အပိုင်း ၇၈
Viewers 62k

အခန်း ၇၈ အဆင့်တက်ဖို့ နီးလာပြီ


ပုဖန်က လှောင်အိမ်ကို ပစ်ချလိုက်ပြီး အကြောဆန့်လိုက်လေသည်။ ထို့နောက် သွေးနီရောင် ဖီးနစ်ငှက်ပေါက်ကို တစ်ချက်လှမ်းကြည်လိုက်ပြီး စနစ်ကို မေးမြန်းလိုက်သည်။


“စနစ်… ဒီသွေးနီရောင် ဖီးနစ်ငှက်ပေါက်က အရည်အသွေးနည်းနည်းနိမ့်နေတယ်…. ဒါက သက်စောင့်ဟင်းပွဲကို သက်ရောက်မှုရှိနိုင်လား…”


“ပါ၀င်တဲ့ ပစ္စည်းတွေက အရည်အသွေးနိမ့်ရင် သက်စောင့်ဟင်းပွဲရဲ့ အရည်အသွေးကလဲ နိမ့်မှာပဲ … ဒါကို ငတုံးတောင် သိတယ်….”


စနစ်၏ မှတ်ချက်ကြောင့် ပုဖန်က ပြောစရာစကားများပင် လည်ချောင်း၀တွင် ပျောက်ဆုံးသွားလေသည်။


“ကောင်းပြီလေ… ဒါက အိမ်ရှေ့စံပေးထားတဲ့ ပစ္စည်းပဲ… ကောင်းတာမကောင်းတာက ငါနဲ့မဆိုင်ပါဘူး…” ပုဖန်က ပြောဆိုလိုက်ပြီး သူ၏ခေါင်းထဲမှ အတွေးများကို ရှင်းထုတ်လိုက်သည်။


ဆိုင်ပိတ်ပြီးသွားသော်လည်း ပုဖန်က ချက်ပြုတ်လေ့ကျင့်ချင်းကို မစတင်သေးပဲ အနားယူနေရာမှ စနစ်မှဖော်ပြချက်များကို ဖတ်ရန် ဇယားကွက်လေးကို ခေါ်ထုတ်လိုက်သည်။


ပိုင်ရှင် ပုဖန်


လိင် ယောက်ျား


အသက် ၂၀


အစစ်အမှန်စွမ်းအင်ကျင့်ကြံခြင်းအဆင့် တတိယအဆင့် (အစစ်အမှန်စွမ်းအင်များကို ခန္ဒာကိုယ်အပြင်ဘက်သို့ ထုတ်လွတ်နိုင်ပါပြီ… ဆန်းကျယ်သော ကမ္ဘာထဲမှာ ချက်ပြုတ်ခြင်းနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်ရန်အတွက် အစစ်အမှန်စွမ်းအင်များကို ချက်ပြုတ်ရာတွင် ထည့်သွင်းအသုံးပြုရပါမည်… အလုပ်ကို ကြိုးစားပါ.. လူငယ်လေး..)


ချက်ပြုတ်ခြင်းစွမ်းရည် မသိသေး


အခြားစွမ်းရည်များ အဆင့်တစ်ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာ (၈၀ / ၁၀၀ )


ပစ္စည်းကရိယာများ နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစ (၃/၄)


ချက်ပြုတ်ခြင်းနတ်ဘုရားအဆင့်သတ်မှတ်ချက် အလုပ်သင်စားဖိုမှုး (အစစ်အမှန်စွမ်းအင်များကို ချက်ပြုတ်ရာတွင် အသုံးပြနိုင်ပြီဖြစ်သည်။ ဖြတ်တောက်ခြင်းနည်းပညာကို ကြိုးစားလေ့ကျင့်ပါ နတ်ဘုရားဖြစ်ရန် လမ်းကြောင်းက ဖြောင်းဖြူးနေပါပြီ… အလုပ်ကိုကြိုးစားပါ… လူငယ်လေး…)


လက်ရှိ ငွေကြေးပိုင်ဆိုင်မှု သလင်းကျောက် ၃၆၀၀


အစစ်အမှန်စွမ်းအင်သို့ ပြောင်းလဲနိုင်မည့်သလင်းကျောက် ၉၀၀/၁၀၀၀


စနစ်၏အဆင့် ကြယ်သုံးပွင့် ( ပြောင်းလဲနိုင်မှု အချိုး ၂၅ %)


