အခန်း ၈၅ “အရှင်မင်းမြတ်ရဲ့ ရွှေရောင်အချိန်တွေ ကုန်လွန်ခဲ့ပြီ”
“ကြားဖြတ်မစ်ရှင်….” အဆင့်တက်သည်မှာ မကြာသေးသော်လည်း ကြားဖြတ်မစ်ရှင်က ရောက်ရှိလာသောကြောင့် ပုဖန်က အံ့အားသင့်သွာခဲ့သည်။
“ပထမဆုံးပါ၀င်ပစ္စည်းကို ရှာဖွေပါ… ပြင်ဆင်ချိန် တစ်ရက်…”
“ဘာ ပြင်ဆင်ချိန် တစ်ရက်ထဲလား….”
“စနစ်… ပါ၀င်ပစ္စည်းတွေကို ရှာဖွေနေတဲ့အချိန်မှာ ဆိုင်ပိတ်ထားရမှာလား…” ပုဖန်က မေးမြန်းလိုက်သည်။
“သင်က ပါ၀င်ပစ္စည်းတွေကို ရှာဖွေဖမ်းယူဖို့ အချိန်နှစ်ရက်ရပါတယ်… နှစ်ရက်အတွင်းမှာ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ရင် ကြားဖြတ်မစ်ရှင်ကို ရှုံးနိမ့်တယ်လို့ ယူဆပြီး ပြောင်းလဲ မှုအချိုး ၁၀ % ကို နှုတ်ယူပါမယ်… ပါ၀င်ပစ္စည်းတွေကို ရှာဖွေနေတဲ့ နှစ်ရက်အတွင်းမှာ ဆိုင်ကို ယာယီ ပိတ်ထားရပါမယ်….” စနစ်က ပြန်လည်ဖြေကြားလိုက်သည်။
ပုဖန်က ခေါင်းညိတ်လိုက်မိသည် သူက စနစ်၏ အစီအစဉ်ကို တစ်ဖြည်းဖြည်းချင်း နားလည်လာခဲ့သည်။ မစ်ရှင်ကို မအောင်မြင်ပါက ပြစ်ဒဏ်အနေဖြင့် သလင်းကျောက်ပြောင်းလဲမှုအချိုး ၁၀% နှုန်ယူခံရမည်ဟု သိလိုက်ရသောကြောင့် စိတ်ထဲတွင် နာကျင်မိသကဲ့သို့ စိတ်လှုပ်ရှားမှုများလည်း ဖြစ်ပေါ်လာသည်။ သလင်းကျောက်ပြောင်းလဲမှု အချိုးက သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် အလွန်အရေးကြီးပေသည်။
၅၀ % ပြောင်းလဲမှုအချိုးကို ရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရပြီး ၁၀ % အနှုတ်ခံရမည်ဆိုပါက အိမ်မက်ထဲထိပင် ငိုကြွေးနေမိမည် ဖြစ်သည်။ အတွေးများကို ဖယ်ရှားလိုက်ပြီးနောက် ပုဖန်က အခန်းအတွင်းသို့ ၀င်ရောက်သွားလိုက်ပြီး အားပါးတရ လှဲချလိုက်သည်။ တခဏအကြာတွင် အခန်းအတွင်းမှ အသက်ရှူသံ မှန်မှန်ထွက်လာပြီး ဟောက်သံအချို့ကိုပါ ကြားလိုက်ရလေသည်။
အိမ်ရှေ့စံမင်းသား၏ နန်းတော်အတွင်းတွင် ဂျိချန်းကန်၏ မျက်နှာအမူအယာက မည်းမှောင်နေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားလေသည်။ သူ၏ လက်သည်းများပင် အသားထဲသို့ စိုက်၀င်နေသည်ကို ကြည့်လိုက်ခြင်းအားဖြင့် မည်မျှ ဒေါသထွက်နေသည်ကို သိရှိနိုင်ပေသည်။
