အခန်း ၇၄ “အဲဆိုင်ကိုသွားပြီး ပိုင်ရှင်ကိုသတ်လိုက်”
ပုဖန်က ပါဝါကို လည်ပင်းတွင် ပြန်ပတ်လိုက်ပြီး အပြင်သို့ ပြန်ထွက်လာခဲ့သည်။ နွေးထွေးနေသော အဆောက်အဦးအတွင်းမှ ထွက်လာလိုက်သည်နှင့် လေအေးများက တိုက်ခတ်လာပြီး သူ၏ တစ်ကိုယ်လုံးက တုန်တက်သွားလေတော့သည်။ ပုဖန်က ကူရာမဲ့စွာနှင့် လက်နှစ်ဖက်ကို ရင်ဘက်တွင် ယှက်လိုက်ပြီး အလျင်အမြန် လျောက်လာလိုက်လေသည်။
ရာသီဥတုက အလွန်ဆိုးဝါးနေသော်လည်း စနစ်မှ မစ်ရှင်အောင်မြင်ကြောင်းနှင့် ဆုရတော့မည့်အကြောင်းကို ပြောသွားသောကြောင့် သူ၏ စိတ်ထဲတွင် လန်းဆန်းတက်ကြွနေပေသည်။ သူ၏စွမ်းအင်အဆင့်က ၁၀% တိုးတက်လာမည့်အပြင် ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်မှ ဟင်းပွဲများ၏ ချက်ပြုတ်နည်ဒ အညွှန်းကိုပါ ရရှိမည်ဖြစ်သောကြောင့် ပုဖန်က ပျော်ရွှင် ကျေနပ်နေပေသည်။
ရှောင်ရှောင်လုံတို့ လူစုက ပုဖန်ကို မှီလာပြီး ဘေးသို့ ရောက်လာကြသည်။ ကွမ်းရှောင်ယီနှင့် ရှောင်ရှောင်လုံက ဟင်းပွဲများကို အနည်းငယ်မျှသာ မြည်းစမ်းစားသောက်လိုက်ပြီး ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှ စားဖိုမှုးကိုချွေးသီးချွေးပေါက်များ ကျသည်အထိ စွမ်းဆောင်နိုင်သာ ပုဖန်အကြောင်းကို ပေါက်ပေါက်ဖောက်၍ ပြန်လည်ပြောဆိုနေကြသည်။
တောက်ပသောအလှတရားများကို မျက်နှာကာတပ်၍ ဖုံးကွယ်ထားသော ရှောင်ယန်ယုက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လျောက်လာလေသည်။ သူတို့လေးယောက်က လမ်းကြားလေး၏ အ၀သို့ ရောက်သောအခါ ရှောင်ရှောင်လုံတို့ သုံးယောက်က သူတို့၏ အိမ်များသို့ ပြန်သွားလိုက်ပြီး ပုဖန်က လမ်းကြားလေးထဲသို့ ၀င်ရောက်လာလိုက်သည်။ အပေါက်၀တွင် အိပ်နေသည်။ ဘလက်ကီက ပုဖန်ပြန်ရောက်လာသည့် အချိန်ထိပင် အိပ်မောကျနေဆဲပင် ဖြစ်သည်။
“မစ်ရှင်ဆု … အစစ်အမှန်စွမ်းအင်ကို ၁၀% တိုးမြင့်ပေးမည်ဖြစ်ပြီး သင်အကဲဖြတ်ခဲ့သည့် ဟင်းပွဲတွေထဲက တစ်ခုကို စနစ်က မဲနှိုက်ရွေးချယ်ပေးပါမယ်…” စနစ်၏ တည်ငြိမ်သော အသံက ပုဖန်ကို တခဏမျှ မှင်သက်သွားစေသည်။ ထို့နောက် သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး စိတ်ကိုတည်ငြိမ်လာအောင် လုပ်လိုက်သည်။ ထို့နောက် မည်သည့် ဟင်းပွဲကို ရရှိမည်ကို သိချင်စိတ် ပြင်းပြစွာ စောင့်ဆိုင်းနေလိုက်သည်။
