အခန်း ၇၆ “ခရမ်းရောင်မျက်လုံးနှင့် ဝှိုက်တီ , အမြစ်ပြတ်သုတ်သင်ခြင်း”
သူတို့နှစ်ယောက်က ကြမ်းပြင်ပေါ်သို့ ခြေချပြီးသည်နှင့် ပြတင်းတံခါးကို အသံမမြည်အောင် ပြန်ပိတ်လိုက်လေသည်။ နှစ်ယောက်လုံးက လုပ်ကြံသတ်ဖြတ်ရာတွင် အတွေ့အကြုံ ရင့်ကျက်နေသူများ ဖြစ်ကြပြီး အင်ပါယာတရားရုံး၏ တရားရေးရာ၀န်ကြီးကိုပင် လုပ်ကြံသတ်ဖြတ်ခဲ့ဖူးပေသည်။ ဆိုင်ငယ်လေး၏ ပိုင်ရှင်တစ်ယောက်ကို သတ်ဖြတ်ရန်မှာ သူတို့အတွက် အလွန်လွယ်ကူလွန်းလှပေသည်။ သူတို့၏ ခေါင်းဆောင်က အထူးဂရုစိုက်ရန် မှာလိုက်သော်လည်း ပစ်မှတ်က အလွန်အားနည်းသောကြောင့် သူတို့က အလေးအနက်ထားခြင်း မရှိပေ။
အားလုံနှင့် အားဟူက ပုဖန်၏ အိပ်ခန်းအတွင်းသို့ ရောက်ရှိနေခြင်းမဟုတ်ပဲ အခြားအခန်းတစ်ခုသို့ ရောက်ရှိနေခြင်းဖြစ်သည်။ အားလုံက သူ၏ မျက်၀န်းများကို မှေးစင်းလိုက်ပြီး နီးစပ်ရာအခန်းတစ်ခန်းသို့ တိုးကပ်သွားလိုက်သည်။ ထို့နောက်အခန်းတခါးကို အသာအယာ တွန်းဖွင့်လိုက်သည်။ သို့သော် ထိုအခန်းကလဲ ခွေးတစ်ကောင်ကြောင်တစ်မြှီးမျှပင် မရှိပဲ တိတ်ဆိတ်ငြိမ်သက်နေပေသည်။
သူတို့ နှစ်ယောက်က အခန်းထဲမှ ပြန်ထွက်လာကြပြီး ထောင့်တစ်နေရာသို့ ရောက်ရှိလာကြသည်။ အလင်းရောင်တစ်စိမျှ မရှိပဲ မှောင်မဲနေသည့် လှေကားတစ်ခုက ထိုနေရာတွင် တည်ရှိနေပြီး လူတစ်ယောက်၏ ဝိဉာဉ်ကိုပင် တုန်လှုပ်စေနိုင်သည့် အရှိန်အဝါ အငွေ့အသပ်များ ထွက်ပေါ်နေသည်ကို ခံစားလိုက်ရသည်။ အားလုံက စိတ်ထဲတွင် တုန်လှုပ်သွားပြီးတံတွေးတစ်ချက် မြိုချလိုက်မိသည်။ ထို့နောက် ကြောက်ကြောက်ရွံ့ရွံ့နှင့် သူ၏ အကြည့်များကို အနီးအနားမှ ပိတ်ထားသော တံခါးဆီသို့ လွဲလိုက်လေသည်။
ထိုအခန်းထဲတွင် အသက်ရှူသံသဲ့သဲ့ကို ကြားလိုက်ရသောကြောင့် သူတို့နှစ်ဦးက တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်စွာ ကြည့်လိုက်မိကြသည်။ ထိုအခန်းထဲတင် ဆိုင်ရှင်ရှိနေမည် ဖြစ်သည်ကို တွေးမိလိုက်ကြပြီး အခန်းတံခါးကိ်ု တွန်းဖွင့်လိုက်သည်။ အခန်းတံခါးက မျှော်လင့်ထားသကဲ့သို့ အလွယ်တကူပွင့်မသွားသောကြောင့် အားလုံက သူ၏ အိတ်ထဲမှ သံမဏိကြိုးမျှင်လေးတစ်ခုကို ထုတ်ယူလိုက်သည်။