“ဂျိချန်းယု… မင်းကတစ်ကယ်ပဲ မကောင်းဆိုးဝါးဂိုဏ်းတွေနဲ့ ပူးပေါင်းရဲတယ်ပေါ့… မင်းက တစ်ကယ့်အန္တရာယ်ကောင်ပဲ …” ဂျိချန်းကန်၏ မျက်၀န်းများကရှုရှီ၏ အခေါင်းကို စိုက်ကြည့်နေပြီး သူ၏ မျက်၀န်းများထဲတွင် ယူကျိုးမရမှု နှမျောတသမှုများနှင့် ပြည့်နှက်နေပေသည်။
ရှုရှီက သူ၏ နောက်သို့ လိုက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး သစ္စာရှိ လက်အောက်ငယ်သား တစ်ယောက်လည်း ဖြစ်သည်။ ယခုအခါ မကောင်းဆိုးဝါး ဂျိချန်းယုကြောင့် သေဆုံးသွားရပြီဖြစ်သည်။ သူက ဂျိချန်းယုနှင့် မကောင်းဆိုးဝါးဂိုဏ်းများ၏ ပတ်သတ်မှုကို မဖော်ထုတ်နိုင်သော်လည်း နောက်ကွယ်တွင် ဂျိချန်းယုရှိနေမည်ကို သိရှိနေပေသည်။
“ဂျိချန်းယု.. ဂျိချန်းယု… မင်းက ပြသနာမတက်ဖို့ အမြဲတမ်း ဆင်ခြင်နေပေမယ့်.. ဒီတစ်ခါတော့ မင်းက အမှားကြီးကြီးတစ်ခုကို လုပ်လိုက်တာပဲ…. မင်းကမကောင်းဆိုးဝါးဂိုဏ်းတွေနဲ့ ပူးပေါင်းနေတယ်ဆိုတာကို ငါတောင်ခန့်မှန်းမိမှတော့ ပညာဥာဏ်ကြီးမားတဲ့ ဖခမည်းတော်က မခန့်မှန်းနိုင်ပဲ မနေဘူးလေ… မင်းက ခမည်းတော်ကို လျော့တွက်နေတာပဲ…”
“အခုတော့မင်းဘာတတ်နိုင်သေးလဲ… အန္တရာယ်တောထဲရောက်နေပြီပေါ့… ဟားဟားဟား…” အိမ်ရှေ့စံမင်းသား၏ မှောင်မဲနေသည့် မျက်နှာပေါ်တွင် လှောင်ပြောင်ရိပ်ထင်လာပြီး အော်ဟစ်ရယ်မောလိုက်သော်လည်း သူ၏ ရယ်သီက အေးစက်နေပြီး သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နှက်နေပေသည်။
ဘုရင်ခံယု၏ စံအိမ်အတွင်းတွင် ဘုရင်ခံယုက စံနကူးသားဖြင့် ပြုလုပ်ထားသော ထိုင်ခုံပေါ်တွင် ကျော်မှီ၍ ထိုင်နေလေသည်။ သူ၏အကြည့်များက လှုပ်ရှားမှုမရှိသည့် ရေပြင်ကဲ့သို့ တည်ငြိမ်အေးစက်နေသော်လည်း ထိုအကြည့်ကပင် ကြောက်မက်ဖွယ်အရှိန်အဝါများကို ထုတ်လွှင့်နေလျက်ရှိသည်။ သူနှင့် မလှမ်းမကမ်းတွင် ရပ်တန့်နေသော ပုံရိပ်ထံသို့ ထိုအရှိန်အဝါများ ပျံ့လွင့်သွားပြီး ဒူးထောက်ကျလုမတက်ပင် ဖြစ်နေလေသည်။