ဆိုင်ငယ်လေး၏ မီနူးအတွင်းတွင် ၀က်နံရိုးချိုချဉ်ကြော်က ရှိနေပြီး ဖြစ်သောကြောင့် ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်မှ ဝိုင်စိမ်နံရိုးချိုချဉ်ကြော်က သူအလိုရှိသည့် ဟင်းပွဲစားရင်းတွင် နောက်ဆုံးသို့ ရောက်ရှိနေပေသည်။ ဟင်းပွဲများ၏ အမည်များပေါ်မှ အလင်းရောင်လေးများက ထက်တလဲလဲပြောင်းလဲလှုပ်ရှားနေပြီး သူ့စိတ်ထဲတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပေသည်။ စနစ်မှ ကျပမ်းရွေးချယ်ပေးနေခြင်းဖြစ်ပြီး ပြောင်လဲမှုများက တစ်ဖြည်းဖြည်း နှေးကွေးလာကြသည်။ နောက်ဆုံတွင် အလင်းရောင် ထွက်နေသည့် စာတန်းတစ်တန်းက ထွက်ပေါ်လာလေတော့သည်။
“စနစ်က ကျပမ်းရွေးချယ်ပေးလိုက်တဲ့ ဟင်းပွဲကတော့ ပန်းဂဏန်းဟင်းပွဲပါ… သူ့ကို အဆင့်မြှင့်လိုက်ပြီး အာဏာရှင် ပန်းဂဏန်းဟင်းပွဲလို့ အမည်ပြန်ပေးထားပါတယ်…”
ပုဖန်က ပန်းဂဏန်းဟင်း၏ အနံ့အရသာကို ပြန်လည်အမှတ်ရသွားပြီး သားရေများ စီးကျလာလေတော့သည်။ စနစ်က ဝိုင်စိမ်နံရိုးချိုချဉ်ကြော်ကို ရွေးချယ်လိုက်သည်ထက် ပန်းဂဏန်းဟင်းကို ရွေးချယ်လိုက်သည်ကို သူက နှစ်သက်သဘောကျသွားလေသည်။
ဆိုင်ခဏပိတ်သည်ဟု စားသုံးသူများကို သတ်ိပေးထားသည့် ဆိုင်းဘုတ်ကို တံခါး၀တွင်ချိတ်ဆွဲထားဆဲပင် ဖြစ်သောကြောင့် တက်ကြွစွာ ရောက်ရှိလာသည့် စားသုံးသူများက စိတ်ပျက်စွာ လှည့်ပြန်သွားကြသည်။ ဖက်တီးဂျင်တို့လူစက ရောက်ရှိလာပြီး တခဏမျှ စောင့်ကြည့်လိုက်ကာ ဆိုင်မဖွင့်ကြောင်း သေချာသွားသောကြောင့် မကျေမချမ်းနှင့် လှည့်ပြန်သွားကြလေတော့သည်။
ပုဖန်က ဆိုင်ကို ပြန်ရောက်သည့်အချိန် နောက်ကျနေသောကြောင့် ဆိုင်ဖွင့်ရန် မပြင်ဆင်တော့ပဲ အ၀တ်အစားထဲ၍ ဟင်းပွဲအသစ်ဖြစ်သည့် အာဏာရှင် ပန်းဂဏန်းဟင်းကို စမ်းသပ်ချက်ပြုတ်ရန် မီးဖိုခန်းအတွင်းသို့ ၀င်ရောက်သွားလော့သည်။
ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်တွင် ချမ့်ပေါင်က မျက်မှောင်ကြုံ့၍ မျက်ခုံးနှစ်ခုကို ထိစပ်မတက် တွန့်ကွေးထားပြီး ထိုင်ခုံတစ်ခုတွင် ထိုင်နေလေသည်။
“သခင်လေးပုဆိုတာ… တစ်ကယ်တော့ နံမည်ပျက်စားသောက်ဆိုင်ရဲ့ ပိ်ုင်ရှင်ပဲ သူကငါတို့ရဲ့ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကိုလာပြီး ဟင်းပွဲတွေကို အပြစ်ရှာရဲတယ်… သူ့ကိုယ်သူ ဘယ်သူများထင်နေတာလဲ… ငါတို့ကို ဘယ်လိုတောင် နှိမ့်ချလိုက်တာလဲ….” ချမ့်ပေါင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားပြီး အံကြိတ်ထားကာ ဒေါသထွက်နေလေသည်။ တခဏအကြာတွင် သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်သီးကို ပြန်ဖြည်လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် သူက အရည်အချင်းရှိတယ်… သူက ဟင်းပွဲတွေကို နည်းနည်းလေး မြည်းကြည့်တာတောင် ခွဲခြမ်းစိတ်ဖြာနိုင်တယ်… ဒါက တော်တော်ကြောက်ဖို့ကောင်းတယ်….”
