လင်းရှောင် အံ့ဩမှုကြောင့် မျက်ခုံးများပင့်လိုက်သည်။
ဖူယွီကျွင်းက ရှောင်တိုင်းပြည်၏ မင်းသားဖြစ်သည့်အတွက် သူ့ကိုငြင်းဆိုလိုက်ခြင်းက တိုင်းပြည်နှစ်ခုအကြား ဆက်ဆံရေးကို ထိခိုက်သွားစေနိုင်သည်။ ထို့ကြောင့် လန်ဝေ့ကလည်း ဧကရာဇ်က ငြင်းပယ်လိမ့်မည်မဟုတ်ဟု သေချာခဲ့ခြင်းပင်။
ဒါပေမဲ့ ရှောင်လိဇီ အပြောအရဆိုရင် ဧကရာဇ်က ငြင်းလိုက်တယ်တဲ့လား ...
လင်းရှောင်က ရှောင်လိဇီကို ကြည့်လိုက်အခါ သူ သဘောပေါက်သွားပြီး ဆက်ပြောသည်။
" အထိန်းတော်လင်း ... ရှောင်တိုင်းပြည်က မင်းသားရဲ့ တောင်းဆိုချက်က မရိုးရှင်းပါဘူး ... မိုရွှီဆိုတဲ့ မိန်းကလေးကို ဧကရာဇ်ကိုယ်တိုင် အအေးနန်းဆောင်မှာနေဖို့ အမိန့်ချထားတာပါ ... သူမ ဘဝတစ်လျှောက်လုံး မထွက်ရဘူးလို့တောင် အမိန့်ပေးထားသေးတယ် ..."
ရှောင်လိဇီ ဆက်မပြောသော်လည်း လင်းရှောင်က သူ၏ဆိုလိုရင်းကို နားလည်သည်။ ဖူယွီကျွင်းက ဧကရာဇ်၏ပိုင်ဆိုင်မှုကို လုယူရန်ကြိုးစားနေခြင်းပင်။ အကယ်၍ ဧကရာဇ်က လက်ခံလိုက်လျှင် သူ၏ယခင်အမိန့်ကို မဖြစ်မြောက်စေတော့သည့်အတွက် သူ့မျက်နှာသူ ဖြတ်ရိုက်သည်နှင့်တူတူပင်။
သူ၏ မျက်နှာမပျက်ရေးနှင့် တိုင်းပြည်နှစ်ခုကြားဆက်ဆံရေးတွင် ဧကရာဧ်က မျက်နှာမပျက်ရေးကိုသာ ရွေးချယ်ခဲ့သည်။
မဟုတ်ဖူး အဲ့လိုမဖြစ်လောက်ဘူး ... လင်းရှောင်က ဧကရာဇ်ကို နားလည်တယ် ...
ဧကရာဇ်က သူ့ဂုဏ်သိက္ခာသူ ထိန်းသိမ်းပြီး တိုင်းပြည်နှစ်ခုကြားကဆက်ဆံရေးကိုလည်း ပျက်ယွင်းစေမည့်လူ မဟုတ်ပေ။
ဧကရာဇ်က တစ်စုံတစ်ရာ ကြံစည်ထားပုံရသည်။ ထိုကိစ္စကို လက်လွတ်စပယ်ဖြင့် သဘောမတူလိုက်ခြင်း မဟုတ်နိုင်ပေ။
သူတွေးနေချိန်တွင် ရှောင်လိဇီက ဆက်ပြောလိုက်သည်။
" ဒါပေမဲ့ ရှောင်တိုင်းပြည်ရဲ့မင်းသားက အရေးကြီးဧည့်သည်ဖြစ်နေတော့ ဧကရာဇ်က လက်မခံပေမယ့် မငြင်းလိုက်ပါဘူး ..."
" ဘာလို့ ဧကရာဇ္က အဲ့လိုလုပ္တာလဲ ..."
လင်းရှောင် သိချင်စိတ်ဖြင့် မေးလိုက်သည်။
ရှောင်လိဇီက သူပြောသည်ကိုကြားပြီး ပြန်ဖြေလိုက်သည်။
" အထိန်းတော်လင်း ဧကရာဇ်က မိန့်ကြားတာတော့ မောင်းမမိုကို ရှောင်တိုင်းပြည်မင်းသားက အရမ်းနှစ်သက်တယ်ဆိုရင် မောင်းမမိုကိုရော အအေးနန်းဆောင်ကိုပါ ရှောင်တိုင်းပြည်မင်းသားကို ပေးပါ့မယ်တဲ့ ..."
