အပိုင်း ၇၃
Viewers 62k

အခန်း ၇၃ “မင်းယုံတာမယုံတာက ငါ့အလုပ်မဟုတ်ဘူး…”


“သခင်လေးပု… ပုံမှန်စည်းမျဉ်းတွေအတိုင်းဆိုရင် မင်းက တတိယထပ်ကို ၀င်ရောက်နိုင်တဲ့ အရည်အချင်းမရှိဘူး …ဘာလို့လဲဆိုတော့ အခုချိန်ထိအောင် တတိယထပ်ကို၀င်ဖူးတဲ့သူက အင်ပါယာတရားသူကြီး အရှင်မင်းကြီးနဲ့ မင်းသားတွေပဲ ၀င်ခဲ့ဖူးတာ… အခု မင်းက တတိယထပ်ကို ၀င်ရောက်နိုင်တယ်ဆိုတာ… မင်းရဲ့ ဟင်းပွဲတွေကို အကဲဖြတ်နိုင်တဲ့ စွမ်းရည်ကြောင့်ပဲ… အဲလိုမှမဟုတ်ရင် မင်းအနေနဲ့ ဘယ်လိုပဲ တောင်းဆိုတောင်းဆို ဒီနေရာကို ၀င်ခွင့်ပြုမှာမဟုတ်ဘူး….”


ချမ့်ပေါင်၏ အမူအယာက လေးနက်တည်ကြည်နေပေသည်။ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်၏ ထိပ်တန်းဧရိယာက အလွန်အရေးကြီးသောကြောင့် တစ်ခုခုလုပ်မည် ဆိုပါက နောက်တစ်ကြိမ် ပြန်လည်စဉ်းစားရန် လိုအပ်ပေသည်။ ပထမထပ် ရိုးရိုးနေရာနှင့် ဒုတိယထပ် အထူးဧည့်သည်တော် နေရာတို့က ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင် စတင်တည်ထောင်စဉ်ကပင် တည်ရှိခဲ့ပြီး တတိယထပ်က စားသောက်ဆိုင် ကျော်ကြားလာချိန်မှ ထည့်သွင်းတည်ဆောက်လိုက်ခြင်း ဖြစ်သည်။


ပုဖန်က တတိယထပ်သို့ ရောက်နိုင်ရန် ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှ ဟင်းပွဲများကို ပြစ်ချက်ရှာ၍ လောင်းကြေးထပ်ခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေက နံပါတ်တစ်စားသောက်ဆိုင် ဟူသော အမည်ကို ထိခိုက်စေနိုင်ပေသည်။ ချမ့်ပေါင်း ထိုကဲ့သို့ အရှက်တစ်ကွဲဖြစ်မှုကို အလွယ်တကူ မပြီးဆုံးစေနိုင်ပေ။ ဆိုင်၏ ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆည်ရန် သူစဉ်းစားမိသော တစ်ခုတည်းသော နည်းလမ်းမှာ တတိယထပ်တွင်သာ ရှိနေပေသည်။  


“တစ်စုံတစ်ယောက်က ငါ့ကို ဟင်းပွဲတွေကို အကဲဖြတ်စေချင်တယ်ဆိုလဲ ငါက ပြသနာမရှိပါဘူး… ဒါက ငါ့အတွက် သိပ်မထူးဆန်းနေဘူးလေ… အဲတော့ မင်းတို့ရဲ့ အမှိုက်လို ဟင်းပွဲတွေကို မြည်းကြည့်ရတော့မှာပေါ့…” ပုဖန်က ချမ့်ပေါင်ကို တစ်ချက်မျှ ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


ပုဖန်၏ လေသံက ခြားနားခြင်းမရှိသော်လည်း သူ၏ စကားလုံးများက လှောင်ပြောင်နေသကဲ့သို့ သက်ရောက်နေသောကြောင့် ချမ့်ပေါင်၏ အမူအယာက အေးခဲသွားပြီး ပြောစရာစကား မဲ့သွားလေသည်။ သို့သော်လည်း သူက တခဏအတွင်းပင် မျက်လုံးလေးများ မှေးမှိတ်သွားသည်အထိ ရယ်မောလိုက်ပြီး ပြန်လာည်ပြောဆိုလိုက်သည်။