ချမ့်ပေါင်က သူ့ဆိုင်မှ စားဖိုမှုးများကို ပုဖန်၏ ဆိုင်သို့ သွားရောက်စိန်ခေါ်ခိုင်းရန် စီစဉ်ထားခဲ့သော်လည်း သူတို့က မလှုပ်ရှားရသေးခင်တွင် ပုဖန်က ရောက်ရှိလာသောကြောင့် သူတို့၏ သိက္ခာများက မြောင်းထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။ ပုဖန်နှင့် ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်မှ စားဖိုးမှုးများ၏ စွမ်းရည်က သိသိသာသာပင် ကွာခြားနေပေသည်။ သို့သော် ချမ့်ပေါင်က ဆိုင်၏ ဂုဏ်သိက္ခာများက ထိုသို့ လွယ်လွယ်ကူကူ ကျဆင်းသွားရသည်ကို မကျေနပ်နိုင်ပေ။
ချမ့်ပေါင်က သူ၏ ဒေါသများကို မြိုသိပ်ထားလိုက်သည်။ ပြသနာများကို ဒေါသနှင့် ဖြေရှင်းခြင်းက ကောင်းမွန်သော နည်းလမ်းမဟုတ်ပေ။ အချိန်အနည်းငယ်မျှကြာပြီးနောက် ချမ့်ပေါင်၏ မျက်၀န်းများက နည်းလမ်းအချို့ကို စဉ်းစားမိဟန်ဖြင့် တောက်ပလာကြသည်။
“ဟုတ်ပြီ… ငါ့ရဲ့ စားဖိုမှုးတွေကို သူနဲ့ ဖြတ်တောက်ခြင်း နည်ပညာကို ပြိုင်ခိုင်းရမယ်… အချိန်အကြာကြီး လေ့ကျင့်လာတာမဟုတ်ရင်တော့ စားဖိုမှုးတွေက ဖြတ်တောက်ခြင်းနည်းပညာမှာ အားနည်းနေဦးမှာပဲ… သူ့ကို ငါ့ဆိုင်က စားဖိုမှုးတွေက ချက်ပြုတ်တဲ့ နေရာမှာ မယှဉ်နိုင်ပေမယ့် ဖြတ်တောက်ခြင်းနည်းပညာနဲ့ သူ့ကို အနိုင်ပိုင်းရမယ်…”
ချမ့်ပေါင်က စိတ်လှုပ်ရှားစွာဖြင့် စားပွဲခုံကို ရိုက်လိုက်ပြီး သူ့မျက်နှာပေါ်မှ အပြုံးက တစ်ဖြည်းဖြည်း ပီပြင်လာကာ နောက်ဆုံးတွင် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်လေတော့သည်။ ထို့နောက် သူ၏ အစေခံတစ်ယောက်ကို စားဖိုမှုးများကို စုစည်းရန် အမိန့်ပေးလိုက်လေသည်။ သူ၏ စားဖိုမှုးများမှ ဓါးကိုင်ကျွမ်းကြင်သော စားဖိုမှုးတစ်ယောက်ကို ရွေးချယ်ရန် လိုအပ်ပေသည်။ ပုဖန်၏ ဟင်းပွဲများအပေါ် နားလည်မှုကို ကိ်ုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် ဖြတ်တောက်ခြင်းနည်းပညာတွင်သာ ယှဉ်ပြိုင်နိုင်တော့မည်ဖြစ်သည်။
