အပိုင်း ၈၄
Viewers 53k

အခန်း ၈၄ “အစစ်အမှန်စွမ်းအင်ကို အသုံးပြု၍ သမင်သားနှပ် ချက်ပြုတ်ခြင်း”


ပုဖန်က အနီရောင်အသားနှပ်ကို ရရှိမည်ဟု မမျော်လင့်ထားခဲ့ပေ။ သူက ထာ၀ရရှင်သန်သော ဖိးနစ်စားသောက်ဆိုင်မှ နတ်၀က်သားနှပ်၏ အရသာကို အမှတ်ရနေဆဲဖြစ်ပြီး ထိုအရသာက ကောင်းမွန်သည်ကို ၀န်ခံရပေမည်။ သူက စားဖိုမှုးတစ်ယောက်ဖြစ်သောကြောင့် အနီရောင်အသားနှပ် ချက်ပြုတ်နည်းကို သိရှိနေသော်လည်း ချက်ပြုတ်ခြင်းမရှိ်သေးပေ။ စနစ်၏ ချက်ပြုတ်နည်းက ကွဲပြားနေနိုင်သေးပေသည်။ 


စနစ်မှ ဖော်ပြထားသည့် အနီရောင်အသားနှပ် ချက်ပြုတ်ခြင်း နည်းလမ်းကို ပုဖန်က ဖတ်ရှုလေ့လာလိုက်သည်။


“အနီရောင်အသားနှပ် ချက်ပြုတ်ခြင်းနည်းလမ်း… ဟင်းချက်ပြုတ်ရာတွင် အစစ်အမှန်စွမ်းအင်များက အရေးပါသော ကိစ္စတစ်ရပ်လည်းဖြစ်သည်။ သင့်ရဲ့ ပါ၀င်ပစ္စည်းတွေအပေါ်ကို ကိုင်တွယ်နိုင်စွမ်းနဲ့ စွမ်းအင်ထိန်းချုပ်နိုင်မှုကို စစ်ဆေးနိုင်သေးတယ်… မြေရိုင်းလွင်ပြင်ဒေသက ရရှိတဲ့ ကောင်းကင်အပြစ်သား သမင်သားကိုပေးထားပါတယ်… ဒီသမင်သားက အလွန်ကောင်းမွန်ပြီး အနံက အရမ်းကောင်းမွန်တယ်… ဒါပေမယ့် အမှားသေးသေးလေးတစ်ခု လုပ်လိုက်တာနဲ့ သမင်သားက ပျက်စီးသွားနိုင်ပြီး စားသုံးလို့ မရနိုင်တော့ဘူး….”


စနစ်မှ ဖော်ပြထားသည့် အနီရောင်အသားနှပ် ချပ်ပြုတ်ခြင်းနည်းလမ်းက သာမာန်အသားနှပ်ချက်ပြုတ်ခြင်း နည်းလမ်းများနှင့် ကွဲပြားနေပေသည်။ ပုဖန်ကို အံ့အားသင့်စေသည်မှာ စွမ်းအင်အသုံးပြုမှုက အဓိကနေရာမှ ပါ၀င်နေခြင်း ဖြစ်သည်။


“ဒီလိုသာဆို အနာဂတ်မှာ ရလာမယ့် ဟင်းပွဲတွေအကုန်လုံးက အစစ်အမှန်စွမ်းအင်ကို အသုံးပြုရမှာပေါ့…” 


ထို့အပြင် အနီရောင်အသားနှပ်ကို ချက်ပြုတ်ရန်အတွက် ၀က်သားကို အသုံးအပြုပဲ သမင်သားကို အသုံးပြုထားပေသည်။ ထိုအချက်က ပုဖန်မျှော်လင့်ထားသည်နှင့် ကွဲပြားနေပေသည်။ ပုဖန်က ဗီဒိုရှေ့တွင် ရပ်၍ တံခါးကိ်ုဖွင့်လိုက်ရာ အတွင်းတွင် နီရဲနေသည့် သမင်သားကို တွေ့လိုက်ရသည်။ ထိုအသားတုံး၏ အသားလွာအောက်မှ အဆီများက သာမာန်သမင်များထပ် ပိုမိုထူထဲနေပြီး ၀က်သားနှင့်ပင် ဆင်တူနေပေသည်။ 


