အပိုင်း ၃၇
Viewers 12k

လန်ဝေ့ရဲ့အပြောအရဆိုရင် ဖူယွီကျွင်းနဲ့ မိုရွှီက လွန်ခဲ့တဲ့ နှစ်ရက်လုံးတူတူရှိနေတာပေါ့ ... လန်ဝေ့က သူတို့ ချစ်ကြည်နူးနေတာကို တစ်ချိန်လုံးထိုင်ကြည့်နေရတာလား ...
ဒါမဖြစ်နိုင်ဘူး ...
လင်းရှောင် စိတ်ထဲတွင် ငြင်းဆန်လိုက်မိသည်။
လန်ဝေ့က မိုရွှီကို အရူးအမူးဖြစ်နေတာလေ ... သူမနဲ့ဖူယွီကျွင်းတူတူရှိနေတာကို ဘယ်လိုသည်းခံနိုင်တာလဲ ...
ထိုသို့တွေးနေစဉ် မိုရွှီနှင့် ဖူယွီကျွင်းတို့ တစ်ယောက်ကိုတစ်ယောက်ဖက်ထားသည့်မြင်ကွင်းကို ပြန်မြင်လာမိသည်။ ထိုအချိန်က လန်ဝေ့က သူ့နောက်တွင် ပုန်းနေခဲ့ပြီး သည်းမခံနိုင်သကဲ့သို့ ဝုန်းဒိုင်းကျဲကာ ဝင်မလာ‌ခဲ့ပေ။
လင်းရှောင်စဉ်းစားချင့်ချိန်နေသည်။
လွန်ခဲ့တဲ့နှစ်ရက်က သူမသိတဲ့ကိစ္စတစ်ခုခု လန်ဝေ့မှာ ဖြစ်ခဲ့ပုံပဲ ...
အတွေးပေါင်းစုံက လင်းရှောင်၏စိတ်ထဲရောက်လာပြီး လန်ဝေ့က လင်းရှောင်၏ ကမောက်ကမအတွေးများကို သတိမပြုမိလိုက်ပေ။
ရုတ်တရက် သူပြောလိုက်သည်။
" မိုရွှီက သူ့ကိုယ်သူ ဖူယွီကျွင်းနဲ့ ချည်နှောင်လိုက်ပြီ ..."
လန်ဝေ့ ထိုစကားပြောလိုက်စဉ် သူ၏မျက်လုံးထဲတွင် အမုန်းတရားများဖြင့် ပြည့်နေသည်။ သူက အရာအားလုံးကိုပေးဆပ်ပြီး မိုရွှီကိုချစ်ခဲ့သော်လည်း မိုရွှီက သစ္စာရှိခြင်း၊ ဖြောင့်မှန်ခြင်းနှင် ရိုးသားခြင်းများ မရှိ‌ခဲ့ပေ။ မည်သည့်ရှု့ထောင့်မှဖြစ်စေ သူမက သူသိသောမိုရွှီမဟုတ်ပေ။ လန်ဝေ့နောက်ဆုံး‌တွင် အလိမ်ခံလိုက်ရသည်ကို သိသွားသည်။
သူသည်လည်း ဓားကိုတင်းတင်းကိုင်ရင် လိမ်ညာမှု၊ သစ္စာဖောက်မှုနှင့် စွန့်စားခဲ့ရမှုများအတွက် လက်စားချေခြင်ခဲ့သည် ။ သို့သော် ...
