အခန်း 79 “သတ်ဖြတ်ခြင်း မှော်အစီအရင်ထဲကို ၀င်လာပြီ”
အင်ပါယာနန်းတော်၏ ခန်းမကျယ်ထဲသို့ အိမ်ရှေ့စံမင်းသားက တန်ဖိုးကြီး၀တ်ရုံကို ၀တ်ဆင်ထားပြီး သုတ်သီးသုတ်ပြာနှင့် ၀င်ရောက်လာခဲ့လေသည်။ အင်ပါယာမင်းမြတ်က နဂါးပုလ္လင်ပေါ်တွင် ထိုင်နေပြီး လက်တစ်ဖက်က ရင်ဘက်ကို ဖိထား၍ ချောင်းအဆက်မပြတ် ဆိုးနေသောကြောင့် သူ၏ တစ်ကိုယ်လုံးက တုန်ခါနေပေသည်။ သူက အိမ်ရှေ့စံမင်းသားကို တွေ့လိုက်သည်နှင့် မျက်နှာပေါ်တွင် နူးညံ့နွေးထွေးသော အပြုံးတစ်ခု ထွက်ပေါ်လာပြီး ညင်သာစွာ ပြောဆိုလိုက်သည်။
“ချန်းကန် …. မင်းရောက်လာပြီလား… မင်းက ပိုင်ရှင်ပုဆိုင်ကို သွားပြီးတော့ ငါ့အတွက် သက်စောင့်ဟင်းပွဲ ပြင်ခိုင်းထားတယ်ဆို… ဟုတ်လား…”
ထိုစကားကို ကြားလိုက်ရသောအခါ အိမ်ရှေ့စံမင်းသား၏ အမူအယာက ပြောင်းလဲသွားပြီး အရိုအသေပြု၍ ပြောဆိုလိုက်သည်။
“ခမည်းတော်ရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်ပူပန်နေတဲ့အချိန်မှာ ပိုင်ရှင်ပုရဲ့ သက်စောင့်ဟင်းပွဲက သက်တမ်းကို ဆွဲဆန့်ထားနိုင်တယ်လို့ ကြားခဲ့ရပါတယ်… အဲဒါကြောင့် သားတော်ရဲ့ လက်အောက်ငယ်သားတွေကို မြေရိုင်းလွင်ပြင်ဒေသကို စေလွှတ်ပြီး သွေးနီရောင် ဖီးနစ်ငှက်ပေါက်ကို ရှာခိုင်းလိုက်တယ်… ရလာတော့ ပိုင်ရှင်ပုဆီကို ပို့ဆောင်ပြီး ခမည်းတော်အတွက် သက်စောင့်ဟင်းပွဲကို ချက်ပြုတ်ခိုင်းထားပါတယ်….”
ဂျန်ချန်းကန်နှင့် မလှမ်းမကမ်းတွင် ရပ်နေသည့် ဘုရင်ခံယုက ခပ်ပြုံးပြုံးအမူအယာနှင့် ကြည့်နေလေသည်။ သူက အင်ပါယာမင်းမြတ်ကို အသိပေးရန်အတွက် နန်းတော်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ဂျိချန်းကန်က သူ၏ လှုပ်ရှားမှုများကို အင်ပါယာမင်းမြတ် မသိရှိစေရန် သိုသိုသိပ်သိပ် လှုပ်ရှားနေရခြင်းမှာ အင်ပါယာမင်းမြတ်ကို အံ့သြထိတ်လန့်သွားစေပြီး သူ့ကို အထင်ကြီးလာစေရန်ဖြစ်သည်။
ယခုအခါ ပြောပြလိုက်ပြီး ဖြစ်သောကြောင့် ဟင်းပွဲကို တွေ့ရလျင်ပင် အင်ပါယာမင်းမြတ်က အံ့သြတကြီး ဖြစ်လာတော့မည်မဟုတ်ချေ။ ထို့အပြင် အင်ပါယာမင်းမြတ်က သက်စောင့်ဟင်းပွဲ၏ အာနိသင်ကို သိရှိသွားသောကြောင့် မျှော်လင့်ချက်များနှင့် စောင့်ဆိုင်းနေမည်ဖြစ်သည်။ ထို့ကြောင့် သက်စောင့်ဟင်းပွဲသာ ပျက်စီးသွားပါက အင်ပါယာမင်းမြတ်၏ မျော်လင့့်ချက်များက ပျက်စီးသွားနိုင်ပြီး စိတ်ဓါတ်ကျသွားကာ အိမ်ရှေ့စံမင်းသားအပေါ်သို့ အမြင်ပြောင်းလဲလာမည်ဖြစ်သည်။ ဘုရင်ခံယု၏ မျက်၀န်းထဲတွင် အိမ်ရှေ့စံမင်းသားကို ကြည့်နေသည့် အကြည့်များက ပို၍ တောက်ပလာခဲ့သည်။
