အပိုင်း ၈၂
Viewers 52k

အခန်း 82 “ရွှေရောင်နဂါးအရိုးဓါး”


ဘလက်ကီ၏ လက်သည်းများအောက်တွင် ငရဲဘုရင်၏ ပုံရိပ်က အပိုင်းအစများအဖြစ် ပြိုကွဲသွားပြီး တစ်ဖြည်းဖြည်းခြင်း လွင့်ပါးပျောက်ကွယ်သွားလေတော့သည်။ ထိုအချိန်တွင် ဘုရင်အဆင့်ခြောက်ယောက်က လက်သည်းများမှ ပြင်းထန်သောအရှိန်အဝါကို ခုခံနိုင်စွမ်းမရှိပဲ တုန်လှုပ်ကြောက်ရွံ့နေပေသည်။ ချစ်စရာကောင်းသော ခွေးတစ်ကောင်က မျက်စိတစ်မှိတ်အတွင်းတွင် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးကဲ့သို့ ပြောင်းလဲသွားသောကြောင့် သူတို့၏ စိတ်အခြေအနေက ဆိုးဝါးနေပေသည်။


ဘလက်ကီ၏ လက်သည်းများက မြေပြင်ပေါ်သို့ ကျရောက်လာချိန်တွင် ကျိုးကြေသွားသော အသံတစ်ခုကြားလိုက်ရပြီး မြေပြင်က အနည်းငယ် လှုပ်ခါသွားလေသည်။ သတ်ဖြတ်ခြင်းမှော်အစီအရင်က အပိုင်းပိုင်းအစစ ဖြစ်သွားပြီး ဘုရင်အဆင့်ခြောက်ယောက်က မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ သွေးတစ်လုပ်စီ အန်လိုက်ရလေသည်။ သူတို့က ဤနေရာမှ ထွက်သွားချင်သော်လည်း သူတို့၏ ခန္ဒာကိုယ်များက အမိန့်မနာခံနိုင်တော့ပေ။


၀ှိုက်တီနှင့် တိုက်ခိုက်နေသည့် ဟွန်းချွမ်ယွမ်က လိပ်ပြာလွင့်မတက် ကြောက်ရွံ့သွားလေသည်။


“ဘုရားရေ… ဒီစားသောက်ဆိုင်မှာ ကြောက်စရာအကောင်းဆုံးက ငါ့ရဲ့ရှေ့က ရုပ်သေးမဟုတ်ဘူးပေါ့… ဒီခွေးက အမြဲတမ်းအပြင်းကြီးပြီး အိပ်နေတာလေ..” 


ခွေးတစ်ကောင်၏ လက်ဝါးရိုက်ချက်တစ်ချက်က ငရဲဝိဥာဉ် လျို့ဝှက်မှော်အစီအရင်ကို ပျက်စီးသွားစေပြီး ဘုရင်အဆင့် ခြောက်ယောက်ကိုပင် သေဆုံးသွားစေသည်။


“ဒီခွေးရဲ့ကျင့်ကြံမှုအဆင့်က ဘယ်လောက်များ မြင်မားနေပါလိမ့် … မဟုတ်မှလွဲရော န၀မအဆင့် အဆင့်မြင့် သားရဲကောင်ကြီးလား… န၀မအဆင့် သားရဲကောင်က အပေါက်စောင့်လုပ်နေတယ်… ဒါက ငါ့ကို ပျက်ရယ်ပြုနေတာလား….”


