အပိုင်း ၇၇
Viewers 53k

အခန်း ၇၇ “အိမ်ရှေ့စံမင်းသားနှင့် ဘုရင်ခံယု”


ရေကဲ့သိ်ု့ ကြည်လင်နေသော ဝိုင်ကို ကြွေခွက်အတွင်းသို့ လောင်းထည့်လိုက်သည်နှင့် မွှေးပျံ့သော ရနံ့များက နှာခေါင်းအတွင်းသို့ ၀င်ရောက်လာပြီး ပတ်၀န်းကျင်တစ်ခွင်ကို ဖုံးလွမ်းသွားလေသည်။ ဘုရင်ခံယုက ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး အနည်းငယ် မြည်းကြည့်လိုက်သည်။ နူးညံ့သိမ်မွေ့မှုများ ရောယှက်ပါ၀င်နေသည့် ပူသော ခံစားချက် ခန္ဒာကိုယ်အတွင်း တိုး၀င်လာပြီး သွေးကြောများ အတွင်းထိ တိုး၀င်လာသည်ကို ခံစားလိုက်ရသည်။ 


:ဒီလောက်ကောင်းတဲ့ဝိုင်ကို ပထမဆုံးအကြိမ်သောက်ဖူးတာပဲ… အယ်ပါယာနန်းတော်ထဲက ရတနာစီခြယ် မက်မွန်ဝိုင်ထက်တောင် ပိုကောင်းနေသေးတယ်… ဒါကြောင့်လဲ ခမည်းတော်ကိုယ်တိုင် ဒီကိုရောက်လာတာဖြစ်ရမယ်….. ဒီဝိုင်တစ်ခုတည်းကပဲ စားသုံးသူတွေကို စွဲဆောင်ဖို့ လုံလောက်နေပြီ…” ဘုရင်ခံယု က တီးတိုးရေရွတ်လိုက်သည်။


သူက ပုဖန်၏ ဆိုင်ငယ်လေးကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သော်လည်း ဆိုင်၏ ကောလဟာလများကို ကြားဖူးပြီး ဖြစ်သည်။ ကိုယ်တိုင်ရောက်ရှိလာသော အခါမှ ကြားဖူးထားသည်များက အမှန်တရားဖြစ်သည်ကို တွေ့လိုက်ရသည်။ ဆိုင်ငယ်လေးတွင် မယုံနိုင်ဖွယ်ရာ စွမ်းဆောင်ရည်များ ရှိနေပေသည်။


ဝိုင်က အလွန်ကောင်းသကဲ့သို့ ဟင်းပွဲကလည်း လိုက်ဖက်ညီစွာ ကောင်းမွန်နေပေသည်။ ၀က်နံရိုးချိုချဉ်ကြော်၏ အရောင်က လိမ္မော်ရောင်သမ်းနေပြီး မွှေးရနံ့များနှင့် အလွန်ပနံရနေပေသည်။ လှပသည့် ဟင်းပွဲက ဆွဲဆောင်မှုရှိသည့် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသကဲ့သို့ထင်ရပေသည်။ လမ်းကြားလေး၏ အ၀င်၀တွင် အိမ်ရှေ့စံမင်းသားက လက်နှစ်ဖက်ကိုနောက်ပစ်၍ ခေါင်းမော့ရင်ကော့ကာ လျောက်လာလေသည်။ သူ၏ အနောက်တွင် ရှုရှီက လိုက်ပါလာပြီး လက်တစ်ဖက်တွင် စတီးလှောင်အိမ်တစ်ခုကို ဆွဲကိုင်လာလေသည်။


“ဟမ်…” 


မီးဖိုခန်းအတွင်းမှ ထွက်လာသည့် ပုဖန်က ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး လက်ထဲမှ လှောင်အိမ်ကို ချလိုက်သော ရှုရှီနှင့် အိမ်ရှေ့စံမင်းသားကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားခဲ့သည်။ 


