အပိုင်း ၈၆
Viewers 53k

အခန်း ၈၆ “ငါ့ရဲ့ ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက်က အရမ်းရိုးရှင်းတယ်…”


ဆိုင်ထဲသို့ ရောက်ရှိလာသည်မှာ အင်ပါယာမင်းမြတ် ဂျိချန်းဖန်ပင် ဖြစ်သည်။ သူ၏ အသားအရည်က ဖြူဖျော့နေပြီး ပုံပန်းသွင်ပြင်က အလွန်နူးညံ့သိမ်မွေ့နေပေသည်။ ဧကရာဇ်တစ်ပါး၏ မြင့်မြတ်ကြီးကျယ်လှသော အရှိန်အဝါများ ပျောက်ဆုံးနေပေသည်။


“ငါဆိုင်ထဲကို ၀င်လာတုန်းက အ၀င်၀မှာချိတ်ထားတဲ့ ဆိုင်းဘုတ်ကို တွေ့ခဲ့တယ်… ဆိုင်းဘုတ်မှာ ရေးထားတဲ့ စာလုံးတွေက အရမ်းကို သာမာန်ဆန်လွန်းတယ်… စာလုံးတွေမှာ ဘာအရှိန်အဝါမှ ရှိမနေတော့ ဖတ်ကတာ သိပ်အဆင်မပြေဘူး… ဒါကြောင့် အဲစာလုံးတွေက ငါ့ရဲ့ လက်ရေးလက်သားထက် ညံ့တယ်ဆိုတာကို ငါပြောနိုင်တာပဲ…” အင်ပါယာမင်းမြတ်က ရယ်ရယ်မောမောနှင့် ၀င့်ကြွားစွာ ပြောဆိုလိုက်သည်။


ပုဖန်က အင်ပါယာမင်းမြတ် ရောက်ရှိလာသည်ကို မအံ့သြမိသော်လည်း စောစီးစွာ လာလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် မျက်မှောင်ကုတ်လိုက်မိသည်။ ဆိုင်၀တွင် ချိတ်ထားသည့် ဆိုင်းဘုတ်က စနစ်မှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ထို့ကြောင့်သာ အင်ပါယာမင်းမြတ် ကမ်းလှမ်းခဲ့စဉ်က ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ 


“အင်း… ကြည့်ရတာ စနစ်ကပေးထားတဲ့… ဆိုင်းဘုတ်က အထင်ကြီးလောက်စရာ မဟုတ်ဘူးထင်တယ်…” 


“စနစ်… အင်ပါယာမင်မြတ်ကပြောနေတယ်.. မင်းပေးထားတဲ့ ဆိုင်းဘုတ်ရဲ့ လက်ရေးလက်သားက အရမ်းကို ဆိုးဝါးလွန်းတယ်တဲ့…” 


“ဆိုင်းဘုတ်ပေါ်က လက်ရေးလက်သားတွေက လေအလင်အင်ပါယာထဲက နံပါတ်တစ် လက်ရေးလှရေးသူရဲ့ မူကို ပြန်ကူးယူထားတာ… အဲဒါက ဘယ်လိုနည်းနဲ့မှ မနိမ့်ကျပါဘူး….” စနစ်က တခဏမျှ တိတ်ဆိတ်နေပြီး ပြန်လည်ပြောဆိုလိုက်သည်။


ပုဖန်က ခေါင်းညိတ်လိုက်မိသည်။ စနစ်မှ ထောက်ပံ့ပေးထားသည့် ပစ္စည်းတိုင်းက သာမာန်ပစ္စည်း ပါရှိလိမ့်မည်မဟုတ်ပေ။ ပုဖန်က ထိုအကြောင်းအရာကို မပြောတော့ပေ။


“အရှင်မင်းကြီး… ဒီနေ့ ဒီကိုလာတာက အစားအသောက်စားဖို့လား …”


“နေပါဦး… အစားအသောက်အကြောင်းကို နောက်မှပြောကြမယ်… ငါ့မှာမင်းကိုမေးစရာမေးခွန်းတွေရှိတယ်… ဒါတွေကို အရင်ဖြေဦး …” အင်ပါယာမင်းမြတ်က ထိုင်ခုံတစ်ခုံတွင် ၀င်ထိုင်လိုက်ပြီး သူ၏ လက်ကို ဝှေ့ရမ်း၍ ပြောဆိုလိုက်သည်။


“ဟမ်… ဘာတေမေးမို့လဲ….”