ဟွန်းချွမ်ယွမ်က စိတ်ဓါတ်ကျစွာဖြင့် သွေးအန်ချင်စိတ်ပင် ပေါက်သွားလေသည်။ စားသောက်ဆိုင်ငယ်လေး၏ ပိုင်ရှင်ကို သတ်ရန် ဆုံးဖြတ်ခဲ့သော သူ၏ ဦးနှောက်ကိုပင် ရွှေချချင်လာမိသည်။ သူ၏ စွပ်ပြုတ်အိုးကို ဖျက်ဆီးရန် တာ၀န်က ပြီးဆုံးသွားခဲ့သော်လည်း ဆိုင်ကိုပါ တစ်လက်စတည်း ဖယ်ရှားပစ်ရန် တွေးမိလိုက်ခြင်း ဖြစ်သည်။ သို့သော်သူ၏ လက်အောက်ငယ်သားများ အားလုံးကို ဆုံးရှုံးလိုက်ရပြီး သူပင် သေဆုံးနိုင်သည်ဟု ခံစားနေရသည်။


ဘလက်ကီက ပုံမှန်အရွယ်အစားသို့ ပြန်လည်ရောက်ရှိလာသည့် လက်ကို ရွံရှာဟန်ဖြင့် ခါထုတ်လိုက်ပြီး ဟွန်းချွမ်ယွမ်ကို မတူမတန်ဟန်ဖြင့် စိုက်ကြည့်လိုက်ကာ သူအိပ်နေကျနေရာသို့ ပြန်သွား၍ အိပ်နေလိုက်သည်။ အကြောင်းကိစ္စတစ်စုံတစ်ခုကို ပြုလုပ်ပြီးသည်နှင့် ပြန်အိပ်တတ်သော ဘလက်ကီ၏ အမူအကျင့်ကို ပုဖန်က အသားကျနေပြီဖြစ်သည်။ ဆိုင်တံခါးဘောင်ကို ကိုင်၍ ရပ်နေသည့် ကွမ်းရှောင်ယီက ဘလက်ကီကို ချစ်ခင် မြန်နိုးစွာဖြင့် ကြည့်နေလေသည်။


“ဘလက်ကီက တော်တော်အံ့သြဖို့ ကောင်းတာပဲ ငါလဲ အဲလိုခွေးလေးတစ်ကောင်လောက် လိုချင်လိုက်တာ…”


ဘလက်ကီက အကြည့်စူးစူးတစ်ခုကို ခံစားလိုက်ရသောကြောင့် မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်လိုက်သည်။ တစ်ဖိတ်ဖိတ်လက်နေသော မျက်၀န်းများနှင့် ကွမ်းရှောင်ယီကို မြင်လိုက်ရသောကြောင့် နှာခေါင်းရှုံ့၍ တစ်ဖက်သို့ လှည့်လိုက်လေသည်။  


“ဟွန့် ဒီခွေးဘုရင်ကိုအဲလိုလာစိုက်ကြည့်မနေနဲ့ ဒီခွေးဘုရင်က လူသားမိန်းမငယ်လေးတွေကို စိတ်မ၀င်စားဘူး….” 


ပုဖန်က ဘလက်ကီ၏ လက်ဝါးကြောင့် ဖြစ်ပေါ်လာသော ချိုင့်နေရာသို့ လျောက်သွားလိုက်သည်။ ထိုချိုင့်ထဲတွင် အားနည်းသည့် အနက်ရောင်စွမ်းအင်များက တည်ရှိနေဆဲဖြစ်ပြီး ဘုရင်အဆင့်ခြောက်ယောက်က အသားပြားကဲ့သို့ မြေတွင်ကပ်၍ သေဆုံးနေပေသည်။ 


ငရဲဝိဥာဉ်စုတ်ဖြဲခြင်း မှော်အစီအရင်က ပျက်စီးသွားသောကြောင့် ဟွန်းချွမ်ယွမ်၏ ခွန်အားက သူတော်စင်အဆင့်မှ ကျဆင်းသွားပြီး ခရမ်းရောင်မျက်၀န်းများနှင့် ဝှိုက်တီ၏ ပြိုင်ဘက်မဖြစ်နိင်တော့ပေ။ သူက ဝှိုက်တီ၏ လက်သီးနှင့် ထိခိုက်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာကာ အမှိုက်ပုံအောက်တွင် မြုတ်နှံခြင်း ခံလိုက်ရသည်။ ဝှိုက်တီ၏ ခရမ်းရောင်မျက်၀န်းများက တောက်ပနေပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေပေသည်။ 


