အပိုင်း ၇၅
Viewers 53k

အခန်း ၇၅ “အာဏာရှင် ပန်းဂဏန်းကြော်”


“အကြီးအကဲ… ကျွန်တော်တို့ ကိုယ်တိုင် သွားဖို့လိုလို့လား…” ဟွန်းချွမ်ယွမ်၏ အနောက်မှ ဝိဉာဉ်တစ္ဆေ ဂိုဏ်းသားနှစ်ယောက်က လှမ်းမေးလိုက်သည်။


ဟွန်းချွမ်ယွမ်၏ မျက်၀န်းများထဲတွင် ဝိဉာဉ်မီးတောက်များ တောက်လောင်နေသကဲ့သို့ ဖြစ်ပေါ်နေပြီး သူနှင့် မျက်နှာချင်းဆိုင်သူတိုင်းကို ငရဲသို့ ကျရောက်သွားတော့မည့် ခံစားချက်မျိုး ပေးစွမ်းနိုင်လေသည်။


“ဘုရင်ခံယုက ငါတို့ကို စမ်းသပ်နေတယ်ဆိုတာကို မင်းတို့ နားမလည်ဘူးလား… သူက ငါတို့နဲ့ ပူးပေါင်းထားတယ် ဆိုပေမယ့် အင်ပါယာမြို့တော်ရဲ့ အရေးပါတဲ့လူတစ်ယောက်ဖြစ်နေတုန်းပဲ…. တစ်ကယ်လို့ သူသာ ထီးနန်းကို မလိုချင်ဘူးဆိုရင် ငါတို့နဲ့ ပူးပေါင်းမယ်လို့ ထင်နေတာလား…” ဟွန်းချွမ်ယွမ်က ပြောဆိ်ုလိုက်သည်။


ဟွန်းချွမ်ယွမ်၏ မျက်၀န်းများထဲတွင် ဝိဉာဉ်မီးတောက်များ ကခုန်နေသေည်။ လူသားများက ကိုယ့်အတွက် အကျိုးရှိမည်ဆိုပါက နောက်ဆက်တွဲ ပြသနာများကို မတွေးတောပဲ စွန့်စားကြမည်သာ ဖြစ်သည်။


“အကြီးအကဲ့ ဒါဆို ကျွန်တော်တို့က ဘယ်လိုလုပ်မှာလဲ …” ဂိုဏ်းသားနှစ်ယောက်က ဇဝေဇဝါ အမူအယာနှင့် လှမ်းမေးလိုက်သည်။


“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟွန်းချွမ်သွမ့်နဲ့ နှလုံးကွဲကြေဓါးဧကရာဇ် တို့က အဲဒီစားသောက်ဆိုင်ငယ်လေးဆီကို ပြေးသွားကြတယ်…. သူတို့က ရှောင်မန်နဲ့ လျန်ဖုတို့ လိုက်လာတာကို တားဆီးဖို့ ဆိုင်ကို အကာအကွယ် ယူလိုက်တာပဲ… ဒါကြောင့် ဒီဆိုင်မှာ ငါတို့မသိသေးတဲ့ စွမ်းအားကြီးတဲ့ အရာတွေရှိနေမယ်လို့ ငါထင်နေတယ်…”


“ ပြီးတော့ အဲဆိုင်ကို အဆင့်ကိုး အဆင့်မြင့် သားရဲကောင်တစ်ကောင်က စောင့်ကြပ်နေတယ်… အခုလဲ ဘုရင်ခံယုရဲ့ ရည်ရွယ်ချက်က အဲဒီဆိုင်ရဲ့ အခြေအနေမှန်ကို ဖော်ထုတ်ဖို့ပဲ… ဆိုင်ရှင်ကို သတ်နိုင်ရင်တော့ ပိုကောင်းတာပေါ့…” ဟွန်းချွမ်ယွမ်က ရှည်လျားစွာ ပြောဆိုလိုက်သည်။


“ရှောင်မန်နဲ့ လျန်ဖုတို့တောင် တားဆီးခံလိုက်ရတာ မင်းတို့လို အင်ပါယာအဆင့်နှစ်ယောက်ထဲ အဲဒီကိုသွားမယ်ဆို ကိုယ့်ကိုကိုယ် သတ်သေတာနဲ့ ဘာမှ ကွာခြားမှာမဟုတ်ဘူး….”