“ပိုင်ရှင်ပု… ငါနောက်တစ်ခေါက်ရောက်လာပြီ…” အိမ်ရှေ့စံမင်းသားက ခပ်ဟဟ ရယ်မော၍ ပုဖန်ကို စိုက်ကြည့်နေရင်း ပြောဆိုလိုက်သည်။ 


ပုဖန်က သက်စောင့်ဟင်းပွဲကို ချက်ပြုတ်နိုင်လျင် အင်ပါယာမင်းမြတ်၏ ကျန်းမာရေးအခြေအနေက ပိုမိုတိုးတက်လာမည်ဖြစ်သည်။ သက်စောင့်ဟင်းပွဲကို ယူဆောင်လာသည့် အိမ်ရှေ့စံကို ဘုရင်မင်းမြတ်က ပို၍ အခွင့်အရေး ပေးလာလိမ့်မည်ဖြစ်သည်။ ထိုအခါတွင် သူ၏ အိမ်ရှေ့စံနေရာက ပိုမိုတည်မြဲလာပြီး ညီအကိုမျာနှင့် တိုက်ခိုက်နေရတော့မည် မဟုတ်ချေ။


 ထိုအကြောင်းများကို တွေးတောလိုက်ပြီး အ်ိမ်ရှေ့စံမင်းသား ဂျိချန်းကန်၏ မျက်၀န်းများက မျော်လင့်ချက်အပြည့်ဖြင့် ပုဖန်ကို စိုက်ကြည့်လိုက်မိသည်။ အိမ်ရှေ့စံမင်းသာက လှောင်အိမ်ကို ဖုံးအုပ်ထားသည့် အ၀တ်စကို ဖယ်ရှားလိုက်ရာ သွေးနီရောင် အမွှေးအမျှင်များနှင့် ငှက်ပေါက်တစ်ကောင်က လှောင်အိမ်အတွင်းတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ ငှက်ပေါက်၏ မျက်လုံးများက ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ရှုနေပေသည်။


“သွေးနီရောင်ဖီးနစ်ငှက်ပေါက်…” ပုဖန်က အနည်းငယ်အံ့အားသင့်သွားပြီး ရေရွတ်လိုက်မိသည်။ အိမ်ရှေ့စံမင်းသားက ဒုက္ခခံ၍ သွေးနီရောင်ဖီးနစ်ငှက်ပေါက်ကို ဖမ်းဆီးလာလိမ့်မည်ဟု ပုဖန်က အိမ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဘူးပေ။


“ဟုတ်တယ်… ဒါက သွေးနီရောင်ဖီးနစ် ငှက်ပေါက်ပဲ … ပိုင်ရှင်ပုက တစ်ကယ်ကို အမြင်စူးရှတာပဲ… ပိုင်ရှင်ပု ပြောထားတဲ့ စကားတွေကို မှတ်မိသေးတယ် မဟုတ်လား…” အိမ်ရှေ့စံမင်းသားက ပြုံး၍ ပြောဆိုလိုက်သည်။


ပုဖန်၏ အမူအယာက ပြောင်းလဲသွားခြင်းမရှိပဲ လှောင်အိမ်အနီးသို့ သွားလိုက်ကာ သွေးနီရောင်ဖီးနစ်ငှက်ပေါက်ကို စူးစမ်းလေ့လာလိုက်သည်။ ထို့နောက် သူက ကူရာမဲ့စွာ ခံစားလိုက်ရသည်။ 


“ဒါက တစ်ကယ်ကိုပဲ စနစ်က ထောက်ပံ့ထားတဲ့ သွေးနီရောင်ဖီးနစ်ငှက်ပေါက်နဲ့ အရည်အသွေးတူနေတယ်… သူက ဘယ်လိုလုပ် ဒီလို သားရဲတစ်ကောင်ကို ရှာနိုင်တာလဲ….”