အိမ်ရှေ့စံမင်းသားက သူ၏ အကြံအစည်ကို ဖျက်လိုဖျက်စီးလုပ်လိုက်သော ဘုရင်ခံယုကို ကျိန်ဆဲနေမိသည်။ အင်ပါယာမင်းမြတ် မသိစေရန် သိုသိုသိပ်သိပ် လှုပ်ရှားခဲ့သည်မှာ အထင်ကြီးမှုကို ခံယူလိုသောကြောင့် ဖြစ်သည်။ ယခုအခါ ဘုရင်ခံယုကြောင့် သူ၏ အကြံအစည်များက ပျက်စီးသွားပြီဖြစ်သည်။
“မင်းက ငါ့ရောဂါအတွက် တွေးတောပေးတယ်ဆိုပေမယ့်… ငါ့ရဲ့ ရောဂါအခြေအနေကို ငါသိပါတယ်… ဘယ်လိုပဲ ဖြစ်ဖြစ် မင်းရဲ့ကြင်နာမှုကိုတော့ ငါအသိအမှတ်ပြုပါတယ်…” အင်ပါယာမင်းမြတ်က သိမ်မွေ့စွာ ပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။
အိမ်ရှေ့စံမင်းသားက အားတင်း၍ ပြုံးပြလိုက်ရသည်။ ရှုရှီက သက်စောင့်ဟင်းပွဲကို နန်းတော်သို့ ကောင်းမွန်စွာ သယ်ဆောင်လာနိုင်ရန်သာ အိမ်ရှေ့စံမင်းသားက ကျိတ်၍ ဆုတောင်းနေမိသည်။ သို့သော် ဘုရင်ခံယုက ချောချော့မွေ့မွေ့ မဖြစ်လာစေရန် ကြိုးစားမည်ကို သိရှိနေပေသည်။
ပုဖန်က မြေအိုး၏ နံဘေးတွင် သူ၏ လက်နှစ်ဖက်ကို ကပ်ထားလိုက်ပြီး ခန္ဒာကိုယ်အတွင်းမှ အစစ်အမှန်စွမ်းအင်များကို စုစည်းလိုက်ပြီး ပါ၀င်ပစ္စည်းများရှိရာသို့ တစ်ဖြည်းဖြည်းချင်း ပို့လွှတ်နေပေသည်။ အစစ်အမှန်စွမ်းအင်များကို အသုံးပြု၍ ချက်ပြုတ်ခြင်းကို ပုဖန်က ရင်းနှီးကျွမ်း၀င်နေခြင်း မရှိသောကြောင့် စွပ်ပြုတ်အိုးကို မပျက်စီးစေရန် သူက သတိလက်လွတ် မပြုမူရဲလေ။ သူ၏ နှဖူးထက်မှ ချွေးများက စီးကျနေသော်လည်း ချက်ပြုတ်ခြင်းကို အာရုံစိုက်ထားပြီး အစစ်အမှန်စွမ်းအင်များကို ဆက်လက်ပို့လွှတ်နေလိုက်သည်။
နောက်ဆုံးတွင် ပုဖန်က သက်ပြင်းတစ်ချက်ချလိုက်မိပြီး နှုတ်ခမ်းများကို တွန့်ကွေး၍ ပြုံးလိုက်မိသည်။ ထို့နောက် သူ၏ လက်များကို ပြန်ရုတ်လိုက်ပြီး စားပွဲပေါ်မှ ရေခွက်ကို ယူသောက်လိုက်လေသည်။ ထိုရေက အေးမြလန်းဆန်းစေပြီး ချိုမြမြ အရသာရှိပေသည်။ စနစ်မှ ထောက်ပံ့ပေးထားသည့် နွေဦးတောင်ပေါ်ရေဖြစ်သောကြောင့် ဝိဥာဉ်စွမ်းအင် အမြောက်အများ ပါ၀င်ပြီး ခန္ဒာကိုယ်မှ လိုအပ်သော အာဟာရဓါတ်များကို ပြန်လည်ဖြည့်တင်းပေနိုင်သည်။