“ဒါဆိုလည်း.. ကျွန်တော်တို့ဆိုင်ရဲ့ ထိပ်တန်းစားသောက်သူတွေပဲ ရနိုင်တဲ့ ဟင်းပွဲသုံးပွဲကို မြည်းစမ်းကြည့်ပေးပါဦး… ဒါက ဆိုင်တစ်ခုလုံးမှာ အကောင်းဆုံး ဟင်းပွဲတွေပါ….”


ရှောင်ရှောင်လုံတို့ သုံးယောက်က မျက်လံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ စားပွဲပေါ်မှ စွဲဆောင်မှုရှိလှသော ဟင်းပွဲများကို ကြည့်နေလေသည်။ သူတို့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားပျော်ရွှင်မှုက အထင်းသား ပေါ်ထွက်နေပေသည်။ ထိုဟင်းပွဲများက ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်၏ ထပ်တန်း ဧရိယာတွင်စာ ရနိုင်သော ဟင်းပွဲများ ဖြစ်ကြပြီး သာမာန်အခြေအနေတွင် သူတို့ အနေနှင့် မြင်တွေ့ရန်ပင် အခွင့်အရေးမရှိကြချေ။


ထိုဟင်းပွဲများ၏ အရသာက ပုဖန်၏ ဆိုင်မှ ဟင်းပွဲများကိုမယှဉ်နိုင်ကြောင်း သိရှိနေကြသော်လည်း ဟင်းပွဲ၏ အရသာကြောင့်မဟုတ်ပဲ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်၏ တတိယထပ်တွင် စားသောက်နေရသောကြောင့် သူတို့က ကျေနပ်ပျော်ရွှင်နေကြခြင်း ဖြစ်သည်။


ပုဖန်က အနီရောင်နတ်၀က်သားနှပ်ကို ပထမဦးစွာ မြည်းစမ်းကြည့်လိုက်သည်။ ဝိဉာဉ်သားရဲ၏ အသားကိုပင် အသုံးပြုထားသော်လည်း ပထမအဆင့် ဝိဉာဉ်သားရဲသာ ဖြစ်သည်။ သို့သော် စားဖိုမှုး၏ ဟင်းချက်စွမ်းရည်က အလွန်ကောင်းမွန်သောကြောင့် ချက်ပြုတ်ပြီးချိန်တွင် ပင် အသားက အရည်ရွှမ်းနေပြီး စားချင်စဖွယ် ဖြစ်နေပေသည်။ 


“ဒီဟင်းပွဲက ဝိဉာဉ်သားရဲကို ချက်ပြုတ်ထားတဲ့ ဟင်းပွဲဖြစ်လို့ ပါ၀င်ပစ္စည်းတွေကို ရွေးချယ်တော့မယ်ဆိုရင် အရမ်းသတိပြုရတယ်… မင်းက ဒီဟင်းပွဲအတွက် တော၀က်သိုးကို ရွေးချယ်လိုက်တယ်.. ဒါက အရမ်းမှားတဲ့ အချက်ပဲ… တော၀က်သိုးက စွပ်ပြုတ်လုပ်ဖို့ပဲ အသုံးပြုကြတာများတယ်… အသားနှပ်ဖို့အတွက်ဆို မီးတောက်၀က်ကို ဘယ်အသားမှ မယှဉ်နိုင်လောက်အောင်ကို ကောင်းတယ်… အသားကို နှပ်တဲ့ နေရာမှာလဲ မီးကို ထိန်းချုပ်တဲ့နေရာမှာ အရမ်းကိုလျော့တိလျော့ရဲ ဖြစ်နေတယ်… ပြီးတော့ အသားနှပ်ရည်က အရမ်းချိုနေတယ်…”


