"မင်းကမိုရွှီနဲ့အတူ သေဖို့လုပ်ထားတယ်ပေါ့"
သူကမိုရွှီကိုအဲသလောက်တောင်မှမုန်းတာလား။
လန်ဝေ့မေးချင်ရက်နှင့်တောင်မေးခွန်းမှ သူ့ပါးစပ်မှထွက်မလာချေ။
ဤသည်မှ သူမိုရွှီအပေါ် ဘယ်လောက်ထိမုန်းသလဲ အကောင်းဆုံးသက်သေပင်မဟုတ်လော။
သို့သော် သူကထိုအမုန်းအတွက် အသက်ပင်စွန့်ဖို့တောင် ဆန္ဒရှိနေသည်။
လန်ဝေ့မှာထိုစာအားဖြန့်လျက်...
"ဒါကမင်းကိုဧကရာဇ်အတွက်ရေးခဲ့တဲ့သေတမ်းစာလား။ လင်းရှောင် မင်းမိုရွှီကိုမုန်းတယ်ဆိုရင်တောင် မင်းကဒီလိုငတုံးမျိုးမှမဟုတ်တာ။ ပြီးတော့ မင်းပဲသေရမှာကြောက်တယ်ဆို..."
လင်းရှောင်မှာ သေချာပေါက် တုံးအနေခြင်းမဟုတ်ချေ။ သူ့အသက်ကိုလည်းတန်ဖိုးထားပါသည်။
ထို့ကြောင့်ဤစာမှာ သူပျောက်ကွယ်မသွားခင် သေဟန်ဆောင်ခြင်းသက်သက်သာ။ သူမိုရွှီကိုသတ်ပြီးလျှင် ဧကရာဇ်သံသယမ၀င်အောင်ရှောင်နိုင်မည်ဟု လင်းရှောင်ယုံကြည်ချက်မရှိချေ။
သို့ဆိုလျှင် သူပုန်းနေမည့်အစား သူမိုရွှီကိုဘာကြောင့်သတ်ခဲ့ကြောင်းတိုက်ရိုက်သာလျှောက်တင်လိုက်တော့မည်၊ ထို့နောက် စကားပရိယာယ်ကြွယ်ကြွယ်နှင့် သနားစဖွယ်ဖြစ်အောင်ရေးတာ မိုရွှီကိုသတ်ပြီးနောက်မိမိကိုယ်ကို အပြစ်တင်စိတ်ကြောင့် ဧကရာဇ်အားတောင်းပန်သည့်အနေနှင့် မိမိကိုယ်ကို အဆုံးစီရင်လိုက်ပါပြီဟု လျှောက်တင်ပြီးသားဖြစ်လိမ့်မည်။
သူသေပြီဟု ဧကရာဇ်သာယုံကြည်လျှင် သူ့ကိုယ်ပိုင်ဥာဏ်ရည်နှင့်အစွမ်းအစဖြင့် နန်းတွင်းမှ ထွက်နိုင်လိမ့်မည်ဟု လင်းရှောင်ယုံကြည့်ချက်ရှိသည်။
သို့သော် ဤစာကိုလန်ဝေ့မြင်သွားချေပြီ။
လင်းရှောင်အံကိုကြိတ်လိုက်မိသည်။ ဤလန်ဝေ့မှာ သူ့အကြံအစည်များကိုတစ်ခုပြီးတစ်ခု ဖျက်ဆီးနေသည်။
စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။
သူသည်လန်ဝေ့အား ဒေါသထွက်စွာကြည့်လျက်
ထေ့ငေါ့လိုက်သည်။
"ငါဘာပဲလုပ်ချင်ချင် သခင်လေးလန်ဝေ့နဲ့မဆိုင်ပါဘူး"
"မင်း.." လန်ဝေ့ကမျက်မှောင်ကျုံ့လိုက်သည်။
ဤသည်မှာမိမိသည်ပထမဆုံး တစုံတစ်ယောက်အား စိတ်ရှည်လက်ရှည်ချော့မော့သိမ့်သွင်းမိနေခြင်းဖြစ်ကာ ထိုတစ်စုံကမူ လက်သင့်မခံချေ။
