ်မောလိုက်မိသည်။ စိတ်အားထက်သန်စွာဖြင့် လိုရာဆွဲတွေးနေသော ပုဖန်၏ ပုံသဏ္ဍာန်က သူမကို ရယ်မောစေသည်အထိ ဖြစ်လာစေခဲ့သည်။ ရှောင်ယန်ယုကလည်း သူမ၏ နှုတ်ခမ်းကို ကာ၍ ခပ်တိုးတိုး ရယ်လိုက်မိလေသည်။ သူမက ရယ်ချင်စိတ်ကို အောင်အီးထားရသောကြောင့် သူမ၏ လှပသောမျက်နှာလေးက ရဲရဲနီနေလေသည်။
“ဒါကဘာမှားနေလို့လဲ…ငါက သူတို့ ဟင်းပွဲတွေရဲ့ အားနည်းချက်တွေကို ထောက်ပြလိုက်တယ်… သူတို့ကသာ ဒီအားနည်ချက်တွေကို ပြင်ဆင်နိုင်မယ်ဆိုရင် ဟင်းပွဲတွေရဲ့ အဆင့်အတန်းက မြင့်တက်သွားနိုင်တယ်လေ… ဒါကြောင့် ငါ့ကို ကျေးဇူးတင်သင့်တယ်မဟုတ်ဘူးလား…” ပုဖန်က အလွန်စိတ်ရှုပ်ထွေးသွားပြီး တွေးတောနေလိုက်သည်။
တခဏမျှကြာသောအခါ အမချွန်းက မွှေးရနံ့များ သင့်ပျံ့နေသည့် ဟင်းပွဲတစ်ပွဲကို သယ်ဆောင်၍ သူတို့၏ စားပွဲဆီသို့ လှုပ်လီလှုပ်လဲ့နှင့် ရောက်လာလေသည်။ ဟင်းပွဲက ကြီးမားပြီး မွှေးရနံ့များက အလွန်အမင်းသင့်ပျံ့နေပေသည်။ ကြီးမားသော ပန်ကန်ပြားတစ်ခုထဲတွင် ဂဏန်းကြီးကြီးတစ်ကောင်ကို ထက်ခြမ်း ခြမ်း၍ ထည့်ထားလေသည်။ ဂဏန်းဟင်းပွဲကို အဝေးမှ မြင်လိုက်ယုံမျှနှင့်ပင်အလွန်အမင်း စွဲဆောင်နိုင်မှုကို မြင်တွေ့နေရပေသည်။
“ဒါက ဒုတိယထပ်မှာ လူသိများ ကျော်ကြားတဲ့ ပန်းဂဏန်းဟင်းပွဲပဲ….”
အမချွန်းက ပုဖန်ကို ခပ်ထေ့ထေ့ကြည့်လိုက်ပြီး ဟင်းပွဲကို စားပွဲပေါ်သို့ ချပေးလိုက်သည်။ရှောင်ရှောင်လုံက မချုပ်တည်းနိုင်ပဲ ထေထုထဲမှ ရနံ့များကို ရှူရှိုက်လိုက်မိသည်။ သူက ထာ၀ရရှင်သန်သော ဖီးနစ်စားသောက်ဆိုင်ကို လာသည့်အချိန်တိုင်းတွင် ထိုဟင်းပွဲကို မှာစားနေကြဖြစ်သည်။ ပန်းကန်အတွင်းမှ ဂဏန်းလက်တံတစ်ခုကို သူ၏ ပန်းကန်အတွင်းသို့ ပြောင်းထည့်လိုက်ပြီး အခွံကို ချွတ်၍ နှစ်သက်စွာဖြင့် စတင်စားသောက်လေတော့သည်။
ပုဖန်ကလည်း လက်တံတစ်ခုကို သူ၏ ပန်းကန်အတွင်းထည့်လိုက်လေသည်။ ဂဏန်း၏ အခွံက အနီရောင်ဖျော့ဖျော့ သမ်းနေပြီး ကောင်းစွာ ချက်ပြုတ်ထားပုံ ပေါ်နေပေသည်။ မွှေးပျံံ့သော ရနံ့များနှင့် လှပသော အရောင်တို့ကို မြင်လိုက်သည်နှင့် စားချင်စိတ်ကို ဖြစ်ပေါ်လာစေပေသည်။ ပုဖန်က တူတစ်ချောင်းနှင့် ဂဏန်းအခွံကို ဟလိုက်လေသည်။ ဂဏန်းအခွံကျွတ်သွားသည်နှင့် အတွင်းမှ နူးညံ့သော အသားနုနုများ ပေါ်ထွက်လာပြီး ပြင်းထန်သော မွှေးရနံံ့များက သူ၏ နှာခေါင်း၀ဆီသို့ ရောက်ရှိလာလေတော့သည်။