ပုဖန်က တစ်ကိုက်မျှ မြည်းကြည့်လိုက်ပြီး တူကို ပြန်ချလိုက်ကာ သူ၏ သုံးသပ်ချက်ကို မျက်နှာသေဖြင့် ပြောဆိုလိုက်သည်။ ခဏအတွင်းမှာပင် ပထမဟင်းပွဲ၏ အားနည်းချက်များစွားကို ဖော်ထုပ်လိုက်သောကြောင့် ချမ့်ပေါင်က အနည်းငယ်ကြောင်အသွားပြီး အနောက်မှ စားပွဲထိုး မိန်းကလေးကို မှတ်သားထားခိုင်းလိုက်သည်။


“သခင်လေးပု… ဒီဝိုင်စိမ်နံရိုးချိုချဉ်ကြော်ကိုလဲ မြည်းကြည့်ပါဦး….”


ပုဖန်၏ နံရိုးကြော်အတွက် သတ်မှတ်ချက်က အလွန်အဆင့် နိမ့်နေသောကြောင့် ချမ့်ပေါင်၏ မျှော်လင့်ချက်များက ပျက်စီးသွားလေတော့သည်။ ပုဖန်က ထောက်ပြလိုက်သည့် ပြစ်ချက်များက နတ်၀က်သားနှပ်ထက်ပင် ပို၍ များပြားနေပေသည်။ ချမ့်ပေါင်က လုံး၀ပင် ကြောင်အမှင်သက်နေပေသည်။


“ဘာလို့ဒီလိုဖြစ်ရတာလဲ..ဝိုင်စိမ်နံရိုးချိုချဉ်ကြော်က နတ်၀က်သားနှပ်ရဲ့ အရသာထပ် သေချာပေါက် ပိုကောင်းနေတာကို….”


ရှောင်ရှောင်လုံတို့ သုံးယောက်က မချိတင်ကဲ ပြုံးလိုက်မိကြသည်။ ၀က်နံရိုးချိုချဉ်ကြော်ကဲ့သို့ ဟင်းပွဲကို ပုဖန်၏ ရှေ့တွင် ချပေးလိုက်ခြင်းက အဆူခံရန် တောင်းဆိုနေခြင်းပင် ဖြစ်သည်။ သူတို့ပင်လျင် ဝိုင်စိမ်နံရိုးချိုချဉ်ကြော်က ၀က်နံရိုးချိုချဉ်ကြော်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်သည်ကို ပြောနိုင်ပေသည်။


ပုဖန်က ချမ့်ပေါင်၏ အမူအယာကို လျစ်လျူရှုလိုက်ပြီး ပန်းဘဲကင်ကို စိုက်ကြည့်လိုက်သည်။ 


“အင်း… ဒီဟင်းပွဲကို ပြင်ဆင်ထားတာကတော့ နည်းနည်း စိတ်၀င်စားဖို့ကောင်းတယ်…” ပုဖန်က သူ၏ နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ တွေးလိုက်မိသည်။ ထို့နောက် တူဖြင့် ဘဲကို အနည်းငယ် ပုဖန်ကြည့်လိုက်သည်။ ဘဲကင်မှ ပြန်ကန်ထွက်လာသော ကန်အားက တူမှတဆင့် လက်သို့ ရောက်ရှိလာခဲ့သည်။


ဖျောင်း….ဖျောင်း… 


ချမ့်ပေါင်က ဟင်းပွဲကို မြည်းရန် ပြင်ဆင်နေသော ပုဖန်ကို တွေ့လိုက်ရသောအခါ လက်ခုပ်သံတစ်ချက်ကို ခပ်ကျယ်ကျယ်တီးလိုက်လေသည်။ ခန္ဒာကိုယ်လှပသည့် မိန်းမပျိုလေးတစ်ယောက်က သူမ၏ အတွင်းသားများကို လှစ်ဟာပြလိုက်ပြီး ပုဖန်ထံသို့ လျောက်လာလေသည်။ သူမ၏ ခန္ဒာကိုယ်မှ အလွန်မွှေးကြိုင်သင်းပျံ့သော ရနံ့များထွက်ပေါ်နေပေသည်။


“ငါ့နားကို သိပ်မကပ်နဲ့… မင်းဆီကထွက်နေတဲ့ အမွှေးနံ့တွေက ဟင်းပွဲကို အကဲဖြတ်တဲ့ နေရာမှာ အနှောက်အယှက်ဖြစ်တယ်…” ပုဖန်က မျက်မှောင်ကြုံ့၍ ခပ်တည်တည် ပြောဆိုလိုက်သည်။


အာ….