ဓါးကိုင်ကျွမ်းကြင်သော စားဖိုမှုးတစ်ယောက်ကို ရွေးချယ်ရန် ချမ့်ပေါင်က ပြင်ဆင်နေသည့် အချိန်တွင် အိမ်ရှေ့စံမင်းသား၏ စံအိမ်သို့ သွေးနီရောင်ဖီးနစ်ငှက်ပေါက်လေးတစ်ကောင်ကို လျို့ဝှက်ပို့ဆောင်နေပြီဖြစ်သည်။ ကြီးကျယ်ခမ်းနားသော အိမ်ရှေ့စံမင်းသား၏ နန်းဆောင်အတွင်းတွင် ဂျိချန်းကန်က လက်နှစ်ဖက်ကို နောက်ပစ်၍ သူ့ရှေ့မှ သံမဏိလှောင်အိမ်ကို စူးစိုက်ကြည့်နေလေသည်။ လှောင်အိမ်အတွင်းတွင် သွေးနီရောင်တောက်ပနေသည့် ဖီးနစ်ငှက်ပေါက်လေးတစ်ကောင် ရှိနေပေသည်။
“ဒါက အဆင့်ငါးသားရဲ သွေးနီရောင်ဖီးနစ် ငှက်ပေါက်လား… တစ်ကယ့်ကို ထူးခြားတာပဲ…” ဂျိချန်းကန်က ခေါင်းတစ်ညိမ့်ညိမ့်နှင့် သူ၏ နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေးလိုက်ပြီး ပြောဆိုလိုက်သည်။
“ဒီအဆင့်ငါးသားရဲက အရမ်းကို လျင်မြန်လွန်းတယ်… အဆင့်ငါးသားရဲတွေထဲမှာသူက အားအနည်းဆုံးသားရဲဖြစ်ပေမယ့် ဝိဉာဉ်တည်အဆင့်နဲ့တော့ ယှဉ်နိုင်သေးတယ်.. သူ့ကို ဖမ်းဖို့ အချိန်တော်တော်ယူခဲ့ရတယ်….” ရှုရှီက ကျိုးကျိုးနွံနွံနှင့် မတ်တပ်ရပ်နေရာမှ လှမ်းပြောလိုက်သည်။
“တော်ပါပေတယ်…” အိမ်ရှေ့စံမင်းသားက ရှုရှီကို လှည့်ကြည့်လိုက်ပြီး ချီးမွန်းပြောဆိုလိုက်ရာ ရှုရှီက အရိုအသေပေးလိုက်ပြီး တိတ်တဆိတ် ရပ်နေလိုက်သည်။
“အခုငါတို့မှာ သွေးနီရောင် ဖီးနစ်ငှက်ပေါက်လဲရပြီ … ဆေးဘက်၀င်ပစ္စည်းတွေကိုလဲ ပြင်ဆင်ပြီးသွားပြီ… တစ်ခြားတန်ဖိုးကြီး ဆေးဘက်ဆိုင်ရာပစ္စည်းတွေကိုလည်း စုဆောင်းထားပြီးပြီဆိုတော့ ပိုင်ရှင်ပုကို သက်စောင့်ဟင်း ချက်ခိုင်းဖို့ပဲ ကျန်တော့တယ်… ဒီသက်စောင့်ဟင်းက ခမည်းတော်ရဲ့ ကျန်းမာရေးကို သက်သာလအောင် ကူညီနိုင်မယ်ဆိုရင် ငါ့ရဲ့ အင်ပါယာဘုရင်ဖြစ်လာဖို့ အခွင့်အရေးက ပိုပြီးခိုင်မာလာလိမ့်မယ်…” အိမ်ရှေ့စံမင်းသားက လက်နှစ်ဖက်ကို နောက်ပစ်၍ စိတ်လှုပ်ရှားစွာဖြင့် နန်းတော်ကြီးကို ကြည့်၍ စိတ်ကူး ယဉ်နေလေသည်။
အင်ပါယာတစ်ပါးဖြစ်လာရန် လျောက်လှမ်းရသည့်လမ်းကြောင်းက အလွန်အမင်းရှည်လျားလွန်းပေသည်။ ခြေလှမ်းတိုင်းက ပါးလွှာသောရေခဲချပ်လေးများပေါ်တွင် နင်းလျောက်နေရသကဲ့သို့ အန္တရာယ်အလွန်များလှပေသည်။ ခြေတစ်လှမ်းသာမှားသွားပါက သူ၏ ချစ်လှစွာသော ညီငယ်က အခွင့်အရေးရသွားပြီး သူ့ကို လုံးလုံးလျားလျား ပျက်စီးသွားရန် ကြိုးစားပေလိမ့်မည်။
