အပိုင်း ၇၁
Viewers 53k

အခန်း ၇၁ “ကျောက်ငါးကြော်”


 


ပိုထည်၀တ်စုံကို ၀တ်ဆင်ထားသည့် ချမ့်ပေါင်က ခါးထောက်လိုက်ပြီး ဗိုက်ကို ကော့၍ လျောက်လာလိုက်သည်။ ထိုသို့ လျောက်နေရခြင်းမှာ သူ၏ တန်ဖိုးကြီးသော ခါးပတ်ကို လူအများကို မြင်တွေ့စေချင်ပြီး မနာလိုအားကျသော မျက်၀န်းများနှင့် ကြည့်ရှုခံရသည်ကို နှစ်သက်သောကြောင့် ဖြစ်သည်။ သူက အမချွန်း၏ ဘေးတွင် ရပ်လိုက်ပြီး ပုဖန်တို့ လူစုကိုကြည့်၍ ပြောဆိုလိုက်သည်။


“ဘယ်သူက ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က ဟင်းပွဲတွေကို မကောင်းဘူးလို့ ပြောတာလဲ…”


ချမ်ပေါင်က သူ၏ဆိုင်မှ အစားအသောက်များကို မကောင်းဘူးဟု တစ်စုံတစ်ယောက်က ပြောဆိုသည်ကို ကြားလိုက်ရသဖြင့် အလွန်အမင်း စိတ်မချမ်းမသာ ဖြစ်နေပေသည်။


“အိုး…. ဒါကအင်ပါယာမြို့တော်ရဲ့ ပါရမီရှင် သခင်လေးရှောင် မဟုတ်လား… ငါတို့ဆိုင်ကို မလာတာ တော်တော်ကြာနေပြီနော်… ဘုရားးရေ.. ဒီဘက်က နတ်သမီးပျိုလေး ယန်ယုနဲ့ မင်းသမီးလေးကွမ်းတို့ မဟုတ်လား…. မင်းတို့ရောက်ရောက်လာမယ်မှန်း ကြိုသိရင် ငါ စောစောစီးစီး ခရီးဦးကြိုပြုတာပေါ့… အမ်…. ဒီဘက်ကတစ်ယောက်က ဘယ်သူပါလိမ့်….” ချမ့်ပေါင်က စီးပွားရေးသမားတစ်ယောက် ပီသစွာပင် ရွှန်းရွှန်းဝေအောင် နှုတ်ဆက်လိုက်လေသည်။


သူက လူအများကို ကျေနပ်သဘောကျရန် မည်သို့ ပြောဆိုရမည်ကို သိရှိပြီး အလွယ်တက ပျော်၀င်သွားအောင် ပြောနိုင်ပေသည်။ ထို့ကြောင့် သေးငယ်သော စားသောက်ဆိုင်ငယ်လေးမှ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကြီးတစ်ခု ဖြစ်လာစေရန် ကြိုးစားနိုင်ခဲ့ခြင်း ဖြစ်သည်။ ချမ့်ပေါင်၏ နောက်တွင် ပံ့ပိုးပေးသူ များစွာရှိနေသော်လည်း သူ၏ ကိုယ်ပိုင်အရည်အချင်းကိုလည်း လျော့တွက်၍ မရနိုင်ပေ။


“သူ့ကိုတော့ သခင်လေးပုလို့ မှတ်ထားလိုက်ပါ…” ရှောင်ရှောင်လုံက အပြုံးလေးဖြင့် ပုဖန်ကို မိတ်ဆက်ပေးလိုက်သည်။ အင်ပါယာမြို့တော်အတွင်းတွင် နံမည်ပျက်ဖြင့် လူသိများလာပြီး ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်၏ ပြိုင်ဘက်ကြီးဖြစ်သော ပုဖန်၏ နံမည်ရင်းကို ရှောင်ရှောင်လုံက မိတ်ဆက်ပေးရဲခြင်း မရှိပေ။ ပုဖန်၏ နံမည်ရင်းကို မိတ်ဆက်ပေးလိုက်ပါက ပြသနာမည်မျှ ကြီးမားသွားမည်ကို မတွေးတောနိုင်ချေ။