ပုဖန်က မြေအိုးအဖုံးကို ဖွင့်လိုက်ပြီး ပယင်းရောင် ကြည်လင်နေသော စွပ်ပြုတ်ရည်ကို ကြည့်လိုက်လေသည်။ ထိုစွပ်ပြုတ်ရည်က ရှောင်ယန်ယုကို တိုက်သည့် စွပ်ပြုတ်ရည်လောက် တောက်ပခြင်းမရှိပေ။ ပါ၀င်ပစ္စည်းများ၏ အရည်အသွေးကွာခြားမှုကြောင့် ထိုသို့ဖြစ်ရခြင်းဖြစ်သည်။ ဆေးဘက်၀င်ပစ္စည်းများ၏ အာနိသင်က ဖီးနစ်အသားအတွင်းသို့ တစ်ဖြည်းဖြည်းခြင်း စိမ့်၀င်သွားပြီးနောက် သင်းပျံ့သော ရနံ့များ ထွက်ပေါ်လာလေတော့သည်။
ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်ကို ချက်ပြုတ်ပြီးစီးသွားသောကြောင့် ပုဖန်က အကြော့ဆန့်လိုက်ပြီး ဆိုင်တံခါး၀ဆီသို့ လျောက်လာလိုက်သည်။ ဆိုင်တံခါးကို ဖွင့်လိုက်သည်နှင့် အေးစိမ့်သော လေအေးများက ၀င်ရောက်လာပြီး သူ၏ မျက်နှာဆီသို့ တိုး၀င်တိုက်ခတ်လာလေတော့သည်။ ညလုံးပေါက်နီးပါး ချက်ပြုတ်နေရသောကြောင့် ဖြစ်ပေါ်နေသည့် ပင်ပန်းနွမ်းနယ်မှုများက အနည်းငယ် သက်သာသွားပြီး လန်းဆန်းလာခဲ့သည်။
ဆိုင်ကို ပုံမှန်အချိန်အတိုင်းသာ ဖွင့်လိုက်ပြီး ဘလက်ကီအတွက် ၀က်နံရိုးချိုချဉ်ကြော် ချက်ပြုတ်၍ ကြွေးမွေးလိုက်သည်။ ထို့နောက် ဘလက်ကီ၏ နူးညံ့သော အမွှေးများကို ပွတ်သပ်ပေးလိုက်ပြီး ခုံတစ်လုံးကို ဆွဲယူ၍ အနားယူရန် ပြင်ဆင်လိုက်သည်။ပုဖန်က ခုံပေါ်တွင် ခွေခေါက်ထိုင်လိုက်စဉ်တွင် ဖက်တီးဂျင်တို့လူစုက ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် သူက မီးဖိုခန်းအတွင်းသို့ ၀င်၍ ချက်ပြုတ်ပြင်ဆင်ရန် စတင်ရလေတော့သည်။
အင်ပါယာမြို့တော်အတွင်းမှ အဓိကလမ်းမကြီးပေါ်တွင် ရှုရှီက လူတစ်စုကို ဦးဆောင်လာပြီး ပုဖန်၏ ဆိုင်ငယ်လေးထံသို့ ဦးတည်လာခဲ့သည်။ သူ၏ နောက်မှ လူစုက အလွန်သန်မာကြပြီး ထုတ်လွတ်နေသော အရှိန်အဝါများက လေထုကိုပင် ကြုံ့သွားစေသည်ဟု ထင်ရပေသည်။ စွပ်ပြုတ်ကို သယ်ယူ ပို့ဆောင်ရမည့် တာ၀န်ကို ရှုရှီက အနည်းငယ်မျှပင် မပေါ့ဆရဲချေ။ အိမ်ရှေ့စံမင်းသားက သူ့ကို မကျေမနပ်ဖြစ်ထားသောကြောင့် ယခုတာ၀န်ကို လွဲချော်သွားပါက ဖြစ်ပေါ်လာမည့် ရလာဒ်များကို သူက တွေးတောရဲခြင်းပင် မရှ်ိပေ။
လက်ရွေးစင်ဘုရင်အဆင့်ငါးယောက်ကို ရှုရှီ ရွေးချယ်ခေါ်ဆောင်လာလိုက်သည်။ ထိုငါးယောက်က ဘုရင်အဆင့်များအတွင်းတွင် အသန်မာဆုံးဖြစ်သောကြောင့် ပြသနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာလျှင်ပင် ဖြေရှင်းနိုင်မည်ဟု သူက ယုံကြည်ထားပေသည်။ လမ်းကြားလေး၏ အ၀င်၀သို့ ရောက်သောအခါ ရှုရှီက ခြေဖဝါးမှတဆင့် စွမ်းအင်များကို စုပ်ယူနေသည့် အေးစက်စက်အငွေ့အသက်ကို ခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။
