အပိုင်း ၈၁
Viewers 62k

အခန်း 81 “ဒီခွေးက မာနထောင်လွားလွန်းတယ်…”


“ဘယ်သူလဲ…. အဲဒီမှာဘယ်သူလဲ….” အလွန်မာနထောင်လွာသော အသံကို ကြားလိုက်ရပြီးနောက် ဟွန်းချွမ်ယွမ်၏ မျက်လုံးများအတွင်းမှ ဝိဥာဉ်မီးတောက်လေးက ပိုမိုပြင်းထန်လာပြီး ခန္ဒာကိုယ်မှ အရှိန်အဝါများက အားကောင်းစွာ ထွက်ပေါ်လာကြသည်။ အသံရှင်ကို ရှာဖွေရန် ပတ်၀န်းကျင်တစ်ခွင်ကို လှည့်ပတ်ကြည့် ရှုလိုက်သော်လည်း အသံပိုင်ရှင်ဟု ထင်ရမည့် တစ်ဦးတစ်ယောက်ကိုမျှ တွေ့မြင်ရခြင်းမရှိပေ။ 


ဆိုင်အတွင်းတွင် စားသုံးနေကြသူများက သူ၏ အကြည့်အောက်တွင် ကြောက်ရွံ့နေကြပြီး အသံရှင်က ထိုသူများကြားတွင် ရှိနေမည်မှာ မဖြစ်နိုင်ကြောင်း ဟွန်းချွမ်ယွမ်က တွေးတောလိုက်သည်။ ပုဖန်က မျက်မှောင်ကြုံ့လိုက်မိသည်။ သူ၏ မျက်နှာအမူအယာကလည်း မဲမှောင်နေပေသည်။ မြေပြင်ပေါ်သို့ ပျံ့ကြဲသွားသည့် အသားများနှင့် စွပ်ပြုတ်ရည် ပူပူလေးများ၏ မွှေးပျံ့သော ရနံ့များက အေးစက်သော ဆောင်းလေရူး၏ အောက်တွင် တခဏအတွင်း ပျောက်ကွယ်သွားလေတော့သည်။ 


“ဆိုင်ပိုင်ရှင်ကို သတ်ဖြတ်ဖို့ လာရောက်တဲ့ရည်ရွယ်ချက်ကို ရှာဖွေနေပါတယ်… ကာကွယ်ရေးတာ၀န်ပုံစံ စတင်အသက်၀င်လာပါပြီ…” ကြီးမာသော အဖြူရောင်ပုံရိပ်တစ်ခုက ဆိုင်အတွင်းမှ အလျင်အမြန် ပြေးထွက်လာပြီး ပုဖန်နံဘေးတွင် ရပ်၍ ပြောဆိုလိုက်သည်။


၀ှိုက်တီ၏ စက်ရုပ်မျက်လုံးများက အနီရောင်အလင်းများ လင်းလက်နေပေသည်။ ပထမအသံရှင်ကို ရှာဖွေနေသော ဟွန်းချွမ်ယွမ်၏ မျက်၀န်းများက ဝှိုက်တီကို တွေ့လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားလေသည်။ 


“ဒါက ရုပ်သေးရုပ်တစ်ခုလား….”  


စားသောက်ဆိုင်ငယ်လေး၏ ကောလဟာလများနှင့် လုပ်ဆောင်ချက်အချို့ကို ဟွန်းချွမ်ယွမ်က သိရှိထားသော်လည်း အသေးစိတ်ကျကျကို စုံစမ်းခဲ့ခြင်းမရှိပေ။ စားသောက်ဆိုင်ငယ်လေးက ရှောင်မန်နှင့် လျန်ဖုတို့ကဲ့သို့ သူတော်စင်အဆင့်နှစ်ယောက်ကို ထိတ်လန့်တုန်လှုပ်စေသည်ဟု ကြားခဲ့ရသော်လည်း အကြောင်းအရင်းကို မသိရှိခဲ့ရပေ။


“အင်း… ကြည့်ရတာတော့… ဒီစားသောက်ဆိုင်ရဲ့ လျို့ဝှက်ချက်က ဒီရုပ်သေးပဲ ဖြစ်ရမယ်…” 


ဘလက်ကီက တစ်ဖြည်းဖြည်း လျောက်လာပြီး လှုပ်ရှားရန် ပြင်ဆင်လိုက်ချိန်၌ ပုဖန်၏ အနီးသို့ ရောက်ရှိလာသော ဝှိုက်တီကို တွေ့လိုက်ရသောကြောင့် ရပ်တန့်လိုက်သည်။ 