ဂိုဏ်းသားနှစ်ယောက်က သူတို့၏ ခြေဖဝါးများပင် အေးစက်လာသည်ကို ခံစားလိုက်ရသည်။


“အားလုံနဲ့ အားဟူကို သွားခိုင်းလိုက်… သူတို့နှစ်ယောက်က ဘုရင်အဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် ငါတို့ဂိုဏ်းရဲ့ လျို့ဝှက်နည်းလမ်းတွေကို သုံးမယ်ဆိုရင် လုပ်ကြံသတ်ဖြတ်နိုင်လိမ့်မယ်… သူတို့ သေသွားမယ်ဆိုရင်တောင် ဘုရင်အဆင့် နှစ်ယောက်ဆုံးရှုံးရတာ ဆိုတော့ ခံသာသေးတယ်…” ဟွန်းချွမ်ယွမ်က ထက်မံပြောဆိုလိုက်သည်။


ညအချိန်သို့ ရောက်ရှိလာသောအခါ အစောပိုင်း ဆောင်းရာသီ၏ အေးစိမ့်သော လေအေးများက တိုက်ခတ်လာပြီး မီးခိုးရောင်တိမ်တိုက်များက လေ၏ ထိန်းချုပ်မှုအောက်တွင် ရွေ့လျားနေကြသည်။ လခြမ်းကွေးနှစ်ခုက တစ်ဦးကိုတစ်ဦး ခေါ်ထုတ်နေသကဲ့သို့ ရှိနေပေသည်။ ဆိုင်ငယ်လေးအတွင်းတွင် ပုဖန်က အ၀တ်အစားများကို ပြောင်းလဲ၀တ်ဆင်ထားပြီး ဆံပင်ရှည်များကို သိုးမွှေးစတစ်စနှင့် စည်းနှောင်ထားလေသည်။ သူ၏ နဖူးကို ပြောင်ပြောင်ရှင်းရှင်းသာ ထားထားလေသည်။


“အာဏာရှင် ပန်းဂဏန်းဟင်းက ပါ၀င်ပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ အပူချိန် ထိန်းချုပ်မှုတို့ကို စပ်သပ်စစ်ဆေးနေသလိုပဲ…” ပုဖန်က တတွတ်တွတ် ရေရွတ်လိုက်ပြီး မီးဖိုခန်းအတွင်း ၀င်ရောက်လာခဲ့သည်။ သူ၏ စနစ်၏ ကျပမ်းရွေးချယ်ပေးထားသော အာဏာရှင် ပန်းဂဏန်းဟင်းကို စမ်းသတ်ချက်ပြုတ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။


ပန်းဂဏန်းက ပင်လယ်ဂဏန်းတစ်မျိုးဖြစ်ပြီး အခွံပေါ်တွင် အဖြူရောင်အစက်အပျောက်လေးများ ပါနေသောကြောင့် ပန်းဂဏန်းဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ ပန်းဂဏန်း၏ အသားက အလွန်နူးညံ့ပြီး အာဟာရဓာတ်များစွာ ပါ၀င်ပေသည်။ ပုဖန် တွေးတောနေသည်က သာမာန်ပန်းဂဏန်း ဖြစ်ပြီး စနစ်မှ အာဏာရှင်ပန်းဂဏန်းဟင်း အတွက် အသုံးပြုစေမည့် ပန်းဂဏန်းမှာ ဝိဉာဉ်သားရဲတစ်ကောင် ဖြစ်နိုင်ပေသည်။


မီးဖိုခန်းအတွင်းသို့ ၀င်ရောက်လိုက်သည်နှင့် ကြီးမားသော ကန်တစ်ခုကို တွေ့လိုက်ရသည်။ ကန်အတွင်းတွင် ရေလုံး၀မရှိပဲ အလွန်ကြီးမားသည့် ပန်းဂဏန်းတစ်ကောင်ကို တုန်နှောင်၍ ထည့်ထားသည်ကို တွေ့လိုက်ရသည်။ ပန်းဂဏန်း၏ အခွံက မီးကဲ့သို့ ရဲရဲနီနေပြီး အခွံပေါ်တွင် ကြက်သွေးရောင် လိုင်းလေးများ ပါ၀င်နေပေသည်။ ပန်းဂဏန်း၏ ပုံသဏ္ဍာန်က အလွန်တောက်ပသည့် ပန်းချီကားတစ်ချပ်ကို တွေ့မြင်နေရသကဲ့သို့ ဖြစ်နေပေသည်။


