ချီလင်ထွက်သွားသည့်အချိန်တွင် လင်းရှောင်က သာမန်ကဲ့သို့ ကိုယ်လက်သန့်စင်ပြီးမှ အေးအေးဆေးဆေးအပြင်ထွက်လာသည်။
လုပ်ကြံသတ်ဖြတ်ခြင်းက ပြင်ဆင်ရန် အချိန်အနည်းငယ်ယူရမည်ဖြစ်သည်။ အကယ်၍ သူတို့စောစီးစွာ ထွက်လာပါက ရန်သူကိုအမှတ်တမဲ့သတိပေးမိသလိုပင်ဖြစ်သွားပြီး မိုရွှီက နောက်ဆုတ်သွားလိမ့်မည်။ အကယ်၍ ထိုသို့ဖြစ်သွားပါက လင်းရှောင်ထံတွင် ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်။
မိမိကိုယ်ကို ဒဏ်ရာရခံပြီး ရန်သူ၏ယုံကြည်မှုကို ရယူခြင်းက အလွန် အန္တရာယ်များသည့် အကြံအစည်တစ်ခုဖြစ်သည်။ ယခင်ဘဝက လင်းရှောင် မိုရွှီအတွက် ပြင်ဆင်ပေးခဲ့စဉ်ကလည်း များစွာကြိုးပမ်းပြီး လပေါင်းများစွာအချိန်ယူခဲ့ရသည်။ မိုရွှီက ယခုအချိန်တွင် စိုးရိမ်ကြောင့်ကြနေ၍ ကြုံရာလူကိုသာရှာပြီး စီစဉ်ထားသဖြင့် ကျရှုံးရန် ကံကြမ္မာဖန်လာခြင်းပင်။
သို့ရာတွင် လင်းရှောင်က သူမကို အနိုင်ယူချင်ရုံမျှမဟုတ်ပေ။ သူမကိုမြေပြင်တွငိ လဲကျသည်အထိ ရိုက်နှက်ချင်နေသည်။ ဤတစ်ကြိမ်တွင် သူမအသက်ဆုံးရှုံးသွားပါက ပိုကောင်းမည်။
'ပိုကောင်းမှာ'တောင် မဟုတ်ဖူး 'သေချာပေါက်ကောင်းမှာ' ဆိုရင် ပိုမှန်မယ် ...
လင်းရှောင် ဖူယွီကျွင်းအကြောင်း တွေးမိသောအခါ မိုရွှီကို သူမလုပ်ရန် ကြံစည်ခဲ့သည်များ၏ နောက်ဆက်တွဲအခြေအနေများအတွက် တာဝန်ယူစေချင်လာသည်။
အကယ်၍ သူမ၏အကြံအစည်ကြောင့် ဖူယွီကျွင်းဒဏ်ရာရသွားပါက ရှောင်တိုင်ပြည်မင်းသား မည်သို့ကိုင်တွယ်မည်ကို လင်းရှောင်သိမြင်လိုသည်။
ထို့အပြင် ရှောင်တိုင်းပြည်မင်းသားက မူတိုင်းပြည်တွင် ဒဏ်ရာရသွားပါက ဧကရာဇ်က မည်သို့ကိုင်တွယ်မည်ကိုလည်း သူသိချင်သည်။
ဒါကြောင့် လင်းရှောင်သေချာပေါက်ကို အအေးနန်းဆောင်ကို သွားရမယ် ...
