အခန်း ၇၂ “ပန်းဘဲကင် ဖြစ်လာဖို့ ဆုတောင်း”
“သခင်လေးပု… အရသာက ဘယ်လိုနေလဲ …” ချမ့်ပေါင်က စိတ်မရှည်နိုင်ဖြစ်လာပြီး ပုဖန်ကို မေးလိုက်မိသည်။
အချိန်တခဏမျှ ကြာသည်အထိ ပုဖန်က စကားမပြောသောကြောင့် ရှောင်ရှောင်လုံနှင့် အခြားသူများက ဂဏှာမညိမ်ဖြစ်လာကြပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ မာစတာချမ်းက သူ၏ လက်ကို ပိုက်ထားပြီး တည်ငြိမ်သော အမူအယာနှင့် ကြည့်ရှုနေပေသည်။ ထိုဟင်းပွဲက သူ၏ အထူးဟင်းပွဲ ဖြစ်သောကြောင့် ယုံကြည်စိတ်ချမှု အပြည့်ရှိနေပေသည်။ ထိုဟင်းပွဲတစ်မျိုးကိုပင် နှစ်ပေါင်း ဒါဇင့်နှင့်ချီအောင် ချက်ပြုတ်လာခဲ့သောကြောင့် သူ၏ ဟင်းပွဲကို ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီဟု အပြည့်အ၀ ယုံကြည်ထားလေသည်။
ပုဖန်က စားပွဲပေါ်တွင် တင်ထားသည့် ရေခွက်ကို ကိုင်၍ သောက်ချလိုက်ပြီး အနီးအနားရှိ လူများအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူ၏ သုံးသပ်ချက်ကို သက်တောင့်သက်သာပင် ထုတ်ပြောလိုက်လေသည်။
“ကျောက်ငါးကြော်ကို တစ်ခြားဟင်းပွဲတွေနဲ့ ယှဉ်ပြောရမယ်ဆိုရင် အမှားတွေ ပိုနည်းတယ်… ဒါကြောင့် အဆင့် တစ်ခု သတ်မှတ်လို့ရတယ်…”
ပုဖန်၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်းက စိတ်သက်သာရာ ရသွားကြပြီး ရှောင်ရှောင်လုံတို့ လူစု၏ နှုတ်ခမ်းများပေါ်တွင် အပြုံးကြီးကြီးများ ပေါ်ထွက်လာကြသည်။
“ပိုင်ရှင်ပုက အဆင့်သတ်မှတ်လိုက်တယ်ဆိုတော့ သူ့ရဲ့ အရသာက တော်တော်ကောင်းမှာပဲ အဲဒီတော့ ငါတို့လဲ ဒီဟင်းပွဲကို မြည်းကြည့်ရမယ်…” ရှောင်ရှောင်လုံက တွေးတောလိုက်ပြီး တူကို အလျင်အမြန် ကောက်ယူလိုက်ပြီး ငါးအသားတစ်ဖက်ကို ကောက်ယူ၍ ပါးစပ်အတွင်းသို့ ထည့်လိုက်လေသည်။
ငါးက ပါးစပ်အတွင်းသို့ ရောက်ရှိလာသည်နှင့် အရသာများက ပေါက်ကွဲထွက်သွားပြီး ဟင်းခတ်အမွှေးအကြိုင်များ၏ ရနံ့များကလဲ မွှေးပျံ့စွာ ထွက်ပေါ်လာလေတော့သည်။ ရှောင်ရှောင်လုံက ခေါင်းငြိမ့်လိုက်ပြီး ခပ်ပြုံးပြုံးအမူအယာနှင့် ပြောဆိုလိုက်သည်။
“အင်း… ဒီဟင်းက တော်တော် ကောင်းတာပဲ …သေချာပေါက်ကို အရင်ကဟင်းပွဲတွေထက် အများကြီးပိုကောင်းတယ်….”