“ရှုရှီ… ငါမနက်ဖြန်ကျရင် ပိုင်ရှင်ပုဆိုင်ကိုသွားမယ်.. ပြင်ဆင်ထားလိုက်ပါ… သူ့ကို သက်စောင့်ဟင်းပွဲ ချက်ပေးဖို့ သွားပြောရမယ်… ငါတ်ို့ မအောင်မြင်သေးခင်မှာ သက်စောင့်ဟင်းပွဲရဲ့အကြောင်းကို ဘုရင်ခံယုရဲ့ လက်အောက်ငယ်သားတွေ မသိသွားအောင် လျို့ဝှက်ထားရမယ်….”
“ကောင်းပါပြီ အရှင်မင်းသား…” ရှုရှီက တရိုတသေဖြင့် ပြန်ပြောလိုက်သည်။
ဘုရင်ခံယု၏ စံအိမ်တော်အတွင်းမှ လျို့ဝှက်ခန်းတစ်ခုအတွင်းတွင် ဂျိချန်းယုက သူ၏ ပါးစပ်ကို ဟ၍ စွမ်းအင်အချို့ကို ထုတ်လွှတ်လိုက်သည်။ သူ၏ ခန္ဒာကိုယ်ပတ်လည်မှ စွမ်းအင်များက ရေနွေးငွေ့ကဲ့သို့ ပွက်ပွက်ဆူနေပြီး သူ၏ ခန္ဒာကိုယ်အတွင်းသို့ ဖြည်းညင်းစွာ ၀င်ရောက်သွားကြသည်။
“ဆဋ္ဌမအဆင့်ကို တက်ရောက်ရတာက တစ်ကယ့်ကို ခက်ခဲတာပဲ… ငါက ဒီအတားအဆီးမှာ ပိတ်ဆို့နေတာ တစ်နှစ်ကျော်တောင်ကြာခဲ့ပြီ…” ဂျိချန်းယုက ကူရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ပြောဆိုလိုက်သည်။
သူက အဆင့်တက်ရာတွင် အလျင်စလို မလုပ်သင့်သည်ကို သိရှိထားသော်လည်း မည်သည့်နည်းလမ်းကို အသုံးပြုရမည်ကို မသိရှိနေပေ။ စွမ်းအင်လေ့ကျင့်သည့် လျို့ဝှက်ခန်းတံခါးကို ဖွင့်၍ အပြင်သို့ ထွက်လာသောအခါ တံခါး၀တွင် ၀တ်စုံနက်နှင့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
“အရှင့်သားက စွမ်းအင်အဆင့်တက်တဲ့နေရာမှာ အခက်အခဲတစ်ချို့ရှိနေပုံရတယ်… ကျွန်တော်တို့ ဝိဉာဉ်တစ္ဆေဂိုဏ်းက နည်းလမ်းတစ်ချို့ကို အသုံးပြုလိုက်မယ်ဆိုရင် အင်ပါယာအဆင့်ကို တက်ရောက်ရတာ ပြသနာတစ်ရပ် မဟုတ်တော့ဘူး….” ထိုသူက ပြာအက်အက်အသံနှင့် ပြောဆိုလိုက်သည်။
“အဲလိုလုပ်လိုက်ရင် ငါက မွန်းစတာတစ်ကောင်လို ပြောင်းလဲသွားမှာမဟုတ်လား… မင်းလိုမျိုး လူမှန်းမသိ ဝိဉာဉ်မှန်းမသိတဲ့ ပုံစံအဖြစ်လေ… ငါက အင်ပါယာမင်းမြတ် ဖြစ်လာမယ့်သူပဲ.. ဒီလိုရုပ်ဆိုးဆိုး အသွင်အပြင်ကို လက်မခံနိုင်ဘူး…” ဂျိချန်းယုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