အားလုံက အစစ်အမှန်စွမ်းအင်များကို ဖော်ထုတ်လိုက်ပြီး သံမဏိကြိုးမျှင်လေးကို ခပ်ပါးပါးလေး လွမ်းခြုံလိုက်သည်။ စွမ်းအင်များ လွမ်းခြုံနေသည့် သံမဏိကြိုးမျှင်လေးကို ဖြည်းဖြည်းခြင်းလှည့်လိုက်လေရာ သောပွင့်သံကြားလိုက်ရပြီး တံခါးပွင့်သွားလေသည်။
“ဟမ်…. လွယ်လိုက်တာ…” အားလုံက အံ့အားသင့်သွားပြီး ရေရွတ်လိုက်သည်။
ယခုအချိန်ထိပင် ခေါင်းဆောင်ပြောလိုက်သော အန္တရာယ်ရှိသည်ဟူသော အရာကို ခံစားမိခြင်း မရှိသေးပေ။ သူတို့နှစ်ယောက်က တံခါးမှ အတွင်းသို့ လှမ်းကြည့်လိုက်ရာ အမှောင်ထုက စိုးမိုးနေပြီး တစ်စုံတစ်ရာမှပင် မမြင်ရပေ။ သို့သော် သူတို့တွင် ရွေးချယစရာမရှိပဲ အခန်းထဲသို့ ခပ်မြန်မြန်၀င်၍ လုပ်ကြံသတ်ဖြတ်ရန် လိုအပ်ပေသည်။ ထိုအချိန်တွင် သူတို့နှစ်ယောက်၏ ခန္ဒာကိုယ်ပေါ်သို့ အေးစက်သည့် အငွေ့အသက်များ လွမ်းခြုံလာသည်ကို ခံစားလိုက်ရပြီး ခြေလှမ်းတစ်လှမ်းမျှပင် မရွေ့နိုင်တော့ပဲ အေးခဲနေပေသည်။
အေးစိမ့်သော အငွေ့အသက်များက သူတို့၏ နှလုံးသာအောက်ခြေမှ စတင်ထွက်ပေါ်လာပြီး ခန္ဒာကိုယ်တစ်ခုလုံးကို ဖုံးလွမ်းသွားစေသည်။သူတို့နစ်ယောက်၏ မျက်၀န်းများက ပြူးကျယ်လာပြီး အနည်းငယ်မျှပင် လှုပ်ရှားရဲခြင်းမရှိတော့ပေ။ သူတို့နှစ်ယောက်၏ နောက်တွင် အနီရောင်အလင်းနှစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး အကဲခတ်နေသည်ကို ခံစားလိုက်ရသည်။
“ဘယ်… ဘယ်သူလဲ….” အားလုံ၏ ခန္ဒာကိုယ်တစ်ခုလုံး တုန်လှုပ်နေပြီး ကြောက်ကြောက်ရွံ့ရွံ့နှင့် မေးလိုက်မိသည်။
ထို့နောက် အနောက်ဘက်သို့ သူ၏ ခေါင်းကို တစ်ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး သူတို့ကို စိုက်ကြည့်နေသော အနီရောက်မျက်လုံးတစ်စုံကို တွေ့မြင်လိုက်ရသည်။ ဝှိုက်တီ၏ မျက်လုံးများက အနီရောင် လင်းလက်တောက်ပနေပြီး သူတို့နှစ်ယောက်၏ လည်ပင်းကို ဖမ်းဆွဲလိုက်ကာ မြှောက်ထားလိုက်လေတော့သည်။
“ပိုင်ရှင်ကို လုပ်ကြံဖို့လာတဲ့ ပစ်မှတ်တွေကို ရှာဖွေတွေ့ရှိထားပါတယ်… ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနေပါတယ်… တွေ့ရှိပါပြီ…. အမြစ်ပြတ်သုတ်သင်ပါ….”