 မိန်းမပျိုလေးက ကြောင်အသွားပြီး သူမ၏ လှပသောမျက်နှာလေးပေါ်တွင် စိတ်ရှုပ်ထွေးမှုများ ပေါ်ထွက်လာလေသည်။ သူမ၏ လက်ထဲမှ စားပွဲတင်ဓါးလေးက လေထဲတွင် တန့်နေပြီး ဘာဆက်လုပ်ရမှန်း မသိအောင်ပင် ဖြစ်နေပေသည်။ ချမ့်ပေါင်လည်း ကြောင်အသွားပြီး မျက်မှောင်ကြုံ့လိုက်မိသည်။ ထိုလှပသော မိန်းမပျိုလေးက အထူးဧည့်သည်တော်များအတွက်သာ ၀န်ဆောင်မှုပေးသူတစ်ယောက်ဖြစ်ပြီး ချမ့်ပေါင်က ငွေအမြောက်အများ အကုန်အကျခံကာ အမွှေးအကြိုင်ပစ္စည်းများကို ၀ယ်ယူပေးထားခြင်း ဖြစ်သည်။


သူ၏ ရည်ရွယ်ချက်က အလှကုန်ပစ္စည်းများကို အသုံးပြု၍ ဖြတ်လတ်တက်ကြွစွာနှင့် စားသုံးသူများကို ပို၍ စွဲဆောင်မှုရှိစေရန်ဖြစ်ပြီး အလှကုန်ပစ္စည်းများ၏ မွှေးရနံ့ကြောင့် စားသုံးသူများ၏ စားချင်စိတ်ကို လျော့ပါးသွားနိုင်ကြောင်း မတွေးတောမိချေ။


ချမ့်ပေါင်က တခဏမျှစဉ်းစားလိုက်ပြီး မိန်းမပျိုလေးကို ဖယ်ခိုင်းလိုက်ကာ သူကိုယ်တိုင်ပင် ဘဲကင်ကို ဖြတ်တောက်ပေးရန် ပြင်ဆင်လိုက်သည်။ သူ့တွင်လည်း ဟင်းပွဲပြင်ဆင်သည့် အတွေ့အကြုံရှိသောကြောင့် သူ၏ လက်များက အလျင်အမြန် လှုပ်ရှားနေပြီး ဟင်းပွဲတစ်ခုလုံးကို အသားလွှာလေးများအဖြစ် မြန်မြန်ဆန်ဆန်ပင် ဖြတ်တောက် ပြီးစီးသွားလေသည်။ ထို့နောက် အသားလွှာလေးများကို ပန်းကန်နှင့် ထည့်၍ ပုဖန်၏ ရှေ့သို့ ချပေးလိုက်သည်။


ပုဖန်က ကော်ပြန့်ရွက်တစ်ခုအတွင်းသို့ အသားလွှာတစ်ခု ဂေါ်ဖီနှင့် ဂျင်းအနည်းငယ်တို့ကို ထည့်လိပ်လိုက်ပြီး ပါးစပ်အတွင်း ထည့်လိုက်လေသည်။ ဘဲသားနှင့် ဂေါ်ဖီတို့၏ အရသာက ကောင်းမွန်စွာ ရောစပ်သွားပြီး ထူးကဲသော အရသာကို ပုဖန်က ခံစားလိုက်ရသည်။ အနည်းငယ်မျှ ဝါးလိုက်ပြီးနောက် ကောင်းမွန်သောအရသာက ထွက်ပေါ်လာလေသည်။ ပန်းဘဲကင်၏ အရသာက အလွန်ကောင်းမွန်သည်ကို သူ၀န်ခံရပေမည်။