ချမ့်ပေါင်က ထိုစကားကိုကြားသောအခါ သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုက ထိန်းမရနိုင်အောင် ပေါ်ထွက်လာကြသည်။ ထိုဟင်းပွဲကို သူတို့အားလုံးက သဘောကျနေကြသောကြောင့် လောင်းကစားပွဲတွင် သူနိုင်နေပြီဖြစ်သည်။ ရွှေပြားငါးသောင်းကို အလွယ်တကူ ရရှိနိုင်တော့မည် ဖြစ်သောကြောင့် သူ၏ စိတ်ထဲတွင် ပြောမပြနိုင်လောက်အောင် ပျော်ရွှင်နေသော်လည်း ပုဖန်၏ အေးစက်စက် မျက်နှာကြောင့် စိုးရိမ်နေရဆဲပင် ဖြစ်သည်။
“သခင်လေးပု… ဒီပွဲကို ငါနိုင်ပြီပေါ့… ဟုတ်လား…” ချမ့်ပေါင်က ခပ်ဟဟရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။
“ငါက ဟင်းပွဲရဲ့အရသာကိုပဲ အဆင့်သတ်မှတ်ပေးလိုက်တာ.. ဒီဟင်းပွဲရဲ့ အရသာက တစ်ခြားဟင်းပွဲတွေနဲ့ ယှဉ်ရင် မဆိုးဘူးလို့ ပြောလို့ရပေမယ့်… ဒါက မဆိုးဘူးဆိုတဲ့ အခြေအနေမှာပဲရှိသေးတယ်… သူ့မှာပြစ်ချက်တွေ အများကြီးမှ အများကြီးကို ကျန်နေသေးတယ် …” ပုဖန်က သူ့ကို အထူးအဆန်းကြည့်လိုက်ပြီး ယောင်ယောင်လေးပြုံး၍ ပြောဆိုလိုက်သည်။
ပုဖန်ပြောလိုက်သည့် စကားများကြောင့် အကုန်လုံးက ပြော စရာစကားမဲ့သွားပြီး ကြောင်အနေလျက် စိုက်ကြည့်နေကြလေသည်။ သူတို့၏ မျှော်လင့်ချက်များက နောက်တဖန် ကျိုးပျက်သွားလေတော့သည်။
“ကျောက်ငါးကြော်ကို ချက်ပြုတ်ရတဲ့ အဆင့်သုံးဆင့်ရှိတယ်… ဟုတ်တယ်မဟုတ်လား… ပထမအဆင့်က ကျောက်ငါးကို ဆီပူအိုးထဲကို ထည့်ပြီး အရည်ခွံတွေ နီရဲပြီးကြွပ်ရွလာတဲ့အထိ ကြော်ရမယ်… ဒုတိယအဆင့်ကိုရောက်ပြီဆိုရင် ပါ၀င်ပစ္စည်းတွေကို ရောနှောပြီးကြော်ရမယ်… တတိယအဆင့်ကို ရောက်ပြီဆိုရင်တော့ ကြော်ထားတဲ့ ကျောက်ငါးနဲ့ ပါ၀င်ပစ္စည်တွေကို ရောနှောပြီး အခြောက်ပြန်ကြော်ရမယ်…” ပုဖန်က တစ်ဖြည်းဖြည်းချင်း ပြောဆိုလိုက်သည်။
ပုဖန်ပြောဆိုလိုက်သည့် အဆင့်များက သူ၏ ချက်ပြုတ်ခြင်း နည်းလမ်းများက်ို ကြည့်၍ ပြောနေသကဲ့သို့ ထပ်တူကျနေသောကြောင့် မာစတာချမ်း၏ မျက်၀န်းများက ပြူးကျယ်လာကြသည်။