ဂဏန်းအသားက အပူငွေ့ ခပ်နွေးနွေး ကျန်ရှိနေပြီး သူတို့ကို စားလှည့်ပါဟု ဖိတ်ခေါ်နေသယောင် ထင်ရပေသည်။ သို့သော် ပုဖန်က အသားကို အရင်မစားသေးပဲ ဂဏန်းအခွံအတွင်းမှ အဆီအနှစ်များကို တူဖြင့် ခြစ်ထုတ်လိုက်လေသည်။ ဂဏန်ဒအဆီအနှစ်၏ အနံ့က အလွန်မွှေးပျံ့နေခြင်း မရှိသော်လည်း အရောင်အဆင်းက စားခြင်စဖွယ် ဖြစ်နေပေသည်။
“ဟမ်…”
ပုဖန်က ဂဏန်းအဆီများကို အနည်းငယ် မြည်းကြည့်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်မိသည်။ ထို့နောက် နူးညံ့သည့် ဂဏန်းသားကို အနည်းငယ် စားကြည့်လိုက်လေသည်။ နှစ်ခုလုံးကို မြည်းကြည့့်လိုက်ပြီးနောက် စကားတစ်ခွန်းမျှ မပြောတော့ပဲ စားပွဲပေါ်သို့ ပန်းကန်ကို ပြန်ချထားလိုက်လေသည်။
“ဘာမှားနေလို့လဲ… မင်းဘယ်လိုပြစ်ချက်မှ မပြောနိုင်တော့ဘူး မဟုတ်လား…. မင်းက ပထမထပ်မှာတုန်းက သာမာန်လူတွေအတွက် ရောင်းတဲ့ ဟင်းပွဲတွေကိုတော့ တစ်ခုပြီးတစ်ခု ပြစ်ချက်တွေရှာခဲ့တယ်လေ… အခုအင်ပါယာမြို့တော်ထဲက ဂုဏ်သရေရှိ အထူးဧည့်သည်တော်တွေအတွက် ချက်ပေးတဲ့ ဟင်းပွဲကိုတော့ အပြစ်မရှာနိုင်တော့ဘူးမဟုတ်လား….” အမချွန်းက ဘာမှမပြောပဲ ထိုင်နေသော ပုဖန်ကို မြင်လိုက်သောကြောင့် လှောင်ပြောင်သရော်လေတော့သည်။ ရှောင်ရှောင်လုံနှင့် အခြားသူများက ပုဖန်ကို အံံ့သြတကြီး စိုက်ကြည့်နေမိလေသည်။ ပုဖန်က အခြားတစ်ယောက်ကို ဆွဲချနိုင်မည့် အခွင့်အရေးကို လွယ်လွယ်ကူကူ အဆုံးရှုံးခံမည့်သူ မဟုတ်ကြောင်း သူတို့က နားလည်ထားလေသည်။
“ငါက ဘာမှ မပြောနိုင်တာမဟုတ်ဘူး… ပြောစရာစကားမဲ့သွားတာ… ဒီဟင်းပွဲက အထူးဧည့်သည်တော်တွေကို ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်က ဧည့်ခံတဲ့ ဟင်းပွဲလား…” ပုဖန်က အမချွန်းကို တစ်ချက်မျှ မော့ကြည့်လိုက်ပြီး ပြောဆိ်ုလိုက်သည်။
“ပန်းဂဏန်းကို ချက်ပြုတ်ထားတဲ့ နည်းလမ်းကို မပြောခင်မှာ ဂဏန်းရွေးချယ်မှု အကြောင်းကို အရင်ပြောပြမယ်… ပန်းဂဏန်းဟင်းပွဲကို ချက်တော့မယ်ဆိုရင် ဂဏန်းရွေးချယ်မှုက အရေးအကြီးဆုံးပဲ… ဒီဂဏန်းရဲ့ အသားက နူးညံ့နေခြင်းမရှိတဲ့အပြင် စားလိုက်တာနဲ့ ရေအရသာပဲရနေတယ်…ဒါကိုကြည့်လိုက်တာနဲ့ ဒီဂဏန်းက မွေးမြူရေး ဂဏန်းးပဲ ဖြစ်ရမယ်ဆိုတာ.. ငါတပ်အပ်ပြောနိုင်တယ်… အဲဒါကြောင့် သူ့ရဲ့အသားက ဖွယ်တယ်တယ်ဖြစ်နေပြီး အရသာမရှိဘူး ဖြစ်နေတာ…”