ထို့အပြင် ဤကိစ္စဖြစ်ပေါ်လာခြင်းကို တားဆီးရန်လည်း လိုအပ်နေသေးသည်။ ဖူယွီကျွင်း၏ နှစ်သက်ဖွယ် အထင်ကြီးမှုကို အမှန်တကယ်ရရှိခြင်းမှ တားဆီးရန်အတွက် မိုရွှီ၏ အစီအစဉ်ကို ဖျက်ရန် အခင်းဖြစ်နေရာတွင် တစ်စုံတစ်ယောက်ရှိရန် လိုအပ်နေသေးသည်။
ဤတစ်ကြိမ်တွင် မိုရွှီ၏ အကြံအစည်ကြောင့် ဖူယွီကျွင်းဒဏ်ရာရခဲ့ပါက သူတို့ကြံစည်သကဲ့သို့ ဤကိစ္စကို ဖြေရှင်းနိုင်မည် မဟုတ်သည့်အပြင် မိုရွှီသည်လည်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရလိမ့်မည်
စိတ်ထဲတွင် ထိုအတွေးဖြင့် လင်းရှောင်က အအေးနန်းဆောင်၏ အဓိကအခန်းသို့ လျှောက်လာခဲ့သည်။ ထိုအချိန်၌ ဖူယွီကျွင်းမှာ အရိုးအကြောထုံထိုင်ဆေးမှုန့်ကြောင့် မြေပြင်ပေါ်လဲနေပြီး ရှောင်လိုင်ဇီက ဓားမြှောင်တစ်ချောင်းကိုင်ထားသည်။
လင်းရှောင် အခန်းထဲ ဝင်လာသည်ကို မြင်သောအခါ ရှောင်လိုင်းဇီ သုတ်ခြေတင်ကာ ဓားမြှောင်ကိုကိုင်ပြီး ဖူယွီကျွင်းကို ထိုးချလိုက်သည်။
ရှောင်လိုင်ဇီ၏အရှိန်က မြန်လွန်းသည်။ အလွန်မြနိသည့်အတွက် မိုရွှီတုံ့ပြန်ချိန် မရလိုက်မီမှာပင် ဖူယွီကျွင်းကို ထိုးလိုက်သည်။မိုရွှီက ထိုနေရာတွင် သစ်သားထောက်တိုင်ကြီးကဲ့သို့ မလှုပ်မယှက်ဖြင့်ရပ်နေပြီး ဖူယွီကျွင်းကို အသက်မဲ့စွာကြည့်နေသည်။
ဖူယွီကျွင်းမှာ အကြောထုံထိုင်းစေသည့် ဆေးမှုန့်များကြောင့် ဝေဒနာခံစားနေရသော်လည်း သူ၏သိုင်းပညာအခြေခံက ရှိနေသေးသည်။ သူ့ထံသို့ ဓားမြှောင်ကိုကိုင်၍ ပြေးဝင်လာသည်ကို မြင်သောအခါ လင်းရှောင်ဘက်သို့လှိမ့်၍ ရှောင်လိုက်သည်။
သူရှောင်လိုက်သည့်ဘက်တွင် ရွံများရှိသဖြင့် သူ၏အဖြူရောင်အဝတ်အစားများမှာ ရွံများပေကုန်ပြီး သူလည်းမြေပြင်တွင်လှဲကာ အသက်ပြင်းပြင်းရှုနေရသည်။
ထိုအချိန်မှ မိုရွှီက တုံ့ပြန်လိုက်သည်။ သူမအော်ဟစ်ပြီး ဖူယွီကျွင်းရှိရာဘက်သို့ ပြေးဝင်လာသည်။
ရှောင်လိုင်ဇီမှာ တစ်ကြိမ်ကျရှုံးသွားသဖြင့် ဖူယွီကျွင်းရှေ့သို့ ဓားမြှောင်ကိုရွယ်ထားပြီး နောက်တစ်ကြိမ် ထိုးလိုက်ပြန်သည်။
မိုရွှီ၏ အကြံအစည် အထမြောက်တော့မည်ဟု ခံစားမိလိုက်၍ လင်းရှောင်က ဖူယွီကျွင်းနှင့် မိုရွှီအကြားတွင် ရပ်လိုက်သည်။ မိုရွှီကို ပိတ်ဆို့ထားသည်က အချိန်ကိုက်ဖြစ်သွားသောကြောင့် သူမအတွက် နောက်ကျသွားခဲ့သည်။ လင်းရှောင်က မိုရွှီထက်ဦးစွာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး ဖူယွီကျွင်း၏ရှေ့တွင် ဒိုင်းသဖွယ် ကာပေးလိုက်သည်။
ချွန်ထက်သောဓားသွားက သူ၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်လာကာ သွေးများစီးကျလာသည့်အတွက် နာကျင်မှုကြောင့် လင်းရှောင်၏မျက်နှာ ရှုံ့မဲ့သွားသည်။
" မင်း ..."