“အာဏာရှင် ပန်းဂဏန်းက အဆင့်ငါးသားရဲဖြစ်ပြီး မြေရိုင်းလွင်ပြင်ပင်လယ်ကနေ ရရှိတယ်… သူတို့က အမြဲတမ်း အုပ်စုဖွဲ့နေထိုင်ကြတဲ့ သတ္တဝါတွေဖြစ်ပြီး မြေရိုင်းလွင်ပြင် ပင်လယ်မှာပဲ နေထိုင်ကြတယ်.. သူ့ရဲ့အသားက အရမ်းအရသာရှိပြီး အထောက်အကူပြု ဓါတ်သတ္တိတွေ အများကြီးပါ၀င်တယ်….” စနစ်က ပန်းဂဏန်း၏ ထူးခြားချက်များကို မိတ်ဆက်ပေးလိုက်သည်။


အာဏာရှင် ပန်းဂဏန်းက သာမာန် ပင်လယ်ဂဏန်းမဖြစ်နိုင်ကြောင်းကို ပုဖန်က သိရှိထားပြီး ဖြစ်သည်။ စနစ်က ဟင်းပွဲများကို ချက်ပြုတ်ရာတွင် ကောင်းမွန်မှုကို ဦးစားပေးသောကြောင့် ထောင့်ပံ့ထားသည့် ပစ္စည်းများက ထိပ်တန်းအဆင့်များပင် ဖြစ်သည်။ ပုဖန်က ခပ်အေးအေး အမူအယာနှင့် မီးဖိုချောင်သုံး ဓါးကို ထုတ်ယူလိုက်ပြီး ဓါးသွေးကျောက်တွင် တစ်ချက်နှစ်ချက်မျှ ပွတ်ဆွဲလိုက်သည်။ ထို့နောက် ဓါးကို သုတ်လိုက်ပြီး ဝှေ့ရမ်းကြည့်လိုက်သည်။


အ၀တ်ကြိုးဖြင့် ချည်နှောင်ခံထားရသည့် ဂဏန်းမှာ ရေကန်အတွင်းတွင် ငြိမ်ငြိမ်သက်သက် ရှိနေသောကြောင့် အဆင့်ငါး သားရဲဟုပင် ယုံချင်ဖွယ်မရှိပေ။ ပုဖန်က ပန်းဂဏန်းကို ပက်လက်လှန်လိုက်ရာ သူ၏ ပါးစပ်အတွင်းတွင် အမြုတ်တစီစီ ဖြစ်နေဆဲဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ မီးဖိုချောင်သုံးဓါး၏ ထိပ်ဖျားဖြင့် ဂဏန်း၏ ၀မ်းဗိုက်ကို ထိုးကလော်လိုက်ရာ ဂဏန်းက စတင်ရုန်းကန်လာပြီး မျက်လုံးက ကလယ်ကလယ်နှင့် ဖြစ်နေပေသည်။


နာရီ၀က်မျှကြာသောအခါ ဂဏန်းက ရုန်းကန်နိုင်ခြင်းမရှိတော့ပဲ ငြိမ်သက်သွားပြီး သူ၏ ခြေထောက်များကို ချည်နှောင်ထားသည့် ကြိုးများကလည်း လျော့တိလျော့ရဲ ဖြစ်လာကြသည်။ပုဖန်က ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာကို လေ့ကျင့်ရာတွင် အသုံးပြုသည့် ဓါးကို ယူလိုက်ပြီး ကြိုးများကို ဖြတ်တောက်လိုက်သည်။ ထို့နောက် ဂဏန်း၏ ၀မ်းဗိုက်ကို ဖွင့်လိုက်ပြီး သန့်ရှင်းစင်ကြယ်သွားအောင် ဆေးကြောလိုက်သည်။ သူက ပြင်ဆင်လိုက်ပြီးသည်နှင့် ဒယ်အိုးတစ်လုံးကိ်ု ထုတ်လိုက်ပြီး ဆီဖြည့်လိုက်ကာ အပူပေးလိုက်သည်။