ဟွန်းချွမ်ယွမ်၏ အရှိန်အဝါက အလွန်အားးနည်းဖျော့တော့နေပြီး သူ၏ ကျင့်ကြံခြင်းအဆင့်က ဘုရင်အဆင့်သို့ ကျဆင်းသွားသည်။ သူက တိုက်ပွဲမှ လွတ်မြောက်ခဲ့သော်လည်း အသုံးပြုခဲ့ရသည့် လွတ်မြောက်ခြင်းနည်းစနစ်ကြောင့် ခန္ဒာကိုယ်က ထိခိုက်သွားသည်မှာ သိသာနေပေသည်။
“ဒီအသုံးမကျတဲ့ အဖိုအိုကဘုရင်ခံယုကို နှုတ်ခွန်းဆက်သပါတယ်…” ဟွမ်းချွမ်ယွမ်၏ ပုံသဏ္ဍာန်က အရိုးနှင့် အရည်သာ ရှိတော့သကဲ့သို့ ပါးလှပ်လှပ်သာ ရှိတော့ပေသည်။ သူ၏ မျက်၀န်းအတွင်းမှ ဝိဥာဉ်မီးတောက်လေးပင် အလွန်အမင်း မှိန်ဖျော့နေပေသည်။
“ကျွတ်ကျွတ်ကျွတ်… ငါတို့ ဝိဥာဉ်တစ္ဆေဂိုဏ်းက အကြီးအကဲက အတွင်းဒဏ်ရာ ရလာတာပဲ… အခုချိန် ငါ့ရဲ့ လက်ညိုးတစ်ချောင်းနဲ့တောင် ထိခိုက်ကြေမွသွားနိုင်တယ်…” ဘုရင်ခံယုက နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ လှောင်ပြောင်ပြောဆိုလိုက်သည်။
ဟွန်းချွမ်ယွမ်၏ မျက်၀န်းထဲမှ ဝိဥာဉ်မီးတောက်လေးက လှုပ်လှုပ်ခတ်ခတ် ဖြစ်လာပြီး ခန္ဒာကိုယ်က အေးစက်တောင့်တင်းသွားကာ အလွန်အားနည်းသည့် အနက်ရောင်အငွေ့အသက်များက လှည့်ပတ်လွမ်းခြုံနေသည်ကို ခံစားလိုက်ရသည်။
“ဘုရင်ခံယု… ဒါကဘာအဓိပ္ပါယ်လဲ ဒီကံမကောင်းတဲ့ အဘိုးအိုက အတွင်းဒဏ်ရာရလာပေမယ့် တာ၀န်ကို အောင်မြင်ခဲ့တာမဟုတ်ဘူးလား… ဘာလဲ … နှုတ်ပိတ်ချင်နေတာလား…”
ဘုရင်ခံယုက ဟွန်းချွမ်ယွမ်ကို အေးစက်စက် ကြည့်၍ ပြောဆိုလိုက်သည်။
“မင်းက တာ၀န်ကိုအောင်မြင်အောင် လုပ်ခဲ့တယ်… ဟုတ်တာပေါ့… ငါ့အတွက်ကြီးမားတဲ့ ပြသနာ တစ်ခုကို ဖန်တီးခဲ့တယ်လေ… တစ်ကယ်ပဲ မသိဘူးလား… မင်းတို့ လုပ်ဖို့လိုတာက ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို ဖျက်ဆီးပစ်ဖို့ပဲ… ငါ့အကိုတော်ရဲ့လူကို သတ်ပြစ်ခဲ့တယ်ဆိုရင်တောင် ခြေရာလက်ရာမကျန်အောင် လုပ်ပြီး အဲနေရာက ချက်ချင်းထွက်ခဲ့ယုံပဲလေ… ဘာလို့များ ထူးခြားဆန်းကျယ်တဲ့ ဆိုင်ကို သွားရှုပ်ရတာလဲ…” ဘုရင်ခံယု၏ လေသံက အေးစက်လာပြီး ထိုင်ခုံပေါ်မှ မတ်တပ်ထရပ်လိုက်ကာ ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အရှိန်အဝါများ ပေါ်ထွက်လာပြီး ဟွန်းချွမ်ယွမ်ကို ဖိနှိပ်ထားလိုက်သည်။
