အခန်း ၈၉ “ပုကလန်၏ လျို့ဝှက်အသားကင်…”
အချိန်ကြာလာသည်နှင့် မီးအပူချိန်က ပိုမိုမြင့်မားလာပြီး အသား၏ မွှေးရနံ့က စတင်ထွက်ပေါ်လာလေသည်။ မွှေးပျံ့နေသော အသား၏ ရနံ့များက အလွန်စွဲမက်ဖွယ်ကောင်းလှပြီး အရောင်က ရဲရဲနီလာလေသည်။ မီးခိုးငွေ့ကြေင့် အနားများက အနည်းငယ်မျှ မည်းနေလေသည်။ ပုဖန်က မကျက်သေးသည့် အသားများကို တစ်ဖြည်းဖြည်းခြင်း လှည့်ကင်လိုက်သည်။ အသားကင်ရသည်က ရိုးရှင်းသော်လည်း နည်းစနစ်များစွာ ရှိနေပေသည်။
အဆင့်ခြောက် လျပ်စီးမိုးကြိုး ဝိဥာဉ်၀က်၏ အသားဖြစ်သောကြောင့် သာမာန်မီးအပူရျိန်နှင့် ကင်၍ မရပေ။ ထို့ကြောင့် ပုဖန်က အစစ်အမှန်စွမ်းအင်များနှင့် မီးအပူချိန်ကို မြင့်မားလာစေရန် ပြုလုပ်နေရသည်။ ကင်နေသည့် အချိန်ကြာလာသည်နှင့် ရိနံ့များက တစ်ဖြည်းဖြည်း ပျံ့လွင့်လာကြပြီး ကျောက်တုံးနယ်မြေတစ်ခွင်လုံးသို့ ပျံံ့လွင့်နေလေတော့သည်။ ထန်းယင်နှင့် လုရှောင်းရှောင်းတို့က တိုင်ပင်ထားသကဲ့သို့ တစ်ယောက်နှင့် တစ်ယောက်ကြည့်၍ တံတွေးမြိုချလိုက်မိသည်။
“မွှေးလိုက်တာ…..”
ထန်းယင်က မထိန်းချုပ်နိုင်ပဲ ပြောလိုက်မိသည်။ အသားကင်၏ ရနံ့က အလွန်မွှေးပျံ့နေသော်လည်း အဆီညော်နံ့ကဲ့သို့ မနှစ်သက်ဖွယ်အနံ့များပါ၀င်နေခြင်းမရှိပေ။ အသား၏ ရနံ့ကို ရလိုက်သည်နှင့် လုရှောင်းရှောင်းက ချစ်သူတစ်ယောက်ကို တွေ့ရသကဲ့သို့ မလဲစတမ်း စိုက်ကြည့်နေလေသည်။ အာကာသအာနန်ဂိုဏ်းတွင် နေခဲ့သည့် ကာလတစ်လျောက်လုံးတွင် ထိုမျှမွှေးပျံ့သော ရနံ့မျိုးနှင့် အစားအသောက်ကို မကြုံဘူးခဲ့ချေ။
ဂိုဏ်းထဲတွင် ဘုရင်အဆင့်သို့ ရောက်ရှိလာသည်နှင့် အစားအသောက်များကို ရွေးချယ်စားသောက်ကြသော်လည်း အသားကင်၏ ရနံ့နှင့်ပင် စားချင်စိတ် ပြင်းထန်စွာ ဖြစ်ပေါ်နေပေသည်။ ပုဖန်က တည်တည်ငြိမ်ငြိမ်နှင့် အသားကင် နေပြီး ဆီများ ထွက်ကြလာချိန်တွင် ဟင်းခတ်အမွှေးအကြိုင်တစ်ချို့ကို အပေါ်မှ ဖြူးလိုက်လေသည်။ ထို့နောက် အသားသီတံနှစ်ခုကို ယုလိုက်ပြီး ထန်းယင်တို့ကို ပေးလိုက်ပြီး မြည်းစမ်းစေလိုက်သည်။
“ပုကလန်ရဲ့ လျို့ဝှက်အသားကင်… ကောင်းကောင်းသုံးဆောင်ကြပါ….”