“သခင်လေးပု… ငါတို ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က အထူးဟင်းပွဲရဲ့ အရသာက ဘယ်လိုနေလဲ…” ချမ့်ပေါင်က နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး မေးမြန်းလိုက်သည်။


 


ထိုသို့မေးမြန်းလိုက်သော်လည်း လေအလင်းအင်ပါယာတစ်ခုလုံးတွင် နံပါတ်တစ်အဖြစ် အင်ပါယာမင်းမြတ်ကိုယ်တိုင် သတ်မှတ်ပေးထားသော သူ၏ ဘဲကင်ကို အလွန်စိတ်ချ ထိုလူငယ်လေးက မည်သည့် ပြစ်ချက်ကိုမျှ ရှာနိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်နေပေသည်။ 


“ဒီဟင်းပွဲရဲ့ အရသာက တစ်ကယ့်ကို ကောင်းပါတယ်…” ပုဖန်က ပြောဆိုလိုက်ပြီး နောက်ထပ် အသားဖက်တစ်ခုကို ပါးစပ်အတွင်း ထိုးထည့်လိုက်သည်။ ယခုတစ်ခေါက်တွင်မူ သူက ကော်ပြန့်ရွက်နှင့် မလိပ်တော့ပဲ စားလိုက်ခြင်းဖြစ်သည်။ စားဖိုမှုးတိုင်းလိုလိုက အစားအသောက်ကောင်းများကို ခုံမင်စွာ စားသောက်လေ့ရှိကြပေသည်။ 


“သခင်လေးပု… ဒါဆို ဒီဟင်းပွဲနဲ့ ပတ်သတ်ပြီးတော့ ပြစ်ချက်တွေကိုရော ပြောနိုင်သေးလား…” ချမ့်ပေါင်က အသက်ပြင်းပြင်းရှူလိုက်ပြီး ပုဖန်ကို စိုက်ကြည့်လိုက်ကာ မေးမြန်းလိုက်သည်။


“ဒီဟင်းပွဲက ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်တစ်ခုလုံးမှာ အကောင်းဆုံး ဟင်းပွဲပဲ … ငါပြောနိုင်တာကတော့ ဒီဟင်းပွဲကို ချက်ပြုတ်တဲ့နည်းလမ်းကို စားဖိုမှုးက သေသေချာချာ တစ်ဆင့်ချင်းစီ လိုက်လုပ်ထားနိုင်တယ်… ကြည့်ရတာတော့ ချက်ပြုတ်နည်းထဲက စကားလုံးတစ်လုံးကိုတောင် လျစ်လျူရှုခြင်းမရှိပဲနဲ့ သေသေချာချာ ချက်ပြုတ်ထားတပုံရတယ်…” ပုဖန်က ရေတစ်ခွက်ကို သောက်လိုက်ပြီးနောက် ဖြည်းငြင်းစွာ ပြောဆိုလိုက်သည်။


ချမ့်ပေါင်၏ မျက်၀န်းများက ပြူးကျယ်သွားပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ သူက စိတ်အားထက်သန်စွာဖြင့် ပုဖန်ကို စိုက်ကြည့်နေလိုက်ပြီး ပြည့်နှက်နေပြီး မျက်၀န်းများထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေပေသည်။ သူက ဖန်ကြည်ရောင်ပန်းဘဲကင်၏ ချက်ပြုတ်နည်းအညွှန်းကို ကံကောင်းစွာနှင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအညွှန်းကြောင့်သာ ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်ကို ယခုအခြေအနေထိရောက်အောင် မြှင့်တင်နိုင်ခဲ့ပြီး ထိုဟင်းပွဲဖြင့် ဂုဏ်သရေရှိ လူကြီးလူကောင်းများကို ဧည့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။