စနစ်မှ ဖော်ပြထားသည့် ဇယားကွက်ကို ဖတ်လိုက်ပြီးနောက် ပုဖန်၏ မျက်နှာက ပြောင်းလဲမှုမရှိသော်လည်း သူ၏ စိတ်ထဲတွင် အလွန်အမင်း လှုပ်ရှားနေပေသည်။ လက်ရှိပိုင်ဆိင်မှုက သလင်းကျောက် ၃၆၀၀ ရှိနေပြီး နောက်ထပ် ၄၀၀ သာ ရရှိပါက သူ၏ ကျင့်ကြံခြင်းအဆင့်က စတုတ္ထအဆင့်သို့ ရောက်ရှတော့မည်ဖြစ်သည်။ ထိုသလင်းကျောက်တုံး ၄၀၀ က တစ်ရက်ရောင်းရငွေမျှသာ ရှိနေပေသည်။


“ကြည့်ရတာတော့ မနက်ဖြန် ဆိုင်ပိတ်တာနဲ့ ငါ့အဆင့်တက်လောက်ပြီ… စတုတ္ထအဆင့် ( ဝိဥာဉ်တည်အဆင့်) ကို ရောက်သွားရင် အထူးဆုတွေဘာတွေများ ရဦးမလားမသိဘူး… ဘယ်လိုပဲဖြစ်ဖြစ် နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း အပိုင်းအစတစ်ခုကိုတော့ ထပ်ရသင့်တယ်..” ပုဖန်က တစ်တွတ်တွတ် ရေရွတ်နေလိုက်သည်။


တခဏမျှ အနားယူလိုက်ပြီးနောက် ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို ချက်ပြုတ်ရန် မီးဖိုခန်းအတွင်းသို့ ၀င်လိုက်လေသည်။ စွပ်ပြုတ်ချက်ရန်အတွက် ပြင်ဆင်ရသည်များက အလွန်များပြားလှပြီး အဆင့်ဆင့်တိုင်းတွင် သူ၏ အစစ်အမှန် စွမ်းအင်များကို အသုံးပြုရသောကြောင့် ပုဖန်က အလွန်ဂရုစိုက်နေရပေသည်။


ပုဖန်က စတီးလှောင်အိမ်တံခါးကို ဖွင့်လိုက်ပြီး သွေးနီရောင် ဖီးနစ်ငှက်ပေါက်ကို နှိုက်ယူလိုက်သည်။ ငှက်ပေါက်လေး၏ စွမ်းအင်များကို စနစ်မှ ဖယ်ရှားပေးထားခြင်း မရှိသောကြောင့် အဆင့်ငါးဝိဥာဉ်သားရဲ၏ ရုန်းကန်မှုက အလွန်ပြင်းထန်နေပေသည်။ သို့သော် ပုဖန်က ပါ၀င်ပစ္စည်းများကို ကိုယ်တွယ်ရာတွင် အတွေအကြုံများပြားသောကြောင့် သိပ်မကြာခင်တွင် ဖီးနစ်ငှက်ပေါက်လေးကို ပြင်ဆင်ပြီးစီင်္းသွားလေသည်။


သေတ္တာငယ်လေးအတွင်းမှ ဆေးဘက်၀င်ကောင်းကင်နွယ်နှင့် သားရေအိတ်အတွင်းမှ လိုအပ်သော ဆေးဘက်၀င်ပစ္စည်းများကို ထုတ်ယူလိုက်ပြီး ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ် သက်စောင့်ဟင်းပွဲကို ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။


ဘုရင်ခံယုက အရသာရှိသော အစားအသောက်များကို စားခဲ့ရသောကြောင့် စံအိမ်သို့ အပြန်လမ်းတစ်လျောက်တွင် အလွန်အမင်း စိတ်ရွှင်လန်းနေပြီး မြေပြင်ပေါ်မှပင် မြောက်တက်နေသကဲ့သို့ ခံစားနေရပေသည်။


“ဒီဆိုင်ရဲ့ အစားအသောက်တွေက ဒီလောက်ကောင်းမွန်မယ်လို့ မမျှော်လင့်ထားမိဘူး… အထူးသဖြင့် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်က မမေ့နိုင်စရာကောင်းလွန်းတယ်…” ဘုရင်ခံယုက အေးခဲကျောက်စိမ်းနှလုံးသားဝိုင်၏ စွဲဆောင်နိုင်မှုကို ပြန်လည်အမှတ်ရသွားပြီး နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်လေသည်။


ပုဖန်၏ စားသောက်ဖွယ်ရာများအောက်တွင် ကျရှုံးသွားသည့် နောက်တစ်ယောက်က ဘုရင်ခံယု ဖြစ်လာခဲ့သည်။ ဘုရင်ခံယုက နောင်တအနည်းငယ် ရနေပေသည်။ သူက ပုဖန်၏ စားသောက်ဆိုင်ငယ်လေးသို့ စောစောသွားခဲ့ပါက အရသာရှိသော အစားအသောက်များကို စောစောစားသောက်နိုင်မည်ဟု တွေးတောနေမိသည်။