ဟွန်းချွမ်ယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဘုရင်ခံယုက ဂျိချန်းဖန်၏ သားဖြစ်သည့် အလျောက် သူ၏ ခွန်အားက အထင်ကြီးစရာ ကောင်းလှပေသည်။ သူ၏ စွမ်းအင်အဆင့်က နိမ့်နေသော်လည်း အရှိန်အဝါ အငွေ့အသက်က ဟွန်းချွမ်ယွမ်ထက် အနည်းငယ်မျှပင် အားနည်းခြင်းမရှိပေ။ သို့သော် ဟွန်းချွမ်ယွမ် စိုးရိမ်ပူပန်နေခြင်းမရှိပေ။ ဘုရင်ခံယုက ဝိဥာဉ်တစ္ဆေဂိုဏ်းနှင့် အဆက်အသွယ်မဖြတ်နိုင်သေးသောကြောင့် သူ့ကို သတ်ပစ်ဦးမည်မဟုတ်ချေ။
သူ့အပေါ်သို့ ဖိနှိပ်ထားသည့် ဘုရင်ခံယု၏ အရှိန်အဝါများက မကြာမီပင် လျော့ပါးသွားပြီး ဘုရင်ခံယုက အကြည့်လွဲလိုက်လေသည်။
“ကောင်းပြီး… ဒီတစ်ကြိမ်တော့ ငါမင်းကိုခွင့်လွှတ်ပေးလိုက်မယ်… ဒါပေမယ့်… ငါ့ရဲ့သည်းခံနိုင်မှုက အတိုင်းအတာရှိတယ်… နောက်တစ်ကြိမ်သာ ဒီလိုဖြစ်ပျက်နေဦးမယ်ဆိုရင် ငါက စကားနဲ့ပြောနေတော့မှာ မဟုတ်ဘူး… ဘုရင်ခံယုက အေးစက်စက် လေသံနှင့် ပြောဆိုလိုက်သည်။ ဟွန်းချွမ်ယွမ်က သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။ ဘုရင်ခံယုက ဘုရင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အင်ပါယာအဆင့်သို့ ရောက်ရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုတော့သူဖြစ်သည်။
အခန်းအတွင်းမှ ဟွန်းချွမ်ယွမ် ထွက်ခွာသွားပြီးနောက် လက်နှစ်ဖက်နောက်ပစ်၍ အေးဆေးတည်ငြိမ်ဟန်နှင့် ရပ်နေသည့် ဘုရင်ခံယုက သူ၏ အစစ်အမှန်စွမ်းအင်များကို စုစည်းလိုက်ပြီး အနီးမှ တိုင်တစ်တိုင်ကို ဖျက်ဆီးပစ်လိုက်သည်။
“ဟမ့်… ငါ့ရဲ့ချစ်လှစွာသော အကိုတော်က ငါ့ရဲ့အားနည်းချက်ကို သိသွားပြီဆိုတော့ ပျော်ပွဲရွှင်ပွဲတွေတောင် ကျင်းပနေလောက်ပြီ… အဲတော့လဲ ဘာဖြစ်လဲ.. ငါ့ကို ခမည်းတော်က ကွပ်မျက်မယ်ဆိုရင်တော့ ဒီကသားတော်က ပုန်ကန်ရုံပဲပေ့ါ..ဟားဟားဟား….”