“သခင်လေးပု….” ချမ့်ပေါင်က ထိုလူငယ်လေး၏ နံမည်ကိုကြားလိုက်ရပြီးနောက် ပုမျိုးရိုးနှင့် ဂုဏ်သရေရှိ အသိုင်းအဝိုင်းများကို တွေးတောလိုက်သည်။ သူက အပြုံးမပျက်ပဲ ပုဖန်ကို နှုတ်ဆတ်လိုက်သည်။


“အော်… ဒါက သခင်လေးပုပေါ့… မင်းအကြောင်းတွေကြားပါတယ်… ငါတို့ရဲ့ဟင်းပွဲတွေက မင်းအကြိုက်မဟုတ်ဘူးဆို…”


“အဲလိုမဟုတ်ဘူး… ဒီဟင်းပွဲတွေက ငါ့အကြိုက် မဟုတ်တာ မဟုတ်ဘူး…. သူတို့ကို ချက်ထားတာက အရမ်းကို ဆိုးဝါးလွန်းနေတာ… အဲဒါကြောင့် ငါက အဆင့်နိမ့်ဟင်းပွဲတွေအဖြစ် သတ်မှတ်ပေးထားတာ…” ပုဖန်က ရိုသေမှုတစ်စိမျှပင် မရှိပဲ ခပ်ချေချေ ပြောဆိုလိုက်သည်။


“ချက်ပြုတ်ထားတာ အရမ်းကို ဆိုးဝါးတယ်…” ချမ့်ပေါင်က လေးလေးနက်နက် ပြောနေသော ပုဖန်ကို စိုက်ကြည့်လိုက်ပြီး ရေရွတ်လိုက်မိသည်။


ထိုသို့ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှ ဟင်းပွဲများ၏ ပြစ်ချက်ကို ပြောဆိုရဲသည့် လူတစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်ရခြင်းပင် ဖြစ်သည်။ စားသောက်ဆိုင် စဖွင့်ကာစ အချိန်မှ စ၍ လူအများအပြား ရောက်ရှိလာပြီး ဟင်းပွဲများ၏ ပြစ်ချက်ကို ရှာဖွေရန် ကြိုးစားခဲ့ကြဖူးပေသည်။ 


 ထိုအချိန်က စားသောက်ဆိုင် ဖွင့်ကာစဖြစ်သောကြောင့် ဟင်းပွဲများတွင် ပြစ်ချက်များစွာ ရှိနေပေသည်။ ယခုအချိန်တွင်မူ ငွေအမြောက်အများကို အသုံးပြု၍ မြို့တော်အတွင်းမှ အကောင်းဆုံး စားဖိုမှုးများကို ဖိတ်ခေါ် ခန့်အပ်ထားပြီး ဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီက နံမည်ကြီးလှသည့် ဟင်းပွဲများကို ချက်ပြုတ်ပေးနိုင်ပြီး ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကို တိုးတက်မြင့်မားလာစေခဲ့သည်။


“သခင်လေးပု…. မင်းက ငါ့ကို နောက်နေတာပဲ ဖြစ်ရမယ်… အင်ပါယာမြိုတော်ထဲက ဘယ်သူ့ကိုပဲမေးမေး ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က ဟင်းပွဲတွေက အရသာမရှိပါဘူးလို့ ဘယ်သူမှ ပြောကြမှာမဟုတ်ဘူး….” ချမ့်ပေါင်က အပြုံးမပျက် ပြောဆိုနေသော်လည် သူ၏ လေသံက သတ်ဖြတ်ချင်သော အငွေ့အသက်များနှင့် အေးစက်နေပေသည်။