ဘုရင်ခံယုက ပုဖန်၏ စွဲဆောင်မှုရှိသည့် ဟင်းပွဲများအကြောင်းကို စဉ်းစားနေပြီး လမ်းလျောက်နေစဉ်တွင် ဝိဥာဉ်တစ္ဆေဂိုဏ်း၏ အကြီးအကဲ ဟွန်းချွမ်ယွမ်နှင့် လက်အောက်ငယ်သားများက သူ၏ ရှေ့တွင် ပေါ်လာခဲ့သည်။ သူတို့အားလုံးက အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားကြပြီး အေးစက်သော အငွေ့အသက်များ ထုတ်လွင့်နေပြီး ထိတ်လန့်ဖွယ် ဖြစ်နေပေသည်။ ဘုရင်ခံယု၏ မျက်၀န်းများထဲတွင် အထင်အမြင်သေး ရွံရှာမှုတစ်ချို့ လင်းလက်သွားသော်လည်း သူ၏မျက်နှာက ပြုံးနေဆဲပင်ဖြစ်သည်။


“ထူးဆန်းတဲ့ ဆိုင်ငယ်လေးကိုသွားတာ.. ဘယ်လိုသတင်းမျိုးမှ မရလာခဲ့ဘူးလား….” ကျောက်တုံး ကျောက်ခဲများ ပွတ်တိုက်သံကဲ့သို့ ထွက်ပေါ်လာသည့် ဟွန်းချွမ်ယွမ်၏ အသံက နားထောင်ရသူများကို ကြက်သီးမွှေးညင်း ထသွားစေသည်။


“ငါ့ရဲ့အကိုတော်က သွေးနီရောင်ဖီးနစ်ငှက်ပေါက်လေးကို ကြိုးစားဖမ်းယူခဲ့ပြီးတော့ တန်ဖိုးကြီး ဆေးဘက်၀င်ပစ္စည်းတွေ ပါ၀င်ပစ္စည်းတွေကိ်ု ယူဆောင်လာပြီး ဆိုင်ရှင်ကို သက်စောင့်ဟင်းပွဲ ချက်ပြုတ်ခိုင်းခဲ့တယ်… ဒါပေမယ့် အဲဒီဟင်းပွဲက မနက်ဖြန်ကျမှ ရမယ်….” ဘုရင်ခံယုက အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။


“အိုး… အဲဒီဟင်းပွဲက မနက်ဖြန်မှ ရမှာလား…” ဟွန်းချွမ်ယွမ်က သူ၏ မျက်၀န်းများကိုမှေးစင်းလိုက်ပြီး ပြောဆိုလိုက်သည်။ သူပြောဆိုနေချိန်တွင် သူ၏ မျက်၀န်းများထဲတွင် ဝိဥာဉ်မီးတောက်လေးများက ကခုန်နေလေသည်။


“သက်စောင့်ဟင်းပွဲက သာမာန်ဟင်းပွဲနဲ့မတူဘူး… ထူးဆန်းတဲ့ ဆိုင်ငယ်လေးရဲ့ ပိုင်ရှင်က ဒီဟင်းပွဲကို ချက်ပြုတ်ဖို့ အချိန်တစ်ချို့ယူရမှာပဲလေ.. ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါတို့အတွက် သတင်းကောင်းပဲ…” ဘုရင်ခံယုက ခေါင်းညိမ့်လိုက်ပြီး ပြောဆိုလိုက်သည်။


“ဘာလဲ … မင်းက အဲဒီစွပ်ပြုတ်ကို သွားဖျက်ဆီးဖို့ ငါတို့ကို ခိုင်းမလို့လား…” ဟွန်းချွမ်ယွမ်က မေးမြန်းလိုက်သည်။


“အမှန်ပဲ … ဒါကို ဖျက်ဆီးပစ်ရမယ်… ငါ့ရဲ့ခမည်းတော်ကအသက်ကြီးလို့ အားနည်းချို့တဲ့နေတာပဲ မဟုတ်ပဲနဲ့ အခြားရောဂါဘယတွေလဲ ရှိနေသေးတယ်… သူ့ရဲ့သက်တမ်းကို အတင်းအကြပ် ဆွဲဆန့်တာက ခမည်းတော်ကို ဝေဒနာဆိုးကြီးကို ဆက်ပြီး ခံစားခိုင်းနေသလိုပဲ သူ့ရဲ့သားတစ်ယောက်ဖြစ်တဲ့ ငါက ဒီလိုအဖြစ်မျိုးကို လက်သင့်မခံနိုင်ဘူး..” ဘုရင်ခံယုက သမာသမတ်ရှိဟန်ဖြင့် ပြောဆိုလိုက်သည်။