“ငါသာဒါကို မမေးမိလိုက်ဘူးဆိုရင် နောက်မေးလို့ ရမရ မသေချာတော့ဘူး….”


“မင်းမှာအဆင့်မြင့် ရှေးဦးသားရဲတစ်ကောင်နဲ့ သူတော်စင်အဆင့်တွေနဲ့တောင် လက်ရည်တူတိုက်ခိုက်နိုင်တဲ့ စက်ရုပ်တစ်ရုပ်လည်း ရှိနေတယ်…. ဒါတင်မကသေးပဲ… မင်းရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကို သာလွန်ကောင်းမွန်လွန်းတယ်… မင်းကဘယ်သူလဲ… လေအလင်းအင်ပါယာမြို့တော်ထဲမှာ ဘာရည်ရွယ်ချက်နဲ့ လာနေနေတာလဲ…” အင်ပါယာမင်းမြတ်က ချောင်းအနည်းငယ်ဆိုးလိုက်ပြီး ပုဖန်ကို တည်ငြိမ်စွာ စိုက်ကြည့်၍ ပြောဆိုလိုက်သည်။


ပုဖန်က မျက်ခုံးပင့်လိုက်ပြီး အင်ပါယာမင်းမြတ်ကို စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်အကြားမှ လေထုက အေးစက်နေပေသည်။ တခဏအကြာတွင် ပုဖန်က သက်ပြင်းတစ်ချက်ချလိုက်ပြီးပြောဆိုလိုက်သည်။


“ငါ့မှာဘာရည်ရွယ်ချက်မှ မရှိဘူး… ငါက သာမာန်အတိုင်းပဲ ငါ့ရဲ့ဆိုင်သေးသေးလေးကို လည်ပတ်နေရုံပဲ….”


“ဟမ့်… မင်းရဲ့ ခွန်အားက လေအလင်းအင်ပါယာတစစ်ခုလုံးကိုတောင် အနိုင်ယူနိုင်တယ်လေ… ဒီဆိုင်လေးသေးသေးလေးနဲ့ စီးပွားရေး လုပ်ချင်ရုံပဲလို့ ပြောချင်တာလား…” အင်ပါယာမင်းမြတ်က မယုံကြည့်ဟန်နှင့် ရယ်သွမ်းသွေးလိုက်ပြီး ပြောဆိုလိုက်သည်။


“ကောင်းပြီ… မင်းမဖြေချင်ဘူးဆိုရင်လဲ ထားလိုက်ပါတော့… ဒါပေမယ့်… ငါ့ရဲ့ နောက်ဆုံးမေးခွန်းတစ်ခုကိုတော့ ဖြေပေးဖို့ လိုလိမ့်မယ်…”


“မေးပါ…”


အင်ပါယာမင်းမြတ်က သူ၏ရင်ဘက်ကို ကြည့်၍ ချောင်းအနည်းငယ်ဆိုးကာ ပုဖန်ကို ပြန်ကြည့်လိုက်သည်။


“ကောင်းပြီ… မင်းက ဂိုဏ်းဂဏတွေက မဟုတ်ဘူးမှတ်လား… မင်းအင်ပါယာမြို့တော်ကို ဘယ်လိုခြမ်းခြောက်မှုမျိုးမှ ပြုလုပ်မှာမဟုတ်ဘူး မှတ်လား…”