“ဘာလဲ….” ရှုရှီက ခေါင်းငုံ့လိုက်ပြီး ခြေထောက်အောက်ကို စစ်ဆေးကြည့်လိုက်သည်။ လမ်းကြားလေးက အိုဟောင်းနေပြီဖြစ်သောကြောင့် ပက်ကြားအက်လေးများအတွင်းတွင် မြက်ပင်အချို့ပင် ပေါက်နေပေသည်။ အရာရာတိုင်းက ပုံမှန်မြင်တွေ့နေရသကဲ့သို့ပင် ဖြစ်နေပေသည်။
“ဟင်းဟင်း… ကြည့်ရတာတော့ ငါအရမ်းစိုးရိမ်နေတာပဲ ဖြစ်မယ်…” ရှုရှီက ခေါင်းကို ခါရမ်းလိုက်ပြီး တီးတိုးပြောဆိုလိုက်သည်။ ထို့နောက် သူ၏ လူများကို ဦးဆောင်လိုက်ပြီး ပုဖန်၏ ဆိုင်ငယ်လေးအတွင်းသို့ ၀င်ရောက်သွားလေတော့သည်။
ဆိုင်အတွင်းတွင် စားသုံးသူအနည်းငယ်သာ ရှိနေကြပြီး သူတို့၏ ဟင်းပွဲများကို နှစ်သက်မက်မောစွာဖြင့် စားသောက်နေကြသည်။ ထိုသူများအားလုံးက အင်ပါယာမြို့တော်အတွင်းတွင် သြဇာအာဏာရှိကြသူများဖြစ်ပြီး ဖက်တီးဂျင်ကဲ့သို့ ငွေကြေးမရှားပါးကြသူများပင် ဖြစ်ကြသည်။
“အိုး… နင်တို့ရောက်လာပြီလား… ခဏလောက်စောင့်ပါဦး စိတ်ပုပ်သူဌေးက ချက်ပြုတ်နေတုန်းပဲ ရှိသေးတယ်…” ရှောင်ယီက ချိုသာစွာ ပြောဆိုလိုက်သည်။
တခဏအကြာတွင် ပုဖန်က နောက်ဆုံးဟင်းပွဲကို ချက်ပြုတ်ပြီးဆီးသွားသောကြောင့် ရှောင်ယီ့ကို စားသုံးသူများထံသို့ ပို့ဆောင်စေလိုက်သည်။ ထို့နောက် မြေအိုးကို သယ်ဆောင်လာပြီး မီးဖိုခန်းအတွင်းမှ ထွက်လာလေသည်။ မြေအိုးမှ အပူငွေ့လေးများက တစ်ငွေ့ငွေ့ ထွက်ပေါ်နေပြီး မွှေးပျံ့သော ရနံ့များက ထွက်ပေါ်နေပေသည်။ ရှုရှီက ရနံ့များကို ရှူရှိုက်လိုက်ပြီး တွေးလိုက်မိသည်။
“ဒါက တစ်ကယ်ကို ပိုင်ရှင်ပုရဲ့ သက်စောင့်ဟင်းပွဲအစစ်ပဲ… ဒီနေရာမှာတော့ ဘာအမှားမှ ရှိနေပုံမရဘူး…”
ရှုရှီက ပုဖန်လက်ထဲမှ မြေအိုးကို လွဲပြောင်းရယူလိုက်ပြီး တည်ကြည်လေးနက်စွာဖြင့် ကျေးဇူးတင်စကား ပြောဆ်ိုလိုက်သည်။ ထို့နောက် ဆိုင်အတွင်းမှ ပြန်လည်ထွက်ခွာလာခဲ့သည်။ ဘုရင်အဆင့်ငါးယောက်က အလွန်အမင်း လေးနက်သော အမူအယာများနှင့် နောက်မှ လိုက်ပါလာကြသည်။ ရှုရှီက သက်စောင့်ဟင်းပွဲကို ယူလိုက်ပြီးသည်နှင့် ရင်ဘက်ထဲတွင် တင်းကြပ်လာပြီး စိတ်မသက်မသာ ခံစားနေရသည်။ ဘုရင်အဆင့် တစ်ယောက်ခြင်းဆီက ကြမ်းကြုတ်ရက်စက်သော အရှိန်အါများကို ထုတ်လွှတ်လိုက်ကြပြီး ပတ်ပတ်လည်ကို ကာကွယ်ထားကြသည်။