“ဒီဟင်းပွဲက လုံး၀ကို အရသာမရှိတာ… ချက်ပြုတ်ထားတာက အရမ်းကို ဆိုးဝါးနေပြီး… အရည်အသွေးညံ့တဲ့ ပစ္စည်းတွေ ပါ၀င်နေတယ်… ငါ့ကို မင်းကြိုက်တဲ့ ဟင်းပွဲ လာချပေးလိုက်… အဲဒီဟင်းပွဲရဲ့ ပြစ်ချက်တွေကို မင်းသိသွားအောင် ပြောပြပေးမယ်…” ပုဖန်က ချမ့်ပေါင်၏ အေးစက်စက်အပြုအမူကို စိတ်အနှောက်အယှက်ပင် မဖြစ်ပဲ ပြောဆိုလိုက်သည်။


“ဒီကောင်စုတ်ကို ကြည့်ရတာ အရမ်းကို မာနထောင်လွှားနေတာလဲ … ဒီလိုတွေတောင်ပြောရဲတယ်ဆိုတော့ သူ့မှာ ယုံကြည်မှု ဘယ်လောက်တောင် ရှိနေလို့လဲ…” ချမ့်ပေါင်က ပုဖန်၏ စကားကို ကြားလိုက်ရသောအခါ သူ၏ မျက်၀န်းများကို မှေးကျဉ်းလိုက်ပြီး တွေးလိုက်မိသည်။


“ကောင်းပြီလေ… သခင်လေးပုက ဒီလိုဆန္ဒရှိနေမှတော့ ငါကလဲ ဟင်းပွဲတွေနဲ့ ဧည့်ခံရမှာပေါ့… ဟင်းပွဲတွေနဲ့ ဧည့်ခံမယ့်အပြင် ငါ့ရဲ့ စားဖိုမှုးနဲ့လဲ မျက်နှာချင်းဆိုင် စကားပြောခွင့်ပေးမယ်… တစ်ကယ်လို့ မင်းက သူ့ရဲ့ပြစ်ချက်တွေကို လက်ခံလာအောင် ပြောနိုင်ရင် ငါကိုယ်တိုင်ပဲ ငါမှားတယ်ဆိုတာကို ၀န်ခံမယ်…” ချမ့်ပေါင်က ခပ်ပြတ်ပြတ် ပြောဆိုလိုက်ပြီး သူ၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားလေတော့သည်။


“မင်းကတစ်ကယ်ပဲ သူတို့ကို မျက်နှာချင်းဆိုင် ဖြေရှင်းခိုင်မှာလား…”


ရှောင်ရှောင်လုံတို့ လူစုက ချမ့်ပေါင်၏ စကားကြောင့် ကြောင်အသွားပြီး အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။ ပုဖန် မည်သူဆိုသည်ကို ချမ့်ပေါင်က မသိသော်လည်း သူတို့က ကောင်းကောင်းသိနေပေသည်။ ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်မှ စားဖိုမှုးက ပုဖန်၏ ဟင်းချက်စွမ်းရည်ကို လုံး၀မှီမည်မဟုတ်ချေ။ ထို့ကြောင့်သာ ပုဖန်က စကားကို ခပ်ပြတ်ပြတ် ပြောရဲနေခြင်းဖြစ်သည်။


“မင်းမှားတာကို ၀န်ခံဖို့မလိုပါဘူး… ငါတို့လောင်းကြေးတစ်ခုလုပ်ကြမလား… တစ်ကယ်လို့ မင်းရဲ့ စားဖိုမှုးက သူ့ရဲ့ ပြစ်ချက်တွေကို လက်ခံနားလည်သွားမယ်ဆိုရင် ငါ့ကို တတိယထပ်ကို သွားခွင့်ပြုရမယ်… ငါရှုံးသွားမယ်ဆိုရင် ကျသင့်ငွေထက် အဆ ၁၀၀ ပိုပေးမယ်…” ပုဖန်က တည်တည်ငြိမ်ငြိမ် အမူအယာနှင့်ပင် ပြော ဆိုလိုက်သည်။