ယခုအချိန်တွင် လန်ဝေ့၏စိတ်က ထူးခြားစွာ ကြည်လင်နေခဲ့သည်။ နန်းတော်ထဲတွင် တစ်စုံတစ်ယောက်ကို သတ်ရန်မဖြစ်နိုင်သည်ကို သူသိသည်။ အမတ်ချုပ်အိမ်တော်တစ်ခုလုံးသည်လည်း အစွမ်းမရှိတော့သည့်အတွက် သူ့မိသားစုကို ဤထက်ပို၍ မဆွဲချချင်တော့ပေ။
သို့ရာတွင်လည်း သူ ဤကဲ့သို့ ထွက်သွားမည်မဟုတ်ပေ။ ရလဒ်အနေဖြင့် နန်းတော်ထဲ နှစ်ရက်ခန် နေပြီးသည့်အခါ ကိစ္စအတော်များများကို ရှင်းလင်းလာခဲ့သည်။ ထို့အပြင် သူ နေရာတစ်ဝိုက်တွင် ကင်းထောက်ခဲ့သည်။
ထိုသို့တွေးပြီး လန်ဝေ့ပြောလိုက်သည်။
" ဖူယွီကျွင်းက ဧကရာဇ်ကို ဆင်ခြေတစ်ခုပေးပြီး အအေးနန်းဆောင်နားကနေ လမ်းတူတူလျှောက်ခိုင်းလိမ့်မယ် ... အဲ့ဒါမှ မိုရွှီက ဧကရာဇ်ရဲ့ အာရုံစိုက်မှုကို ရမှာလေ ... အဲ့တော့မှ ဖူယွီကျွင်းက အဲ့အခွင့်အရေးကို အသုံးချပြီး သူမကိုလက်ထပ်ဖို့ ဧကရာဇ်ကို တောင်းဆိုမှာ ... တကယ်လို့ ဒီအကြံအစည်သာအောင်မြင်သွားရင် မိုရွှီက အအေးနန်းဆောင်က ထွက်ခွာသွားရပြီး ဖူယွီကျွင်းကာကွယ်ရမယ့် လူတစ်ယောက်ဖြစ်လာမှာ ..."
" တခြားစကားနဲ့ပြောရရင် သူတို့သာ အောင်မြင်သွားခဲ့ရင် မင်းမနက်ဖြန်ကစပြီး မိုရွှီကို ဆန့်ကျင်ဖို့ အခွင့်အရေး မရှိတော့ဘူး ..."
လန်ဝေ့က လင်းရှောင်ကိုကြည့်ပြီး ပြောလိုက်သည်။
လင်းရှောင် ထိတ်လန့်သဖြင့် မျက်လုံးများပြူးကျယ်သွားသည်။
လန်ဝေ့ ... သူ ... မိုရွှီကို ကာကွယ်ပေးချင်‌နေသေးတာလား ...
သူကတော့ မိုရွှီကို လွတ်မြောက်ခွင့် မပေးနိုင်ဘူး ...
လင်းရှောင် အံကြိတ်ပြီး လှုပ်ရှားရုန်းကန်နေသော်လည်း သူ၏ခန္ဓာကိုယ်က မတုံ့ပြန်ပေ။
လင်းရှောင် အောက်နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားပြီး လန်ဝေ့ကို မုန်းတီးစွာကြည့်နေသည်။
သူ မိုရွှီကို မသတ်နိုင်ဘူးဆိုရင် ပြန်လည် ရှင်သန်လာကာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ ...
သူ၏ရှေ့မှ လင်းရှောင်က ဒဏ်ရာရထားသော တိရစ္ဆန်ငယ်လေးက ခြင်းတောင်းထဲမှထွက်ရန် ကြိုးစားကာ သူ့အား မုန်းတီးပြီး အညိုးထားသောမျက်လုံးများဖြင့်ကြည့်နေသည်။ လန်ဝေ့ရင်ထဲ တုန်လှုပ်သွားပြီး စည်းရုံးရန် ကြိုးစားလိုက်သည်။
" အဲ့လောက် ဆိုးဆိုးဝါးဝါးကြီး တုံ့ပြန်စရာမလိုပါဘူး ... ဧကရာဇ်က အားလုံးကို ရှင်းရှင်းလင်းလင်းသိတယ် ... သူ မိုရွှီကိုသည်းမခံပါဘူး ... မင်းအသက်ကို စတေးတဲ့အထိလုပ်ပြီး ဧကရာဇ်ကို မပျော်မရွှင်ဖြစ်အောင် မလုပ်နဲ့ ..."