“စနစ်က ထောက်ပံ့ပေးထားတဲ့ ပါ၀င်ပစ္စည်းတွေက အရည်အသွေးမြင့်မားပြီး ထိပ်တန်းအဆင့် ပါ၀င်ပစ္စည်းများတွေပဲ ဖြစ်တယ်… ပါ၀င်တဲ့ အရည်အသွေးကဘယ်တော့မှ မပြောင်းလဲနိုင်ဘူး…” စနစ်၏ အသံက ပုဖန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ ပုဖန်က စနစ်မှထောက်ပံ့ပေးထားသော ပါ၀င်ပစ္စည်းများက အကောင်းဆုံးဖြစ်သည်ကို ယုံကြည်သောကြောင့် ခေါင်းညိမ့်လိုက်မိသည်။


“ဒါဆို… တစ်ခြားဆေးဘက်၀င် ပစ္စည်းတွေနဲ့ အဖိုးတန် ပစ္စည်းတွေရော….” အိမ်ရှေ့စံမင်းသားက ပါ၀င်ပစ္စည်းများကို ယူဆောင်လာနိုင်လျင် ချက်ပြုတ်ပေးမည်ဟု သဘောတူညီထားသောကြောင့် ပုဖန်က မေးလိုက်မိသည်။ 


အိမ်ရှေ့စံမင်းသား၏ မျက်၀န်းများက လေးနက်သွားပြီး သူ၏ လက်တစ်ဖက်ကို ဝေ့ရမ်းလိုက်သည်။ ဆေးဘက်၀င် ပစ္စည်းများနှင့် ပြည့်နှက်နေသည့် သားရေအိတ်တစ်လုံးက ပုဖန်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ သေးငယ်သော သေတ္တာတစ်ခုတွင် ထည့်ထားသည့် ဆေးဘက်၀င်ကောင်းကင်နွယ်ကိုလဲ ပုဖန်ထံသို့ လွဲပြောင်းပေးလိုက်သည်။ ဆေးဘက်၀င်ကောင်းကင်နွယ်က မြေရိုင်းလွင်ပြင်တွင်သာပေါက်ရောက်ပြီး ခူးဆွတ်ရန် အလွန်ခက်ခဲသောကြောင့် သူ၏ တန်ဖိုးက သွေးနီရောင် ဖီးနစ်ငှက်ပေါက်နင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ 


ထိုနေရာတွင် မရေမတွက်နိုင်လောက်အောင် များပြားသော ဝိဉာဉ်သားရဲများ၏ စားကျက်မြေဖြစ်သောကြောင့် သာမာန်သူများအဖို့ သွားရောက်နိုင်ခြင်းမရှိပဲ သူတော်စင်အဆင့်များပင် မစူးစမ်းမဆင်ခြင်ပဲ ၀င်ရောက်ပါက သေဆုံးနိုင်ပေသည်။ သို့သော် ပဉ္စမအဆင့် ဆေးဘက်၀င်ကောင်းကင်နွယ်က မြေရိုင်းလွင်ပြင်၏ အစွန်းဘက်တွင် ပေါက်ရောကသောကြာင့် အိမ်ရှေ့စံမင်းသားက ငွေကြေးအမြောက်အများသုံး၍ ရရှိလာခြင်း ဖြစ်သည်။


“ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်ကို ချက်ပြုတ်ရတာ အချိန်အရမ်းကြာတယ်…. ဒီနေ့တော့ ဆိုင်ပိတ်ချိန်နီးနေပြီမို့ မနက်ဖြန်မှ ပြန်လာခဲ့ပေးပါ… မင်းက ပါ၀င်ပစ္စည်းတွေကို ယူလာပေးလို့ ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို အပြင်ကို သယ်ဆောင်သွားခွင့်ရှိတယ်…” ပုဖန်က အရည်အသွေး နိမ့်ကျသော ဆေးဘက်၀င်ကောင်းကင်နွယ်ကို လက်ခံယူလိုက်ပြီး ပြောဆိုလိုက်သည်။