လောင်းကြေးကို ကြားလိုက်ရသော လူများအားလုံးက လေအေးများကို တစ်ဝြကီးရှုလိုက်ရသည်။ 


“အဆ ၁၀၀ … သူက အဆ ၁၀၀ တောင်ပေးမှာလား… သူကဘယ်လောက်တောင် ချမ်းသာနေတာလဲ…” 


စားပွဲပေါ်တွင် ဟင်းပွဲများစွာရှိနေပြီး စုစုပေါင်းတန်ဖိုးက ရွှေပြားငါးရာ ကျသင့်နေပြီဖြစ်သည်။ အဆ ၁၀၀ သာ ပေးရမည် ဆိုပါက ရွှေပြား ငါးသောင်း ကျသင့်မည်ဖြစ်သည်။ ပုဖန်၏ လောင်းကြေးကို ကြားလိုက်ရသောအခါ ချမ့်ပေါင်၏ နှလုံးခုန်နှုန်းများပင် မြန်ဆန်လာခဲ့သည်။ သူက ပုဖန်ကို အကဲ့ခတ်လိုက်ပြီး ပုဖန်ထံတွင် မည်ကဲ့သို့သော သိမ်ငယ်ကြောက် ရွံ့မှုမျိုးမျှ မရှိသည်ကို တွေ့လိုက်ရသည်။


“ဘယ်လိုလူမျိုးမို့… ရွှေပြား ငါးသောင်းကို မျက်နှာတစ်ချက်တောင်မပျက်ပဲ လောင်းကြေးထပ်ရဲတာလဲ… ပီးတော့ သူက အင်ပါယာမြို့တော်က နံမည်ကျော်ကြားတဲ့ မိသားစုကြီးတွေထဲက သခင်လေးရှောင်နဲ့ တူတူလာတာဆိုတော့ သူ့ရဲ့နောက်ခံကလဲ ရိုးရှင်းနေမှာမဟုတ်ဘူး… ပီးတော့ သူတောင်းဆိုတာက ထာ၀ရရှင်သန်သော ဖီးနစ် စားသောကဆိုင်ရဲ့ တတိယထပ်ကို ၀င်ရောက်နိုင်ဖို့အတွက်ပဲလား… ဒါဆို သူက တတိယထပ်က ဟင်းပွဲတွေကို စားချင်တာလား.. ဒါမှမဟုတ်… ပြစ်ချက်ရှာချင်တာလား…” 


ချမ့်ပေါင်က ဖြစ်နိုင်ချေရှိသော အကြောင်းအရာများစွာကို တွေးတောလိုက်ပြီးနောက် ပြောဆိုလိုက်သည်။


“ကောင်းပြီလေ … ငါလက်ခံတယ်…” 


ပုဖန်က ခေါင်းတစ်ချက်သာညိမ့်ပြလိုက်ပြီး ချမ့်ပေါင်ရွေးချယ်လာမည့် ဟင်းပွဲကို စောင့်ဆိုင်းနေလိုက်သည်။ ချမ့်ပေါင်က သူ၏ လက်တစ်ဖက်ကို နောက်ပစ်၍ ဂုဏ်သရေရှိ လူကြီးမင်းပုံစံဖြင့် အမချွန်းကို လှမ်းပြောလိုက်သည်။


“အမချွန်း ဒုတိယထပ်မှာ အကောင်းဆုံး ဟင်းလျာတစ်ပွဲဖြစ်တဲ့ ကျောက်ငါးကြော်ကို ပြင်ဆင်လိုက်ပါ…”


“အော်.. လက်စသတ်တော့ ပိုင်ရှင်က ဒီဟင်းပွဲကို မျော်လင့်ချက်ထား လိုက်တာပဲ… ဒီကောင်စုတ်လေးက အမှားရှာနိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့…” အမချွန်းက ချမ့်ပေါင်၏ စကားကိုကြားလိုက်သည်နှင့် သူမ၏ မျက်၀န်းများ လက်းလက်တောက်ပလာပြီး တွေးလိုက်မ်ိသည်။