ရှောင်မန်က လျို့ဝှက်ကောင်းကင် ဂိတ်တံခါးမှ ဖြတ်သန်းလာပြီးနောက် နန်းတော်ရှိရာသို့ ပြန်လှည့်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။ ဧကရာဇ်ချန်းဖန်ကဲ့သို့ အစွမ်းထက်မြက်ပြီး သတ္တအလွန်ကောင်းသူပင် ဂိုဏ်းဂဏများကို နှစ်ပေါင်းတစ်ရာကျော်မျှ တိုက်ခိုက်၍ စည်းရုံးသိမ်းသွင်းခဲ့သော်လည်း ယခုထက်တိုင် မအောင်မြင်ခဲ့ချေ။ သို့သော် မထင်မှတ်ထားစွာပင် အရိုက်အရာကို ဆက်ခံမည့်သားတော်တစ်ပါးက ဂိုဏ်းဂဏများနှင့် ပူးပေါင်းခဲ့လေသည်။
“ဟူး… မင်းကအသန်မာဆုံးတစ်ယောက် ဖြစ်မလာရင် ကျရှုံးခြင်းက မင်းကို အဆင်သင့် စောင့်မျှော်နေမှာပဲ…” ရှောင်မန်က သက်ပြင်းတစ်ချက်ကို ထပ်ချလိုက်ပြီး ထွက်ခွာသွားလေတော့သည်။
နန်းတော်ထဲတွင် အသက်အရွယ်ကြီးရင့်နေသော ဘုရင်မင်းမြတ်က နဂါးပုလ္လင်ပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေလေသည်။ သူက အဆက်မပြတ် ချောင်းဆိုးနေပြီး အရှိန်အဝါများက ပိုမိုအားနည်းလာခဲ့သည်။
“အရှင်မင်းကြီး… တော်၀င်သမားတော်ကို နောက်တစ်ခါ ခေါ်လိုက်ရမလား…” လျန်ဖုက ဘုရင်မင်းမြတ်ကို စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။ အင်ပါယာမင်းမြတ်က လက်ကို ခါရမ်းလိုက်ပြီး မလိုကြောင်း အချက်ပြလိုက်သည်။
“အင်ပါယာမြို့တော်ထဲမှာ ရှိနေတဲ့ ဂိုဏ်းဂဏတွေကို ဖယ်ရှားပစ်နိုင်ပြီး မြို့တော်ကို အေးချမ်းသာယာစေချင်တာက ငါ့ဘ၀တစ်လျောက်လုံးမှာ အကြီးမားဆုံး ဆန္ဒပဲ… ဂိုဏ်းဂဏတွေတည်ရှိနေတာက မြို့တော်ရဲ့ လုံခြုံရေးကို အမှောင်ထဲကနေ တိတ်တဆိတ် ခြိမ်းခြောက်နေတယ်လို့ ခံစားနေရတယ်… အခုတော့ ငါ့ရဲ့ ဂုဏ်ယူရတဲ့ သားတော်က အဲဒီဂိုဏ်းတွေနဲ့ ဆက်သွယ်ပြီး ပုလ္လင်ကိုတောင် ခြမ်းခြောက်လာနေတယ်…”
“မင်းပြောကြည့်စမ်းပါဦး… ဒါကယုံကြည်နိုင်စရာကောင်းသေးရဲ့လား… ငါ့ကိုအရမ်းအရှက်ရစေတယ်…”
လျန်ဖုက ၀င်ရောက်ပြောဆိုခြင်းမရှိပဲ ရိုသေလေးစားစွာဖြင့် ရပ်နေပေသည်။ အင်ပါယာမင်းမြတ်က တုန်တုန်ယီယီနှင့် ထရပ်လိုက်ပြီး မချိတင်ကဲ ရယ်မောလိုက်မိသည်။ သူ၏ စူးရှသော ရယ်သံက နန်းတော်အတွင်းတွင် ပျံ့နှံ့နေလေတော့သည်။