“ဆိုင်ဖွင့်ချိန် ကုန်သွားပြီမိုလို့ ဒီနေ့မချက်ဘူး…. မနက်ဖြန်မှချက်ပေးမယ်…” အိမ်ရှေ့စံမင်းသား၏ မျက်နှာပေါ်မှ အပြုံးက အေးခဲသွားပြီး တွေးလိုက်မိသည်။


“ပိုင်ရှင်ပု…ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်ကို ငါတစ်ကယ်လိုအပ်နေလို့ အခုချက်ချင်းပဲ ချက်ပေးလို့ မရဘူးလား…” အိမ်ရှေ့စံမင်းသားက မျက်မှောင်ကြုံ့၍ မေးလိုက်မိသည်။


ပါ၀င်ပစ္စည်းများကို ရယူနိုင်ရန် သူစုဆောင်းထားသည့် ပစ္စည်းများအတွင်းမှ အမြောက်အများကို သုံးစွဲခဲ့ရသည်။ထို့ကြောင့် သူက ပုဖန်ချက်ပြုတ်မည်ကို စောင့်ကြည်လိုပေသည်။ ထိုသို့မဟုတ်ပါက စိတ်ချလက်ချ ရှိနိုင်မည်မဟုတ်ချေ။


“သက်စောင့်ဟင်းပွဲကို ချက်ပြုတ်ရတာ မင်းထင်နေသလို မလွယ်ကူဘူး… ငါက နည်းလမ်းအမြောက်အများကို အသုံးပြုရတဲ့အပြင် အရမ်းအာရုံစိုက်ရတယ်… တစ်ကယ်လို့ မင်းကငါ့ကို မယုံကြည်ရင် တော်၀င်စားဖိုမှုးကို ပြန်မေးကြည့်လိုက်…” ပုဖန်က အိမ်ရှေ့စံမင်းသားကို စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


“ ပြီးတော့ မင်းယူလာတဲ့ ပါ၀င်ပစ္စည်းတွေက အရည်အသွေးမှီယုံပဲ ရှိတယ်….အဲဒါတွေကို ငါစိတ်မ၀င်စားဘူး…. ငါ့ကို သံသယ၀င်တာကို ငါအမုန်းဆုံးပဲ အခုကတော့ ပထမဆုံးအကြိမ်အဖြစ်နဲ့ ငါမင်းကို ခွင့်လွတ်ပေးလိုက်မယ်… နောက်တစ်ခါသာဆိုရင်တော့… မင်းပစ္စည်းတွေ ပြန်ယူသွားခိုင်းပြီး ချက်ပြုတ်ပေးမှာ မဟုတ်တော့ဘူး..” ပုဖန်က ခပ်တင်းတင်းအမူအယာနှင့် ပြောဆိုလိုက်သည်။ 


အိမ်ရှေ့စံမင်းသားက အလွန်အမင်း ဒေါသထွက်သွားလေသည်။ အင်ပါယာ မြို့တော်အတွင်းတွင် မည်သူကမှ မရိုမသေ မပြုလုပ်ရဲပဲ ခြိမ်းခြောက်ရန်မှာ ပို၍ မဖြစ်နိုင်ပေ။


“မင်း…”


အိမ်ရှေ့စံမင်းသားက ဆိုင်ငယ်လေး၏ နောက်ခံ၊ ပုဖန်၏ လွန်ကဲနေသော ဟင်းချက်စွမ်းရည်နှင့် အံ့သြဖွယ်ရာ သက်စောင့်ဟင်းပွဲများ၏ အကြောင်းကို စဉ်းစားမိသွားပြီး သက်ပြင်းတစ်ချက်ချ၍ ဒေါသများကို မြိုသိပ်လိုက်ပြီး ပြုံးလိုက်လေသည်။ 