သူ့ရှေ့မှ ကာပေးလိုက်သော လင်းရှောင်ကို ထိတ်လန့်စွာကြည့်ကာ ဖူယွီကျွင်း၏မျက်လုံးများ ပြူးကျယ်လာသည်။
လင်းရှောင်၏ အဖြူရောင်အင်္ကျီပေါ်တွင် သွေးများစွန်းပေနေပြီး သူ၏ဆံပင်မှ မသေမျိုးကဲ့သို့ လေနှင့်အတူ လွင့်နေသည်။ သူ၏ရင်ဘတ်ကို ဓားမြှောင်ဖြင့် အထိုးခံရသောကြောင့် ရင်ဘတ်တစ်ခုလုံးနီရဲကာမက်မန်းပွင့်များထက်ပင် လှပနေသည်။
နာကျင်မှုကြောင့် မျက်ခုံးများ တွန့်ချိုးထားမိပြီး အံကြိတ်ထားသည့်အတွက် မျက်နှာမှာ စက္ကူတစ်ရွက်ကဲ့သို့ ဖြူဆုတ်လာသည်။ သူ၏မျက်နှာမှာ နာကျင်မှုကို ကြိတ်မှိတ်ပြီးတောင့်ခံထားရကြောင်း သိသော်လည်း လင်းရှောင်၏ မျက်နှာမှာ ဝမ်းနည်းစရာကောင်းနေချိန်မှာပင် အလွန်လှပသည့် မြင်ကွင်းတစ်ခု ဖြစ်နေကြောင်း ဖူယွီကျွင်း ရှင်းလင်းစွာသိလိုက်သည်။
သူ၏ ရင်ခုန်သံများ မြန်ဆန်လာသည်။
ဆေးမှုန့်များကြောင့် မြေပြင်ပေါ်ခွေလဲနေသော ဖူယွီကျွင်းမှာ ယခုအချိန်တွင် မည်သည့်နေရာကမှန်းမသိသော စွမ်းအားများရလာပြီး မတ်တပ်ရပ်လိုက်သည်။ လင်းရှောင်ကို ထူပေးလိုက်ပြီး သူ၏ လက်ကျန်ခွန်အားဖြင့် သူ့ထံသို့ပြေးဝင်လာသော ရူးနှမ်းနေသည့်လူသတ်သမားကုန်းကုန်းကို ကန်ကျောက်လိုက်ပြီး လင်းရှောင်ကို ရင်ခွင်ထဲ ထည့်ထားသည်။
" မင်း အဆင်ပြေရဲ့လား ..."
ဖူယွီကျွင်းက လင်းရှောင်ကိုမေးပြီး သွေးကြောနေရာကိုထိလိုက်သည့်အခါ ဒဏ်ရာမှ သွေးများမစီးကျတော့ပေ။
" ကျွန်တော် ..."
နာကျင်လွန်းသဖြင့် လင်းရှောင်မျက်စိမဖွင့်နိုင်တော့ပေ။ ကြမ်းပြင်တွင် သူ၏ဒဏ်ရာမှ သွေးများဖြင့် ပြည့်နေသည်။
သူ ဒီတစ်ခါတော့ နည်းနည်းများသွားပြီ ... လန်ဝေ့ထိုးထားတဲ့ ဒဏ်ရာက ပြန်ကောင်းရုံရှိသေးတယ် ... ရှောင်တိုင်းပြည်က မင်းသားရဲ့ဓားချက်ကို ကိုယ်စားဝင်ခံ ပေးလိုက်မိပြန်ပြီ ...