အချက်အလက်အချို့ကို ရှာဖွေနေသော အချိန်တွင် ဝှိုက်တီ၏ မျက်၀န်းများက ပိုမိုတောက်ပလာပြီး အမြစ်ပြတ်သုတ်သင်ခြင်းကို ရွေးချယ်လိုက်ကာ သူ၏ မျက်၀န်းများက ခရမ်းနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ ဝှိုက်တီ၏ စက်ရုပ်လက်များက ပိုမိုတင်းကြပ်လာပြီး ထိုနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။
အားလုံ၏ မျက်နှာက ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေပြီး စတီးပလာယာကဲ့သို့ တင်းကြပ်စွာ ဆုတ်ကိုင်ထားသည့် ဝှိုက်တီ၏ လက်အတွင်းမှ လွတ်မြောက်ရန် ရုန်းကန်နေလေသည်။ သူ၏ ခန္ဒာကိုယ်အတွင်းမှ အစစ်အမှန်စွမ်းအင်များကို စုစည်းလိုက်ပြီး လက်ဖဝါးဆီသို့ တစ်ဖြည်းဖြည်း စီးဆင်းစေလိုက်သည်။ သို့သော် ထိုစွမ်းအင်များကို အသုံးမပြုနိုင်ခင်တွင် လည်ပင်းမှ ပိုမိုတင်းကြပ်လာသည်ကို ခံစားလိုက်ရပြီး လှုပ်ရှားရုန်းကန်မှုများက ငြိမ်သက်သွားပြီး နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာလေတော့သည်။
ဝှိုက်တီ၏ မျက်၀န်းများက ပြောင်းလဲမှုမရှိပဲ သေခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပေသည်။ သူ၏ ခရမ်းရောင် မျက်၀န်းများကြောင့် အမှောင်ထုထဲတွင် အလွန်ရက်စက်လှသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေပေသည်။ အရိုးကျိုးကြေသံနှစ်ခုက ထွက်ပေါ်လာပြီး အားလုံနှင့် အားဟူတို့၏ ခန္ဒာကိုယ်များက ငြိမ်သက်သွားကြပြီး ခေါင်းများက အောက်သို့ စောင်းကျသွားလေတော့သည်။
ညိုညစ်ညစ်သွေးများက သူတို့နှစ်ယောက်၏ နှုတ်ခမ်းထောင့်စွန်းများမှ စီးကျလာပြီး ကြမ်းပြင်ပေါ်သို့ တစ်ဒေါက်ဒေါက် စီးကျနေလေသည်။ ဝှိုက်တီက ပုဖန်၏ အခန်းထဲသို့ ခိုး၀င်နေသော ထိုနှစ်ယောက်ကို သယ်ဆောင်လာလိုက်ပြီး ထွက်ခွာသွားလေတော့သည်။ ထို့နောက် အခန်းတံခါးက အလိုလိုပိတ်သွားပြီး ကြမ်းပြင်ပေါ်မှ သွေးများက ပျောက်ကွယ်သွားလေတော့သည်။
ပုဖန်က လေထဲမှ လွင့်ပါလာသော သွေးနံ့များကို ရှူရှိုက်မိလိုက်သောကြောင့် အိပ်ချင်မူးတူးနှင့် သူ၏ နှာခေါင်းကို လက်နှင့် ပိတ်ထားလိုက်သည်။ ထို့နောက် သူ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး ပြန်အိပ်ပျော်သွားလေတော့သည်။
ဘုန်း…ဘုန်း…
အနက်ရောင်အရာ၀တ္တုနှစ်ခုက လေထဲတွင်လွင့်ပျံလာပြီး လမ်းကြားလေးထဲသို့ ကျရောကသွားသံက ထွက်ပေါ်လာလေတော့သည်။ ထို့နောက် သွေးများ ထိုအရာများမှ သွေးများ စီးထွက်လာလေတော့သည်။