လင်းရှောင် အလွန်အံ့ဩသွားပြီး မေးလိုက်သည်။
" အအေးနန်းဆောင်ကြီးရောလား ..."
" ဧကရာဇ်က မိန့်ကြားတာတော့ မောင်းမမိုကို သူကိုယ်တိုင် အအေးနန်းဆောင်မှာ နေဖို့အမိန့်ပေးထားလို့ သူမတစ်ဘဝလုံး ထွက်သွားလို့ မရတော့ပါဘူးတဲ့ ... ပြီးတော့ မောင်းမမိုက မူတိုင်းပြည်မှာရှိသရွေ့ အအေးနန်းဆောင်ထဲက မထွက်ရလို့ တကယ်လို့များ ရှောင်နိုင်ငံမင်းသားလေးက သူမကိုကြိုက်တယ်ဆိုရင်လည်း အဆင်ပြေပါတယ် ... ဧကရာဇ်က နန်းဆောင်ရဲ့အလှကို ဆက်ထိန်းသိမ်းထားချင်ခဲ့တယ် ... ဒါကြောင့် ရှောင်နိုင်ငံမင်းသားလေးကို အအေးနန်းဆောင်ကို ကွပ်ကဲရတဲ့ရာထူး ခန့်အပ်လိုက်ပါတယ် ..."
ဆုံးဖြတ်ချက်က သူမျှော်မှန်းထားသည်နှင့် တက်တက်စင်အောက်လွဲနေသဖြင့် လင်းရှောင် မသိလိုက်ပဲ ရယ်မိသွားသည်။ သို့သော် တစ်ချိန်တည်းမှာပင် သံသယဝင်သွားသည်။
" အအေးနန်းဆောင်က ဧကရာဇ်နန်းတော်ထဲမှာပဲ ရှိတာလေ ... အဲ့ဒီတော့ ရှောင်နိုင်ငံမင်းသားက အလိုရှိသလို ဝင်ထွက်သွားလာခွင့် ပေးလိုက်သလိုဖြစ်သွားတာပေါ့ ..."
ရှောင်လိဇီ ခေါင်းခါ၍ ရယ်ချင်စိတ်ကိုထိန်းကာ ပြောလိုက်သည်။
" အထိန်းတော်ကြီး ... ဧကရာဇ်က တခြားတိုင်းပြည်က မင်းသားတစ်ယောက်ကို နန်းတော်ထဲ တံခါးမရှိ ဓားမရှိ သွားခွင့်ပြုပါ့မလား ... ဧကရာဇ်က လူအချို့ကိုလွှတ်ပြီး အအေးနန်းဆောင်နဲ့ သိုလှောင်ခန်းကို တိုက်ရိုက်ဆက်ထားတဲ့ တံခါးငယ်တစ်ခု လုပ်ပေးထားတယ် ... အဲ့ဒီနေရာကပဲ နန်းတော်က ထွက်လို့ရတယ် ... တကယ်လို့ ရှောင်တိုင်းပြည်မင်းသားက မောင်းမမိုကို တွေ့ချင်တယ်ဆိုရင် သိုလှောင်ခန်း ဘေးတံခါးက ဝင်သွားမှရမယ် ... အဲ့လမ်းမှာလည်း အစောင့်တွေရှိတော့ ရှောင်တိုင်းပြည်မင်းသားက တစ်ခုခုကြံစည်မှာကိုလည်း မကြောက်ရတော့ဘူးပေါ့ ..."
" ရှောင်တိုင်းပြည်ကို ကိုယ်စားပြုတဲ့ မြင့်မြတ်တဲ့မင်းသားက ဘေးတံခါးကနေ ဖြတ်သွားရမယ်ပေါ့ ..."
ရယ်ချင်စိတ်ကို ထိန်းထားရတော့ ရှောင်လိဇီကိုကြည့်ကာ လင်းရှောင်လည်း မရယ်ပဲ မနေနိုင်တော့ပေ။
ဧကရာဇ်ရဲ့ ဒီတစ်ခေါက် လှုပ်ရှားမှုက ရက်စက်လိုက်တာ ...