“ဒီလူက ငါ့ဆိုင်က စားသုံးသူကို သတ်ဖြတ်လိုက်ပြီးတော့ ဟင်းပွဲကို ဖျက်ဆီးပစ်လိုက်တယ်… ဒီအပြစ်က ခွင့်လွတ်ပေးလို့မရဘူး…” ပုဖန်က မာမာထန်ထန် ပြောဆိုလိုက်ပြီး ဟွန်းချွမ်ယွမ်ကို ကြည့်နေသော အကြည့်များက အေးစက်လာခဲ့သည်။ 


“ဟမ့်… ဘယ်လိုတောင် မာနထောင်လွားနေတာလဲ… ဒီလူအိုကြီးက မင်းဆိုင်ရဲ့ စွမ်းဆောင်နိုင်စွမ်းကို ဒီနေ့တော့ လက်တွေ့ကျကျ စမ်းသပ်သွားရမယ်…” ဟွန်းချွမ်ယွမ်က နှာခေါင်းရှုံ့လိုက်ပြီး ပြောဆိုလိုက်သည် ။


ထို့နောက် နောက်သို့ ခြေနှစ်လှမ်းမျှ ဆုတ်လိုက်ပြီး လက်ကို ဝှေ့ရမ်းလိုက်ကာ ငရဲဝိဥာဉ်မှော်အစီအရင်၏ ကြီးမာသော လူပုံသဏ္ဍာန် ငရဲဘုရင်ကို လှုပ်ရှားလာစေလိုက်သည်။ လှိုင်းလုံးများကဲ့သို့ အနက်ရောင်မြူခိုးငွေ့များနှင့် ပုံဖော်ထားသည့် ငရဲဘုရင်၏ လက်ထဲတွင် အနက်ရောက်လှံရှည်တစ်ချောင်းက ဖြစ်ပေါ်လာခဲ့သည်။ 


တည်ငြိမ်ခြင်းမရှိသော စွမ်းအင်များက အနက်ရောက်မြူခိုးငွေ့များအဖြစ် လှံ၏ ပတ်လည်တွင် ၀န်းရံနေပေသည်။ ငရဲဘုရင်က ရုတ်တရက် လှုပ်ရှားသွားပြီး ပုဖန်ကို လှံဖြင့် လှမ်ပစ်လိုက်ရာ ကျယ်လောင်သော လေထုစုတ်ဖြဲသံက ထွက်ပေါ်လာလေသည်။ ဝှိုက်တီ၏ အနီရောင်မျက်၀န်းများက လင်းလက်သွားပြီး ပုဖန်၏ ရှေ့သို့ ရုတ်တရက်ရောက်ရှိလာကာ လက်သီးတွင် အားအပြည့်ထည့်၏ လှံတံကို ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။


လှံတံက လက်သီးနှင့် ထိလိုက်သည်နှင့် လေပွေတစ်ခု ဖြစ်ပေါ်လာပြီး ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာကာ လမ်းကြားလေး၏ အ၀တွင်သာ ဖုံးလွမ်းထားသည့် မြူခိုးနက်များက လမ်းကြားလေးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။ ပုဖန်၏ ဆိုင်အတွင်းမှ စားသုံးသူများက ကျယ်လောင်သော ပေါက်ကွဲသံကြောင့် ထိတ်လန့်သွားကြပြီး ဆိုင်ပြင်သို့ ကြည့်လိုက်ကြသည်။ သို့သော် ဆိုင်၏ အပြင်ဘက်တွင် အလွှာပါးတစ်ခုက ကာကွယ်ထားပြီး ဆိုင်က သီးသန့် တည်ရှိနေကာ ထိုမြူခိုးနက်များက ဆိုင်အတွင်းသို့ ၀င်ရောက်နိုင်ခြင်း မရှိသည်ကို အံ့အားသင့်စွာတွေ့လိုက်ကြရသည်။


၀ှိုက်တီ၏ လှုပ်ရှားမှုကို တွေ့လိုက်ရသည့် ဟွန်းချွမ်ယွမ်က နှာခေါင်းရှုံ့၍ ရယ်မောပြောဆိုလိုက်သည်။


“သူတော့စင်အဆင့်တစ်ယောက်ကိုတောင် ဒုက္ခရောက်သွားနိုင်တဲ့ ဒီလေဟာနယ်လှံကို ရုပ်သေးကဒီတိုင်း ကာလိုက်တာလား… ဟဟ…” 