“ငါ… ဧကရာဇ် ချန်းဖန်… ဂိုဏ်းပေါင်း တစ်ရာကျော်ကို သုတ်သင်ရှင်းလင်းခဲ့နိုင်ခဲ့တဲ့ ကြီးကျယ်မြင့်မြတ်တဲ့ မင်း… ငါ့ရဲ့ ရွှေရောင်တောက်ပခဲ့တဲ့ အချိန်က ပြီးဆုံးသွားပြီဆိုပေမယ့်… ငါ့သားတော်က ငါ့ဒီလုံပုံစံနဲ့ ငါ့ကို အရှက်ရစေမှာကိုတော့ ခွင့်မပြုလိုက်နိုင်ဘူး…. သားတွေက ဖခင်ကို ရိုသေလေးစားမှုမရှိရင် ဘယလိုတွေဖြစ်လာနိုင်တယ်ဆိုတာကို မကြာခင်မှာ သူနားလည်လာရစေမယ်… …” အင်ပါယာမင်းမြတ်၏ မာနထောင်လွားပြီး ယုံကြည့်မှုအပြည့်ရှိသည့် ကြုံးဝါးသံက နန်းတော်အတွင်းတွင် ကျယ်လောင်စွာ ထွက်ပေါ်လာလေတော့သည်။
နောက်တစ်နေ့ မနက်ခင်းတွင် ပုဖန်က ပုံမှန်အတိုင်းဆိုင်ဖွင့်လိုက်သည်။ ဆိုင်ကို နှစ်ရက်ပိတ်မည့်အကြောင်းကို ရှောင်ယီ့ကို ပြောပြရန် စောင့်ဆိုင်းနေလိုက်သည်။ မကြာခင်အချိန်အတွင်းတွင် ဖက်တီးဂျင်တို့လူစု ရောက်ရှိလာကြသည်။ ဖက်တီးဂျင်၏ စူးရှသောအကြည့်များက မီနူးပေါ်မှ ဟင်းပွဲအသစ်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ဟင်းပွဲအသစ်၏ စျေးနှုန်းကို တွေ့လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်လာလေတော့သည်။
“ပိုင်ရှင်ပု… ဒီဟင်းပွဲအသစ်က နည်းနည်းစျေးကြီး… အင်း … ပြောရမယ်ဆိုရင်တော့ သလင်းကျောက်တစ်ရာက တော်တော့ကို စျေးကြီးလွန်းတယ်…”
ဖက်တီးဂျင်က ဟင်းပွဲအသစ်၏ စျေးနှုန်းကြောင့် သက်ပြင်းချလိုက်မိသည်။ သူက သူဌေးလက်သစ်တစ်ယောက်ဖြစ်ပြီး ငွေကြေးရှားပါးခြင်း မရှိသော်လည်း တစ်ရက်လျင် သလင်းကျောက်ရာကျော်အသုံးပြုရမည်က ရင်နာဖွယ် ဖြစ်နေပေသည်။
“ဒီဟင်းပွဲအသစ်ရဲ့ အရသာက မင်းကို စိတ်ပျက်စေမှာမဟုတ်ဘူး… ငါပြောတာကို ယုံလိုက်…” ပုဖန်က ခပ်တည်တည်သာ ပြန်လည်ပြောဆိုလိုက်သည်။
ဖက်တီးဂျင်က မျက်လုံးများကို မှေးကျဉ်း၍ ပုဖန်ကို အတန်ကြာစိုက်ကြည့်လိုက်ပြီး အနီရောင်အသားနှပ်ကို မှာယူလိုက်လေသည်။ ပုဖန်က နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ သဘောကျစွာ ပြုံးလိုက်ပြီး မီးဖိုခန်းအတွင်းသို့ ၀င်သွားလိုက်သည်။ ပုဖန်က မွှေးကြိုင်သင်းပျံ့သောအနီရောင်အသားနှပ်ကို ကိုင်၍ မီးဖိုခန်းမှ ပြန်ထွက်လာချိန်တွင် ရှောင်ယီက ဆိုင်သို့ ရောက်ရှိလာလေတော့သည်။
ဆိုင်ပေါက်၀တွင် အသက်အရွယ်ကြီးရင့်နေပြီး ရင်းနှီးနေသည့် ပုံရိပ်တစ်ခုက ဆိုင်အတွင်းသို့ တစ်ဖြည်းဖြည်း လျောက်၀င်လာခဲ့သည်။
“ပိုင်ရှင်ပု… မင်းရဲ့ဆိုင်းဘုတ်ပေါ်က လက်ရေးက ငါ့ရဲ့လက်ရေးလောက်တောင် မလှဘူး…” ထိုသူက ခပ်သဲ့သဲ့ရယ်မောလိုက်ပြီး ပြောဆိုလိုက်လေသည်။