၀ှိုက်တီက ဟွန်းချွမ်ယွမ်ရှိရာ သို့ တိုးကပ်သွားလိုက်ချိန်တွင် အမှိုက်ပုံအောက်မှ အနီရောင်ဝိဥာဉ်မီးတောက်တစ်ခုက ရုတ်တရက် ထတောက်လာလေသည်။ ထို့နောက် ထိုမီးတောက်အတွင်းမှ ပုံရိပ်တစ်ခု တိုးထွက်လာပြီး အလွန်လျင်မြန်သော အရှိန်နှင့် အဝေးသို့ ပြေးထွက်သွားလေတော့သည်။ ဟွန်းချွမ်ယွမ်က မလွတ်မြောက်နိုင်ကြောင်းကို သိရှိလိုက်သောကြောင့် ဝိဥာဉ်တစ္ဆေဂိုဏ်း၏ လျို့ဝှက် လွတ်မြောက်ခြင်း ကျင့်စဉ်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ 


ထိုနည်းလမ်းကို အသုံပြုပါက တန်ဖိုးကြီးကြီး ပေးဆပ်ရမည်ဖြစ်သော်လည်း ဝှိုက်တီ၏ မသေမချင်း ရိုက်နှက်မှုကို ခံရမည်ဖြစ်သောကြောင့် အသုံးပြုလိုက်ရပေသည်။ ဝှိုက်တီက သူ၏ပစ်မှတ် ပျောက်ဆုံးသွားသောကြောင့် လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူ၏ ဦးပြည်းပြောင်ပြောင်ကို တစ်ချက်ကုတ်လိုက်လေသည်။ ပုဖန်က မွစာကြဲနေသော လမ်းကြားလေးကို ကြည့်၍ စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်သည်။ ထိုပျက်စီးမှုများက သူ၏ စီးပွားရေးကို ထိခိုက်လာနိုင်သောကြောင့် အိမ်ရှေ့စံမင်းသာကို ပြန်လည်ပြုပြင်ခိုင်းရန် တွေးတောနေလိုက်သည်။


ထို့နောက် သက်ပြင်းတစ်ချက် ထပ်ချလိုက်မိသည်။ စားသောက်ဆိုင်အတွင်းတွင် ပုန်းအောင်းနေသည့် စားသုံးသူများက တိုက်ပွဲပြီးဆုံးသွားသောကြောင့် ပုဖန်ကို နှုတ်ဆက်လိုက်ပြီး အလျိုအလျို ထွက်ခွာသွားကြလေတော့သည်။ အားလုံးထွက်ခွာသွားကြပြီးနောက် ဆိုင်ထဲတွင် ပုဖန်နှင့် ကွမ်းရှောင်ယီတို့ နှစ်ယောက်သာကျန်ခဲ့လေတော့သည်။


တခဏအကြာတွင် အင်ပါယာမြိုတော်အတွင်းမှ ကင်းလှည့်တပ်ဖွဲ့၀င်များ ရောက်ရှိလာလေသည်။ ရှောင်မန်လည်း ရောက်ရှိလာပြီး လမ်းကြားလေးထဲမှ အပျက်အစီးပုံကို တွေ့လိုက်ရသောအခါ သူ၏ မျက်နှာက အကြည့်ရဆိုးစွာ ရှုံ့မဲ့သွားလေသည်။ ရှောင်မန်က လေထဲသို့ ပျံတက်လိုက်ပြီး မြေပြင်ကို သေချာစွာ စစ်ဆေးလိုက်ရာ ခွေးတစ်ကောင်၏ ခြေရာကဲ့သို့ ချိုင့်ကြီးတစ်ခုကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားပြီး စားသောက်ဆိုင်လေး၏ အ၀င်၀တွင် အိပ်နေသည့် ဘလက်ကီကို လှမ်းကြည့်လိုက်မိသည်။ 