" ဒါတင် မကသေးဘူး ... အဲ့တုန်းက ဒီအစေခံက ရှောင်တိုင်းပြည်မင်းသားရဲ့ မျက်နှာကြီး မည်းသွားတာ မြင်ခဲ့ရပါသေးတယ် ... ဒါပေမဲ့ ဧကရာဇ်ကလည်း ဆုံးဖြတ်ပြီးသွားပြီ ... ရှောင်တိုင်းပြည်မင်းသားက မောင်းမမိုကို လိုချင်တယ်... ဧကရာဇ်ကလည်း သူ့ကို အပ်နှင်းလိုက်တယ်ဆိုတော့ ရှောင်တိုင်းပြည်က မူတိုင်းပြည်ကို ဘာမှ ပြောစရာမရှိတော့ဘူး ..."
လင်းရှောင်၏ စိတ်ထဲတွင် ပျော်ရွှင်မှုကြောင့် အော်ဟစ်နေသည်
မိုရွှီက ဖူယွီကျွင်းကိုမှီခိုပြီး အအေးနန်းဆောင်က လွတ်မြောက်ချင်နေတာပဲ ... ဧကရာဇ်က သဘောတူမတူတောင်မှ သိချင်နေသေးတယ် ...
မင်းကြီး၏ အမိန့်ကို သူသဘောကျနေသည်။
ရှောင်လိဇီက တစ်ခုခု ပြောစရာရှိနေသည့်ပုံပင်။
ရှောင်လိဇီ တွန့်ဆုတ်နေသည်ကိုမြင်၍ လင်းရှောင် မျက်မှောင်ကြုတ်နေပြီး စိတ်မရှည်တော့ပေ။
" တစ်ခုခု ပြောစရာရှိရင် အမြန်ပြော ..."
" ကျွန်တော်မျိုး သိပါပြီ ..."
ရှောင်လိဇီ ပြန်ဖြေလိုက်သည်။
" ရှောင်တိုင်းပြည့်မင်းသားက သူ့တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ငဲ့တဲ့အနေနဲ့ မောင်းမမိုကို ထပ်မတွေ့ဘူးလို့ ကျွန်တော်မျိုး အစကထင်ခဲ့မိပေမယ့် ဘယ်သူသိမှာလဲ အဲ့နေ့ညက မောင်းမမိုရှိတဲ့ နန်းဆောင်မှာ သွားနေခဲ့ပြီး အရုဏ်တက်မှ အအေးနန်းဆောင်က ပြန်ထွက်သွားပါတယ်တဲ့ ..."
ထိုအကြောင်းကြားသည့်အခါ လင်းရှောင် မျက်ခုံးများပင့်သွားသည်။
ဒီဘဝမှာ မိုရွှီရဲ့ ဘယ်နေရာကများ ဖူယွီကျွင်းကို ဆွဲဆောင်နေတာလဲ ...
သူတို့ရဲ့ ဆက်နွယ်မှုကို သူဖြတ်တောက်ခဲ့မိတာ သိသာပါတယ် ဒါပေမဲ့ ဘယ်လိုကြောင့် နှစ်ယောက်တူတူရှိနေရတာလဲ ...
လင်းရှောင် အတွေးထဲ နစ်မြုပ်နေသည်။
တံခါးဝမှ အစေခံတစ်ယောက်၏ငိုသံကြောင့် လင်းရှောင်လှည့်ကြည့်လိုက်ချိန်တွင် အစေခံငယ်လေးတစ်ယောက်က ဒူးထောက်နေသည်။
လင်းရှောင်က သူမကို ဝင်လာရန် အမူအယာလုပ်ပြလိုက်သည့်အခါ အစေခံမလေးက ရှေ့သို့အပြေးတစ်ပိုင်းလျှောက်လာပြီး စာရွက်တစ်ရွက်ကို လာပေးလိုက်သည်။
" အထိန်းတော်လင်း ဒါက သိုလှောင်ရေးဌာနမှာအလုပ်လုပ်တဲ့ ချီလင်းဆီကပါ ... သူက ဒီအစေခံကို ဒီစာရွက်လေး ပေးခိုင်းလိုက်ပါတယ် ..."