ထိုမေးခွန်းက ဤဆိုင်ငယ်လေးသို့ အင်ပါယာမင်းမြတ်လာရောက်ရသည့် ရည်ရွယ်ချက်ပင် ဖြစ်သည်။ ဧကရာဇ်တစ်ယောက်အနေဖြင့် သူ၏ တိုင်းပြည်ကို သူသေဆုံးသွားပြီးနောက် အခြားသူတစ်ယောက်က ၀င်ရောက်ထိန်းချုပ်သွားမည်ကို လုံး၀လိုလားခြင်းမရှ်ိပေ။ သို့သော် အဆင့်မြင့်ရှေးဦးသားရဲတစ်ကောင်၏ ကာကွယ်မှုအောက်တွင် ရှိနေသော ဆိုင်ငယ်လေးကို ဖြိုချဖျက်ဆီးနိုင်မည်ဟု သူ့တွင် ယုံကြည်ချက် အနည်းငယ်မျှပင် ရှိမနေပေ။


ထို့ကြောင့် ဘာဆက်လုပ်ရမည်ကို စဉ်းစားထားနိုင်ရန် ဆိုင်ဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို လာရောက်ရှာဖွေနေခြင်း ဖြစ်သည်။ သို့သော် ဆိုင်ဖွင့်ရခြင်း၏ ရည်ရွယ်ချက်က သလင်းကျောက်များ ရှာဖွေနိုင်ပြီး ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်ရန်ဖြစ်သည်။ ဤသည်က စနစ်၏ ညွှန်ကြားချက်အတိုင်းပုဖန်က လိုက်နာလုပ်ဆောင်နေခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်များက အလွန် ရိုးရှင်းလှပေသည်။


“စိတ်မပူပါနဲ့ … အဲလိုအဖြစ်အပျက်က ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး….” ပုဖန်က ကို့ယို့ကားယား ပြုံးလိုက်ပြီး အင်ပါယာမင်းမြတ်ကို တည်ကြည်လေးနက်စွာဖြင့် ပြန်လည်ပြောဆိုလိုက်သည်။ 


အင်ပါယာမင်းမြတ်က အံ့အားသင့်သွားပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး အလွန်ကျယ်လောင်စွာ ရယ်မောလိုက်သည်။


“ဟားဟားဟား… မင်းစကားကို ကြားလိုက်ရတာ… ငါအရမ်းစိတ်သက်သာရာ ရသွားပြီ… အရမ်းပျော်ဖို့ကောင်းတာပဲ… ကောင်းပြီလေ.. ဒီဆိုင်မှာရှိတဲ့ ဟင်းပွဲတွေ အကုန်ချပေး အားလုံးကိုပျော်ပျော်ကြီးစားပစ်မယ်…. ဒါပေမယ့်လဲ… ဒီမှာဟင်းပွဲတွေကို လာစားတာက နောက်ဆုံးအကြိမ်လဲ ဖြစ်နိုင်တယ်…”  


အင်ပါယာမင်းမြတ်က ရယ်မောလိုက်ပြီးနောက် အသက်၀၀ရှူလိုက်ပြီး လက်ခုပ်တီး၍ ပြောဆိုလိုက်သည်။ ဆိုင်အပြင်တွင် စောင့်ဆိုင်းနေသည့် လျန်ဖုက သူ၏ လက်မနှင့် လက်ညိုးကို ပူးကိုင်ထားပြီး ကနွဲ့ကလျနှင့် လျောက်လာကာ အင်ပါယာမင်းမြတ်၏ အနောက်တွင် အရိုအသေအပြည့်နှင့်ရပ်နေလေသည်။ သူ၏ မျက်၀န်းများထဲတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေလေသည်။


ပုဖန်က ခေါင်းညိမ့်လိုက်ပြီး မီးဖိုချောင်ဖက်ဆီလှည့်ထွက်သွားလိုက်သည်။ တခဏမျှ ကြာပြီးနောက်တွင် မီးဖိုချောင်ဘက်ဆီမှ မွှေးရနံ့များက တစ်ရစ်ဝဲဝဲ ထွက်ပေါ်လာလေတော့သည်။ အင်ပါယာမင်းမြတ်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး အဓိပ္ပါယ်ပါပါ ပြုံး၍ ပြောဆိုလိုက်လေသည်။