လန်ဝေ့စိတ်ထဲတွင်လည်း ဤကိစ္စကို ရှင်းလင်းစွာတွေးထားသည်။ မိုရွှီက သူမစိုက်ပျိုးထားသည်ကို ရိတ်သိမ်းရမည်မှာ အနှေးနှင့် အမြန်ပင်။ ထို့ကြောင့် သူဘာမှလုပ်ရန် မလိုပေ။ အကယ်၍ တစ်စုံတစ်ရာပြုလုပ်ပြီး သူ့အဖေကိုပါ ပါဝင်ပက်သတ်စေသည်အထိ မထိုက်တန်ပေ။
ထိုစကားများကို ကြားသည့်အခါ လင်းရှောင် မျက်ဆံလှန်လိုက်သည်။
ဧကရာဇ်ကသာ ဒီလောက် ခန့်မှန်းရလွယ်နေရင် မိုရွှီက ခုချိန်ထိ အသက်ရှင်နေသေးပါ့မလား ...
လင်းရှောင်၏ လှောင်ပြောင်မှုများဖြင့် ပြည့်နေသောမျက်နှာက လန်ဝေ့ကို နှလုံးခုန်ရပ်မတတ်ဖြစ်သွားစေသည်။
ခန္ဓာကိုယ်မှ နေရာအချို့ကို ဖိနှိပ်လိုက်သည့်အခါ လင်းရှောင် အိပ်ငိုက်သည်ဟု ခံစားလာရသည်။
လင်းရှောင် မျက်လုံးများကို ဖွင့်ထားရန်ကြိုးစားသော်လည်း လန်ဝေ့၏ပုံရိပ်ကိုပင် သဲသဲကွဲကွဲ မမြင်ရတော့ပေ။ ရုတ်တရက် အိပ်ငိုက်လာခြင်းကြောင့် သူမျက်မှောင်ကြုတ်မိသွားသည်။ ထိုအချိန်၌ လန်ဝေ့၏အသံကို နားထဲတွင် ကြားလိုက်သည်။
" မင်းရဲ့ အိပ်မောကျစေတဲ့ အကြောကို ထိလိုက်တယ် ... အဲ့တော့ ကောင်းကောင်းအိပ်ပါ ...မင်းမနက်ဖြန်အိပ်ရာနိုးလာတာနဲ့ အရာအားလုံး ပြီးဆုံးသွားလိမ့်မယ် ... ဒီကိစ္စအတွက် ငါ့ကို အပြစ်မတင်ပါနဲ့ ... ဒီသခင်လေးက အခုထွက်သွားတော့မှာမို့ ငါ နန်းတော်ကို ပြန်လာချိန်ကျရင် မင်း အရိုးစုဖြစ်မနေဖို့ပဲ မျှော်လင့်တယ် ..."
လင်းရှောင် ခေါင်းခါပြီး ရုန်းကန်နေသော်လည်း ၎င်းက အကျိုးသက်ရောက်မှု မရှိပေ။ လန်ဝေ့ မြင်သည့်အခါ သက်ပြင်းချပြီး တစ်ဖက်သို့ လှည့်သွားသည်။
" ရုန်းမနေပဲ အိပ်လိုက်တော့ ... အသက်ရှင်အောင်နေပြီး ငါပြန်လာမှာကို စောင့်နေပါ ... ငါမင်းကို မေးစရာရှိသေးတယ် ... မင်းဘာလို့ ..."
ထိုစကားများကို လင်းရှောင် ရှင်းလင်းသွာ မကြားနိုင်တော့ပေ။ ငိုက်မျဉ်းမှုကို မတိုက်ခိုက်နိုင်‌တော့သဖြင့် မကြာမီ အိပ်မောကျသွားသည်။
နောက်တစ်ရက် သူနိုးလာသည့်အခါ အခန်းထဲတွင် လန်ဝေ့ရှိခဲ့သည့် အရိပ်အယောင်ပင် မရှိတော့ပေ။
လင်းရှောင် အံ့ဩတကြီးဖြင့် အိပ်ရာမှထပြီးရုတ်တရက်‌ပြေးထွက်လာသဖြင့် အပြင်ဘက်တွင် စောင့်ကြည့်နေကြသည့် အစေခံမလေးများနှင့် ကုန်းကုန်းများကို ထိတ်လန့်သွားစေသည်။
လင်းရှောင် မျက်မှောင်ကြုတ်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။ ဘေးမှဖြတ်သွားသည့် အစေခံတစ်ယောက်ကို လှမ်းဆွဲကာမေးလိုက်သည်။
" ငါတစ်ခုမေးမယ် ... မနေ့ညက ဧကရာဇ်နဲ့ ဖူယွီကျွင်းတို့ လမ်းတူတူလျှောက်တုန်းက မိုရွှီ ..."