“ဟင်းပွဲအညွှန်းမှာပါတဲ့အတိုင်း တသွေမတိမ်း လိုက်လုပ်တာက မှားတယ်လို့ မဆိုနိုင်ပေမယ့် မင်းက အရမ်းကို သတိထားနေပြီး ပြောလဲလို့ရတဲ့ တစ်ချို့နေရာလေးတွေကိုတောင် လျစ်လျူမရှုနိုင်ဘူး… ဟင်းပွဲအညွှန်းစာရွက်တွေကို မှတ်တမ်းမတင်ခင်မှာ အကြိမ်ကြိမ်အခါခါ စမ်းသပ်ချက်ပြုတ်ထားတယ်ဆိုပေမယ့် သူတို့မှာ လိုအပ်ချက်တစ်ချို့ ရှိနေနိုင်ပြီး ပိုပြီး ကောင်မွန်လာနိုင်တယ်… ဒီဟင်းပွဲလိုမျိုးပေါ့ .. ဒီဟင်းပွဲက ပါ၀င်ပစ္စည်းရွေးချယ်တဲ့နေရာမှာ အမှားတစ်ခု ရှိနေခဲ့တာ…”


“ပါ၀င်ပစ္စည်းရွေးချယ်မှု…”


“ဟုတ်တယ်.. မင်းက စွမ်းအင်အမြောက်အများပါပြီး အရည်အသွေးမြင့်တဲ့ ဘဲကို ရွေးချယ်ရမယ်ဆိုတာက မှန်တယ်.. ဒါပေမယ့်.. နုနယ်တဲ့ ဘဲကို ရွေးချယ်တာက ပိုပြီး မှန်လိမ့်မယ်.. ရင့်တဲ့ဘဲတွေရဲ့ အရည်ပြားကတင်းတင်းကြပ်ကြပ် ဖြစ်နေပြီး သူတို့ရဲ့ အသားက နည်းနည်းပိုပြီး ကြမ်းတမ်းတယ်.. တစ်ခြားပြစ်ချက်တွေကတော့ သိပ်အရေးမကြီးတဲ့အတွက် ငါမပြောတော့ပါဘူး…”


ချမ့်ပေါင်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး တည်ငြိမ်လာအောင် ကြိုးစားလိုက်သည်။ သို့သော် ပုဖန်ပြောသောအချက်များကို သဘောမတူသောကြောင့် စိတ်ကျေနပ်မှု သိပ်မရှိပေ။


“သခင်လေးပု… ငါတို့ဆိုင်ရဲ့ အထူးဟင်လျာဖြစ်တဲ့ ပန်းဘဲကင်က စမ်းသပ်မှုအမြောက်အများကို ကျော်ဖြတ်ခဲ့ပြီးပါပြီ… ဒါပေမယ့် မင်းပြောတဲ့ နုနယ်တဲ့ ဘဲသားကို ရွေးချယ်ရမယ့် အချက်ကိုတော့ ငါသဘောမတူဘူး… ငါ့အနေနဲ့တော့ အညွှန်းထဲမှာပါတဲ့ နည်းလမ်းကိုပဲ ပိုပြီး ယုံကြည်တယ်….”


ပုဖန်၏ စကားများက ကျိုးကြောင်းညီညွတ်မှု ရှိသော်လည်း ချမ့်ပေါင်က အလွယ်တကူ ယုံကြည်နိုင်ခြင်းမရှိပေ။ ထိုဟင်းပွဲက သူတို့ ဆိုင်၏ အထူးဟင်းပွဲ ဖြစ်သောကြောင့် ဖြည့်စွတ်မှု အနည်းငယ်မျှပင် ပြုလုပ်လိုခြင်းမရှိပေ။ ပုဖန်က ချမ့်ပေါင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