လန်ဝေ့မှာရှက်ရှက်နှင့် စိတ်တိုစွာဆိုလာသည်။
"လင်းရှောင် ကြင်နာမှုကိုအမုန်းတရားနဲ့မတုန့်ပြန်နဲ့ ၊ ဒီသခင်လေးပြောတာကိုနားမထောင်နိုင်ဘူးလား။ ရူးကြောင်ကြောင်တွေလျှောက်မလုပ်နဲ့၊ ဧကရာဇ်ကအားလုံးကိုသိပြီးသားကွ"
လင်းရှောင် မှာလှောင်ရယ်မိသည်။ လန်ဝေ့ကတော့လန်ဝေ့သာဖြစ်နေဆဲ။ သူကပိုများများတွေးတတ်လာသည့်တိုင် တုံးအဆဲပင်။
သူကဧကရာဇ်ကိုမလိမ်ညာဖို့ မည်သို့ဖြစ်နိုင်မည်နည်။
သူ၏လျှို့ဝှက်ချက်သေးသေးကပင် ပထမဆုံးအလိမ်အညာစကားဖြစ်နေပြီးချေပြီ။ သူကားဧကရာဇ်ကိုလိမ်ညာထားပေါင်းလည်းများလှပြီ။
ယခုမှအဘယ်ကြောင့်ရှောင်နိုင်တော့မည်နည်း။
သူစွန့်စားရုံသာတတ်နိုင်သည်။ သို့တည်းမဟုတ် ဧကရာဇ်မှာသူ့အားဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်နှင့် သူ့ဘဝတော့ပလုံချေတော့မည်။
လင်းရှောင်မသေချင်ပါ။ ထို့ကြောင့်စွန့်စားရမည်သာ။
လင်းရှောင် လန်ဝေ့အားမုန်းတီးစွာမျက်နှာလွှဲလျက် မကြားယောင်ဆောင်လိုက်သည်။
စိတ်တိုသွားသောလန်ဝေ့မှာ လင်းရှောင်၏လက်ကိုဆုပ်ကိုင်ပြီး သူ့ရှေ့သို့ဆွဲခေါ်လိုက်သည်။
နာကျင်သွားသော လင်းရှောင်မှာ ရှုံ့မဲ့လျက်
"သခင်လေးလန်ဝေ့၊ ကျွန်တော်တို့က ကမ္ဘာမကြေတဲ့ရန်သူတွေပါ။ မင်းအတွက်တော့ဘယ်လိုလဲမသိပေမယ့် မင်းစကားတွေကရှေ့နောက်မညီဘူးဆိုတာ သိလား"
အမှန်တကယ်ကိုလည်းထူးဆန်းနေသည်ပင်။
ဤကဲ့သို့အခက်တွေ့နေသောအခြေအနေတွင် လန်ဝေ့မှာမိမိကို အခွင့်ကောင်းယူပြီးမရိုက်နှက်သည်မှာပင် လွန်လွန်းလှပြီ။ ယခုမူ သူ့အပေါ်ကိုပင် ကောင်းပေးနေသည်တဲ့လား။
လန်ဝေ့ကပြောင်းလဲသွားတာလား။
လင်းရှောင် လန်ဝေ့အား မသင်္ကာစွာပင်စိုက်ကြည့်လိုက်သည်။ လန်ဝေ့ထိုအမေးကိုကြားလျှင် သူ့ကိုယ်သူပြန်ထိန်းချုပ်လိုက်သည်။ ထို့နောက် သူကလှောင်ပြုံးတစ်ခုပြုံးလျက်။
"မင်းပြောသလိုပဲပေါ့။ ငါဒီနှစ်ရက်အတွင်းမှာ ငါမသိသေးတာတွေအများကြီးသိလာရတယ်။ ပြီးတော့အဖြေတွေရောပဲ"
ထို့နောက်လန်ဝေ့လက်ကိုလျင်မြန်စွာ ဆန့်ထုတ်လျက် လင်းရှောင်၏အကြောတစ်ခုအားနှိပ်လိုက်ရာ လင်းရှောင်မှာ လှုပ်မရတော့ချေ။