“ငါက မင်းကို မယုံကြည်လို့ မဟုတ်ပါဘူး… ပိုင်ရှင်ပု… မနက်ဖြန်ကျမှပဲ လူတစ်ယောက်ကိုလွှတ်လိုက်ပြီးတော့ ဟင်းပွဲကို လာယူခိ်ုင်းလိုက်ပါမယ်….မင်းငါ့ကိ်ု စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ်…” 


ဟားဟားဟား… 


အိမ်ရှေ့စံမင်းသားက ပြောဆိုလိုက်ပြီးသည်နှင့် ကျယ်လောင်သောရယ်မောသံက ထွက်ပေါ်လာလေတော့သည်။ သူက မျက်မှောင်ကြုံ့လိုက်ပြီး ရယ်သံထွက်ပေါ်လာရာသို့ ကြည့်လိုက်သောအခါ ဘုရင်ခံယုကို တွေ့မြင်လိုက်ရလေသည်။ ဘုရင်ခံယုက ဝိုင်ခွက်အလွတ်ကို မြှောက်ပြလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ နွေးထွေးလှိုက်လှဲစွာ ပြုံးလိုက်ပြီး အိမ်ရှေ့စံမင်းသားထံသို့ လျောက်လာလေသည်။


“ငါ့ရဲ့ ချစ်လှစွာသော အကိုကြီး … ဒီနေရာမှာ တွေ့ရမယ်လို့ မမျှော်လင့်ထားမိဘူး…. ကျွတ်ကျွတ်ကျွတ်… မင်းက ပိုင်ရှင်ပုကို သက်စောင့်ဟင်းပွဲ ချက်ပြုတ်ခိုင်းနေတာလား… ဒါက ခမည်းတော်ရဲ့ သက်တမ်းကိုဆွဲဆန့်ထားနိုင်ဖို့… ဟုတ်တယ်မဟုတ်လား…” ဘုရင်ခံယုက အပြုံးမပျက်ပဲ ပြောဆိုလိုက်သည်။


အိမ်ရှေ့စံမင်းသားနှင့် ရှုရှီတို့ နှစ်ယောက်က မျက်မှောင်ကြုံ့လိုက်မိသည်။ သူတို့က ပုဖန်ကိုသာ အလေးအနက်ထားနေသောကြောင့် ဆိုင်အတွင်းမှ ဘုရင်ခံယုကို သတိပြုမိခြင်းမရှိပေ။ 


“သူက ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ…”


အိမ်ရှေ့စံမင်းသားက စိတ်လှုပ်ရှားသွားပြီး ဒေါသထွက်သွားခဲ့သည်။ အိမ်ရှေ့စံမင်းသားက ရှုရှီကို အဓိပ္ပါယ်ပါပါ တစ်ချက်စိုက်ကြည့်လိုက်ရာ ရှုရှီက တုန်လှုပ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ အရိုအသေပေးလိုက်မိသည်။ 


“ဟားဟားဟား… ဒုတိယညီတော်ကလဲ ဒီကိုရောက်နေတာလား ကြည့်ရတာ ပိုင်ရှင်ပုရဲ့ ဟင်းပွဲတွေက စွဲဆောင်နိုင်စွမ်း အတော်ကောင်းပုံ ရတယ်…” အိမ်ရှေ့စံမင်းသားက ဘုရင်ခံယုကို အပြုံးလေးဖြင့် ပြောဆိုလိုက်သည်။


ဘုရင်ခံယုက ဘုရင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အင်ပါယာအဆင့်သို့ ရောက်ရှိရန် ခြေလှမ်းအနည်းငယ်မျှသာ လိုတော့ပေသည်။ မင်းသားသုံးယောက်တွင် သူ၏ ကျင့်ကြံမှုအဆင့်က အမြင့်ဆုံးပင် ဖြစ်သည်။ အိမ်ရှေ့စံမင်းသားနှင့် ဂျိချန်းရွဲ့တို့ကလဲ ဘုရင်အဆင့်သာ ဖြစ်သော်လည်း သူတို့က စဦးအဆင့်သာ ရှိနေသေးပြီး ဘုရင်ခံယုနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။