သို့သော် အသားနှစ်ခုအကြားတွင် နူးညံ့မှုနှင့် အရသာက ကွဲပြားခြားနားနေမည်ဖြစ်သည်။ သမင်သားထံမှ ထူးဆန်းသော မွှေးရနံ့တစ်မျိုးကို ရရှိနေပြီး ထိုမွှေးရနံ့က စားခြင်စိတ်ကို မစွဲဆောင်နိုင်ပေ။ ပုဖန်က သမင်သားကို ထုတ်ယူလိုက်ပြီး စဉ့်နှီတုံးပေါ်တွင် တင်လိုက်လေသည်။ ထို့နောက် အာရုံစူးစိုက်လိုက်ရာ နဂါးအရိုးဓါးက လက်ထဲတွင် ပေါ်လာလေသည်။ သူက အာရုံစူးလိုက်လိုက်ပြီး သမင်သား၏ အဆီပြင်ကို လှီးဖြတ်ထုတ်လိုက်သည်။


ထို့နောက် နွေဦးစမ်းရည် အနည်းငယ်ကို ထုတ်ယူလိုက်ပြီး သမင်သားကို စိမ်ထားလိုက်သည်။ ကောင်းကင်အပြစ်သား သမင်သားကို ပြင်ဆင်ရာတွင် အသားလွှာလေးများကို ညီညာချောမွေ့နေရန် အလွန်လျင်မြန်ရပေမည်။ သို့မှသာ သမင်သားတွင် ပါ၀င်သည့် မွှေးရနံ့များနှင့် ဝိဥာဉ်စွမ်းအင်များကို သဟဇာတ ဖြစ်စေပြီး အဆိတ်အတောက် ကင်းဝေးစေမည်ဖြစ်သည်။


ပုဖန်က နဂါးအရိုးဓါးကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သော်လည်း အနည်းငယ်မျှ တွန့်ဆုတ်နေခြင်းမရှိပဲ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာ ပထမအဆင့်၏ အထွပ်အထိပ်ကို ရောက်ရှိနေပြီဖြစ်သောကြောင့် အသားလွာဖြတ်တောက်ရာတွင် ပုဖန်က အခက်အခဲ အနည်းငယ်မျှပင် ရှိမနေပေ။


နဂါးအရိုးဓါးနှင့် စဉ်နှီတုံးတို့ ထိခတ်ရာမှ ထွက်ပေါ်လာသော အသံများက မီးဖိုခန်းအတွင်းတွင် စီးချက်ကျစွာ ထွက်ပေါ်နေလေသည်။ တခဏမျှကြာပြီးနောက် သမင်သားတုံးကို အသားလွှာလေးများအဖြစ် ဖြတ်တောက်ပြီးဆီးသွားပြီး အသားလွှာလေးများက ချောမွတ်နေကာ မျက်စိပသာဒ ဖြစ်လှပေသည်။


ထို့နောက် သမင်သားအလွှာများကို ပန်းကန်လုံးအတွင်း ထည့်လိုက်ပြီး ပွက်ပွက်ဆူနေသည့် နွေဦးစမ်းရည်ကို အသားလွှာလေးများ မြုတ်သည်အထိ လောင်းထည့်လိုက်သည်။ အခြားပြင်ဆင်စရာများကို ဆက်လက်ပြင်ဆင်လိုက်သည်။ ပုဖန်က သမင်သားနှပ် ချက်ရန်အတွက်ဆီမထည့်တော့ပဲ သမင်သားမှ ထွက်သည့် ဆီကိုသာ သုံးရန် တွေးတောလိုက်သည်။ ဆီထည့်လိုက်ပါက ဟင်းပွဲ၏ အနံ့အရသာက ပြောင်းလဲသွားနိုင်ပေသည်။