“ပြီးတော့ ဒီဂဏန်းဟင်းကို ချက်ပြုတ်တဲ့နေရာမှာ အပူချိန်ကို ကောင်းကောင်းမထိန်းချုပ်နိုင်တာကြောင့် ဂဏန်းအနှစ်ထဲက အရသာတွေ ဆုံးရှုံးသွားရတယ်…. အားလုံးကို ခြုံငုံပြီး ပြောရမယ်ဆိုရင် ဒီဟင်းပွဲကို အနိမ့်ဆုံးအဆင့်လို့ပဲ သတ်မှတ်ရမှာပဲ …”
ပုဖန်က ဘာမှမပြောန်ိုင်ခြင်းမဟုတ်ပဲ ပြောရမည်ကိုပင် ပျင်းရိသွားခြင်းဖြစ်သည်။ ပန်းဂဏန်းဟင်းပွဲ၏ ရနံ့ကို ပထမဦးစွာ ရခဲ့စဉ်က မျော်လင့်ချက်အနည်းငယ် ထားခဲ့လိုက်မိသည်။ သို့သော် အသားအနည်းငယ်ကို စားလိုက်သည်နှင့် သူ၏ မျော်လင့်ချက်က တစ်စဆီပျက်ဆီးသွားလေတော့သည်။
အမချွန်း၊ ရှောင်ရှောင်လုံနှင့် အခြားသူများက ပုဖန်ကို မှင်သက်ကြောင်အစွာ ငေးကြည့်နေမိကြသည်။ ပန်းဂဏန်းဟင်းပွဲတွင် ပြစ်ချက်များစွာ ရှိနေသော်လည်း သူတို့အားလုံးက မပြောနိုင်ကြချေ။
“ဟမ့်… မင်းက ပေါက်ကရတွေ လျောက်ပြောနေတာ မဟုတ်ဘူးလို့ ဘယ်သူက အာမခံနိုင်လို့လဲ မင်းပြောနေတာကရော အမှန်တွေပါလ်ို့ သေချာလို့လား…” အမချွန်းက သတိပြန်၀င်လာပြီး နှာခေါင်းရှုံ့၍ ပြောဆိုလိုက်သည်။
“ယုံတာမယုံတာက မင်းတို့သဘောပဲ… ငါ့ကိုအပိုစကားတွေမပြောပဲ တစ်ခြားဟင်းပွဲတွေလာချ … ငါဒီမှာဟင်းပွဲတွေကို စောင့်နေရတာ စိတ်မရှည်တော့ဘူး…” ပုဖန်က သူမကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
ပုဖန်က သူမယုံသည်မယုံသည်ကို ဂရုမစိုက်ပေ။ သူက စနစ်မှ ပေးအပ်သော တာ၀န်ကို ပြီးမြောက်ရန်သာ အလေးထားနေပြီး သူမကို သင်ကြားပေးရန် စိတ်၀င်စားခြင်းမရှိပေ။
“အမချွန်း ဘာတွေဖြစ်နေတာလဲ… ဘာကိစ္စကို ငြင်းခုန်နေကြတာလဲ…”
အမချွန်းက အလွန်အမင်းဒေါသထွက်နေသောကြောင့် တုန်ယင်နေစဉ်တွင် ရောက်ရှိလာသော လူတစ်ယောက်ကို တွေ့လိုက်ရသောကြောင့်သူမ၏ မျက်လုံးများ တောက်ပလာပြီး ပြောဆိုလိုက်သည်။
“ပိုင်ရှင်ချမ့် ဒီကို မြန်မြန်လာပါဦး… ဒီကောင်လေးက ကျွန်မတို့ဆိုင်က ဟင်းပွဲတွေကို ကောင်းကောင်းမချက်ထားဘူးလို့ ပြစ်တင်ပြောဆိုနေတယ်…”