ချီလင်လား ... သူကိုယ်တိုင်အသက်စွန့်ပြီး ဧကရာဇ်လက်ထဲက ကယ်ခဲ့တဲ့ ကုန်းကုန်းတွေထဲက တစ်ယောက်ပဲ ...
လင်းရှောင် တံခါးဝသို့ လျှောက်လာသည်။ သူထင်သည့်အတိုင်း ကုန်းကုန်းအိုကြီးတစ်ယောက်က ထိုနေရာတွင် စောင့်နေသည်။
လင်းရှောင်စာရွက်ကိုဖွင့်ပြီး အကြောင်းအရာများကို ဖတ်ကြည့်လိုက်သည်။ တစ်စက္ကန့်အတွင်း သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး နောက်တစ်ကြိမ် ဂရုတစိုက် ဖတ်လိုက်သည်။
မိုရွှီက ဒီသတင်းအချက်အလက်တွေကို ခြိမ်းခြောက် ခံရဖို့များ သူ့ဆီ ပို့ပေးလိုက်တာများလား ...
စိတ်လှုပ်ရှားမှုများကို ကွယ်ဝှက်ကာ ချီလင်ကို အထဲသို့ခေါ်ခဲ့ရန် အစေခံမလေးကို ပြောလိုက်သည်။
ချီလင် အထဲသို့ဝင်လာပြီး သူ့ကို အရိုအသေပြုလိုက်ချိန်တွင် လင်းရှောင်က သူ့ရှေ့ကိုလျှောက်လာပြီး စာရွက်ကိုကိုင်ကာ မေးလိုက်သည်။
" ဒီစာရွက်ထဲမှာ ရေးထားသမျှအားလုံး အမှန်ပဲလား ..."
ချီလင်းက စာရွက်ကိုကြည့်လိုက်ပြီး အလျင်အမြန်ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။
" ဒီအစေခံက အထိန်းတော်လင်းကို အရူးမလုပ်ရဲပါဘူး ... အခုဆိုရင် သိုလှောင်ဌာနက အအေးနန်းဆောင်နဲ့ ချိတ်ဆက်မိနေပါပြီ ... အရင်ကတော့ ဒီအစေခံနဲ့ ရှောင်လိုင်ဇီက အအေးတန်းဆောင်ကို အစားအစာတွေ ပို့ပေးတဲ့တာဝန်ယူရတာပါ ... မောင်းမမိုက ကျွန်တော်တို့နှစ်ယောက်ကို ဒီစာရွက်ပေးပြီး ဒီစာရွက်ထဲကရေးထားတဲ့အတိုင်း လုပ်နိုင်တဲ့ ဘယ်သူမဆို သူမလက်ထဲက ပုလဲလည်ဆွဲကိုပေးမယ်လို့ ပြောပါတယ် ... မောင်းမမိုက အခုချိန်မှယ ရှောင်တိုင်းပြည်မင်သားရဲ့ ထောက်ပံ့မှုတွေ ရှိနေတော့ ဒီအစေခံလည်း မငြင်းရဲခဲ့ဘူး... အဲ့ဒါကြောင့် ပြန်သွားပြီးတော့ ပြင်ဆင်ဖို့ ဆင်ခြေတောင်းခဲ့ရတယ် ... ရှောင်လိုင်ဇီကလည်း သဘောတူတဲ့ပုံပါပဲ ..."
ထိုစကားများကို ကြားသည့်အခါ လင်းရှောင် အေးစက်စွာပြုံးလိုက်သည်။
မိုရွှီက အန္တရာယ်ကြားထဲကနေ အောင်မြင်မှုကို လိုချင်နေသေးတာပဲ ...
" အထိန်းတော် ဒါက ..."