“အဲတော့ဘာဖြစ်လဲ…. ဒါက ဟင်းချက်တဲ့နေရာမှာ အခြေခံကျတဲ့ အချက်တွေပဲလေ… အဲဒီအချက်တစ်ချက်ချင်းစီမှာ အသေးစိတ် ပြုလုပ်ရတဲ့ အချက်လေးတွေ ပါ၀င်နေသေးတယ်… အဲဒီအချက်တွေကမှ တစ်ကယ့် အဓိကအချက်တွေပဲ…” မာစတာချမ်းက လက်ပိုက်လိုက်ပြီး ယုံကြည်မှုရှိစွာဖြင့် ပြောဆိုလိုက်သည်။
“ဟုတ်တာပေါ့…အဲဒါတွေက အခြေခံအချက်တွေပဲ… ဒါဆိုဆက်ပြောလိုက်ရအောင် …” ပုဖန်က ခေါင်းညိမ့်ပြလိုက်ပြီး ပြောဆိုလိုက်သည်။
ထို့နောက် သူက ကျောက်ငါးကြော် ဟင်းပွဲကို လက်ညိုးထိုးလိုက်ပြီး ပြောဆိုလိုက်သည်။
“အခုမင်းရဲ့အမှားတွေကို အသေးစိတ်ပြောပြမယ်… ပထမဆုံးအနေနဲ့ မင်းက ကျောက်ငါးကို ကိုင်တဲ့အချိန်မှာ ငါးရဲ့ ခန္ဒာကိုယ်ကို တစ်ဖက် နှစ်ချက်စီ ဓါးနဲ့မွှန်းလိုက်တယ်… အဲဒါက ပထမဆုံးအမှားပဲ… ကျောက်ငါးကို မွှန်းမယ်ဆိုရင် သုံးချက်မွှန်းတာက အပြည့်စုံဆုံးပဲ … ငါးကို အလျားလိုက်မွှန်းမယ်ဆိုရင် အတိုနှစ်ချက် အရှည်တစ်ချက် သုံးချက်စီ မွှန်းရတယ်.. အဲဒီတော့မှ ငါးကို ကြော်တဲ့ နေရာမှာပဲ ဖြစ်ဖြစ် တစ်ခြားပါ၀င်ပစ္စည်းတွေနဲ့ ချက်ပြုတ်တဲ့ နေရာမှာပဲဖြစ်ဖြစ် အရသာက အသားထဲကို ပိုပြီး စိမ့်၀င်နိုင်မှာဖြစ်တယ်…”
မာစတာချမ်းက မျက်မှောင်ကြုံ့၍ စဉ်းစားလိုက်မိသည်။ သူက ငါးကိုင်သည့် အခါတွင် ဓါးနှင့် နှစ်ချက်မွှန်းသည်က အကျင့်ပါနေခြင်းဖြစ်ပြီး သုံးချက်မွှန်းလျှင် ပိုကောင်းလိမ့်မည်ဟု တစ်ကြိမ်မျှပငိ မစဉ်းစားခဲ့ဖူးပေ။
“ဘယ်လောက် အတိုင်းအတာထိ နက်အောင် မွှန်းရမယ်ဆိုတာကိုတော့ ငါထပ်မပြောတော့ဘူး… မင်းရဲ့ ငါးကို မွှန်းတဲ့ပုံက အသုံးမကျတော့ ကြော်လိုက်တဲ့အချိန်မှာ ငါးရဲ့ နူးညံ့မှုတွေ အများကြီး ဆုံးရှုံးသွားရတယ်…. ပါ၀င်ပစ္စည်းတွေ ကြော်တဲ့နေရာမှာတော့ ပြသနာမရှိဘူး.. အဲဒီမှာက ဘာကျွမ်းကျင်မှုမှ မလိုဘူးလေ…”
“ဒါပေမယ့် ငါးနဲ့ ပြန်ရောပြီးကြော်တဲ့အခါမှာ အသက်ရှူချိန် အနည်းငယ်အတွင်း အလျင်အမြန်ကြော်ရတယ်… ပြီးတော့ မင်းရဲ့ အချဉ်ရည်က အရမ်း ပြစ်နေတော့ ငါးအသားထဲကို လုံလောက်အောင် စိမ့်မ၀င်နိုင်ဘူး….”