သူကမျက်မှောင်ကျုံ့လျက် တစ်ခုခုပြောရန်ကြိုးစားလိုက်သော်လည်း ပါးစပ်ပင်ဟမရချေ။
လင်းရှောင်အံကိုကြိတ်လျက် ရှုပ်ထွေးနေမိသည်။
လင်းရှောင်သံသယ၀င်နေမိစဉ် လန်ဝေ့ကမူ အသာကုန်းလိုက်ပြီး လင်းရှောင်အားပုခုံးပေါ်ထမ်းတင်လိုက်သည်။ ထို့နောက်လေပြေနှယ်ပေါ့ပါးသောခြေလှမ်းများဖြင့် ခေါင်မိုးများအပေါ်၌ပြေးလွှားလိုက်သည်၊
လင်းရှောင်အလန့်တကြားမျက်လုံးပြူးလိုက်သည်။
သူ၏ခေါင်းမှာ အောက်သို့စိုက်နေပြီး သူ၏ခါးမှာမူ လန်ဝေ့ပုခုံးပေါ်ထမ်းတင်ခံထားရသည်၊ ခန္ဓာကိုယ်မှသွေးများမှာပြောင်းပြန်စီးဆင်းနေရကား လင်းရှောင်မူးဝေလာမိတော့သည်။
ပို၍ကြောက်စရာကောင်းသည်မှာ လင်းရှောင်၏လက်ရှိမနေအထားမှာ ခေါင်မိုးနှင့်မြေပြင်ကြားရှိအမြင့်ကို ရှင်းရှင်းလင်းလင်းမြင်တေ့နေရခြင်းပင်။ ၄င်းမှာ လေးမီတာခန့်ပင်ရှိပြီး လန်ဝေ့သာသတိမမူမိလျှင် သူပြုတ်ကျသွားနိုင်သည်ပင်။
လင်းရှောင် တုန်ယီလျက်ချွေးအေးများပြန်လာမိသည်။
လင်းရှောင်မူးဝေဝြေဖစ်နေစဉ်မှာပင်လန်ဝေ့မှာ လင်းရှောင်အားပေါ့ပါးစွာသယ်ယူလျက် လမ်းတစ်လျှောက်ပြေးလာခဲ့သည်။
လင်းရှောင်မှာမျက်လုံးများပြူးကျယ်လျက် သူ၏နားတွင် လေတိုးသံတဝှီးဝှီးနှင့် မြင်ကွင်းများတဖျတ်ဖျတ်ပြောင်းနေသည်ကို ကြည့်နေမိသည်။
လန်ဝေ့၏ပုခုံးမှာ သူ့အစာအိမ်ကိုဖိနေခဲ့ပြီးလမ်းတစ်လျှောက်ပြင်းထန်သောလှုပ်ရှားမှုများကြောင့်
အန်ချင်လာမိသည်။ သို့သော် သူ၏အကြောမှာနှိပ်ခံထားရသဖြင့်မလှုပ်ရှားနိုင်သလို စကားလည်းမပြောနိုင်ပဲ သည်းခံရုံသာတတ်နိုင်လေသည်။
လင်းရှောင်၏မျက်နှာမှာအချိန်တိုအတွင်း အနီ၊ အပြာ၊ အဖြူ အမဲစသည်ဖြင့်အရောင်များစွာပြောင်းလဲနေခဲ့သည်။
နောက်ဆုံးလင်းရှောင်မေ့လဲခါနီးတွင် လန်ဝေ့မှာ ရဲမက်တစ်ဦးထံမှပုန်းလိုက်ပြီးနောက် နင်းရွှမ်းနန်းဆောင်ထဲတွင်ကာ လင်းရှောင်အား အိပ်ယာပေါ်ချပေးလိုက်သည်။
လင်းရှောင်မှာ အားနည်းစွာမျက်လုံးကိုဖွင့်လျက် ပါတ်၀န်းကျင်အား စူးစမ်းလိုက်သည်။ လန်ဝေ့မှာမမျှော်လင့်ထားစွာ သူ့အားနင်းရွှမ်းနန်းဆောင်သို့ပြန်ပို့ပေးခဲ့သည်ပဲ။