ဒယ်အိုးကို အပူပေးလိုက်ပြီး ရေနွေးဖျောထားသော အသားလွှာလေးများကို အိုးထဲထည့်လိုက်သည်။ အသားလွှာလေးများက အိုးထဲသို့ ရောက်ရှိသွားသည်နှင့် ရှဲခနဲ အသံထွက်ပေါ်လာကာ မွှေးကြိုင်သောရနံ့များက ချက်ချင်းပင် ထွက်ပေါ်လာလေတော့သည်။ ပုဖန်က သမင်သား၏ ရနံ့ကို လျစ်လျူရှုလိုက်ပြီး စနစ်မှ ပေးအပ်ထားသော သကြားညိုတစ်တုံးကို အမှုန်းများ ဖြစ်အောင် ထုချေနေလိုက်သည်။ 


သမင်သားမှ ဆီင်္များ စိမ့်ထွက်လာချိန်တွင် ထုချေထားသည့် သကြားမှုန့်များကို အသားပေါ်သို့ ဖြူးလိုက်လေသည်။ သမင်သားကို ကြော်နေသည့် ပုဖန်၏ ဟန်ပန်က ဝါရင့်စားဖိုမှုးတစ်ယောက်ကဲ့သို့ စည်းချက်ကျနေပေသည်။ သကြားညိုများက အရည်ပျော်လာပြီး အသားလွှာများကို ဖုံးအုပ်သွားကာ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာပြီး နီညိုရောင်သို့ ပြောင်းလဲသွားလေသည်။


ထို့နောက် နွေဦးစမ်းရည် အနည်းငယ်ကို အိုးထဲသို့ လောင်းထည့်လိုက်သည်။ နောက်ဆုံးအဆင့်အနေနှင့် အစစ်အမှန်စွမ်းအင်များကို အသုံးပြု၍ ချက်ပြုတ်ရမည်ဖြစ်သောကြောင့် ပုဖန်၏ အမူအယာကပ တည်ကြည်လေးနက်သွားသည်။ ထို့နောက် ဒန်တျန်အတွင်းမှ စွမ်းအင်များကို လှည့်ပတ်လိုက်ကာ အိုးထဲမှ အသားလွှာတစ်ခုဆီသို့ စွမ်းအင်များကို ပို့လွတ်လိုက်သည်။


ဒယ်အိုးအတွင်းမှ ရေများက ပွက်ပွက်ဆူလာပြီး အသားလွှာများထံ စိမ့်၀င်သွားကာအသားလွှာအောက်မှ အဆီပြင်လေးများက ရတနာများကဲ့သို့ တောက်ပလာခဲ့သည်။ အသား၏ မွှေးရနံ့များကလည်း အဆက်မပြတ် ထွက်ပေါ်နေပေသည်။ ဒယ်အိုးထဲမှ အရည်များ ပြစ်နှစ်သွားသောအခါမှ ပုဖန်က စွမ်းအင်ပို့ဆောင်မှုကို ရပ်တန့်လိုက်သည်။ ပြစ်နှစ်နေသော အရည်များက အသားလွှာများကို ဖုံးအုပ်နေပေသည်။ 


ဆားနှင့် ပဲငံပြာရည်အနည်းငယ်ကို ထည့်လိုက်သောအခါ မွှေးရနံ့က ပိုမိုပြင်းထန်လာပြီး ပုဖန်ကိုပင် ဆာလောင်လေစေသည်။ ပုဖန်က ကြောင်အိမ်အတွင်းမှ အဖြူအပြာရောစပ်ထားသော ပန်းကန်လုံးကိုထုတ်ယူလိုက်ပြီး အသားနှပ်ကို ခပ်ထည့်လိုက်သည်။ စမ်းသပ်ချက်ပြုတ်လိုက်သည့် ဟင်းပွဲအသစ်က အောင်မြင်သွားပြီဖြစ်သည်။ ပုဖန်က ပန်းကန်လုံးကို သယ်၍ ထမင်းစားခန်းသို့ ထွက်လာချိန်တွင် တွေ့လိုက်ရသောမြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။