ဆီပူလာသောအခါ ပုဖန်၏ မျက်၀န်းများက ရုတ်တရက် စူးရှသွားပြီး မီးဖိုချောင်သုံး ဓါးကို တစ်ချက်ဝှေ့ရမ်းလိုက်ကာ ပန်းဂဏန်းကို နှစ်ပိုင်းပိုင်းလိုက်သည်။ ပုဖန်၏ လှုပ်ရှားမှုက အလွန်လျင်မြန်လှသောကြောင့် ဂဏန်းကို ဖြတ်တောက်လိုက်သည်မှာ တိကျသေသပ်လှပေသည်။ ပန်းဂဏန်းကို ဖြတ်တောက်လိုက်သည်နှင့် ဂဏန်းအဆီအနှစ်များက ထွက်ပေါ်လာသောကြောင့် အိုးထဲသို့ ချက်ချင်း ပစ်ထည့်လိုက်သည်။


ဆီပူအိုးထဲသို့ ဂဏန်းကို ထည့်လိုက်သည်နှင့် ဂဏန်းဆီများ အသားများက ဆီပူများနှင့်ထိတွေ့သွားပြီး မွှေးပျံ့သော ရနံ့များက ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ပုဖန်က အိုး၏ အပူချိန်ကို ထိန်ချုပ်လိုက်သည်။ အပူချိန်ကို ထိန်းချုပ်ရာတွင် အတွေ့အကြုံများစွာ ရှိနေပြီဖြစ်သောကြောင့် ပြသနာဟုတ်မနေပေ။ 


တခဏမျှကြာသောအခါ အာဏာရှင်ပန်းဂဏန်းကြော်က အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ နှစ်ပိုင်းခြမ်းထားသည့် အာဏာရှင် ပန်းဂဏန်းကြော်ကို ဆီပူအတွင်းမှ ဆယ်ယူလိုက်ပြီး ပန်းကန်အတွင်း ထည့်လိုက်လေသည်။ ပန်းဂဏန်းကြော်၏ အပြင်ဘက်အခွံက ပိုမိုတောက်ပနေပြီး ဆီများနှင့် ရောယှက်နေသောကြောင့် အလင်းရောင်အောက်တွင် ပို၍ တောက်ပနေပေသည်။


 ကြော်လိုက်ပြီးနောက် ဂဏန်းဆီများ၏ မွှေးရနံ့က ပို၍ ထွက်ပေါ်လာခဲ့သည်။ ပုဖန်၏ အပူကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ကြောင့် နူးညံ့မွှေးပျံ့နေသည့် ဂဏန်းအသားလေးများက အပူငွေ့လေးများ ထွက်ပေါ်နေပြီး စားချင်လာအောင် စွဲဆောင်နေလေတော့သည်။ပုဖန်က နှုတ်ခမ်းများကိုလျှာဖြင့် သပ်လိုက်မိသည်။ ထို့နောက် လက်တွင် ပေကျံနေသည့် ရေများကို သုတ်လိုက်ပြီး ခုံတွင် ထိုင်၍ အာဏာရှင်ပန်းဂဏန်းကြော်ကို စတင်စားသောက်လေတော့သည်။


သူမျော်လင့်ထားသကဲ့သို့ပင် ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှ ပန်းဂဏန်းကြော်ထက် အဆ ၁၀၀ မျှ အရသာပိုမိုကောင်းမွန်နေပေသည်။ 


“ကြည့်စမ်း… ငါ့ရဲ့ ဟင်းချက်စွမ်းရည်က ဘယ်လောက်တောင် ကြီးကျယ်မြင့်မြတ်လိုက်သလဲ…” ပုဖန်က စားသောက်နေရာမှ သူ့ကိုယ်သူ ချီးမွန်းပြောဆိုနေလိုက်သည်။


အာဏာရှင် ပန်းဂဏန်းကြော်၏ တစ်၀က်ကို စားသောက်လိုက်ပြီးနောက် ပုဖန်က ဗိုက်ပြည်သွားသောကြောင့် ကျန်တစ်၀က်ကို ဝှိုက်တီ၏ ၀မ်းဗိုက်နေရာတွင် ထည့်ထားလိုက်သည်။ ပန်းကန်ထွက်ယောက်များကို ဆေးကြောသန့်စင်လိုက်ပြီး ပုဖန်က အကြောဆန့်လိုက်သည်။ ယနေ့တစ်နေ့လုံး စားသောက်နေရသောကြောင့် ပုဖန်က ငိုက်မြည်းနေပေပြီ။ ထို့ကြောင့် ပုဖန်က စောစောအိပ်ရန် ပြင်ဆင်လိုက်သည်။