ထို့နောက် သူက ရှုရှီ၏ အလောင်းကိုတွေ့ရှိသွားသော်ကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။


“အင်း… ဒီနေရာက တိုက်ပွဲအခြေအနေက တော်တော် ဆိုးဝါးတာပဲ…” 


ထို့နောက် လက်အောက်ငယ်သားတစ်ယောက်ကို အိမ်ရှေ့စံ၏ စံအိမ်သို့ သွားရောက်အကြာင်းကြားစေလိုက်ပြီး မြေပြင်မှ အပျက်အစီးများကို ရှင်းလင်းလိုက်သည်။ 


“ခွေးခြေရာက အင်အားပြင်းထန်လွန်းတယ်… ဘုရင်အဆင့် ခြောက်ယောက်လုံး အသားပြားဖြစ်သွားပြီး ဘယ်သူမှန်းတောင် မခွဲခြားနိုင်တော့ဘူး….” ရှောင်မန်က ရေရွတ်လိုက်ပြီး မနီးမဝေးတွင် ကွဲကြေနေသည့် စွပ်ပြုတ်အိုးကို တွေ့လိုက်သောကြောင့် အခြေအနေကို တွက်ဆမိလိုက်သည်။


“ကြည့်ရတာတော့ ရှုရှီက ဝိဥာဉ်တစ္ဆေဂိုဏ်းရဲ့ လက်ချက်နဲ့ သေသွားတာဖြစ်ရမယ်… အိမ်ရှေ့စံမင်းသားနဲ့ ဘုရင်ခံယုတို့ရဲ့ တိုက်ခိုက်မှုတွေကြားထဲကို ဂိုဏ်းတွေပါ ပါ၀င်လာပြီဆိုတော့.. ဒါကောင်းတဲ့ကိစ္စတော့မဟုတ်တော့ဘူး…” 


တခဏမျှ ကြာသောအခါ အိမ်ရှေ့စံမင်းသားက နောက်လိုက်အချို့နှင့်ရောက်ရှိလာခဲ့သည်။ သေဆုံးနေပြီဖြစ်သော ရှုရှီနှင့် ကွဲကြေနေသည့် ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်အိုးကို မြင်ရသောအခါ ဒေါသထွက်စွာဖြင့် အံကိုတင်းတင်းကြိတ်လိုက်မိသည်။


အိမ်ရှေ့စံမင်းသားက လမ်းကြားလေး၏ အပျက်အစီးများကို ပြန်လည်ပြင်ဆင်ပေးမည်ဟု ပုဖန်ကို ကတိပေးလိုက်ပြီး ရှုရှီ၏ အလောင်းကိုသယ်ဆောင်၍ ထွက်ခွာသွားလေတော့သည်။ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ထွက်ခွာသွားကြပြီး လမ်းကြားလေးက ပြန်လည်တိတ်ဆိတ်သွားလေတော့သည်။ ကွမ်းရှောင်ယီက ပုဖန်ကို နှုတ်ဆက်ပြီး ပြန်သွားသောအခါ ပုဖန်က ဆိုင်ပိတ်လိုက်လေသည်။ ဆိုင်ပိတ်လိုက်ပြီးနောက် စနစ်၏ ကြည်လင်သော အသံကို ကြားလိုက်ရလေသည်။ 


“သလင်းကျောက် ၄၀၀၀ ရသွားပြီဖြစ်လို့ ဂုဏ်ယူပါတယ်… သင့်ရဲ့ မစ်ရှင်ပြီးမြောက်သွားတဲ့အတွက် မကြာခင်မှာပဲ စနစ်ကပေးမယ့်ဆုကို ရရှိပါမယ်… စနစ်၏ ဆုဖော်ပြချက်…” 


ပုဖန်က တခဏမျှ မှင်သက်သွားပြီး နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေးလိုက်မိသည်။ သူ၏ မျက်နှာသေပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။