'လန်ဝေ့ကတကယ်ပဲဘာဖြစ်ချင်နေတာလဲ။'
လင်းရှောင်က လန်ဝေ့အား အလွန်စူးရှသောမျက်စောင်းဖြင့်ကြည့်လိုက်သည်။
လန်ဝေ့မှာမူ လင်းရှောင်၏ခြိမ်းခြောက်သော အပြုအမူများကို အလွန်ရိုးနေခဲ့ချေပြီ။ သို့သော် ဤကဲ့သို အိပ်ယာပေါ်တွင်အားနည်းစွာ လဲလျောင်းနေရင်းနေ ရန်လိုနေခြင်းကိုမူ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
ဤကဲ့သို့ လင်းရှောင်မှာ အမွှေးများထောင်လျက် ရန်လိုနေသော ကြောင်လေးတစ်ကောင်နှင့်သာ တူလေသည်။ အလွန်နူးညံ့သည့်ခံစားချက်လေးပင်။
ပြီးနောက်လန်ဝေ့မှာမိမိအတွေးကိုသတိထားမိလျှင် အလန့်တကြားခေါင်းကိုခါလျက် ဖယ်ထုတ်လိုက်မိသည်၊
သူသည်လင်းရှောင်၏ အစွမ်းကိုသေချာကြုံဖူးပြီးပြီ၊ ဤကဲ့သို့လူတစ်ယောက်မှာ အဘယ်ကြောင့်နူးညံ့လိမ့်မည်နည်း။
လန်ဝေ့ကလင်းရှောင်အားထေ့ငေါ့လိုက်သည်။
"မင်းသာ အသံမထွက်ဘူး မဟုတ်တာတွေလည်း ကြံမနေဘူးဆိုရင် ငါမင်းကိုအကြောပြန်ဖွင့်ပေးမယ်..."
လင်းရှောင်သူ့အားသဘောတူကြောင်းမျက်တောင်ခတ်ပြလိုက်သည်။ လန်ဝေ့လည်းသူ့အားတစ်ချက်ကြည့်လျက် အကြောကိုပြန်ဖွင့်ရန်လုပ်လိုက်ပြီးမှ တစုံတစ်ခုကိုတွေးမိပုံဖြင့် လက်ကိုပြန်ရုတ်လိုက်သည်။
လင်းရှောင်မှာ လန်ဝေ့အားမျက်စောင်းဖြင့်ပြာချပစ်လို့ရလျှင် လန်ဝေ့မှာ ပြာပုံပင်ဖြစ်နေလောက်ချေပြီ။
လန်ဝေ့သူ့ကိုပြောလိုက်သည်။
"မင်းမှာမိုရွှီနဲ့အတူသေဖို့ စိတ်ကူးမျိုးရှိသေးတယိဆိုရင် ငါမင်းကိုမလွှတ်ပေးနိုင်ဘူး။ ဒီသခင်လေးကအကျိုးမရှိတာတွေမလုပ်ချင်ဘူး..."
ထို့နောက် လက်ကိုဆန့်ကာ သူအကြာကြီးပြင်ဆင်ခဲ့ရသောစာခေါက်ကိုထုတ်လျက် ဖယောင်တိုင်မီးနှင့်ရှို့လိုက်သည်။
"မင်းစာထဲမှာပြောထားတာတော့ မိုရွှီကြောင့်မင်းအသင်းခံရနီးပါးဖြစ်သွားလို့ မိုရွှီကိုလက်စားပြန်ချေချင်တာဟုတ်လား၊ ဒါပေမယ့် ဒီသခင်လေးမှတ်မိသလောက်ကတော့ မင်းကဒီသခင်လေးကိုလည်း ထပ်တူမုန်းနေမှာပဲ၊ ငါလည်းဒီလိုအန္တရာယ်မျိုးကိုလက်မခံနိုင်ဘူး..."