ထိုမျှအထိသာပြောပြီး လင်းရှောင်၏မျက်ခုံးများ တွန့်ချိုးသွားသည်။ အကယ်၍ ထိုသို့မေးလိုက်ပါက မိုရွှီကို အလွန်အာရုံစိုက်နေကြောင်း သိသာသွားလိမ့်မည်။ လူပေါင်းများစွာ ရှိနေသည့်အတွက် အကယ်၍ ဧကရာဇ်၏နားထဲသို့ တစ်ခုခုရောက်သွားပါက ကောင်းသည့်ကိစ္စများ ဖြစ်လာမည်မဟုတ်ပေ။
လင်းရှောင် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အစေခံမလေးကို လွှတ်ပေးလိုက်သည်။
သူ အရမ်းကို ဗရုတ်သုတ်ခဖြစ်နေတာပဲ ...
လင်းရှောင် မျက်လုံးပိတ်ပြီး စိတ်ကို ကြည်လင်အောင်ကြိုးစားလိုက်သည်။
အစေခံမလေးကို လွှတ်ပေးလိုက်သည့်နှင့် သူမက ကြမ်းပြင်နှင့်ခေါင်းကိုထိမတတ် ဒူးထောက်ထိုင်လိုက်ပြီး ခန္ဓာကိုယ်သည်လည်း တသိမ့်သိမ့်တုန်နေသည်။
" ဘာဖြစ်လို့လဲ ..."
တံခါးပေါက်မှ အသံတစ်ခု ထွက်လာသဖြင့် လင်းရှောင် လှည့်ကြည့်လ်ုက်သည်။
ကုန်းကုန်းအဝတ်အစားများဝတ်ဆင်ထားပြီး မြင်းမြှီးယပ်ကိုကိုင်ထားကာ နူးညံ့သည့်မျက်နှာတွင် အကြံဉာဏ်များဖြင့် ပြည့်နေသည့် ဧကရာဇ်၏ဘေးတွင် ရက်ပေါင်းများစွာနေခဲ့ရသည့် ရှောင်လိဇီဖြစ်သည်။ သူ့ကိုမြင်သည့်အခါ လင်းရှောင် မျက်ခုံးများပင့်လိုက်သည်။
ရှောင်လိဇီက လင်းရှောင်ကိုမြင်သည့်အခါ ခန္ဓာကိုယ်ကို ငုံ့ကိုင်းလိုက်ပြီး ဘေးသို့လျှောက်လာကာ အရိုအသေပြုလိုက်သည်။
" အထိန်းတော်လင်း ..."
လင်းရှောင် သူ့ကိုတစ်ချက်သာကြည့်ပြီး အခန်းထဲပြန်ဝင်လာသည်။ ရှောင်လိဇီက သူ၏နောက်မှလိုက်လာပြီး သူ၏အစေခံတစ်ယောက်ကဲ့သို့ ပြုမူနေသည်။
လင်းရှောင်အခန်းထဲဝင်လာပြီး ခုတင်ဘေးတွင်ထိုင်လိုက်သည်။ ထိုအချိန် ရှောင်လိဇီက ကိုယ်ကို ကိုင်းထားပြီး လင်းရှောင်၏ရှေ့တွင် စောင့်နေသည်။ လင်းရှောင်၏ ခြေဗလာကို မြင်သည့်အခါ ဒူးထောက်၍ ဖိနပ်စီးပေးလိုက်သည်။ လင်းရှောင်က ခုတင်ပေါ်တွင် မှီနေပြီး သူလုပ်သမျှ ငြိမ်‌ခံနေလိုက်သည်။
ထို့နောက် ရှောင်လိဇီက မျက်ခုံးများပင့်လျက် လင်းရှောင်၏မျက်နှာကိုကြည့်ကာ မေးလိုက်သည်။
" အထိန်းတော်လင်း အစေခံတွေက မကောင်းလို့လား ..."