ဘလက်ကီက အိပ်ချင်မူးတူးနှင့် ခေါင်းထောင်ကြည့်လိုက်ပြီး အလောင်းကောင်နှစ်ခုကို မြင်လိုက်ရသောကြောင့် နှာခေါင်းရှုံ့လိုက်လေသည်။ ထို့နောက် ပါးစပ်ကို ဖွင့်ဟလိုက်ပြီး အလင်းငွေ့များကို ထုတ်လွင့်လိုက်သည်။ အလင်းငွေ့များက လေပွေကဲ့သို့ ဖြစ်ပေါ်လာပြီး အလောင်းကောင်နှစ်ခုကို သယ်ဆောင်သွားလေသည်။ ဘလက်ကီက ခေါင်းကို ပြန်ချလိ်ုက်ပြီး အိပ်နေလိုက်လေသည်။
ဘုရင်ခံယု၏ စံအိမ်တော်အတွင်းတွင် ဖယောင်းတိုင် မီးတောက်ငယ်လေးက ယိမ်းထိုး လှုပ်ခါနေသည်။ ပိန်ပိန်ပါးပါးနှင့် အနက်ရောင်၀တ်ရုံကို လွမ်းခြုံထားသည့် လူတစ်ယောက်က ယိမ်းခါနေသည့် မီးတောက်လေးကို မမှိတ်မသုတ် စိုက်ကြည့်နေပြီး သူ၏ မျက်၀န်းများအတွင်းတွင် ဝိဉာဉ်မီးတောက်များက ကခုန်နေလေသည်။ ဟွန်းချွမ်ယွမ်၏ မျက်၀န်းထဲမှ မီးတောက်များက ရုတ်တရက် ငြိမ်သက်သွားပြီး တစ်ခုခုကျိုးကြေသွားသော အသံက ထွက်ပေါ်လာလေသည်။
“ငါထင်တဲ့အတိုင်းပဲ ဒီဆိုင်က လုံး၀မရိုးရှင်းဘူး… အားဟူနဲ့ အားလုံတို့ နှစ်ယောက်လုံး သေဆုံးသွားရပြီ…” ဟွန်းချွမ်ယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ရေရွတ်လိုက်သည်။
ပုံရိပ်နှစ်ခုက သူ၏ ရှေ့သို့ တိတ်ဆိတ်စွာ ရောက်ရှိလာပြီး လက်သီးဆုတ်၍ အရိုအသေပြုလိုက်သည်။
“အားလုံနဲ့ အားဟူတို့တွေ သေဆုံးသွားကြပြီ… လမ်းကြားလေးထဲကို သွားပြီး သူတို့အလောင်းကို ပြန်ယူခဲ့လိုက်… ဒီတစ်ခါ ငါတို့ရဲ့ လုပ်ကြံမှုက ကျရှုံးသွားတယ်… ဘုရင်ခံယုဆီသွားပြီး သူ့ရဲ့ ခွင့်လွတ်မှုကို တောင်းခံလိုက်ဦးမယ်….” ဟွန်းချွမ်ယွမ်က ပြောပြောဆိုဆိုနှင့် အခန်းအတွင်းမှ ထွက်ခွာသွားလေတော့သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အင်ပါယာအဆင့်နှစ်ယောက်က ကြောက်လန့်မှုကို ခံစားလိုက်ရသည်။ အားဟူနဲ့ အားလုံကို တာ၀န်မပေးခဲ့မီတွင် အားဟူနှင့် အားလုံကို ဂရုစိုက်ကြရန်မှာကြားလိုက်ကြပေသည်။ သို့သော် အချိန်အနည်းငယ်အတွင်းတွင် သူတို့နှစ်ယောက်က သေဆုံးသွားပြီဖြစ်သည်။
“ဘုရင်အဆင့်နှစ်ယောက်က ပြန်တောင် မတိုက်ခိုက်နိုင်ပဲ သေသွားရတာလား…” သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိပြီး ကြောက်ရွံ့မှုများကို ခံစားလိုက်ရသည်။
“အရှင့်သား… ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ရဲ့ လုပ်ကြမှုက ကျရှုံးသွားပါတယ်….” ခါးကုန်းကြီး ဟွန်းချွမ်ယွမ်က ဝေ့ဝိုက်မနေပဲ တည့်တိုးသာ လျောက်တင်လိုက်သည်။
ဘုရင်ခံယုက တန်ဖိုးကြီး ၀တ်ရုံကို ၀တ်ဆင်ထားပြီး ဆံပင်များကို ဖြေလျော့ထားကာ သူ၏ မျက်နှာပေါ်တွင် ငြိမ်းချမ်းသော အမူအယာကို တွေ့နိုင်ပေသည်။ သူက မဲ့ပြုံးပြုံးလိုက်ပြီး ဟွန်းချွမ်ယွမ်ကို ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
“ငါနားလည်ပြီ… မင်းရဲ့ လက်အောက်ငယ်သားတွေကို ကောင်းကောင်းသင်္ဂြိုလ်ပေးလိုက်ပါ….”