အနက်ရောင်မြူခိုးများအတွင်းတွင် တောက်ပနေသည့် အနီရောက်အလင်းစက်နှစ်ခုသာ မြင်တွေ့နေရပေသည်။ ထိုအနီရောင်အလင်းစက်နှစ်ခုက ခရမ်းနက်ရောင်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး လေပွေတစ်ခု ဖြစ်ပေါ်လာကာ မြူခိုးများကို လွင့်ပျယ်သွားစေလေသည်။ မြူခိုးများ ပျောက်ကွယ်သွားချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ဟွန်းချွမ်ယွမ်က အလွန်အံ့အားသင့်သွားပြီး သူ၏ မျက်လုံးများအတွင်းမှ ဝိဥာဉ်မီးတောက်လေးပင် တုန်လှုပ်သွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ 


၀ှိုက်တီ၏ ခန္ဒာကိုယ်တစ်ခုလုံးတွင် အလင်းရောင်များ တောက်ပနေပြီး ခရမ်းနက်ရောင် ပြောင်းလဲသွားသော မျက်လုံးနှစ်လုံးက အလွန်အမင်း အေးစက်နေပေသည်။ လက်နှစ်ဖက်ကို ခန္ဒာကိုယ်အရှေ့တွင် ယှက်ထားပြီး ငရဲဘုရင်၏ လေဟာနယ်လှံကို ကာကွယ်လိုက်ဟန်ရကာ ခန္ဒာကိုယ်တစ်ခုလုံးတွင် ခြစ်ရာတစ်ခုမျှပင် ရှိမနေချေ။ ပုဖန်က နေရာမှပင် မရွေ့ပဲ ဝှိုက်တီ၏ အနောက်တွင် ရပ်၍ ဟွန်းချွမ်ယွမ်ကို မမှိတ်မသုန် စိုက်ကြည့်နေလေသည်။ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အနည်းငယ်မျှပင် ရှာမတွေ့နိုင်ချေ။


“တိုက်ခိုက်ခြင်းနည်းစနစ် အသက်၀င်ပါပြီ…”


၀ှိုက်တီ၏ စက်ရုပ်သံက ပို၍ အေးစက်နေပြီး ခရမ်းရောင်မျက်၀န်းများ အတွင်းတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ လွှမ်းခြုံနေပေသည်။ အသံ ထွက်ပေါ်လာသည်နှင့် ဝှိုက်တီက မျက်စိဖြင့် လိုက်မမှီနိုင်သော အရှိန်နှင့် ဟွန်းချွမ်ယွမ်ထံသို့ ရောက်ရှိသွားပြီး တိုက်ခိုက်လိုက်သည်။ ဟွန်းချွမ်ယွမ်က ကျယ်လောင်စွာ အော်ဟစ်မာန်သွင်းလိုက်ပြီး သူ၏ နောက်မှ အနက်ရောင်စွမ်းအင်များကို သူ၏ခန္ဒာကိုယ်အတွင်းသို့ စုစည်းလိုက်ပြီး ဝှိုက်တီကို ပြန်လည်လိုက်တိုက်လိုက်သည်။


တိုက်ခိုက်မှုနှစ်ခု ထိခတ်မိရာမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများက လမ်းကြားလေး၏ နံရံများကို အက်ကွဲသွားစေပြီး အရပ်မျက်နှာ အဖက်ဖက်သို့ ပျံ့နှံ့သွားလေသည်။ ဟွန်းချွမ်ယွမ်၏ မျက်နှာအမူအယာက ပြောင်းလဲသွားလေသည်။ သူတို့က ဆက်လက်တိုက်ခိုက်နေပါက အင်ပါယာမြို့တော်အတွင်းတွင် ကင်းလှည့်နေသော တပ်သားများကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်ပေသည်။ ထို့ကြောင့် တိုက်ပွဲကို ခပ်မြန်မြန် အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။


“မြန်မြန်လုပ်… ပိုင်ရှင်ကို မြန်မြန် အဆုံးသတ်လိုက်ကြ… ဒီရုပ်သေးကို ငါတားထားလိုက်မယ်…”