လင်းရှောင် မျက်လုံးထဲ အရောင်လက်သွားပြီး အပြင်ဘက်တွင် ဒူးထောက်နေကြသူများကိုကြည့်ပြီး ခေါင်းခါပြလိုက်သည်။ သူစကားပြောမည့်အချိန်တွင် ရှောင်လိဇီ၏ မျက်နှာမှ စုံစမ်းမေးမြန်းသည့်အကြည့်ကို မြင်၍ သူ၏မျက်နှာ အေးစက်သွားသည်။
" ဘာလဲ ... ငါ့အစေခံတွေကို ငါဘယ်လို သင်ပေးတယ်ဆိုတာပါ မင်းကို တင်ပြရဦးမှာလား ..."
ထိုစကားများကြားသည့်အခါ ရှောင်လိဇီ ခေါင်းငုံ့ကာ အလျင်အမြန် တောင်းပန်လိုက်သည်။
" ကျွန်တော်မျိုး မလုပ်ရဲပါဘူး ..."
" မင်း မလုပ်ရဲဘူးတဲ့လား ... အခုပဲ မင်းအဲ့လိုလုပ်နေတာမလား ..."
လင်းရှောင် လှောင်ပြောင်လိုက်သည်။
ရှောင်လိဇီက ခေါင်းငုံ့၍ ခွင့်လွှတ်ပေးရန် တောင်းပန်နေပြီး ခေါင်းပင် မမော့ရဲတော့ပေ။
ရှောင်လိဇီက " ကျွန်တော်မျိုးအပြစ်ကို သိပါပြီ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ..." ဟူသောစကားကိုသာ ထပ်ခါထပ်ခါ ပြောနေ၍ လင်းရှောင် ခေါင်းခါလိုက်သည်။
သူ သက်ပြင်းချပြီး ‌ဒူးထောက်နေသည့် ရှောင်လိဇီ၏ မေးကို ကိုင်ကာ သူနှင့် အကြည့်ချင်းဆုံစေလိုက်သည်။
" ရှောင်လိဇီ မင်းက ငါနဲ့ဧကရာဇ်နားမှာ နေလာခဲ့တာကြာပြီ ငါတို့ စိတ်ထားတွေကို ရှင်းရှင်းလင်းလင်း သိသင့်တယ်လေ ... ဧကရာဇ်က အစေခံတွေက သူ့အတွေးကို နှိုက်နှိုက်ချွတ်ချွတ် မေးတာမကြိုက်ဖူး ... ပြီးတော့ အဓိကအချက်ကို မရှင်းလင်းပဲ ခွင့်လွှတ်ဖို့ တောင်းပန်တာ သဘောမကျဘူး ငါလည်းတူတူပဲ ... ဒီအထိန်းတော်လင်းလည်း မကြိုက်ဖူး ..."
ရှောင်လိဇီက သူ၏ယခုလုပ်ဆောင်ချက်ကိုတွေးမိပြီး ဇောချွေးများပြန်လာသည်။
၎င်းကို မြင်သည့်အခါ လင်းရှောင်က အေးအေးလူလူပင် ပြောလိုက်သည်။
" ဒါမှမဟုတ် အခုလက်ရှိငါက အင်အားရော အာဏာရောမရှိလို့ ဘာကိုမှ ဆုံးဖြတ်ချက်မချနိုင်ဘူးလို့ တွေးနေတာလား ..."
ရှောင်လိဇီ၏မျက်နှာက ဖြူဆုတ်သွားကာ နှုတ်ခမ်းများပင် တုန်ယင်လာပြီး ရှင်းပြလိုက်သည်။
" ဒီအစေခံက တကယ်ပဲ အဲ့လိုမရည်ရွယ်ပါဘူး ... အထိန်းတော်လင်းက အခုလက်ရှိမှာ ဧကရာဇ်ရဲ့ အချစ်ခင်ရဆုံးလူ ဆိုတာ နန်းတော်တစ်ခုလုံးသိကြပါတယ် ... ဒီလိုနိမ့်ကျတဲ့ အစေခံက အထိန်းတော်လင်းကို မရိုမသေမဆက်ဆံရဲပါဘူး ..."