အပေါက်၀တွင် လဲလျောင်းနေသည့် ဘလက်ကီက ငိုက်မြည်းနေသည့် မျက်ခွံများကို အတင်းဖွင့်လိုက်ပြီး ထိုသူများကို ကြည့်၍ နှာတစ်ချက်မှုတ်လိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်၍ ပြန်မှေးနေလိုက်သည်။ ထိုအချိန်တွင် အရိုးကွဲလောက်အောင်ပင် အေးစက်နေသည့် လေအေးများက လမ်းကြားလေး၏ အ၀င်၀မှ စတင်တိုက်ခတ်လာလေသည်။
ရှုရှီတို့လူစုက လမ်းကြားလေး၏ အ၀သို့ ရောက်လာသည်နှင့် သူတို့၏ ခန္ဒာကိုယ်များပေါ်တွင် ကြက်သီးမွှေးညင်းများ ထလာသည်ကို ခံစားလိုက်ရသည်။ သူတို့၏ မျက်၀န်းများက ပြူးကျယ်လာပြီး ပတ်၀န်းကျင်ကို အလျင်အမြန် အကဲခတ်လိုက်ကြသည်။
“ဘယ်သူလဲ… ထွက်လာခဲ့စမ်း…” ဘုရင်အဆင့် တစ်ယောက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ပြီး အစစ်အမှန်စွမ်းအင်များကို စုစည်း၍ သူ့ရှေ့မှ လေထုထဲသို့ ထိုးနှက်လိုက်သည်။
ဘုန်း…..
အစစ်အမှန်စွမ်းအင်များ ပြည့်နှက်နေသည့် လက်သီးက လေဟာနယ်အတွင်းသို့ ကျရောက်သွားသည်နှင့် ဖိအားတစ်ရပ်ကို ခံစားလိုက်ရသည်။ ထို့နောက် လမ်းကြားလေး၏ အောက်ခြေမှ အနက်ရောင်အလင်းတန်းအချို့ ဖြာထွက်လာသည်ကို တွေ့လိုက်ရသည်။
သင်္ကေတများဖြင့် ပြည့်နှက်နေသည့် အနက်ရောင်စက်ဝိုင်းနှစ်ခုက လမ်းကြားလေး၏ အောက်ခြေတွင် ပေါ်ထွက်လာပြီး စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်နေကြသည်။
“သေစမ်း… ဒါငရဲဝိဥာဉ်စုတ်ဖြဲခြင်းလို့ ခေါ်တဲ့ ဝိဥာဉ်တစ္ဆေဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းမှော်အစီအရင်တစ်ခုပဲ …” ရှုရှီက အော်ပြောလိုက်ပြီး သူ၏ မျက်၀န်းများထဲတွင် ထိတ်လန့်မှုကြောင့် ဖျော့တော့နေပေသည်။
အနက်ရောင်အလင်းတန်းများက မြင့်တက်လာပြီး သူတို့တစ်အုပ်စုလုံးကို အခြားကမ္ဘာတစ်ခုမှ ဆွဲငင်နေသကဲ့သို့ လွှမ်းခြုံလာလေတော့သည်။ ခြေသံအချို့ကို ကြားလိုက်ရပြီး အနက်ရောင်၀တ် လူတစ်စုက လမ်းကြားလေးထဲသို့ ၀င်ရောက်လာခဲ့သည်။ ထိုသူများမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး ဦးဆောင်လာသည့် ခါးကုန်းကုန်းလူတစ်ယောက်က ပို၍ ကြောက်မက်ဖွယ်ကောင်းနေပေသည်။
“သားကောင်တွေကတော့ အစီအရင်ထဲကို ၀င်လာပြီ… အခုသူတို့ကို ဖယ်ရှားပစ်ရမယ်…” ဟွန်းချွမ်ယွမ်၏ မျက်လုံးများအတွင်းတွင် ဝိဥာဉ်မီးတောက်လေးက ကခုန်နေပြီး ပြောဆိ်ုလိုက်သည်။