“ငါအသက်ရှင်လာတာ နှစ်ပေါင်းများစွာ ကြာနေပြီ…အရသာရှိတဲ့ အစားအသောက်ကောင်းတေ အများကြီးစားခဲ့ဘူးတယ်… ဒါပေမယ့်လဲ ပိုင်ရှင်ပုရဲ့ အရသာက အကောင်းဆုံးဆိုတာကို မငြင်းနိုင်ဘူး… ငါ့ရဲ့ နောက်ဆုံးအချိန်ကို ရောက်ခါနီးမှ ပိုင်ရှင်ပုနဲ့ တွေ့ခဲ့ရတာက ကောင်းကင်ဘုံက ငါ့ကို အပြစ်ပေးတာလား ကောင်းချီးပေးတာလား…..”


 ကွမ်းရှောင်ယီက ဟင်းပွဲများကို ဂရုတစိုက်နှင့် သယ်လာလိုက်ပြီး အင်ပါယာမင်းမြတ်၏ ရှေ့တွင် ချပေးလိုက်သည်။ အင်ပါယာမင်းမြတ်က ခပ်တိုးတိုးရယ်လိုက်ပြီး သူ၏ မျက်၀န်းများထဲတွင် နူးညံ့ကြင်နာခြင်းများနှင့် ပြည့်နေလေသည်။ ဟင်းပွဲများကို စားသောက်ပြီးစီးသွားပြီးနောက် အင်ပါယာမင်းမြတ်က လျန်ဖုနှင့်အတူ ဆိုင်အတွင်းမှ ဖြည်းညင်းစွာ ထွက်ခွာသွားလေတော့သည်။ ပုဖန်က အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အင်ပါယာမင်းမြတ်ကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။


“ရှောင်ယီ .. နောက်နှစ်ရက်လောက်…ဆိုင်ကိုမလာနဲ့ဦး…. ငါ့မှာလုပ်စရာနည်းနည်းရှိလို့ အပြင်ခဏသွားရမှာမို့ ဆိုင်ခဏပိတ်ထားရမှာ…” ဆိုင်ပိတ်ချိန်သို့ ရောက်သောအခါ ပုဖန်က ရှောင်ယီ၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်၍ ပြောဆိုလိုက်သည်။


|အာ… စိတ်ပုပ်သူဌေး … နင်ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိ်ုင်မှာ ပြသနာသွားရှာမလို့လား…” ရှောင်ယီက ပုဖန်ကို မော့ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။ 


“မင်းကိုဘယ်သူကပြောလဲ.. ငါကအဲဆိုင်ကို ပြသနာသွားရှာမို့အတွက် ဆိုင်ပိတ်စရာလား… ငါ့မှာတစ်ခြားအရေးကြီးကိစ္စရှိလို့ ဆိုင်ခဏပိတ်တာ…” ပုဖန်၏ မျက်နှာအမူအယာက မည်းမှောင်သွားပြီး ပြောဆိုလိုက်သည်။


“အင်းပါ… အင်းပါ… ဒါပေမယ့်… စိတ်ပုပ်သူဌေးက အဲဆိုင်ကို သွားမယ်ဆိုရင်တော့ ငါ့ကို သေချာပေါက်ခေါ်သွားရမယ်…. နင်က တစ်ခြားတစ်ယောက်ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တဲ့ အချိန်က အတည်ကြည်အခန့်ငြားဆုံးအချိန်ပဲ… ငါအရမ်းသဘောကျတယ်…” ရှောင်ယီက သူမ၏ လက်နှစ်ဖက်ကို ဝေ့ရမ်းလိုက်ပြီး ပြောဆိုလိုက်သည်။


“ငါကဘာကိစ္စကြောင့် သူများကို ရိုက်ရမှာတုန်း… အမှန်အတိုင်းပြောနေတာ…. ပြီးတော့ ဒီနှစ်ရက်အတွင်းမှာ နင့်ရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာအောင် ကြိုးကြိုးစားစား လေ့ကျင့်ထားသင့်တယ်… ငါပြန်လာရင် နင့်ရဲ့ စွမ်းအင်အဆင့် တိုးတက်လာမှာကို မြင်ချင်တယ်… နောင်အနာဂတ်မှာ ငါ့ဆိုင်က ဟင်းပွဲတွေကို စားဖို့အတွက် လိုအပ်တဲ့ ကျင့်ကြံခြင်းအဆင့်တွေက ပိုပြီးမြင့်မားလာမှာ….. သိတယ်မဟုတ်လား..”