'မဆိုင်တာတွေထည့်ပြောမနေနဲ့ ငါလင်းရှောင်က မိုရွှီကိုပဲသတ်ချင်တာကွ'
လင်းရှောင် လန်ဝေ့အား မျက်စောင်းထိုးကြည့်လျက် သူ့အားအကြောဖွင့်ပေးဖို့ ပြောနေခဲ့သည်။ သို့သော် လန်ဝေ့ကမူ မသိချင်ယောင်ဆောင်နေခဲ့သည်၊
လင်းရှောင်မှာ မျက်လုံးကိုလှိမ့်လျက် လန်ဝေ့အားစိတ်ထဲမှာပြင်းပြင်းထန်ထန်ကျိန်ဆဲလိုက်သည်။
လန်ဝေ့မှာလင်းရှောင်၏အကြည့်ကိုသတိထားမိရာ အိပ်ယာဘေးကိုလျှောက်လာခဲ့ပြီး စောင်ကိုဆွဲလျက် သူ့အားခြုံပေးလာခဲ့သည်။
"မင်းကြောင့်အမတ်ကြီးအိမ်တော်ဒုက္ခရောက်ခဲ့တယ်ဆိုပေမယ့် နောက်တနည်းပြောရရင် မင်းကပဲအမတ်ကြီးအိမ်တော်ကိုကယ်တင်ပေးခဲ့တာပါ..."
လန်ဝေ့လက်ကခဏမျှတန့်သွားပြီး သူ့အားရှုပ်ထွေးသောအကြည့်ဖြင့်ကြည့်လာပြန်သည်။ လင်းရှောင်ကြောင့်သာမဟုတ်လျှင် သူတုံးအနေမိဦးမှာပင်။ ဧကရာဇ်အားလည်းလွယ်လွယ်လိမ်ညာ၍ရသည်ဟု ထင်နေပေလိမ့်ဦးမည်။ ထို့နောက် မိုရွှီ၏အသုံးချခံလည်းဖြစ်နေပေဦးမည်။
ဤသည်တို့ကိုတွေးမိလျှင် လန်ဝေ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်၊
"မင်းသာငါ့ကိုယုံကြည်မယ်ဆိုရင် ငါပြောတာကိုနားထောင်ပါ။ ဧကရာဇ်အပေါ်ရိုးသားပါ။ မင်းဟာအခုဧကရာဇ်ရဲ့ရင်ထဲမှာအရေးပါတဲ့သူတစ်ယောက်ဖြစ်နေပြီ ၊ဒါကြောင့်သူမင်းကိုအပြစ်ယူမှာမဟုတ်ဘူး။
ဒါပေမယ့်မင်းခုလိုသာဆက်လုပ်နေမယ်ဆိုရင်၊ ပြောရခက်လိမ့်မယ်..."
လင်းရှောင်မျက်မှောင်ကျုံ့လိုက်မိသည်။ လန်ဝေ့ကဘာကိုဆိုလိုသနည်း။
'သူအခုအကုန်၀န်ခံလိုက်ရင် ဧကရာဇ်ကနားလည်ပေးမှာပါလို့ ထင်နေတာတော့မဟုတ်ပါဘူးနော်
ဒီလိုနဲ့အကုန်ဖြေရှင်းပြီးသွားမယ်လို့များထင်နေတာလား။ သူဧကရာဇ်ရဲ့ သည်းခံနိုင်စွမ်းကို အထင်ကြီးလွန်းနေတာမဟုတ်ဘူးလား'
လန်ဝေ့မှာမူ လင်းရှောင်၏အတွေးများကို မသိသည်မို့ သူ့ဘာသူဆက်ပြောလာခဲ့သည်။
"ငါမင်းကိုမလိမ်တော့ဘူး။ ငါဒီနှစ်ရက်အတွင်း အအေးနန်းဆောင်မှာ ပုန်းနေပြီး မိုရွှီနဲ့ ဖူယွီကျွင်းကိုစောင့်ကြည့်နေခဲ့တာ..."
လင်းရှောင်မှာ လန်ဝေ့အားအေးခဲလျက်ကြည့်နေမိသည်။
လင်းရှောင်၏တုန့်ပြန်မှုကိုမြင်တော့လန်ဝေ့နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်မိသည်။
"အဲဒါဘယ်လိုအကြည့်မျိုးလဲ။ ဒီသခင်လေးရဲ့ သိုင်းပညာက အဆင့်မနိမ့်ဘူးကွ နန်းတွင်းထဲမှာ နှစ်ရက်လောက်ပုန်းနေတာလောက်ကတော့အပျော့ပဲကွ..."
လင်းရှောင်မျက်မှောင်ကြုတ်မိသွားရသည်။
'သူလန်ဝေ့ကို အဲဒါကြောင့်စိုက်ကြည့်နေတာမို့လို့လား'