“ပိုင်ရှင်ပုရဲ့ ဟင်းပွဲတွေက တစ်ကယ့်ကို အရသာရှိပြီးတော့ ဝိုင်ကလဲ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ… အကိုတော်လဲ အခွင့်အရေးရတုန်း မြည်းစမ်းကြည့်သင့်တယ်…” ဘုရင်ခံယုက ရယ်သံသဲ့သဲ့နှင့် ပြောဆိုလိုက်ပြီး ကျသင့်သော သလင်းကျောက်များကို စားပွဲပေါ်သို့ တင်လိုက်ကာ ဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည်။ 


အိမ်ရှေ့စံမင်းသား၏ မျက်နှာပေါမှ အပြုံးက ပျောက်ကွယ်သွားပြီး လမ်းကြားလေးထဲသို့ ရောက်ရှိနေပြီဖြစ်သည့် ဘုရင်ခံယု၏ နောက်ကျောကို စိုက်ကြည့်နေမိပေသည်။ အိမ်ရှေ့စံမင်းသား၏ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်သည့် ဘုရင်ခံယု၏ သိုင်းအဆင့်က မြင့်မားသည့်အပြင် အင်ပါယာ၏ အမတ်တစ်၀က်လောက်က သူ့ကို ထောက်ခံကြလေသည်။ ထိုကိစ္စကြောင့် အိမ်ရှေ့စံမင်းသားက အိပ်မပျော်နိုင် ဖြစ်နေပေသည်။


“ပိုင်ရှင်ပု… ဒီနေ့ ချက်ပေးလို့ မရဘူးလား…” အိမ်ရှေ့စံမင်းသားက ပုဖန်ဘက်သို့လှည့်လိုက်ပြီး ပြောဆိုလိုက်သည်။


“မချက်နိုင်ဘူး… ပြီးတော့ ထပ်ပြောရဦးမယ်.. ဒီဟင်းကို ချက်ပေးဖို့ သလင်းကျောက်တုံး ၅၀ ကျသင့်တယ်… ပေးဖို့ မေ့ချင်ယောင်ဆောင်မနေနဲ့…” ပုဖန်က ထိုင်ခုံပေါ်တွင် ၀င်ထိုက်လိုက်ပြီး ခပ်တည်တည် ပြောဆိုလိုက်သည်။


“သလင်းကျောက်တုံး ၅၀ ….” 


အိမ်ရှေ့စံမင်းသားက လက်တစ်ဖက်ကို ဝေ့ရမ်းလိုက်ပြီး သလင်းကျောက်တုံးများကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် စိတ်ဆိုးမာန်ဆိုးနှင့် လှည့်ထွက်သွားလေတော့သည်။ အိမ်ရှေ့စံမင်းသားတစ်ယောက်အနေဖြင့် ငွေရေးကြေးရေးက ရှားပါးနေခြင်းမရှိပေ။ ရှုရှီက သက်ပြင်းတစ်ချက်ချလိုက်ပြီး အိမ်ရှေ့စံမင်းသား၏ နောက်သို့ လိုက်ပါသွားလေတော့သည်။ 


“ရှောင်ယီ… ဒီနေ့အတွက်တော့ ဆိုင်ပိတ်ပြီ …” ပုဖန်က ရှောင်ယီ၏ ခေါင်းကို ပုတ်လိုက်ပြီး ပြောဆိုလိုက်သည်။ ထို့နောက် သူမ ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်ပြီး လှောင်အိမ်ကို ယူဆောင်၍ မီးဖိုခန်းအတွင်းသို့ ၀င်ရောက်သွားလေတော့သည်။