ရှောင်ယီက ကျင့်ကြံခြင်းအကြောင်းကို ပြောလိုက်ချိန်တွင် သူမ၏ မျက်လုံးများက ပြူကျယ်လာပြီး လက်နှစ်ဖက်ကို ဝေ့ရမ်း၍ ပြောဆိုလိုက်သည်။ 


“စိတ်ပုပ်သူဌေး… ငါ့ကိုကြည့် ငါကအခုတိုးတက်လာပြီလေ…. အခုဆို တိုက်ခိုက်သူအဆင့်ရဲ့ အလယ်အလတ်ကိုတောင် ရောက်နေပြီ….”


“ဒါကို မြန်တယ်လို့ပြောနေတာလား… နင်က ဝိဥာဉ်စွမ်းအင် အမြောက်အများပါ၀င်တဲ့ ဟင်းပွဲတွေအများကြီးစားထားတာတောင် နင့်ရဲ့ စွမ်းအင်တိုးတက်နှုန်းက အရမ်းကို နှေးနေသေးတယ်… ပြောရမယ်ဆို နင့်ရဲ့ စွမ်းအင်တိုးတက်နှုန်းက လိပ်လိုပဲ… ငါ့ကို ကြည့်လိုက်စမ်း..ငါဆိုရင် ဝိဥာဉ်တည်အဆင့်တောင်ရောက်နေပြီ…” ပုဖန်က ရှောင်ယီကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


“စိတ်ပုပ်သူဌေး .. နင်ကတစ်ကယ်ပဲ… ဒီသခင်မလေးက အိမ်ပြန်လိုက်ဦးမယ်…. ဟွန့်..” ပုဖန်က ကြွားဝါသော ပုံစံနှင့် ပြောလိုက်သောကြောင့် မကျေမနပ်နှင့် ပြန်လည်ပြောဆိုလိုက်သည်။


ရှောင်ယီက ပါးကို ဖောင်း၍ နှုတ်ခမ်းစူလိုက်ပြီး ချာခနဲ လှည့်ထွက်သွာလေတော့သည်။ ပုဖန်က ထွက်ခွာသွားသော ကွမ်းရှော်ယီကို စိုက်ကြည့်နေလိုက်ပြီး ဘလက်ကီ၏ အနီးတွင် ထိုင်ချလိုက်ပြီး လှပနူးညံ့သော အမွှေးများကို ခပ်သာသာလေး ပွတ်သပ်၍ ပြောဆိုလိုက်သည်။


“ဘလက်ကီ… နောက်နှစ်ရက်လောက် ငါဆိုင်မှာရှိမှာမဟုတ်ဘူး… အဲတော့ မင်းအတွက်စားစရာကို မင်းကိုယ်တိုင်ပဲ ရှာဖွေစားသောက်ရလိမ့်မယ်…” 


ပုဖန်၏ စကားကိုကြားလိုက်ရသောအခါ ပျင်းရိနေသည့် ဘလက်ကီ၏ မျက်၀န်းများက ပြူကျယ်သွားပြီး နှာခေါင်းတစ်ချက်ရှုံ့၍ ပြန်အိပ်လိုက်လေသည်။ ပုဖန်က ဆိုင်အတွင်းသို့ ပြန်၀င်သွားလိုက်ပြီး ခောတ္တခဏ ဆိုင်ပိတ်ပါသည်ဟူသော ဆိုင်းဘုတ်လေးကို ကိုင်၍ ပြန်ထွက်လာလေသည်။ ထိုဘုတ်ပြားလေးကို ဆိုင်အ၀တွင် ချိတ်ဆွဲထားလိုက်ပြီး ဆိုင်ကို ပိတ်လိုက်ကာ မီးဖိုချောင်အတွင်းသို့ ၀င်ရောက်သွားလိုက်သည်။