" ရပြီ ..."
ရှောင်လိဇီ၏ စကားများထဲတွင် လက်ရှိတွင် အချစ်ခင်ရဆုံးဟူသည်ကို ကြားလိုက်သည့်အခါ အာရုံနောက်သွားသည်ာ ထို့နောက် မျက်မှောင်ကြုတ်ပြီး ရှောင်လိဇီကို လွှတ်လိုက်သည်။
ရှောင်လိဇီက မည်သည့်စကားမှ မပြောရဲတော့ပဲ ကြမ်းပြင်တွင်သာ ဒူးထောက်နေသည်။ လင်းရှောင်က စားပွဲဆီသို့ လျှောက်လာပြီး လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်သည်။ တစ်ငုံစာ သောက်ပြီးသည့်အခါ ပြောလိုက်သည်။
" ပြောပါ ... ငါ့ကို ဘာသတင်းပို့မလို့လဲ ..."
ရှောင်လိဇီကြားသည့်အခါ လင်းရှောင်ကသူ့ကို အပြစ်မတင်တော့‌သည့်အတွက် ပျော်ရွှင်သွားသည်။ လျင်မြန်စွာထလာပြီး ရိုရိုသေသေဖြင့် ဖြေလိုက်သည်။
" အထိန်းတော်လင်း မနေ့က ဧကရာဇ်နန်းဆောင်မှာ တစ်ခုခု ဖြစ်ခဲ့ပါတယ် ..."
'မနေ့က' ဟုကြားသည့်အခါ လင်းရှောင်က လက်ဖက်ရည်ခွက်ကိုချပြီး ရှောင်လိဇီကိုကြည့်ပြီးမေးလိုက်သည်။
" ဘာဖြစ်ခဲ့တာလဲ ..."
လန်ဝေ့ပြောသည့်အတိုင်း ဖြစ်မလာရန် ရင်ထဲတွင် ဆုတောင်းနေမိသည်။ သို့ရာတွင် အရာအားလုံးက မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာခဲ့ပေ။
" မနေ့ညက ရှောင်နိုင်ငံက မင်းသားက ဧကရာဇ်ကို ပန်းခင်းကို အတူရှု့သားဖို့ ဖိတ်ခေါ်တာနဲ့ အအေးနန်းဆောင်နားက ဖြတ်သွားရပါတယ် ... သီချင်းဆိုနေတဲ့ အသံချိုချိုလေးက်ိုကြားလို့ သူတို့သွားကြည့်ကြတော့ မထင်မှတ်ပဲ အအေးနန်းဆောင်ထဲ ပိတ်ခံထားရတဲ့ မိုရွှီဖြစ်နေတယ် ... အဲ့ဒီမှာ ဖူယွီကျွင်းက သူမရဲ့ ပြစ်မျိုးမှဲ့မထင် ရုပ်ရည်လေးနဲ့ အသံချိုချိုလေးကြောင့် စိတ်လှုပ်ရှားသွားပြီး သူမကို တူတူခေါ်သွားဖို့ ဧကရာဇ်ကို ခွင့်တောင်းလိုက်ပါတယ် ..."
“……” လင်းရှောင် နှုတ်ခမ်းများ တင်းတင်းစေ့ထားမိသည်။
မကောင်းဆိုးဝါးအကြောင်းပြောမိရင် အဲ့မကောင်းဆိုးဝါးက တကယ်ရောက်လာတတ်တာလား ...
" ဒါပေမဲ့ ဧကရာဇ်က သဘောမတူလိုက်ပါဘူး ..."
ရှောင်လိဇီက ပျော်ရွှင်စွာပြောလိုက်သည်။
လင်းရှောင် အံ့ဩမှုကြောင့် မျက်ခုံးများပင့်လိုက်သည်။