လင်းရှောင် သူ့ရင်ဘတ်ကိုအုပ်ထားပြီး မှင်သက်နေသည်။ သူ၏မြင်ကွင်းထဲ အရာအားလုံးက မှုန်ဝါးလာသည်။
သတိလစ်ခါနီးတွင် ဧကရာဇ်ကို မြင်လိုက်သည့်ပုံပင်။
ခန္ဓာကိုယ်ကို နဂါးဝတ်ရုံဖြင့် လွှမ်းခြုံထားသဖြင့် သူ၏ဟန်ပန်အမူအရာမှာ အများနှင့် မတူပေ။ သို့သော် သူ၏မျက်နှာက မည်းနက်နေပြီး မျက်မှောင်ကြုတ်ထားကာ အကြည့်များက အေးစက်နေသည်။ သူ့ထံမှလေထုက အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။ အားလုံး ကြောက်ရွံ့နေကြသဖြင့် ကြမ်းပြင်နှင့်ခေါင်းထိသည်အထိ ဒူးထောက်နေကြသည်။ ဧကရာဇ်၏ရှေ့တွင် ပေါ်လာရန်ကြိုးစားသည့်မိုရွှီကပင် ဧကရာဇ်ကို ဤပုံဖြင့် မြင်ရသည့်အခါ ပင်ကိုအသိစိတ်အရ တသိမ့်သိမ့်တုန်နေပြီး စကားတစ်ခွန်းမျှမပြောရဲပေ။
လင်းရှောင်က ဧကရာဇ်၏ဒေါသကို အာရုံခံနိုင်သော်လည်း သူ၏အသိစိတ်က တဖြည်းဖြည်းမှုန်ဝါးလာသည့်အပြင် ဧကရာဇ်က သူ့ရှေ့သို့ မရောက်လာသည်မှာ အချိန်ကြာပြီဖြစ်၍ ရင်ထဲတွင် မနာကျင်ပဲ မနေနိုင်တော့ပေ။
သူ့ရှေ့က လူက တကယ်ပဲ ဧကရာဇ်လား ... ဒါမှမဟုတ် ပုံရိပ်ယောင်လား ...
သူ့ရှေ့မှမြင်ကွင်းကို ပို၍ထင်ရှားစေရန် လင်းရှောင် ခေါင်းခါလိုက်သော်လည်း ရင်ဘတ်မှ ဓားဒဏ်ရာ၏ နာကျင်မှုကြောင့် အမြင်အာရုံတစ်ခုလုံး အမှောင်ဖုံးသွားသည်။ သူ ပင့်သက်ရှိုက်ပြီး တိတ်ဆိတ်စွာ တောင့်ခံနေရချိန်တွင် သူ၏ခန္ဓာကိုယ်က ရင်ခွင်ကျယ်ကြီးတစ်ခုထဲသို့ ဆွဲယူလိုက်သည်ကို ခံစားလိုက်ရသည်။ အသက်ရှုလိုက်ချိန်တွင် ထိုရနံ့ကို လင်းရှောင်ရင်းနှီးနေသည်။
" အရှင်မင်းကြီး ..."