“မင်းရဲ့လူတွေထဲက ကျွမ်းကျင်သူတစ်ချို့ကို စုစည်းထားလိုက်ပါ.. မနက်ဖြန်ကျရင် လမ်းကြားလေးရဲ့ အ၀ကနေ စောင့်ပြီး ဒီစွပ်ပြုတ်ကို ဖျက်ဆီးပစ်ရမယ်…” သူက ဟွန်းချွမ်ယွမ်ဘက်သို့ လှည့်၍ ပြောဆိုလိုက်သည်။


“ဒီတစ်ကြိမ်သာ ကျရှုံးခဲ့မယ်ဆိုရင် မင်းနဲ့ မင်းလူတွေအတွက် နေရာမရှိတော့ဘူးလို့ မှတ်လိုက်တော့…”


ဟွန်းချွမ်ယွမ်က ဘုရင်ခံယု၏ စကားကို ကြားလိုက်ရသောအခါ သူ၏ မျက်၀န်းများအတွင်းမှ ဝိဥာဉ်မီးတောက်လေးပင် တုန်လှုပ်သွားလေသည်။ ထို့နောက် ဘုရင်ခံယုကို နှုတ်ဆက်၍ ထွက်ခွာသွားလေတော့သည်။ ဘုရင်ခံယုက ဟွန်းချွမ်ယွမ်၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်ပြီး မဲ့ပြုံးပြုံးလိုက်လေသည်။ ထို့နောက် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ပြီး အော်ဟစ်ပြောဆိုလိုက်လေသည်။


“ငါ့အတွက် မြင်းပြင်ထားလိုက်… နန်းတော်ကို ၀င်မယ်…”


လျိုဝှက်ကောင်းကင် ဂိတ်တခါး၏ ဘယ်ဘက် အိမ်ရှေ့စံမင်းသား၏ နန်းတော်အတွင်းတွင် အိမ်ရှေ့စံမင်းသား၏ မျက်နှာအမူအယာက မှောင်မဲနေပြီး ဒူးထောက်ထိုင်နေသည့် ရှုရှီကိုကြည့်နေလေသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေးထားပုံက ဒေါသမည်မျှထွက်နေသည်ကို တွေ့နိုင်ပေသည်။ ရှုရှီက ကြောက်ရွံ့ထိတ်လန့်မှုကြောင့် တုန်လှုပ်နေပေသည်။ ပုဖန်၏ ဆိုင်ငယ်လေးအတွင်းတွင် ဘုရင်ခံယုနှင့် တွေ့ဆုံပြီးချိန်မှစ၍ အိမ်ရှေ့စံ၏ ဒေါသကို ခံစားနေရခြင်းဖြစ်သည်။


“ရှုရှီ… ငါ့ကိုရှင်းပြစမ်းပါဦး…. ဘုရင်ခံယုက ဘယ်လိုဖြစ်လို့ အဲဆိုင်ထဲကို ရောက်နေရတာလဲဆိုတာကို….” အိမ်ရှေ့စံမင်းသားက မေးမြန်းလိုက်သည်။


“ကျွန်… ကျွန်တော်မျိုးလဲ မသိပါဘူး…..” ရှုရှီ၏ အမူအယာက တုန်လှုပ်နေပေသည်။


“ငါတို့ ဒီနေ့အဲဆိုင်ကို သွားမယ်ဆိုတာကို အထူးလျို့ဝှက်ထားပါလို့ ငါမင်းကို မှာထားတယ်လေ… ငါတို့အဲဆိုင်ကိုရောက်တော့ ဘုရင်ခံယုကို အဲမှာတွေ့ခဲရတယ်… ဒါက တိုက်ဆိုင်မှုပါလို့ မင်းက ငါ့ကိုပြောချင်သေးတာလား…” အိမ်ရှေ့စံမင်းသားက ခပ်လှောင်လှောင်ရယ်လိုက်ပြီး ပြောဆိုလိုက်သည်။


“အရှင့်သား… ကျွန်တော်မျိုးကို သံသယ၀င်နေတာလား…” ရှုရှီက ခေါင်းမော့လိုက်ပြီး တည်ကြည်လေးနက်စွာ ဆက်လက်ပြောဆိုလိုက်သည်။