ဂျိချန်းယု၏ စကားများက အနည်းငယ်တင်စီးနေသော်လည်း သူပြောနေကျ ပုံစံပင် ဖြစ်သည့် ထို့ကြောင့် ဝိဉာဉ်တစ္ဆေဂိုဏ်း၏ အကြီးအကဲ ကခပ်ဟဟသာရယ်မောလိုက်သည်။ တံခါး၀သို့ လူတစ်ယောက်က ရုတ်တရက်ရောက်ရှိ်လာပြီး စာတစ်စောင်ကို လှမ်းပေးလိုက်သည်။ ဂျိချန်းယုကို စာကို ချက်ချင်းပင် ဖောက်ဖတ်လိုက်သည်။ စာထဲမှအကြောင်းအရာများကို ဖတ်ကြည့်လိုက်ပြီး သူ၏ အမူအယာက လေးနက်တည်ကြည်သွားလေတော့သည်။
“ငါ့ရဲ့အကိုတော်က အင်ပါယာမင်းမြတ်ဖြစ်လာဖို့ တော်တော်လေးကြိုးစားနေတာပဲ… သူက ဒီလိုနည်းလမ်းကိုတောင် အသုံးပြုနိုင်တယ်… ခမည်းတော်ရဲ့ ကျန်းမာရေး အခြေအနေက ပျောက်ကင်းဖို့ မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းသိကြတာပဲလေ… ဒါတောင်မှ သူက စားသောက်ဆိုင်ငယ်လေးတစ်ဆိုင်က သက်စောင့်ဆေးအပေါ်ကို မျော်လင့်ချက်ထားနေသေးတယ်….” ဘုရင်ခံယုက ပြောဆိုလိုက်ပြီး လက်ဝါးမှ စွမ်းအားအချို့ထုတ်ဖော်လိုက်ပြီး စာကို ပြာချလိုက်သည်။
ထို့နောက် သူ၏ မျက်၀န်းများထဲတွင် အေးစက်မှုများနှင့် ပြည့်သွားပြီး ကြောက်စရာကောင်းသော အသံနှင့် ပြောဆိုလိုက်သည်။
“ဟွန်းချွမ်ယွမ်… မင်းရဲ့ စွမ်းရည်တွေကိ်ု ပြဖို့ အချိန်ရောက်ပြီ… ငါ့အကိုကြီးက ခမည်းတော်ရဲ့ သက်တမ်းကိုဆွဲဆန့်ချင်တယ်ဆိုတော့ ငါက အဲဒါကို အဆုံးသတ်ပေးရမယ်… ဒီည မင်းရဲ့ လူတွေကိုခေါ်ပြီး လမ်းကြားထဲက စားသောက်ဆိုင်ငယ်လေးရဲ့ ပိုင်ရှင်ကို သွားသတ်လိုက်… ပြီးတော့ အဲဒီဆိုင်ငယ်လေးရဲ့ တမူထူးခြားနေတဲ့ ကောလဟာလတွေအရ တိတ်တဆိတ်ပဲ လုပ်ကြံနိုင်တယ်ဆိုတာကို သတိထားပါ….”
“ဟားဟားဟား…. လုပ်ကြံသတ်ဖြတ်တဲ့ နေရာမှာ ဝိဉာဉ်တစ္ဆေဂိုဏ်းက ဒုတ်ိယပါလို့ ကြွေးကြော်လိုက်ရင် ဒီကမ္ဘာကြီးပေါ်မှာ ဘယ်သူကမှ ပထမနေရာကို မယူရဲပါဘူး…. ဘုရင်ခံယု ငါ့ဆီက သတင်းကောင်းကို စောင့်နေလိုက်ပါ…” ဟွန်းချွမ်ယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။