လင်းရှောင် သတိလက်လွတ်ဖြင့် ရေရွတ်လိုက်သည်။
နူးညံ့ပြီး အားနည်းဖျော့တော့သည့်လေသံလေးက ဧကရာဇ်၏နားထဲရောက်သွားပြီး သူ၏နှလုံးသားကို ကလူကျီစယ်နေသကဲ့သို့ပင်။
ဧကရာဇ်က သူ၏ရင်ခွင်ထဲမှ ကုန်းကုန်းလေးကို ငုံ့ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ အဖြူရောင်အဝတ်အစားများက သူ့ကိုနတ်သားတစ်ပါးနှင့်တူစေပြီး ထိုအဝတ်များကြောင့် သူ၏အသားအရည်ကို ပို၍ဖြူသယောင်ထင်ရစေသည်။ သူ၏နှုတ်ခမ်းပါးများကလည်း အရောင်မဲ့နေသည်။ သူ၏ရင်ဘတ်မှ ဓားထိုးခံထားရသည့်ဒဏ်ရာမှ သွေးရောင်နှင့် အဖြူရောင်တို့ ရောနှောသွားသည့်အခါ ညှိ့ယူဖမ်းစားမှုများကို သယ်ဆောင်လာသကဲ့သို့ပင်။
သူ၏မျက်ခုံးများ တွန့်ချို့ထားသည့်အတွက် နာကျင်မှုကို ကြိတ်မှတ်ခံစားနေရကြောင်း သိနိုင်သည်။ နာကျင်မှုကြောင့် အသံမထွက်စေရန် နှုတ်ခမ်းကို ဖိကိုက်ထားသဖြင့် ခေါင်းမာသည်မှာလည်း ကျောက်တုံးတစ်တုံးကဲ့သို့ပင်။
ထိုသို့ဖြစ်နေသည့် လင်းရှောင်ကို မြင်လိုက်ရသည့်အခါ ဧကရာဇ်၏ အကြည့်များ မည်းနက်သွားကာ ရင်တွင်းမှ ဒေါသများမြင့်တက်လာသည်။
ဒီ ကုန်းကုန်းလေးက သူ့ရှေ့မှာ ဒဏ်ရာရပြန်ပြီ ...
ဧကရာဇ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး လင်းရှောင်ကိုပွေ့ချီကာ ထွက်သွားသည်။
ရှောင်လိဇီက အလျင်အမြန်ဒူးထောက်၍ အမိန့်ကိုတောင်းခံလိုက်သည်။
" အရှင်မင်းကြီး ... မောင်းမမိုနဲ့ ရှောင်လိုင်ဇီကို ..."
တိုတောင်းသော စကားတစ်ခွန်းသာဖြစ်သော်လည်း ဧကရာဇ်၏အမိန့်အာဏာဖြင့် ပြည့်နှက်နေသည်။ ပတ်ပတ်လည်မှလူများလည်း သူတို့ဧကရာဇ်ကို ရိုသေသမှုကိုပြသရန် ကိုယ်များကိုင်းညွှတ်ပြီး အရိုအသေပြုနေကြသည်။
ရှောင်လိဇီက ဧကရာဇ်နှင့် အနီးဆုံးတွင်ဖြစ်၍ သူက နဂါးတစ်ကောင်ကဲ့သို့ဖိအားကို အခံစားရဆုံးဖြစ်သည်။ ဧကရာဇ်က အမိန့်ပေးလိုက်ချိန်တွင် သူ့ကို တစ်ချက်သာ စောင်းငဲ့ကြည့်လိုက်သည်။ ထိုအကြည့်မှာ အလွန်အရှိန်အဝါရှိလွန်းပြီး အေးစိမ့်နေသောကြောင့် ရှောင်လိဇီ၏ခန္ဓာကိုယ်က တုတ်တုတ်မျှ မလှုပ်နိုင်တော့ပေ။
လင်းရှောင်ကိုပွေ့ချီပြီး ဧကရာဇ် ထွက်ခွာသွားချိန်မှသာ ရှောင်လိဇီ ခြေထောက်များခွေလဲပြီး မြေပြင်ပေါ်လဲကျသွားသည်။ ချွေးများစီးကျနေသည့်အတွက် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး စိုစွတ်နေသည်။ ငုံ့ကြည့်လိုက်သည့်အခါ မမျှော်လင့်ပဲ ရှူးပေါက်ချထားမိသည်ကို တွေ့လိုက်ရသည်။
ထိုအဖြစ်အပျက်ကို ဖူယွီကျွင်းမြင်သည့်အခါ အနည်းငယ်ရယ်လိုက်မိသည်။ ကုန်းကုန်းလေး အလွန်ကြောက်ရွံ့နေသည်ကို အပြစ်မတင်နိုင်ပေ။ ထိုသို့ဖိအားကို ခံစားရပါက သူသည်လည်း ထိုကဲ့သို့ဖြစ်မည်ပင်။
ဖူယွီကျွင်းလက်မြှောက်လိုက်ပြီး အနီးမှကြောက်ရွံ့နေသည့်လူများကို မြင်သည့်အခါ ခါးသီးစွာရယ်လိုက်သည်။
ဒါက အသက်နှစ်ဆယ့်ငါးနှစ်လောက်ပဲရှိသေးတဲ့ မူဧကရာဇ်ရဲ့ အနက်ရောင် နဂါးစွမ်းအားအား ...