ရှောင်လိဇီ ရှေ့သို့လျှောက်လာပြီး သံသယမကင်းစွာဖြင့် မေးလိုက်သည်။
လင်းရှောင်သူ့ဘက်လှည့်ပြီး စာရွက်ကို ပေးလိုက်သည်။
ရှောင်လိဇီ စာရွက်ကို အမြန်ဖတ်လိုက်ပြီးနောက် သူစမျက်လုံးထဲတွင် အံ့ဩမှုများ အတိုင်းသားပေါ်လာသည်။
" ဒါ ... ဒါ ... မောင်းမမိုက အရမ်းမျက်နှာပြောင်တိုက်တာပဲ ... တစ်ယောက်ယောက်ကို ရှောင်တိုင်းပြည်ရဲ့မင်းသားကို လုပ်ကြံဖို့ တိတ်တဆိတ် ကြံစည်ခိုင်းတယ်ပေါ့ ... သူမ အသက်ကို မလိုချင်တော့ဘူးထင်တယ် ..."
အသက်ကို မလိုချင်တော့တာ တဲ့လား ...
လင်းရှောင် ယခင်က မိုရွှီအတွက် လုပ်ပေးခဲ့သည့် အကြံတစ်ခုကို စဉ်းစားမိသွားသည်။
ရန်သူရဲ့ ယုံကြည်ချက်ကိုရဖို့ ကိုယ့်ကိုကိုယ်ဒဏ်ရာရအောင်လုပ်တာလား ...
ယခင်ဘဝက နန်းတော်ထဲ ပထမဆုံးအကြိမ်ဝင်သည့်အချိန်၌ မိုရွှီက သူ့ကြောင့် ဧကရာဇ်ကို ပျော်ရွှင်အောင် ပြုလုပ်ပေးခဲ့နိုင်သည်။ သို့သော်လည်း ဧကရာဇ်၏စိတ်က ရှုပ်ထွေးသည့်အတွပ် သူမကို လုံးဝမယုံကြည်သေးပေ။ ထိုအချိန်က လင်းရှောင် မိုရွှီအတွက် လှည့်စားမှုတစ်ခု ပြုလုပ်ပေးခဲ့ရသည်။ ၎င်းအကြံအစည်က ဧကရာဇ်ကို လုပ်ကြံရန် ကြံစည်ပြီး ဧကရာဇ်ကို တိုက်ခိုက်မည့်အချိန်တွင် မိုရွှီက ရှေ့မှ ကာဆီးလိုက်ခြင်းပင်။
သို့ရာတွင် ယခင်ဘဝမှ ဧကရာဇ်မှာ ယခုလက်ရှိလူကဲ့သို့ လက်ခဲသူမဟုတ်ပေ။ လှည့်စားမှု၏ ရလဒ်က အလွန် ထူးချွန်ပြောင်မြောက်လှသည်။ ထို့ကြောင့်ပင် မိုရွှီကို ဧကရာဇ်က အကြွင်းမဲ့ချစ်ခင်သွားခဲ့သည်။
ယခုအခါ စာရွက်ပေါ်မှ အကြောင်းအရာများက သူမကိုယ်တိုင် ဒဏ်ရာရခံပြီး တစ်ဖက်လူ၏ယုံကြည်မှုရရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိသာလှသည်။
စာရွက်ပေါ်မှ အကြောင်းအရာမှာ - ( သူ့ရဲ့ နှလုံးနားကို မထိစေနဲ့ )
အကယ်၍ မိုရွှီက ဖူယွီကျွင်းကို အမှန်တကယ်သေစေချင်နေပါက ထိုသို့ပြောမည်မဟုတ်ပေ။ ထို့အပြင် မိုရွှီ့ထံတွင် ဖူယွီကျွင်းကိုသတ်ရန် အကြောင်းပြချက်လည်းမရှိပေ။
သို့ရာတွင် မိုရွှီက အလွန်တုံးအသည်။
သူမက ကြုံရာလူနှစ်ယောက်ကို ရှာလိုက်မယ်လို့ မထင်ထားမိဘူး ... ဖူယွီကျွင်းရဲ့ သိုင်းပညာက အလှသက်သက်မှမဟုတ်တာ ...
ဒါကိုအခြေခံပြီးပြောရရင် ရှောင်လိုင်ဇီရဲ့ သိုင်းပညာက ဘယ်လိုပဲဖြစ်ဖြစ် ဖူယွီကျွင်းနား မကပ်ခင်တောင် အသတ်ခံလိုက်ရနိုင်တယ် ... ဒါဆိုရင် သူမ ဘယ်လိုလှည့်စားဦးမလို့လဲ ...