ကျောက်ငါးကြော်က ဒုတိယထပ်တွင် အကောင်းဆုံးဟင်းကပွဲဖြစ်သည်။ ထိုဟင်းပွဲကို တတိယထပ်တွင် ရောင်းချနိုင်သော်လည်း ပိုင်ရှင်က တတိယထပ်တွင် ဟင်းပွဲသုံးပွဲသာ ရောင်းချရန် စီစဉ်ထားကြောင့် ဒုတိယထပ်တွင်သာ ရောင်းချနေရခြင်း ဖြစ်သည်။ ကျောက်ငါးကြော်က တတိယထပ်မှ ဟင်းပွဲဖြစ်လာရန် အရသာရော အရည်အသွေးပါ စံချိန်မှီနေပေသည်။


“သခင်လေးပု ခဏလောက် ထိုင်စောင့်လိုက်ပါဦး…” ချမ့်ပေါင်က ပုဖန်ကို လှမ်းပြောလိုက်ပြီး ရှောင်ရှောင်လုံတို့ကိုလည်း ထိုင်ရန် အချက်ပြလိုက်သည်။ ပုဖန်က စကားမပြောတော့ပဲ ချမ့်ပေါင်မှာပေးထားသည့် ကျောက်ငါးကြော်ကို ငြိမ်သက်စွာနှင့်ပင် စောင့်ဆိုင်းနေလိုက်သည်။ ထိုအချိန်တွင် ချမ့်ပေါင်က ရှောင်ရှောင်လုံနှင့် အခြားသူများကို ပျော်ရွှင်စွာ စကားပြောနေပေသည်။


တခဏမျှ ကြာသောအခါ အလွန်မွှေးပျံံ့သင်းကြိုင်နေသော ရနံ့များက တစ်ရစ်ဝဲဝဲ ပေါ်ထွက်လာကြသည်။ ဒုတိယထပ်တွင် ရှိနေသည့် ဧည့်သည်များပင် အနံ့ထွက်ပေါ်လာရာသို့ စူးစမ်းနေကြသည်။ အမချွန်းက ကြီးမားသော ပန်းကန်ပြားတစ်ချက်ကို သယ်ဆောင်၍ လျောက်လာခဲ့သည်။ သူ၏က ယခုအချိန်တွင် သူမ၏ တင်ပါးများကို လှုပ်ရမ်း၍ မလျောက်နိုင်တော့ပဲ တည်တည်ငြိမ်ငြိမ်သာ လျောက်နေရပေသည်။ သူမ၏ နောက်တွင် စားဖိုမှုး၀တ်စုံကို ၀တ်ဆင်ထားသည့် ခပ်၀၀ လူတစ်ယောက်က ဆောင့်ကြွားကြွား အမူအယာဖြင့် လိုက်ပါလာခဲ့သည်။


“ဒါက ကျောက်ငါးကြော်ပါ… ကောင်းကောင်းသုံးဆောင်ပါ..” အမချွန်းက ချိုသာယဉ်ကျေးစွာ ပြောဆိုလိုက်ပြီး စားပွဲပေါ်သို့ ဟင်းပွဲကို ညင်ညင်သာသာ တင်လိုက်လေသည်။


“ပိုင်ရှင်ချမ့် တစ်စုံတစ်ယောက်က ဟင်းပွဲတွေရဲ့ ပြစ်ချက်ရှာနေတယ်လို့ ငါကြားတယ်… သူက ငါ့ရဲ့ဟင်းပွဲကို ဘယ်လို ပြစ်ချက်တွေ ရှာနိုင်မလဲလို့ ကိုယ်တိုင်ကိုယ်ကျ လာကြည့်လိုက်တာ…” လူဝြကီးက ချမ့်ပေါင်ထံသို့ လျောက်လာလိုက်ပြီး ကျယ်လောင်သောအသံနှင့် ပြောဆိုလိုက်သည်။