ကိုယ်တိုင်မြင်လိုက်ရတာက သူများတွေပြောတာကြားရတာထက် ပိုကောင်းသားပဲ ...
လင်းရှောင်နိုးလာသည့်အခါ သူ၏ခုတင်ပေါ်တွင် လှဲလျောင်းနေခြင်းဖြစ်သည်။ သူ့ကို နင်းရွှမ်းနန်းဆောင်သို့ ပြန်ခေါ်လာခြင်းဖြစ်သည်။
လင်းရှောင်အနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့် ရင်ဘတ်မှ နာကျင်မှုကို ခံစားလိုက်ရသည်။ ၎င်းက မျိုသိပ်ရန် ခက်ခဲလွန်းသဖြင့် ညည်းညူနေရသည်။ နာကျင်မှုအနည်းငယ်လျော့ပါးသွားသည့်အခါ ခန္ဓာကိုယ်ကို ထပ်မလှုပ်ရဲတော့ပေ။ လည်ပင်းကိုစောင်း၍ အနီးအနားကိုကြည့်လိုက်သည့်အခါ မမျှော်လင့်စွာဖြင့် တစ်ယောက်မျှ ရှိမနေပေ။
လင်းရှောင် အနည်းငယ်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
သူ့ကို အရှင်မင်းကြီးက ပြန်ခေါ်လာတာမလား ... မင်းကြီး ဘယ်ရောက်သွားတာလဲ ...
မင်းကြီးက ဘေးနားမရှိရင်တောင် အိပ်ဖန်စောင့်တွေကရော ...
" ဒီလူတွေကို ရှာနေတာလား ..."
ဘေးမှ ယောက်ျားတစ်ယောက်၏ အသံထွက်လာသည်။ အသံလာရာဆီသို့ ကြည့်လိုက်သောအခါ သူ့ဘေးတွင် မေ့လဲနေသည့် အစေခံမလေးနှစ်ယောက်ကို မြင်လိုက်ရသည်။
လင်းရှောင်၏မျက်လုံးများ ပြူးကျယ်သွားပြီး စကားပြောနေသူကို ကြည့်လိုက်သည်။
ထိုလူက မျက်ခုံးပါးပါးနှင့် အသားကဖြူဖွေးနေကာ နိုင်ငံရပ်ခြားမှ အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူ၏ဝတ်စုံမှ ရွှေသီးလေးများတွဲလောင်းကျနေကာ လမ်းလျှောက်လိုက်တိုင်း အသံမြည်နေသည်။
" ရှောင်တိုင်းပြည်က မင်းသားလား ..."
လင်းရှောင် သတိထားပြီး ပြောလိုက်သည်။ ရင်ဘတ်ကိုအုပ်၍ ထထိုင်ရန်ကြိုးစားသော်လည်း သူဒဏ်ရာရထားသည့်နေရာမှာ ရင်ဘတ်တွင်ဖြစ်၍ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်တိုင်း အနာကိုဖွင့်သကဲ့သို့ ဖြစ်သွားကာ နာကျင်မှုကို တောင့်ခံနေရသည်။ လှုပ်ရှားရန် ခက်ခက်ခဲခဲကြိုးစားခဲ့သော်လည်း တစ်ကိုယ်လုံးချွေးပြန်သွားသည်သာ အဖတ်တင်သွားသည်။
ဖူယွီကျွင်းက ရှေ့သို့အမြန်လျှောက်လာပြီး သူ့ကိုထူပေးကာ ပြောလိုက်သည်။
" မင်း ဒီတစ်ခါ ဆိုးဆိုးရွားရွားဒဏ်ရာရထားတယ် မလှုပ်ရှားပဲနေတာ ပိုကောင်းလိမ့်မယ် ..."