“စနစ်… ငါက ပါ၀င်ပစ္စည်းတွေကို သွားရှာရမယ်ဆိုတော့… ဟင်းခတ်အမွှေးအကြိုင်တွေကို မင်းကထောက်ပံ့ပေးမှာလား..” ပုဖန်က မေးမြန်းလိုက်သည်။ 


“မပေးဘူး…” စနစ်၏ အေးစက်စက်အသံက ပြန်လည်ထွက်ပေါ်လာခဲ့သည်။


ပုဖန်က စနစ်၏ တုံ့ပြန်မှုကို မျှော်လင့်ထားပြီး ဖြစ်သည့်အတိုင်း အံ့သြသွားဟန် မရပေ။ ထို့နောက် သူက အ၀တ်စကြီးကြီးတစ်ခုကို ယူ၍ ဆား၊ပဲငံပြာရည်၊ ငရုပ်ကောင်းနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များကို စုဆောင်းလိုက်သည်။ ဒယ်အိုးပြားတစ်ခုကိုလည်း စွဲထုတ်ယူလိုက်ပြီး စဉ့်နှီတုန်း ၊ဓါးနှင့် ယောက်ချိုဇွန်းများကို ဒယ်အိုးထဲသို့ ထည့်လိုက်လေသည်။ 


“မြေရိုင်းလွင်ပြင်ကို သွားရတဲ့ အဓိကရည်ရွယ်ချက်က လိုအပ်တဲ့ ပါ၀င်ပစ္စည်းတွေကို သွားရောက်ရှာဖွေဖို့ပါ… ပျော်ပွဲစားထွက်ဖို့ မဟုတ်ပါဘူး… မစ်ရှင်ရဲ့အဓိက ရည်ရွယ်ချက်ကို နားလည်ပါ… ဟင်းခတ်အမွှေးအကြိုင်တွေကို ယူခွင့်ရှိပေမယ့် ဟင်းချက်ပစ္စည်းတွေကို ယူဆောင်ခွင့်မရှိပါဘူး…” စနစ်က ပြောဆိုလိုက်သည်။


ပုဖန်က ပစ္စည်းများကို ထုတ်ပိုးနေရာမှ အေးခဲသွားလေသည်။ 


“အဲဒါဆို ငါက သားကောင်တွေကို ဖမ်းဆီးပြီးရင် ဘယ်လိုချက်ရမှာလဲ… အခြေခံ ချက်ပြုတ်စရာပစ္စည်းလေးတွေတောင် မပါရင် ကောင်းမွန်တဲ့ အရသာထွက်အောင် ဘယ်လိုလုပ်ရမလဲ….” 


သို့သော် စနစ်က ပုဖန်ကို အဖက်မလုပ်ပေ။ နောက်ဆုံးတွင် ပုဖန်က ဟင်းခတ်အမွှေးအကြိုင် အနည်းငယ်ကို ထုတ်ပိုးလိုက်ပြီး သူ၏ အခန်းသို့ သွားကာ အားဖြည့်အိပ်စက်လိုက်လေတော့သည်။ နောက်တစ်နေ့မနက်တွင် မနက်ခင်း၏ နေရောင်ခြည်နုနုလေး ထွက်ပေါ်လာသည်နှင့် စနစ်၏ အချက်ပေးသံထွက်ပေါ်လာပြီး ပုဖန်ကို နှိုးလိုက်လေသည်။


“သယ်ယူပို့ဆောင်ရေး အစီအရင်က နောက်ငါးမိနစ်ဆိုရင် စတင်ပါတော့မယ်… ကျေးဇူးပြုပြီး ပို့ဆောင်ရေးအတွက် ပြင်ဆင်ထားပေးပါ….” ပုဖန်က အံ့အားတသင့်ဖြစ်သွားပြီး မျက်မှောင်ကြုံ့လိုက်မိသည်။ ထိုအချိန်တွင် သူ၏ ခေါင်းထက်တွင် အလင်းမှုန် အစက်အပြောက်လေးများ ပေါ်ထွက်လာပြီး ထူးခြားဆန်းကျယ်သော မှော်အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။