ပုဖန်က သာမာန်မျှပင်ပြောလိုက်သော်လည်း မာစတာချမ်းက ကြောင်အမှင်သက်နေပေသည်။ အကယ်၍ ပုဖန်ပြောသည့် နည်းလမ်းများအတိုင်းသာ ချက်ပြုတ်လိုက်ပါက သူ၏ ဟင်းပွဲများက ပိုမိုကောင်းမွန်လာနိုင်ပြီး ဟင်းချက်စွမ်းရည်ကလဲ ပိုမိုတိုးတက်လာနိုင်သည်ကို ခံစားမိနေရသည်။
ဂလု…
မာစတာချမ်းက တံတွေးတစ်ချက်မြိုချလိုက်မိပြီး သူ၏ ၀ဖိုင့်ဖိုင့် မျက်နှာပေါ်တွင် ချွေးစက်များ သီးနေလေသည်။ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုမှားဖြင့် တွေးလိုက်မိသည်။
“ဒီလူငယ်လေးက မွန်းစတားတစ်ကောင်လား… နည်းနည်းလောက် မြည်းကြည့်ပြီးတာနဲ့ ဒီလောက်အသေးစိတ်အချက်အလက်တွေကို ပြောနိုင်နေတယ်ဆိုတော့ သူက..ဘာလဲ…”
ရှောင်ရှောင်လုံနှင့် အခြားသူများကလဲ အံ့သြမှင်သက်နေပေသည်။
“ဝါး… ပိုင်ရှင်ပုက ဘယ်လောက်တောင်အံ့သြစရာကောင်းလိုက်လဲ… ကြည့်စမ်း… သူက ဟင်းပွဲကို နည်းနည်းလေးမြည်းကြည့်တာနဲ့ ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်က စားဖိုမှုးတစ်ယောက်ကို ပြောစရာစကား မရှိအောင် ပြောလိုက်နိုင်တယ်… မိုက်လိုက်တာ…”
“မာ…. မာစတာချမ်း… သူပြောတာတွေက အမှန်တွေပဲလား…” ချမ့်ပေါင်၏ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေဟန် ပေါ်ထွက်နေပြီး ချွေးသီးချွေးပေါက်များ ထွက်နေသည့် မာစတာချမ်းကို လှမ်းမေးလိုက်မိသည်။
ဘေးတွင် ရပ်နေသည့် အမချွန်းက လုံးဝကြောင်အမှင်သက်နေပေသည်။ သူမက ထိုလူငယ်လေး၏ အရည်အချင်းကို ထိုမျှမြင့်မားနေလိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိခဲ့ပေ။ ယခုအချိန်တွင် ထိုလူငယ်လေး၏ စကားအနည်းငယ်မျှနှင့်ပင် မာစတာချမ်းကို ချွေးပျံသွားအောင် လုပ်နိုင်ပေသည်။
“ပိုင်ရှင်ချမ်း.. ဒီလူငယ်လေး ပြောတာတွေက အမှန်တွေပါပဲ… ကျွန်တော်က ဒီကျောက်ငါးကြော်ကို နှစ်ပေါင်းများစွာ ကြာအောင် ချက်ခဲ့တဲ့အတွက် အဆင့် တစ်ဆင့်ခြင်းစီက အရသာအပေါ်ကို ဘယ်လိုသက်ရောက်နိုင်လဲ ဆိုတာကို သိပါတယ်… ဒါပေမယ့် ဒီလူငယ်လေးပြောတဲ့ နည်းလမ်းနဲ့သာချက်မယ်ဆိုရင် ပိုပြီး အရသာကောင်မယ်ဆိုတာ ချက်ကြည့်စရာမလိုပဲ သိနေပါတယ်…”
မာစတာချမ်းက ပုဖန်၏ အကြံပေးချက်ကို တည်ငြိမ်စွာဖြင့် လက်ခံလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ချမ့်ပေါင်ကိုလှမ်းပြောလိုက်လေသည်။ ချမ့်ပေါင်က ကြောင်တောင်တောင်ဖြစ်သွားပြီး ရွှေပြားငါးသောင်းကို ဆုံးရှုံးသွားသောကြောင့် ရုတ်တရက် ငိုချင်စိတ်ပင် ပေါက်လာလေသည်။ ပုဖန်က ချမ့်ပေါင်ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး မတ်တပ်ရပ်လိုက်ကာ အဝေးသို့ လျောက်ထွက်သွားလိုက်သည်။
“ရှောင်ယီ… ငါနောက်လိုက်ခဲ့… ငါတို့ တတ်ိယထပ်ကို သွားကြမယ်…”
“အာ… ငါတို့ကိုလဲ စောင့်ဦးလေ…” ရှောင်ရှောင်လုံတို့နှစ်ယောက်က ငေးကြောင်နေရာမှ သတိပြန်၀င်လာပြီး ပုဖန်နောက်သို့ အလျင်အမြန် လိုက်သွားလေတော့သည်။ ချမ့်ပေါင်က တွေဝေနေရာမှ ပုဖန်နောက်သို့ မကျေမနပ် အမူအယာနှင့် အံကြိတ်လိ်ုက်ပြီး လိုက်ပါသွားလိုက်သည်။ ချမ့်ပေါင်က သူတို့ လေးယောက်ကို တတိယထပ်သို့ ခေါ်ဆောင်လာခဲ့သည်။ တတိယထပ်က ထာ၀ရရှင်သန်သောဖီးနစ်စားသောက်ဆိုင်၏ တန်ဖိုးထားရသော ဧည့်သည်တော်များသာ တက်ရောက်စားသောက်နိုင်ပြီး သာမာန်လူများက တက်ရောက်နိုင်ခြင်းမရှိပေ။
“သခင်လေးပု… ဒီဘက်ကို ကြွပါ….”