မည်သို့ပင်ဖြစ်စေ ထိုကုန်းကုန်းနှစ်ယောက်မှလွဲ၍ အခြားလူမရှိသောကြောင့် သူမတွင် အခြားနည်းလမ်းလည်းမရှိပေ။
ကြည့်ရတာ မိုရွှီက အအေးနန်းဆောင်က ထွက်သွားဖို့ စိတ်မရှည်တော့တာနဲ့ ဖူယွီကျွင်းထက်အရင်ဦးအောင် ကြံလိုက်တာများလား
ဒါဆိုရင် လင်းရှောင်က မိုရွှီ့ဆန္ဒတွေကို ဘယ်လိုဖျက်ဆီးပစ်ရမလဲ ...
" ဒါတော့မဟုတ်သေးဘူး ... ရှောင်တိုင်းပြည်မင်းသားကိုသတ်မှာက ပြစ်မှုကြီးတစ်ခုပဲ ... ရှောင်လိုင်ဇီက ဒီကိစ္စကို ဘာလို့လွယ်လွယ်နဲ့ သဘောတူလိုက်ပါလိမ့် ..."
ရှောင်လိဇီက သံသယမကင်းစွာဖြင့် ချီလင်ထံမှ အဖြေရလိုရငြား မေးကြည့်လိုက်သည်။
လင်းရှောင်လည်း သူ့ကိုကြည့်လိုက်သည်။
လူနှစ်ယောက်၏ စူးစူးရဲရဲ အကြည့်ကြောင့် ချီလင်က ကိုယ်ကိုကျုံ့ထားမိသည်။ သူ၏မျက်နှာတွင် ရိုးသားမှုများဖြင့် ပြည့်နေကာ မျက်လုံးများလည်း ဂနာမငြိမ် ဖြစ်မနေပေ။ စာရွက်က အစစ်အမှန်သာဖြစ်ပြီး ချီလင်ထံမှ ရှင်းပြချက်များသာ လိုအပ်နေခြင်း ဖြစ်နိုင်သည်။
ထိုသို့တွေးနေချိန်တွင် ချီလင်က ကြမ်းပြင်နှင့်ထိမတတ် ခေါင်းငုံ့ထားပြီး ဖြေလိုက်သည်။
" အထိန်းတော်လင်း အဲ့ဒီကုန်းကုန်းက ပိုက်ဆံရဖို့တစ်ခုတည်းကသာ သူ့ရည်ရွက်ချက်ပါပဲ ... ရှောင်လိုင်ဇီ နန်းတွင်းကို ဝင်လာခဲ့တာ သူ့အိမ်က အရမ်းဆင်းရဲလို့ပါ ... သူက နန်းတော်ထဲရောက်တာ မကြာသေးတဲ့အပြင် ... အပြင်ဘက်က သူ့မိသားစုနဲ့လည်း အဆက်အသွယ်မပြတ်သေးပါဘူး .... သူ့မိသားစုမှာ ဖျားနာနေတဲ့ ညီမငယ်တစ်ယောက်လည်းရှိပါတယ် တစ်အိမ်လုံးက သူလစဉ်ငွေပို့တာကိုပဲ မှီခိုနေရတာပါ ..."
လင်းရှောင် နောက်ဆုံးတွင် သဘောပေါက်သွားသည်။
ဒီရှောင်လိုင်ဇီက သူ့ဘဝကို လောင်းကြေးထပ်ထားတာပဲ ... တကယ်လို့ သူသာသိသွားခဲ့ရင် မိုရွှီကို ဖူယွီကျွင်းကို လုပ်ကြံခွင့် မပေးနိုင်ဘူး ။
သူမအကြံစည်က တကယ်အလုပ်ဖြစ်နေတာပဲ ...
လင်းရှောင်၏ မျက်လုံးများ နက်မှောင်သွားသည်။
မိုရွှီထံမှ စာပေးစာယူနောက်တစ်ခုကို ရရှိထားသည့်အတွက် သူပျော်ရွှင်နေသင့်သည်။ သို့ရာတွင် ယခုအချိန်၌ လင်းရှောင်မှာ စိုးရိမ်ကြောင့်ကြနေရသည်။
အကယ်၍ ဧကရာဇ်က မိုရွှီကို မသတ်လိုပါက ဤသို့စာမျိုး မရေမတွက်နိုင်အောင် ရထားပါကလည်း အသုံးမဝင်ပေ။
အကယ်၍ မိုရွှီက ဤတစ်ကြိမ် လွတ်မြောက်သွားပြီး ဖူယွီကျွင်း၏ အကာအကွယ်ကို ရရှိခဲ့ပါက မိုရွှီကိုသတ်ရန် ပို၍ ခက်ခဲသွားနိုင်သည်။
" အဲ့လိုဆိုရင်တော့ သူကအသက်ကို စွန့်စားထားတာ မဖြစ်နိုင်ဘူး ..."