ဘလက်ကီက စားသောက်ခန်းအတွင်းမှ ထိုင်ခုံပေါ်တွင် ရောက်နှင့်နေပြီး ပုဖန်ကို စိုက်ကြည့်နေလေသည်။ သူ၏ လင်းလက်နေသော မျက်၀န်းများက ပုဖြန်၏ လက်အတွင်းမှ ပန်းကန်ပေါ်သို့ ကျရောက်နေပြီး လျာကို တန်းလန်းထုတ်ထားလေသည်။ ပုဖန်ကနှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ ပြုံးလိုက်မိသည်။


“ဒီခွေးငပျင်းက အသားရဲ့အနံ့ကိုရတာနဲ့ တက်ကြွနေတာပဲ… အေးလေ…. ဒီသမင်သားရဲ့အနံ့ကလဲ အရမ်းကို မွှေးလွန်းတယ်… ဒီဟင်းပွဲက ၀က်နံရိုးချိုချဉ်ကြော်ရဲ့ ရနံ့ထက်တောင် ပိုပြီးမွှေးနေတာကို … ဒီလောက်တော့ရှိမှာပေါ့…” 


ပုဖန်ကပန်ကန်လုံးတစ်ခုကို ထပ်ယူလိုက်ပြီး ဘလက်ကီ၏ ရှေ့သို့ ချပေးလိုက်သည်။ထိုဟင်းပွဲကို အနီရောင်အသားနှပ်အစား အနီရောင်သမင်သားနှပ်ဟု ခေါ်ဆိုလျင် ပို၍ စွဲဆောင်နိုင်စွမ်းရှိမည်ဟု တွေးလိုက်မိသည်။  


သမင်သားနှပ်၏ အရည်ပြားလွှာက အနီရောင်သမ်းနေပြီး နောက်တစ်လွှာဖြစ်သည့် အဆီလွှာက အဖြူရောင်ဖြစ်ကာ အဆီများနေခြင်းမရှိပေ။ နောက်ဆုံးအလွှာက သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး အလွန်လှပနေပေသည်။ ပုဖန်က အသားလွှာတစ်ခုကို ဘလက်ကီ၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ပြီး နောက်တစ်ခုကို သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ 


အသားနှပ်၏ အရသာက အလွန်ထူးခြားလှပေသည်။ အသားလွှာက ပါးစပ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် ချိုမြမွှေးပျံ့သော ပဲငံပြာရည်၏ အရသာကို ခံစားလိုက်ရသည်။ အသားလွှာကို တစ်ချမျှ ကိုက်ဝါးလိုက်ချိန်တွင် ထူးခြားသည့် အသား၏ အရာက စိမ့်ထွက်လာပြီး အရသာ၏ စွဲဆောင်မှုအာက်တွင် မျောပါသွားကာ လျာကိုပင် မြိုချလုလု ဖြစ်သွားစေသည်။ အသားက လည်ချောင်းထဲသို့ လျောဆင်းသွားသည်နှင့် နောက်တစ်ဖက်ကို ချက်ချင်း စားချင်လာပေသည်။


ပုဖန်က သမင်သားများကို အဆက်မပြတ်စားသောက်နေသော်လည်း မရပ်တန့်နိုင်ပေ။ သမင်သား၏အရသာကို ဇိမ်ခံ၍ တစ်မြုံ့မြုံ့ မဝါးနိုင်ပဲ တစ်ဖက်ပြီးတစ်ဖက် အဆက်မပြတ် စားသောက်နေပေသည်။ ဘလက်ကီကလည်း လောဘတစ်ကြီး စားသောက်နေပေသည်။ မှေးစင်းထားသည့် သူ၏ မျက်၀န်းများတွင် ကျေနပ်နှစ်သိမ့်မှုများကိုတွေ့နိုင်ပေသည်။ ခဏအတွင်းပင် လူတစ်ယောက်နှင့် ခွေးတစ်ကောင်က အသားနှပ်များကို ပြောင်၀င်အောင် စားသောက်လိုက်ကြသည်။