သလင်းကျောက် ၄၀၀၀ ပြည့်ရန် သူက ရက်ပေါင်းများစွာ စောင့်ဆိုင်းလာခဲ့ရပြီး ယခုအခါ ပြည့်သွားပြီဖြစ်သည်။ သူသာ အဆင့်တက်သွားပါက ပိုမိုသန်မာလာမည်ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းရည်များက အားနည်းသော်လည်း ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်ကပင် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။ 


“ချက်ပြုတ်ခြင်းနတ်ဘုရားတစ်ပါး ဖြစ်လာဖို့ ရည်ရွယ်ထားတဲ့လူငယ်လေး… မစ်ရှင်လေးတစ်ခု ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်.. ချက်ပြုတ်ခြင်းနတ်ဘုရား ဖြစ်လာဖို့ ခြေလှမ်းနောက်တစ်လှမ်းကို လှမ်းခဲ့ပြီးပါပြီး မစ်ရှင်မှ ရမည့်ဆု.. အနီရောင်အသားပေါင်းနှပ် ချက်ပြုတ်နည်း.. ခုနစ်စင်ကြယ် အသားလွှာနည်းစနစ် နဲ့ နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း အပိုင်းအစ တစ်ခု…”


“နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း အပိုင်းအစ လေးခုကို စုစည်းနိုင်ပြီး နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းတစ်ခု ရရှိလာမှာမို့ ဂုဏ်ယူပါတယ်…” 


“စနစ်က ချက်ပြုတ်ရေးပစ္စည်းတစ်ခုကို ရွေးချယ်နေပါတယ်…”


“ရွေးချယ်မှု ပြီးဆုံးသွားပါပြီ… ရွှေရောင်နဂါးအရိုး မီးဖိုချောင်သုံးဓါး( နတ်ဘုရားအဆင့်) ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်…”


စနစ်၏ ဖော်ပြချက်များနှင့် စကားများကို သူ့စိတ်ထဲတွင် ကြားနေရသော်လည်း ပုဖန်က အေးဆေးတည်ငြိမ်စွာဖြင့် သတင်းအချက်အလက်များကိုလေ့လာနေလိုက်သည်။


“ဒီတစ်ခါရတဲ့ ဟင်းပွဲက အနီရောင်အသားနှပ်လား…” 


စနစ်မှ ထိုအမည်ကို ကြေညာလိုက်သည်နှင့် ပုဖန်၏ မျက်လုံးထဲတွင် မြေအိုးထဲမှ ပူပူနွေးနွေးအသားများကို မြင်ယောင်လာမိပြီး နှုတ်ခမ်းသပ်လိုက်မိသည်။ တောက်ပသည့် အနီရောင်အသားများက သူ့ကို အစားကြူးသူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေသည်။ အနီရောင်အသားနှပ်ဟင်းက သူအကြိုက်ဆုံး အစားအစာပင် ဖြစ်သည်။ 


ခုနစ်စင်ကြယ်အသားလွှာနည်းစနစ်ကို ရရှိလိုက်သောကြောင့် ပုဖန်က အလွန်နှစ်သိမ့်ကျေနပ်နေလေသည်။ သူက အသားလွှာသည့်နေရာတွင် အားနည်းနေပြီး ထိုအားနည်းချက်ကို ဖြည့်ဆည်းနိုင်မည့် အခွင့်အရေး ရောက်ရှိလာပြီဖြစ်သည်။ သို့သော် သူ့ကို အံ့အားအသင့်စေနိုင်ဆုံးမှာ နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းပင် ဖြစ်သည်။ ထိုပစ္စည်းကိုရရှိရန် စောင့်ဆိုင်းလာသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သည်။


“ရွှေရောင်နဂါးအရိုး မီးဖိုချောင်သုံးဓါး… မီးဖိုချောင်သုံးဓါးကို နဂါးအရိုးနဲ့ လုပ်ထားတာလား… ဘယ်လောက်တောင် ခမ်းနားကြီးကျယ်လိုက်လဲ…”