သူ၏ စကားသံထဲတွင် စိတ်ပူပန်မှုနှင့် စိုးရိမ်ကြောင့်ကျမှုများ ပါဝင်နေသည်။
လင်းရှောင် မျက်ခုံးနှစ်ခုကို ထိသည်အထိ ကွေးညွတ်လိုက်သည်။
ဖူယွီကျွင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ...
ထိုသို့တွေးကာ လင်းရှောင် ဖူယွီကျွင်းကို အားပြု၍ ခုတင်ဘောင်တွင် မှီ၍ထိုင်လိုက်သည်။
" အရှင်မင်းသား ဘာကိုဆိုလိုတာပါလဲ ..."
ယခုလက်ရှိ သူ၏ရှေ့မှလင်းရှောင်က ဖြူဖျော့နေသောမျက်နှာနှင့် နဖူးပြင်တွင်လည်း ချွေးသီးချွေးပေါက်များ ထွက်နေလျက် ပင်ပန်းနေသော အသွင်အပြင်ဖြစ်နေသည်။ သို့ရာတွင် ခေါင်းမာစွာဖြင့် နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး အားနည်းနေသော်လည်း အတင်းအကျပ်ဖိအားပေး၍ တင်းခံနေသည်။ ဤကဲ့သို့အခြေအနေရောက်နေသော်လည်း သူ၏အားမာန်က လျော့မသွားဘဲ စူးစူးရဲရဲမျက်လုံးများဖြင့် သူ့ကို သတိထားနေသေးသည်။ ဖူယွီကျွင်း ထိုမြင်ကွင်းကြောင့် အနည်းငယ်ပြုံးမိသွားသည်။
ဒီလင်းရှောင်ဆိုတဲ့တစ်ယောက်က စိတ်ဝင်စားစရာကောင်းသားပဲ ...
ထိုအတွေးဖြင့် နူးညံ့စွာပြောလိုက်သည်။
" ငါ့ရဲ့ အသက်သခင်ကျေးဇူရှင်ကို လာကြည့်တာပါ ဒါပေမဲ့ မူဧကရာဇ်က မင်းကို ဖွက်ထားတယ်လေ ... အဲ့တော့ ရွေးချယ်စရာမရှိပဲ ဒီလိုလုပ်ရတော့တာပဲ ..."
လင်းရှောင်၏အကြည့်က ခုတင်ဘေးမှ မေ့လဲနေသော အစေခံမလေးနှစ်ယောက်ဆီသို့ ရောက်သွားသည်။ ဖူယွီကျွင်းက အလျင်အမြန်ရှင်းပြလိုက်သည်။
" ငါ သူတို့ အိပ်ပျော်မယ့်အကြောကို နှိပ်လိုက်ရုံပါ ... ခဏအိပ်ပြီးရင် ပြန်နိုးလာလိမ့်မယ် စိတ်ပူစရာမလိုပါဘူး ..."
အိပ်ပျော်တဲ့အကြောပဲ ဖြစ်ပြန်ပြီလား ... ဒီသိုင်းပညာတွေက တော်တော်လေးအသုံးဝင်တာပဲ ...
" မင်းငါ့ကို ကယ်တင်ခဲ့တယ် အဲ့တော့ ဘာလိုချင်လဲ ..."
လင်းရှောင်က ခုတင်ပေါ်တွင်မှီနေပြီး အချိန်အတော်ကြာသည်အထိ ဘာမှမပြောသည့်အခါ ဖူယွီကျွင်းမေးလိုက်သည်။
လင်းရှောင်က သူ၏ရှေ့မှ ချောမောခံ့ညားသော တိုင်းတစ်ပါးမှ ယောကျာ်းသားကို စိုက်ကြည့်လိုက်မိသည်။
ဒါလေးပြောဖို့ ရောက်လာတာလား ...