ပုဖန်က လူဝြကီးကိ တစ်ချက်စိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် လူဝြကီးက တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ပုဖန်ကို ပြန်လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်မှအဆီများပင် တုန်ခါသွားလေသည်။


“မင်းက ဟင်းပွဲတွေရဲ့ ပြစ်ချက်တွေကို ရှာမယ်ဆိုတဲ့ ကောင်စုတ်လေးလား…” ထိုလူဝြကီးက ပုဖန်ကို စူးစိုက်ကြည့်၍ ပြောဆိုလိုက်သည်။


“မာစတာချမ်း… ဒါက သခင်လေးပု လို့ခေါ်တယ်… သူ့ကို ထိတ်လန့်အောင် မလုပ်ပါနဲ့…” ချမ့်ပေါင်က ခပ်ပြုံးပြုံးနှင့် ၀င်ပြောလိုက်သည်။


ပုဖန်က အမူအယာပြောင်းလဲခြင်းပင်မရှိပဲ လူဝြကီးထံမှ အကြည့်လွဲလိုက်ပြီး စားပွဲပေါ်မှ ကျောက်ငါးကြော်ကို ကြည့်လိုက်လေသည်။ အနီရောင်နှင့် ရွှေရောင်တို့ ရောနှောတောက်ပနေသောကြောင့် မျက်စိမလွှဲနိုင်လောက်အောင် စွဲဆောင်နေပေသည်။ အချဉ်ရည်ကလဲ ပြစ်နှစ်နေပြီး ပါ၀င်ပစ္စည်းကောင်းများနှင့် ပြုလုပ်ထားသောကြောင့် အချိုရနံ့က ခပ်သင်းသင်းထွက်ပေါ်နေပေသည်။ ငါ့ကိုလည်း သေချာစွာ ကြော်ထားသောကြောင့် မွှေးကြိုင်သောရနံ့များက ထွက်ပေါ်နေပြီး စားချင်စဖွယ် ဖြစ်နေပေသည်။ အမြင်အားဖြင့်ပင် ဟင်းပွဲက စားချင်စဖွယ် ဖြစ်နေပေသည်။


ပုဖန်က အားလုံး၏ အကြည့်အောက်တွင် တူကို ကောက်ယူလိုက်ပြီး အချဉ်ရည်အတွင်းတွင် တခဏမျှနှစ်လိုက်လေသည်။ ထို့နောက် တူကို ပါးစပ်အတွင်းသို့ ထည့်၍ အချဉ်ရည်ကို မြည်းကြည့်လိုက်သည်။ ရှောင်ရှောင်လုံနှင့် အခြားသူများက ပုဖန်ကို စိုက်ကြည့်နေကြပြီး အသက်အောင့်ထားမိကြသည်။ ချမ့်ပေါင်နှင့် မာစတာချမ်းတို့ကလည်း စိုက်ကြည့်နေကြပြီး သားရည်များပင် မျိုချနေကြလေသည်။ 


ပုဖန်က အချဉ်ရည်ကို မြည်းလိုက်ပြီးသည်နှင့် ငါးအသားတစ်လွှာကို ယူ၍ ပါးစပ်အတွင်းထည့်လိုက်သည်။ သူကငါးအသားလွှာကို မြိုချလိုက်ပြီးနောက် တူကို စားပွဲပေါ်သို့ ပြန်ချထားလိုက်သည်။ အစမှအဆုံးထိတိုင်အောင်ပင် ပုဖန်၏ မျက်နှာအမူအယာက ပြောင်းလဲသွားခြင်းမရှိ်သောကြောင့် သူတွေးတောနေသည်များကို မသိနိုင်ကြပေ။ လူများအားလုံးက ပုဖန်ကို စိုက်ကြည့်နေကြပြီး သူတို့၏ စိတ်များ လေးလံလာကာ အသက်ရှူရန်ပင် မေ့လျော့နေကြလေသည်။