ပုဖန်က လေကြီးနေခြင်းမဟုတ်ပဲ အရည်အချင်းရှိကြောင်းကို သိရှိသွားပြီးနောက် ချမ့်ပေါင်၏ အမူအယာက ပို၍ တည်ကြည်လေးနက်လာခဲ့သည်။တတိယထပ်၏ အပြင်အဆင်က ဒုတိယထပ်ထက်ပင် ပို၍ သားနားပေသည်။ တတိယထပ်သို့ သူတို့ ၀င်လိုက်သည်နှင့် လေထုအတွင်းတွင် များပြားလှသော ဝိဉာဉ်စွမ်းအင်များ ရှိနေသည်ကို ခံစားလိုက်ရသည်။ တတိယထပ်တွင် ချမ့်ပေါင်က ငွေအမြောက်အများသုံး၍ ဝိဉာဉ်စွမ်းအင် စုစည်းသည့် ၀င်္ကပါအချို့ကို တည်ဆောက်ထားသောကြောင့်ဖြစ်သည်။
ရှောင်ရှောင်လုံတို့က တတိယထပ်ကို ၀င်ခွင့်မရှိပဲ ယခုမှသာ ပုဖန်ကြောင့် ၀င်ဖူးသောကြောင့် သူတို့အတွက် အသစ်အဆန်းဖြစ်နေပေသည်။ ထို့ကြောင့် သူတို့၏ ပတ်၀န်းကျင်အသစ်တွင် ပျော်၀င်နေမိသည်။
“သခင်လေးပု…ဒီမှာ ခဏလောက်ထိုင်ပါဦး … ငါစားစရာအချို့ကို သွားပြင်ဆင်လိုက်ပါဦးမယ်.. ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ရဲ့ တတိယထပ်မှာ ဟင်ပွဲသုံးမျိုးပဲရှိတာပါ…” ချမ့်ပေါင်က ပြောဆိုလိုက်သည်။
ပုဖန်က ခေါင်းညိမ့်ပြလိုက်ပြီး စန္ဒကူးသားဖြင့် ပြုလုပ်ထားသော စားပွဲတွင် ထိုင်နေလိုက်သည်။ ချမ့်ပေါင်က သူ့လူများကို ညွှန်ကြားရန်အတွက် လေးနက်တည်ကြည်သော အမူအယာနှင့် ထွက်ခွာသွားလေတော့သည်။ ရှောင်ရှောင်လုံတို့က တတိယထပ်ကို စပ်စပ်စုစုနှင့် လှည့်ပတ်ကြည့်ရှုနေကြသည်။ သူတို့က အသစ်အဆန်းမြင်လျင် လုပ်နေကျလူများအတိုင်း စပ်စုနေခြင်းပင် ဖြစ်သည်။ သို့သော် ပုဖန်ကနေရာမှ အနည်းငယ်မျှပင် မရွှေ့ပဲ ဟင်းပွဲများကို မျက်လုံးများကို မှိံတ်၍ စောင့်ဆိုင်းနေလေသည်။
တခဏမျှ ကြာသောအခါ ချမ့်ပေါင်က ပြန်လည်ရောက်ရှိလာပြီး သူ၏ နောက်တွင် လှပသော ခြေတံများကို လုံသည်ဆိုရုံမျှ ၀တ်ဆင်ထားသော ကိုယ်လုံးကိ်ုယ်ပေါက် လှပသည့် အစေခံမိန်းကလေးတစ်ယောက် ပါလာလေသည်။
“သခင်လေးပု … ဒါကတော့ ထိပ်တန်းစားသောက်သူတွေပဲ ရနိုင်တဲ့ … အနီရောင် နတ်၀က်သားနှပ်ပါ…”