ခါးကုန်းကြီး ဟွန်းချွမ်ယွမ်၏ ဝိဉာဉ်မီးတောက်လေးက လှုပ်ခတ်သွားသော်လည်း ပြန်မပြောတော့ပဲ လှည့်ထွက်သွားလေတော့သည်။ သူ့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်များက ကြောက်မက်ဖွယ် မရှိပဲ သေခါနီးအဖိုးကြီးတစ်ယောက်၏ အငွေ့အသက်မျိုးသာ ရနေသော်လည်း ဘုရင်ခံယုက အထင်မသေးရဲပေ။
ဟွန်းချွမ်ယွမ်က ဝိဉာဉ်တစ္ဆေဂိုဏ်းတွင် ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်က အလွန်နက်ရှိုင်းကာ ဝိဉာဉ်တစ္ဆေဂိုဏ်း၏ စိတ်ဝိဉာဉ်ကျင့်စဉ်ကို လေ့ကျင့်ထားသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကို အချို့က သူတော့စင်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်ဟု ပြောဆိုနေကြပြီး အချို့က အင်ပါယာထိပ်ဆုံးအဆင့်ဟု ပြောဆိုနေကြပေသည်။
ဘုရင်ခံယုက ဟွန်းချွမ်ယွမ်၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေလိုက်ပြီး သူ၏ မျက်၀န်းထဲတွင် စိတ်၀င်စားမှုများနှင့် လင်းလက်လာလေသည်။
“ဒီမြေခွေးအိုကြီးက တော်တော်ရက်စက်တာပဲ … သူ့ရဲ့ရိုးသားမှုကို ပြသနိုင်ဖို့ ဘုရင်အဆင့်နှစ်ယောက်ကိုတောင် စတေးရဲတယ်… ကောင်းပြီလေ… ဒီတစ်ခါတော့ မင်းကို ယုံကြည်ပေးလိုက်ပါမယ်…” ဘုရင်ခံယုက နှုတ်ခမ်းများကို တွန့်ကွေးပြီးမဲ့ပြုံးပြုံးလိုက်ရာ နတ်ဆိုးတစ်ကောင်နှင့်ပင် တူနေပေသည်။
“ဒီစားသောက်ဆိုင်ငယ်လေးရဲ့ နောက်ကွယ်မှာ ဘယ်လိုပညာရှင်တွေ ပုန်းကွယ်နေတာလဲ…” ဝိဉာဉ်တစ္ဆေဂိုဏ်းထက်ပင် စားသောက်ဆိုင်ငယ်လေးက ပို၍ စိတ်၀င်စားဖွယ် ကောင်းနေသည်ကို တွေးတောနေမိလေသည်။
ညက အေးချမ်းစွာပင် ကုန်ဆုံးသွားလေသည်။ နောက်တစ်နေ့မနက်တွင် ပုဖန်က အိပ်ယာမှစောစီးစွာ နိုးလားပြီး မီးဖိုခန်းအတွင်းတွင် ဖြတ်တောက်ခြင်းနည်းပညာကို လေ့ကျင့်လိုက်သည်။ ကြီးမားလေးလံသည့် မီးဖိုချောင်သုံးဓါးကို ကိုင်၍ မုန်လာဥများကို ထပ်တလဲလဲ လေ့ကျင့်လှီးဖြတ်နေလေသည်။ လေ့ကျင့်မှုပြီးဆုံးသွားသောအခါ ၀က်နံရိုးချုချဉ်ကြော်ကို စတင်ချက်ပြုတ်လိုက်သည်။ ထိုဟင်းပွဲက ၀က်အဖြစ်သို့ မကြာခင်ပြောင်းလဲ သွားတော့မည့် ဘလက်ကီအတွက်ပင် ဖြစ်သည်။