ညည့်နက်လာသည်နှင့် အမှောင်ထုက ကြီးစိုးလာပြီး ပတ်၀န်းကျင်တစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေပေသည်။ ညနက်နက်၏ လေအဝေ့တွင် လမ်းကြားလေးအတွင်းတွင် တစ်စုံတစ်ခု ဖြတ်သန်းသွားသံကို ကြားလိုက်ရလေသည်။ 


အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသည့် ပုံရိပ်က ညည့်အမှောင်ထဲတွင် ရောနှောနေပြီး မျက်စိဖြင့်ပင် အလွယ်တကူ မမြင်နိုင်ပေ။ ပုံရိပ်နှစ်ခုက လမ်းကြားလေး၏ နံရံကို တွန်းကန်၍ လှုပ်ရှားနေကြသည်။ သူတို့၏ လှုပ်ရှားမှုများက အလွန်လျင်မြန်ကြသော်လည်း အသံအနည်းငယ်မျှပင် ထွက်ပေါ်လာခြင်းမရှိပေ။


 ပုဖန်၏ ဆိုင်က အထပ်နှစ်ထပ်ရှိပြီး ပထမထပ်ကို စားသောက်ဆိုင်အဖြစ် အသုံးပြုထားပြီး အပေါ်ထက်တွင် အခန်းများစွာ ပါ၀င်ပေသည်။ ပုဖန်အိပ်စက်သည့် အခန်းမှာ ကြီးမားကျယ်ပြန့်သည့်အပြင် ပြတင်းပေါက်တစ်ခုပါ ပါ၀င်သောကြောင့် လေ၀င်လေထွက် ကောင်းမွန်ပြီး မနက်ခင်းနေရောင်ခြည်က အခန်းအတွင်းသို့ ဖြာကျနိုင်ပေသည်။


ဆောင်းညအလယ်တွင် အေးစက်သည့် လေပြေများ ၀င်ရောက်လာမည်စိုးသောကြောင့် ပုဖန်က ပြတင်းပေါက်ကို သေချာစွာ ပိတ်ထားလေသည်။ အနက်ရောင်ပုံရိပ်နှစ်ခုက ပြတင်းပေါက်အနီးသို့ တိုးကပ်လာပြီး တစ်ဖက်တစ်ချက်တွင် နေရာယူလိုက်လေသည်။ သူတို့၏ အရှိန်အဝါများကို မပေါ်လွင်အောင် ဖုံးကွယ်ထားလေသည်။ ဆိုင်ငယ်လေး၏ အပေါက်၀တွင် အိပ်စက်နေသည့် ဘလက်ကီက လှုပ်ရှားလာခဲ့ပြီး ငိုက်မြည်းနေသော မျက်လုံးများကို ကြိုးစားဖွင့်လိုက်ကာ အပေါ်ထပ်သို့ လှမ်းကြည့်လိုက်သည်။


“အာ… အဆင့်ငါး ကြွက်နှစ်ကောင်က ညလယ်ခေါင်ကြီး ဒီမှာဘာလုပ်နေတာလဲ… သူတို့ရဲ့ နည်းလမ်းတွေက နည်းနည်းတော့ ထူးဆန်းတယ်… ဘယ်လိုပဲဖြစ်ဖြစ် အဆင့်ငါး ကြွက်လေးတွေက ဒီခွေးနတ်ဘုရားနဲ့တွေ့ရင်တော့ ထွက်ပြေးရမှာပဲလေ… ခွေးနတ်ဘုရားက မင်းတို့ကို ဂရုစိုက်ပေးပါ့မယ်….” 


“ဂါး…. ငါအိပ်ချင်လိုက်တာနော်….” ဘလက်ကီက သန်းဝေလိုက်ပြီး ပြန်အိပ်လိုက်သည်။


ပြတင်းပေါက်အနီးမှ ဘုရင်အဆင့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြတင်းပေါက်ပေါ်သို့ လက်ကို ပြိုင်တူတင်လိုက်ကာ ဖွင့်လိုက်လေသည်။ ပြတင်းပေါက်က အလွယ်တကူ ပွင့်သွာံးသောကြောင့် တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီးနှင့် ကြည့်လိုက်မိသည်။ သို့သော် အံ့သြနေရမည့် အချိန်မဟုတ်သောကြောင့် အတွင်းဘက်သို့ လျင်မြန်စွာ ၀င်ရောက်လိုက်လေတော့သည်။