ရှောင်လိဇီက ထိတ်လန့်စွာပြောလိုက်သည်။
" မဖြစ်သေးဘူး အထိန်းတော်လင်း ကျွန်တော်တို့ ဧကရာဇ်ကို အသိပေးရမယ် ... တကယ်လို့ ရှောင်တိုင်းပြည်မင်းသားက နန်းတော်ထဲမှာ တိုက်ခိုက်ခံရရင် မူတိုင်းပြည်နဲ့ ရှောင်တိုင်းပြည်ကြားမှာ တင်းမာမှုတွေ ဖြစ်လာနိုင်တယ် ..."
ရှောင်လိဇီက လင်းရှောင်ကို မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။
လင်းရှောင် မျက်မှောင်ကြုတ်ပြီး စိတ်ထဲတွင် တွက်ချက်နေသည်။
မျက်ခုံးများပင့်လျက် ရှောင်လိဇီကို ကြည့်လိုက်သည်။ ရှောင်လိဇီ၏ မျက်နှာတွင် ရိုသေလေးစားမှုများ ရှိနေသော်လည်း သူဖုံးကွယ်ရန်ပြင်လိုက်သည့် တက်ကြွသည့်အမူအရာတစ်ချို့ကိုပါ မြင်လိုက်ရသည်။ အကယ်၍ ဤကိစ္စက မှန်ကန်ခဲ့ပါက ဧကရာဇ်ကို လျှောက်တင်ခဲ့လျှင် များစွာသောဆုလာဒ်များ ရရှိနိုင်သည်။ ရှောင်လိဇီက ဤအချက်ကိုသာ ဦးတည်ထားသဖြင့် ဧကရာဇ်ကို အမြန်လျှောက်တင်ချင်နေသည်။
လင်းရှောင် ရင်ထဲတွင် အေးစက်စွာပြုံးလိုက်သော်လည်း သူ့မျက်နှာတွင် ထိုအမူအယာကို မပြသလိုက်ပေ။
" ရှောင်လိဇီပြောတာမှန်တယ် ... အထိန်းတော်တစ်ယောက်အနေနဲ့ မင်းအောင်မြင်မှုရဖို့ အခွင့်အရေးကို ငါပေးသင့်တယ် ... စာရွက်ကိုယူသွားပြီး ဧကရာဇ်ကိုရှာပြီး အကြောင်းစုံကို လျှောက်တင်လိုက် ... ငါက အအေးနန်းဆောင်မှာ ရှောင်လိုင်ဇီကို သွားတားမယ် ..."
ရှောင်လိဇီက စိတ်မရှည်စွာဖြင့်ဖြေပြီး စာရွက်ကိုယူကာ ထွက်သွားသည်။
လင်းရှောင်က ရှောင်လိဇီ စိတ်လှုပ်ရှားစွာ ထွက်သွားသည်ကိုကြည့်ပြီး ချီလင်ကို လက်ဝှေ့ယမ်းပြလိုက်သည့်အခါ သူက ရှေ့တိုးလာသည်။
လင်းရှောင် သူ့ကို မေးလိုက်သည်။
" မင်းကို အစတုန်းက ဘယ်သူကယ်ခဲ့တာလဲ မှတ်မိသေးလား ..."
မထင်မှတ်ထားသောမေးခွန်းကြောင့် ချီလင်က လင်းရှောင်ရှေ့တွင် အမြန်ဒူးထောက်လိုက်သည်။
" အထိန်းတော်က ဒီအစေခံရဲ့အသက်ကို ကယ်ခဲ့တာပါ ... ဒီအစေခံ မမေ့ရဲပါဘူး ..."