ဖက်တီးဂျင်တို့လူစုက မကျေမနပ် အမူအယာနှင့် ရောက်ရှိလာကြသည်။ ပုဖန်က ဆိုင်ပိတ်ထားသောကြောင့် သူတို့က တစ်နေ့လုံး ဒုက္ခရောက်နေပေသည်။ ပုဖန်၏ ဟင်းပွဲများနှင့် ရင်းနှီးနေသောကြောင့် အခြားစားသောက်ဆိုင်မှ ဟင်းပွဲများကို အရသာတွေ့ခြင်းမရှိ်တော့ပေ။
“ပိုင်ရှင်ပု … ဒီနေ့တော့ ဆိုင်ဖွင့်ပြီပေါ့… အိုး… ဟင်းပွဲအသစ်ရှိနေပါလား… ငါ့ကို ဟင်းပွဲတိုင်းချပေး..” ဖက်တီးဂျင်က ရင်းနှီးကျွမ်း၀င်နေသောအမူအယာနှင့် ဟင်းပွဲများကို မှာကြားလိုက်သည်။
ပုဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး မီးဖိုခန်းအတွင်းသို့ ၀င်ရောက်သွားကာ စတင်ချက်ပြုတ်လေတော့သည်။ လေအေးများ တိုက်ခတ်နေသော်လည်း ကွမ်းရှောင်ယီက ရောက်ရှိလာခဲ့ပေသည်။ သူမက ဆံပင်ကို သပ်၍ သိုးမွှေးအင်္ကျီနှင့် ဦးထုပ်ကို ဖယ်ရှားလိုက်ရာ ချစ်စဖွယ်ကောင်းသော နီမြန်းနေသည့် မျက်နှာလေးက ပေါ်ထွက်လာလေသည်။
ဆိုင်အတွင်းတွင် အလိုလျောက် အပူပေးစက်ရှိနေသောကြောင့် ဆိုင်အတွင်းတွင် နွေးထွေးပြီး သက်တောင့်သက်သာ ရှိနေပေသည်။ ပုဖန်က ဟင်းပွဲများကို ချက်ပြုတ်နေပြီး ရှောင်ယီက စားပွဲထိုးနေပေသည်။ သူတို့နှစ်ယောက်ကြားမှ အပြန်အလှန်နားလည်မှုက ပို၍ တိုးတက်လာပေသည်။
လမ်းကြားလေး၏ အ၀င်၀တွင် ထူးဆန်းသော စိတ်နေစိတ်ထားနှင့် မောက်မာရိုင်းစိုင်းသော ဘုရင်ခံယုက သာမာန်ပိုးထည်၀တ်စုံကို ၀တ်ဆင်ထားပြီး တစ်ဖြည်းဖြည်းချင်း လျောက်လာလေသည်။ သူက ဆိုင်အတွင်းသို့ ၀င်လိုက်သည်နှင့် ကွဲပြားခြားနားသော အတွင်းဘက်အပြင်အဆင်ကို သတိပြုမိလိုက်သည်။
ဘုရင်ခံယုက ပုဖန်၏ ဆိုင်သို့ ပထမအကြိမ် ရောက်ဖူးခြင်းဖြစ်သောကြောင့် အရာရာတိုင်းက အသစ်အဆန်းများပင် ဖြစ်နေပေသည်။ အထူးသဖြင့် အဆမတန် ကြီးမြင့်နေသော ဟင်းပွဲများ၏ စျေးနှုန်းများကြောင့် ဖြစ်သည်။ သူက ၀က်နံရိုးချိုချဉ်ကြော်တစ်ပွဲနှင့် အေးခဲကျောက်စိမ်းနှလုံးသားဝိုင် တစ်အိုးကိုမှာယူလိုက်ပြီး ခုံတွင် ၀င်ထိုင်လိုက်သည်။ သူက ပုဖန်၏ လက်ရာ ဟင်းပွဲများ၏ အရသာကို ခံစားနေပြီး အိမ်ရှေ့မင်းသားကို စောင့်ဆိုင်းနေလေသည်။