တိုက်ပွဲအတွေ့အကြုံ ပြည့်ဝနေသော ဟွန်းချွမ်ယွမ်ကအဓိကလူများ ပုဖန်ဖြစ်ကြောင်းကို သိရှိနေပေသည်။ ရုပ်သေးရုပ်က ပုဖန်ကို ကာကွယ်နေခြင်းဖြစ်ပြီး ပုဖန်သာ သေဆုံးသွားပါက ကာကွယ်ရမည့် တာ၀န်ပြီးဆုံးသွားပြီး ရပ်တန့်သွားပေလိမ့်မည်။ ဟွန်းချွမ်ယွမ်၏ အနောက်တွင် ရပ်နေသည့် ဘုရင်အဆင့် ခြောက်ယောက်က ငရဲဝိဥာဉ်စုတ်ဖြဲခြင်း လျို့ဝှက်မှော်အစီအရင်ကို အသက်သွင်းလိုက်ပြီး ပုဖန်ထံသို့ ဦးတည်လိုက်သည်။ 


ပုဖန်က သူ့ထံသို့ ဦးတည်လာနေသော ငရဲဘုရင်၏ အရိပ်ကို အမူအယာမပျက် စိုက်ကြည့်လိုက်ပြီး ရှောင်ယီ၏ ခေါင်းကို ခပ်ဖွဖွပွတ်ပေးလိုက်ကာ ဆိုင်အတွင်းသို့ ၀င်ရောက်နေရန် ပြောဆိ်ုလိုက်သည်။


“ဒီကောင်စုတ်က သေချင်နေတာလား … ငါတို့ရဲ့ လျို့ဝှက်မှော်အစီအရင်နဲ့ ထပ်တိုက်တွေ့နေတာတောင် ထွက်မပြေးပဲ ကြောင်ကြည့်နေသေးတယ်…” မှော်အစီအရင်ကို ထိန်းချုပ်ထားသည့် ဘုရင်အဆင့်တစ်ယောက်က ပြောဆိုလိုက်သည်။


“ဟမ့်.. ဖြစ်နိုင်တာက ငါတို့ရဲ့ မှော်အစီအရင်ကြောင့် သူ့ရဲ့ခြေထောက်တွေ ပျော့ခွေနေပြီး ပြေးဖို့ အားမရှိတော့တာ နေမှာပေါ့…”


“ငရဲဝိဥာဉ်စုတ်ဖြဲခြင်း လျို့ဝှက်မှော်အစီအရင်ရဲ့ ငရဲဘုရင်အရိပ်က သူတော်စင်အဆင့်တစ်ယောက်နဲ့ ညီမျှတယ်လေ… အခုလောက်ဆို ဒီကောင် ကြောက်ချေးပါနေလောက်ပြီ…” နောက်တစ်ယောက်က လှောင်ရယ်လိုက်ပြီး ၀င်ရောက်ပြောဆိုလိုက်သည်။


“ဘာကြောင့် ဒီကောင်စုတ်က မကြောက်ရမှာလဲ… သူတော်စင်အဆင့်တစ်ယောက်ရဲ့ အရှိန်အဝါကို သူ့လို တတိယအဆင့်လောက်က ခံနိုင်စရာလား…”


ပုဖန်က စနစ်၏ အကာအကွယ်အောင်တွင် ရှိနေသောကြောင့် မည်သည့် အရှိန်အဝါကမျှ သက်ရောက်ခြင်းမရှိပေ။ ထို့ကြောင့် သူ၏ လုံခြုံမှုကို စိုးရိမ်ရန်မလိုပဲ ကြောက်ရွံ့နေခြင်းမရှိပေ။ ဘလက်ကီက ဖြည်းညင်းစွာ လျောက်လှမ်းလာပြီး ငရဲဘုရင် အရိပ်နှင့် ပုဖန်၏ ကြားတွင် ၀င်ရပ်လိုက်သည်။ ဘလက်ကီက ခေါင်းကိုမော့လိုက်ပြီး ကြီးမားသော ငရဲဘုရင်၏ အရ်ိပ်ကို အထင်အမြင်သေးစွာ ကြည့်လိုက်လေသည်။


“ရှူးရှူးရှူး…. ဒီခွေးနက်ကြီးက ဘယ်ကရောက်လာတာလဲ… သွားစမ်း.. ဝေးဝေးကို…” ဘုရင်အဆင့်တစ်ယောက်က ဘလက်ကီကို တွေ့မြင်သွားသောကြောင့် မောင်းထုတ်လိုက်သည်။


ဘလက်ကီက သာမာန်ခွေးတစ်ကောင်ကဲ့သို့ ပေါ်လာသောကြောင့် သူ၏ အရှိန်အဝါများကို မခံစားမိချေ။


“ငတုံးကောင်… မင်းကဒီခွေးဘုရင်ကို ပြောနေတာလား…” ဘလက်ကီက ခေါင်းကို ၀င့်ကြွားစွာ မော့လိုက်ပြီး ပြောဆိုလိုက်သည်။ 