လင်းရှောင် ကျေနပ်အားရစွာဖြင့် မျက်လုံးများ မှေးကျဉ်းလိုက်သည်။
" ဒါဆိုရင် ဒီအထိန်းတော်အတွက် မင်းတစ်ခု လုပ်ပေူရမယ် ..."
" အထိန်းတော်လင်း အလိုရှိတာကို ကျေးဇူးပြုပြီးအမိန့်ပေးပါ ..."
ချီလင်က အရိုအသေပြုကာ ဖြေလိုက်သည်။
လင်းရှောင် မျက်ခုံးပင့်လိုက်သည်။
" ရှောင်လိုင်ဇီရဲ့သိုင်းပညာနဲ့ဆို ရှောင်တိုင်းပြည်မင်းသားကို ထိခိုက်ဖို့ မဖြစ်နိုင်ဘူး ... သူ့ကိုသွားကူညီလိုက် ..."
ချီလင်၏မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။
လင်းရှောင် တစ်ဖက်ကိုလှည့်ပြီး လက်ချောင်းဖြင့် ချီလင်၏ပါးစပ်ကို အုပ်လိုက်သဖြင့် ချီလင်ထိတ်လန့်စွာ အော်ဟစ်ချင်သည်ကို မျိုချလိုက်ရသည်။ လင်းရှောင် အနီးတစ်ဝိုက်သို့ကြည့်လိုက်ပြီး မည်သူမျှ မရှိချိန်မှ သူ့အနားကပ်ကာ ရှင်းပြလိုက်သည်။
" ရှောင်တိုင်းပြည်မင်းသားကို အရိုးအကြောထုံထှိုင်းစေတဲ့ ဆေးတစ်မျိုးသုံးဖို့အကြောင်း ရှောင်လိုင်ဇီကို သတိပေးဖို့ နည်းလမ်းရှာလိုက် ... အဲ့ဒါမှ ရှောင်တိုင်းပြည်မင်းသားကို ထိခိုက်သွားစေမှာ ..."
ချီလင်၏မျက်နှာတွင် ပဟေဠိများဖြင့် ပြည့်နေသည်။
" အထိန်းတော်လင်းကရော ရှောင်တိုင်းပြည်မင်းသားကို သတ်ချင်နေတာလား ..."
လင်းရှောင် ခေါင်းခါပြလိုက်သည်။
" ငါ့မှာ အဲ့လိုရည်ရွယ်ချက်မရှိပါဘူး ... ငါဆိုတဲ့ အထိန်းတော်လင်း ဘာလုပ်ချင်နေတယ်ဆိုတာ မင်းသိဖို့မလိုဘူး ..."
ချီလင်၏ တွန့်ဆုတ်၍ စိတ်ရှုပ်ထွေးနေသော အသွင်အပြင်ကြောင့် လင်းရှောင် သူ့ပခုံးကိုပုတ်လိုက်သည်။
" စိတ်မပူပါနဲ့ ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး ... မင်းက ရှောင်လိုင်ဇီကို အကြံပေးရုံပဲ ... အဲ့တော့ ဒီကိစ္စအတွက် တာဝန်ခံရမှာက ရှောင်လိုင်ဇီပဲ ..."
လင်းရှောင်၏ မျက်လုံးများ အရောင်တောက်ကာ သူ့မျက်နှာကလည်း တက်ကြွလာသည်။ သူ၏ ရည်မှန်းချက်ကို ရောက်ရှိသွားသဖြင့် မတ်တပ်ထကာ ပြောလိုက်သည်။
" မင်းကောင်းကောင်းလုပ်မယ်ဆိုရင် ငါဆိုတဲ့ အထိန်းတော်လင်းက ကောင်းကောင်းဆက်ဆံမှာပါ ..."
" ကျေးဇူးတင်ပါတယ် အထိန်းတော်လင်း ..."
ချီလင်က လင်းရှောင်ကို အရိုအသေပြုလိုက်သည်။
လင်းရှောင် လက်ကာပြလိုက်သည်။
" ကောင်းပါပြီ ... ဧကရာဇ်က အအေးနန်းဆောင်ကို မရောက်ခင် မြန်မြန်သွားတော့ ..."
" ဒီအစေခံ နားလည်ပါပြီ ..."
ချီလင် ပြန်ဖြေပြီး နောက်ဆုတ်သွားသည်။