ပုဖန်က ခေါင်းညိမ့်ပြလိုက်ပြီး သူ့ရှေ့မှ ခပ်ကြီးကြီး ပန်ကန်လုံးကို အာရုံစိုက်လိုက်သည်။ ပန်းကန်အတွင်းတွင် အနီရောင်ရဲရဲနှင့် စားချင်စဖွယ် အသားများက မွှေးရနံ့များ ထုံမွှန်းလျက် ရှိနေပေသည်။ အမြင်အာရုံနှင့်ပင် လှပသော အနီရောက်ကျောက်မျက်များကဲ့သို့ လှပနေပြီး အဆီများနေခြင်းလည်း မရှိပေ။
“ဒုတိယမြောက် ဟင်းပွဲကတော့ ဝိုင်စိမ် နံရိုးချိုချဉ်ကြော်ပါ…”
လှပသော အစေခံ မိန်းကလေးနောက်တစ်ယောက်က ပန်ကန်ပြားကြီးကြီးတစ်ချပ်ကို သယ်ဆောင်လာပြီး ပုဖန်၏ ရှေ့တွင် ချပေးလိုက်ပြီး အဖုံးကို လှပ်လိုက်လေသည်။
လိမ္မော်ရောင်တောက်နေသည့် ဝိုင်စိမ်နံရိုးချိုချဉ်ကြော်က သူ၏မျက်လုံးကို အလင်းပြန်လာသကဲ့သို့ပင် ရှိနေပေသည်။ ပုဖန်က မျက်ခုံးပင့်လိုက်မိပြီး ဟင်းပွဲကို စိတ်၀င်တစားကြည့်နေသည့် သူ၏ အမူအယာက အံ့သြမှုသို့ ပြောင်းသွားလေသည်။
“ဘာလဲ… ၀က်နံရိုးချိုချဉ်ကြော်လား…”
“တတိယမြောက်ဟင်းပွဲကတော့ ငါတို့ဆိုင်ရဲ့ ထိပ်တန်းဟင်းပွဲဖြစ်တဲ့ ဖန်ကြည်ရောင် ပန်းဘဲကင်ပါပဲ…”
နောက်ဆုံးဟင်းပွဲကို ကြော်ညာလိုက်ချိန်တွင် ချမ့်ပေါင်၏ အမူအယာက ယုံကြည်မှုများနှင့် ပြည့်နှက်နေပြီး ဂုဏ်ယူ၀င့်ကြွားဟန်များ ပါ၀င်နေပေသည်။ သူက နောက်ဆုံးဟင်းပွဲကို သံသယတစ်စက်မျှပင်မရှိပဲ နောက်ဆုံးဟင်းပွဲကို ယုံကြည့်နေသည်မှာ သိသာလှပေသည်။
ပုဖန်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သူ့ရှေ့မှ ပန်းကန်ပြားအတွင်းရှိ တစ်ကိုယ်လုံးဖန်ကြည်ရောက်ဖြစ်နေပြီး ဟိတ်ဟန်အပြည့်ဖြင့် ယုံကြည်ချက်ရှိသည့် သဏ္ဍာန်ဖော်ထားသည့် ဘဲကို ကြည့်လိုက်မိသည်။ တောင်ပံများကို ဖြန့်ကားထားပြီး လည်ပင်းကို အင်္ဂလိပ်အက္ခရာ အက်စ် ပုံစံချိုးထားပြီး ချက်ချင်းပင် ပျံတက်တော့မည်ဟူသော ခံစားချက်ကို ပေးစွမ်းနေပေသည်။ ပုဖန်က ကူရာမဲ့စွာ ခံစားလိုက်ရပြီး မျက်၀န်းများကို ပုတ်ခတ် ပုတ်ခတ် လုပ်မိလိုက်သည်။
“ဒါ.. ဒါက တစ်ကယ်ပဲ ပန်းဘဲကင်လား… သူက ပန်းဘဲကင်ဖြစ်လာဖို့ ဆုတောင်နေတာနဲ့ ပိုတူမနေဘူးလား…” ပုဖန်က ဇဝေဇဝါနှင့် တွေးလိုက်မိသည်။