လင်းရှောင်စဉ်းစားဆင်ခြင်ရန် လိုအပ်လာသည်။
သူ သတိမလစ်မီက မြင်ကွင်းများ မျက်လုံးထဲမြင်ယောင်လာသည်။ ဖူယွီကျွင်းက သူ့ကို ခုတင်ပေါ်မှီရန် နောက်တစ်ကြိမ် ကူညီပေးပြီး သူ၏မျက်နှာပေါ်တွင် ညင်သာမှုနှင့် နှိမ့်ချမှုများကို မြင်လိုက်ရသည်။
ဖူယွီကျွင်းက ဘယ်လိုကျေးဇူးဆပ်ရမယ်ဆိုတာပဲ လာမေးတဲ့ပုံပါပဲ ...
အဲ့လို ဆိုရင်တော့လည်း ...
လင်းရှောင်၏မျက်နှာပေါ်တွင် ဉာဏ်နီဉာဏ်နက်များသည့် အမူအယာတစ်ခု ပေါ်လာသည်။ ဖူယွီကျွင်းက သူ၏မူလရည်ရွယ်ချက်မဟုတ်သော်လည်း သူ၏ခန္ဓာကိုယ်ကို အသုံးပြု၍ သူ့အစား တိုက်ခိုက်မှုကို ကာကွယ်ပေးလိုက်သည်မှာလည်း မှန်ကန်သည်။ သူ့ကို ပြန်လည်ကျေးဇူးဆပ်ချင်သည်မှာ သဘာဝပင်။
သူ၏ အမူအယာက ဖူယွီကျွင်း၏ မျက်လုံးများထဲမှ မလွတ်မြောက်သွားခဲ့ပေ။ သူ၏ရှေ့မှ ရွှင်မြူးနေသော လင်းရှောင်ကိုကြည့်ကာ မူဧကရာဇ်က လင်းရှောင်ကို အဘယ့်ကြောင့် အထူးတလည်နှစ်သက်ကြောင်း နားလည်သွားသည်။ သူတိုးညှင်းစွာရယ်ပြီး လင်းရှောင်အနားသို့ ချဉ်းကပ်လာကာ မဆီမဆိုင်မေးခွန်းတစ်ခုကို မေးလိုက်သည်။
" မူတိုင်းပြည်က ကုန်းကုန်းတွေအားလုံးက မင်းလိုပဲ စိတ်ဝင်စားဖို့ကောင်းလား ..."
အမ် ဘာလဲဟ ...
လင်းရှောင် ဖူယွီကျွင်းကို ကြောင်အအဖြင့် ကြည့်လိုက်သည်။ သူ၏ဖြူဖျော့နေသော နှုတ်ခမ်းများ ဖွင့်ဟလာပြီး တစ်ခုခု ပြောချင်သော်လည်း ပြောစရာစကားရှာမရသဖြင့် မပြောတော့ပေ။ သူ၏အမူအယာက နှေးတိနှေးတုံ့ဖြင့် ချစ်စဖွယ်ကောင်းနေသည်။
၎င်းကို ဖူယွီကျွင်းမြင်သည့်အခါ အနည်းငယ် ရယ်လိုက်သည်။ လင်းရှောင်ဘေးတွင်ထိုင်နေစဉ် သူ၏စိတ်က ပို၍ ကြည်လင်လာသည်။ လင်းရှောင်၏မေးစေ့ကို လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်ကာကြောက်လန့်သွားသော အမူအရာကို မြင်လိုက်သဖြင့် ကျီစယ်လိုက်သည်။
" မူတိုင်းပြည်ဧကရာဇ်ကို သဘောမကျရင် ကိုယ်မင်းကို ခေါ်သွားရမလား ..."