ပုဖန်က ကျေနပ်နှစ်သိမ့်စွာဖြင့် ခုံကို အနောက်သို့ တွန်း၍ အသက်ပြင်းပြင်း ရှူထုတ်လိုက်ရာ ပါးစပ်အတွင်းမှ အသားနံ့ရောထွေးနေသည့် လေပူများ ထွက်လာလေသည်။ ဘလက်ကီကလည်း စားသောက်ပြီးစီးသွားသောကြောင့် သူ့နေရာသို့ သွား၍ အိပ်လိုက်လေသည်။ စားပြီးအိပ်၊ အိပ်ပြီးစား လုပ်နေရခြင်းက ဘလက်ကီ၏ ပုံမှန်ဘ၀ပင် ဖြစ်သည်။


“အစစ်အမှန်စွမ်းအင်တေကို အသုံးပြုပြီး ချက်ပြုတ်လိုက်တာနဲ့ သမင်သားရဲ့ အရသာက မယုံနိုင်လောက်အောင် ကောင်းမွန်သွားတာပဲ… ကောင်းကင်အပြစ်သားသမင်သားရဲ့ အနံ့ကလဲ အရမ်းကို ထူးကဲလွန်းတယ်…. သူ့ရဲ့အရသာက အရူးအမူး ၊အငမ်းမရ၊ မရပ်မနားဆိုတဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖော်ကြူးမိစေတာပဲ….” ပုဖန်က သမင်သား၏ အရသာကို ပြန်လည်အမှတ်ရနေပြီး ကူရာမဲစွာနှင့် နှုတ်ခမ်းများကို လျာဖြင့် သပ်လိုက်လေသည်။


တခဏမျှ အနားယူလိုက်ပြီးနောက် ပုဖန်က ပန်းကန်များကို ဆေးကျောသန့်စင်လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် သူ၏ အခန်းဆီသို့ ပြန်သွားလိုက်လေသည်။ စားပြီးအိပ်၊ အိပ်ပြီးစားရတာက လေကစည်းစိမ်တစ်ခု ဖြစ်သည်ကို ပုဖန်က မငြင်းနိုင်ပေ။ပုဖန်က အခန်းရှေ့သို့ ရောက်ရှိချိန်တွင် စနစ်၏ အသံက ထွက်ပေါ်လာလေသည်။


“ကြားဖြတ်မစ်ရှင်… ပထမအကြိမ်… ပါ၀င်ပစ္စည်းတွေကို သွားရောက်ရှာဖွေ ဖမ်းဆီးနိုင်ဖို့ ပြင်ဆင်ထားပါ…. လူငယ်လေး… စနစ်ရဲ့ သယ်ယူပို့ဆောင်ရေး အစီအရင်က နောက်တစ်နေ့ကျရင် သင်ကို ပါ၀င်ပစ္စည်းတွေရှာဖွေဖို့ မြေရိုင်းလွင်ပြင်ဆီ ပို့ဆောင်ပေးမှာပါ…”


“မိုးကြိုးမုန်တိုင်းကို မခံဘူးပဲနဲ့ လှပတဲ့ သက်တံ့ကို မြင်ရမှာမဟုတ်ဘူး လူငယ်လေး… အဲတော့ မင်းရဲ့မီးဖိုချောင်သုံးဓါးကို သုံးပြီး အရာရာကို မင်းရဲ့ လက်အောက်မှာ ကျရှုံးစေလိုက်ပါ…” 


“မစ်ရှင်အတွက်ဆု… ဆန်ခေါက်ဆွဲ ချက်ပြုတ်ခြင်း နည်းစနစ်….”