“မင်းယုံတာမယုံတာက ငါ့အလုပ်မဟုတ်ဘူး… ငါက ဒီဟင်းပွဲတွေကို အကဲဖြတ်ရုံပဲ ငါက ဟင်းပွဲတွေအကုန်လုံးကို အကဲဖြတ်ပြီးပြီဆိုတော့ သွာတော့မယ်… ဒီမှာကျသင့်ငွေ…” ပုဖန်က မတ်တပ်ထရပ်လိုက်ပြီး စားပွဲပေါ်သို့ သလင်းကျောက်ငါးတုံးတင်လိုက်ကာ ထွက်ပေါက်ဆီသို့ လျောက်သွားလိုက်သည်။


ချမ့်ပေါင်က စူပုပ်ပုပ်အမူအယာနှင့် မတ်တပ်ထရပ်လိုက်ပြီး ခုံပေါ်မှ လုံး၀နီးပါး မတို့ထိရသေးသည့် ဟင်းပွဲသုံးပွဲကို စူးစိုက်ကြည့်လိုက်သည်။


“သခင်လေးပု… မင်းကဘယ်သူလဲ…” ချမ့်ပေါင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ရေရွတ်နေလိုက်သည်။ ထို့နောက် ထွက်ခွာသွားတော့မည့် ရှောင်ရှောင်လုံကို စိုက်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။


“သခင်လေးရှောင်… သခင်လေးပုက ဘယ်သူလဲဆိုတာ ငါ့ကိုပြောပြလို့ရလား… ငါတို့ဆိုင်က ဟင်းပွဲတွေရဲ့ ပြစ်ချက်တွေနဲ့ ချက်ပြုတ်နည်းတွေကို အနည်းငယ်လောက် စားပြီးတော့ သိနိုင်တဲ့သူက တစ်ကယ်ပဲ သာမာန်လူတော့မဖြစ်နိုင်ဘူး… သူက တော်၀င်စားဖိုဆောင်က တော်၀င်စားဖိုမှုးတစ်ယောက်လား….” ချမ့်ပေါင်က လက်သီးဆုတ်၍ အရိုအသေပြုလိုက်ပြီး မေးမြန်းလိုက်သည်။


ရှောင်ရှောင်လုံက တခဏမျှ မှင်သက်သွားပြီး သူ၏ မျက်နှာပေါ်တွင် နောက်ပြောင်ကျီစယ်လိုသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ 


“ပိုင်ရှင်ပုက တစ်ကယ်အံ့သြဖို့ကောင်းတယ်မဟုတ်လား… သူ့ရဲ့ ဟင်းချက်စွမ်းရည်ပဲ မြင့်မားတာ မဟုတ်ဘူးနော်… ဟင်းပွဲတွေကို အကဲဖြတ်တဲ့ စွမ်းရည်ကလဲ ပထမတန်းစားပဲ … ငါသူ့ကို တစ်ကယ်သဘောကျတယ်…”


“ပိုင်ရှင်ပု…” ချမ့်ပေါင်က မျက်မှောင်ကြုံ့လိုက်ပြီး လေအေးများကို ရှူသွင်းလိုက်မိသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောဆိုလိုက်သည်။


“သူက နံမည်ပျက်ဆိုင်ရဲ့ ပိုင်ရှင်လား..” 


ရှောင်ရှောင်လုံက သဘောကျစွာ ပြုံးလိုက်ပြီးနောက် ပုဖန်၏ နောက်သို့ လိုက်သွားလေတော့သည်။ ပုဖန်က လက်နှစ်ဖက်ကို နောက်ပစ်၍ အေးဆေးစွာလမ်းလျောက်နေသည့် အချန်တွင် စနစ်၏ အသံက ခေါင်းထဲတွင် ထွက်ပေါ်လာလေတော့သည်။ 


“ကြားဖြတ်မစ်ရှင် အတိုလေးကို ပြီးမြောက်သွားတဲ့ အတွက် ဂုဏ်ယူပါတယ်.. ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က ဟင်းပွဲ ၁၃ ပွဲကို မြည်းစမ်းပြီး သူတို့ရဲ့ ပြစ်ချက်တွေကို ရှာဖွေနိုင်လို့ မစ်ရှင်ကရမယ့်ဆုကို အခုပဲ ဖော်ပြပါမယ်…”