ဘုရင်အဆင့် ခြောက်ယောက်က ဘလက်ကီ၏ အသံကြောင့် အံ့အားသင့်နေလေသည်။


“သောက်ခွေး… ဒီ..ဒီခွေးက စကားပြောတတ်တာလား…”


“ငတုံးကောင်… မင်းကဒီခွေးဘုရင်ကို ထွက်သွားဖို့ ပြောလိုက်တာလား… အသက်မရှင်ချင်တော့ဘူးထင်တယ်… သတ်ဖြတ်ခြင်းငရဲဘုရင်လောက်လေးနဲ့ ဒီခွေးဘုရင်ကို နှောက်ယှက်နိုင်ပြီလို့ ထင်နေတာလား…” ဘလက်ကီက ပြောဆိုလိုက်သည်။


ဘုရင်အဆင့်ခြောက်ယောက်က ကြောင်အနေရာမှ သတိပြန်၀င်လာပြီး အလွန်အမင်း ဒေါသထွက်သွားလေသည်။ ခွေးတစ်ကောင်က မာနထောင်လွှားစွာဖြင့် သူတိ်ု့ရှေ့တွင် လာရပ်နေသည်ကို သည်းမခံနိုင်ပဲ ဖြစ်နေလေသည်။ 


“ခွေးမသားခွေး… သေလိုက်စမ်း… ဒီနေ့မင်းကို သတ်ပြီး ချက်မစားနိုင်ရင် ငါ့ရဲ့ မျိုးရိုးနံမည်ကို မင်းနံမည်အဖြစ် ပြောင်းလိုက်မယ်…” ဘုရင်အဆင့်တစ်ယောက်က ဒေါသများကို မထိန်းချုပ်နိုင်ပဲ အောဟစ်လိုက်ပြီး အနက်ရောင်လှံတစ်ချောင်းကို စုစည်းစေလိုက်ကာ ဘလက်ကီကို ပစ်လိုက်လေသည်။ 


“ဟမ့်… မင်းတို့က ဒီအပ်လေးကို ငရဲဘုရင်ရဲ့ မပျက်စီးနိုင်တဲ့ လေဟာနယ်လှံလို့ခေါ်တာလား… ငါ့အတွက်တော့ အယားပြေကုတ်ဖို့တောင် ဒါမျိုးကို မသုံးဘူး…” ဘလက်ကီက ပြောဆိုလိုက်ပြီး ခေါင်းကို လှုပ်ခါ၍ နားရွက်ကို ခတ်ထုတ်လိုက်ရာ အနက်ရောင်လှံက ပြိုကွဲသွားပြီး အပိုင်းပိုင်းအစစ ပြိုကွဲသွားလေသည်။ အနက်ရောင်စွမ်းအင်များက လေထုထဲသို့ ပျံ့နှံ့သွားပြီး ပျောက်ကွယ်သွားလေသည်။ 


“ငါတို့ဘာမြင်လိုက်ရတာလဲ… ဘာတွေဖြစ်သွားတာလဲ…” ဘုရင်အဆင့်ခြောက်ယောက်က ကြောင်အနေပေသည်။


“ဒါက သင်္ဂျိုင်းထဲက သောက်သုံးမကျတဲ့လူအိုကြီးရဲ့ အရိပ်ဖြစ်နေပေမယ့်… ငါက အဲလိုအရာတွေကိုမုန်းတယ်… ပြီးတော့ ငါအိပ်နေတုန်း မင်းတို့က လာဖျက်စီးနေတာဆိုတော့ မင်းတို့အားလုံးသေသင့်တယ်…” ဘလက်ကီက ပြောဆိုလိုက်ပြီး သူ၏ လက်သည်းများကို ဖြန့်ကားလိုက်လေသည်။ 


ပုဖန်က ဘလက်ကီကို ကြည့်နေရာမှ မျက်ခုံးပင့်လိုက်မိသည်။ ဘလက်ကီက လက်သည်းများကိုထုတ်လိုက်သည်နှင့် တစ်ဖြည်းဖြည်း ကြီးမားလာပြီး ကောင်းကင်ကိုပင် ဖုံးအုပ်သွားတော့မည်ဟု ထင်ရပေသည်။ ဘလက်ကီက သူ၏ လက်သည်းများအောက်မှ ငရဲဘုရင်၏ အရ်ိပ်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး တစ်ဖြည်းဖြည်းခြင်း ဖိချလိုက်လေသည်။