“ကျွန်တော်မျိုး အရှင့်သားရဲ့နောက်လိုက်အဖြစ် နေလာခဲ့တာ နှစ်ပေါင်းများစွာကြာနေပြီ… အရှင့်သားက ကျွန်တော်မျိုးကို ဒီလိုပဲ တွေးထင်နေတာလား…” ရှုရှီ၏ အသံက စိတ်ပျက်အားငယ်စွာဖြင့် တိုးလျနေပေသည်။


အိမ်ရှေ့စံမင်းသားက စိတ်ဓာတ်ကျနေသည့် ရှုရှီကို စူးစိုက်ကြည့်လိုက်ပြီး အေးစက်နေသည့် မျက်နှာအမူအယာက နူးညံ့ပျော့ပြောင်းသွားလေသည်။ ရှုရှီက သူ့အပေါ်တွင် သစ္စာမဖောက်နိုင်ကြောင်းကို သူက ယုံကြည်နေပေသည်။


“ကောင်းပြီ… ငါက ဒေါသထွက်သွားရုံပဲ.. မင်းရဲ့ သစ္စာရှိမှုကို ငါယုံကြည်ပြီးသားပါ… အခု ငါတို့ရဲ့ ကျွမ်းကျင်သူတွေ ပြင်ဆင်ထားဖို့လိုတယ်… ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို ချက်ပေးဖို့ ပိုင်ရှင်ပုကို ငါတို့တောင်းဆိုထားတာကို ဘုရင်ခံယု သိသွားပြီဆိုတော့ မနက်ဖြန် စွပ်ပြုတ်ကို သွားယူရင် ကျိန်းသေပေါက် မလုံခြုံနိုင်တော့ဘူး… ဒါကြောင့် မင်းက အနည်းဆုံး ဘုရင်အဆင့်ရှိတဲ့ လူတွေကို စုဆောင်းပြင်ဆင်ထားပါ…”


“နားလည်ပါပြီ အရှင့်သား…. ကျွန်တော်မျိုး ပြင်ဆင်ထားလိုက်ပါ့မယ်…” ရှုရှီက ပြောဆိုလိုက်ပြီး ထွက်ခွာသွားလေတော့သည်။


သို့သော် ခဏအကြာတွင် စိုးရိမ်သောက ရောက်နေသော မျက်နှာဖြင့် အခန်းအတွင်းသို့ အူယားဖားယား ပြန်လည်၀င်ရောက်လာခဲ့သည်။


“အရှင့်သား… ကျွန်တော်မျိုးအခုပဲ ဘုရင်ခံယုရဲ့ သတင်းကို ရခဲ့တယ်… သူ နန်းတော်ထဲမှာ အင်ပါယာမင်းမြတ်နဲ့ တွေ့ဆုံနေတယ်…”


အိမ်ရှေ့စံမင်းသားက မျက်ခုံးပင့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အေးစိမ့်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ ထို့နောက် အ၀တ်အစားများကို လဲလှယ်၀တ်ဆင်လိုက်ပြီး အင်ပါယာမင်းမြတ်နှင့် တွေ့ဆုံနိုင်ရန် နန်းတော်သို့ ၀င်ရောက်သွားလေတော့သည်။


ညည့်နက်လာချိန်တွင် ကောင်းကင်ယံမှ လခြမ်းကွေးလေးနှစ်ခုက မြင့်မားထူထဲသော တိမ်များ၏ ဖုံးကွယ်ခြင်းကို ခံနေရပေသည်။ ပုဖန်၏ ဆိုင်ငယ်လေးတည်ရှိရာ လမ်းကြားလေးထံသို့ လူတစ်စုက ရောက်ရှိလာကြသည်။ ထိုလူစုက အနက်ရောင်၀တ်စုံများကို ၀တ်ဆင်ထားကြသောကြောင့် သူတို့ လှုပ်ရှားနေသည်ကို မည်သူကမျှ သတိမထားမိကြပေ။ သူတို့၏ ခန္ဒာကိုယ်မှ အကြမ်းဖက်လိုသော အငွေ့အသက်များက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထွက်ပေါ်နေပေသည်။


“မနက်ဖြန်အစီအစဉ်က လုံး၀ကျရှုံးလို့မရဘူး… ဒီညပဲ ငါတို့က မှော်အစီအရင်ကို သေသေချာချာ လုပ်ဆောင်ထားရမယ်…” လူအများကြားတွင် ခါးကုန်းကုန်းနှင့် လူတစ်ယောက်က တည်ရှိနေပြီး ထိုသူ့ထံမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ နက်ရှိုင်းအက်ရှလှသည့် အသံက လေထုထဲသို့ ပျံ့နှံ့သွားလေသည်။