အသားကင်၏ မွှေးရနံ့တွင် လွင့်မျောနေကြသည့် ထန်းယင်နှင့် လုရှောင်းရှောင်းတို့က ပုဖန် အသံကြောင့် သတိ၀င်လာပြီး လှမ်းယူလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ်…. စီနီယာ…”
သူတို့နှစ်ယောက် နောက်လိုက်တပည့်များကဲ့သို့ ပုဖန်ကို ပြောဆိုလိုက်သည်။ ထန်းယင်က အသားကင်ကို တစ်ကိုက်ကိုက်လိုက်သည်။ ပံမှန်အခြေအနေတွင် လုရှောင်းရှောင်းက မိန်းကလေးဖြစ်သည့်အပြင် စီနီယာများကို လေးစားတတ်သော်လည်း ယခုအခါတွင်မူ ထန်းယင်က တစ်ကိုက်ကိုက်ပြီး ချိန်တွင် သူမက ပါးစပ်အပြည့် ဝါးနေပြီဖြစ်သည်။
“အိ်ုး… ပူတယ်… ပူတယ်….”
လုရှောင်းရှောင်းက အသားကင်၏ အပူရှိန်ကြောင့် မျက်ရည်ဝိုင်းသွားသော်လည်း သူမ၏ ပါးစပ်အတွင်းမှ အသားကို ထွေးထုတ်ပစ်လိုက်ခြင်း မရှိပေ။ သူမက လက်တစ်ဖက်ဖြင့် အသားကင်ကို ကျစ်ကျစ်ပါအောင်ကိုင်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ဟထားသော ပါးစပ်အတွင်းသို့ ယပ်ခပ်နေလေသည်။
ထန်းယင်က အသားကို ကိုက်လိုက်ချိန်တွင်ပင် အသား၏ အရသာကို ခံစားလိုက်ရသည်။ အသားက နူးညံ့မွှေးပျံ့နေပြီး ပုံမှန်အသားကင်များကဲ့သို့ မာကျောကြွပ်ရွနေခြင်း မရှိပေ။ ကိုက်လိုက်သည်နှင့် အသားအတွင်းမှ အဆီဓါတ်လေးက စိမ့်ထွက်လာပြီး အရသာက လျှာပေါ်တွင် တင်ကျန်ခဲ့လေသည်။ အဆီများက သူ၏ နှုတ်ခမ်းတွင်ပင် တင်ကျန်နေခဲ့သောကြောင့် အဝေးမှ လှမ်းကြည့်လိုက်လျင် နှုတ်ခမ်းနီဆိုးထားသကဲ့သို့ ဖြစ်နေပေသည်။
အသားကို ဝါးလိုက်သည်နှင့် အရသာက လျှာထဲသို့ စိမ့်၀င်သွားကို ကောင်းမွန်သောအရသာကို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးတွင် ကြက်သီးမွှေးညင်းများ ထလာလေသည်။ အသားကိုမြိုချလိုက်ချိန်တွင် လည်ချောင်းမှတဆင့် ဗိုက်ထဲသို့ တစ်ဖြည်းဖြည်း ကျဆင်းသွားသည်ကို ခံစားသိရှိနေလေသည်။ ခန္တာကိုယ်အတွင်းမှ အညစ်အကြေးများ ကို သန့်စင်လိုက်သကဲ့သို့ နွေးထွေးပြီး သက်တောင့်သက်သာ ရှိလွန်းသောကြောင့် ညည်းညူလိုက်မိမလိုပင် ဖြစ်သွားလေသည်။
“ဒီလောက်ကောင်းတဲ့ အသားကင်က ကမ္ဘာပေါ်မှာရှိနေတာလား… လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ရဲ့ အသားက ဒီလောက်ကောင်းတာကို ငါမယုံနိုင်ဘူး…”
ထန်းယင်က မျက်ရည်များပင် စို့လာပြီး ငိုကြွေးလုမတက် ဖြစ်လာလေသည်။ သူက ရှင်သန်ခဲ့သည်မှာကြာမြင့်နေပြီ ဖြစ်သော်လည်း ထိုမျှကောင်းမွန်သော အရသာကို ယခုမှသာ ခံစားဖူးခြင်း ဖြစ်လေသည်။ ထိုအချက်က သူ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင် ဖြစ်စေလေသည်။ လုရှောင်းရှောင်းက အသား၏ အရသာထဲတွင် နစ်မြုတ်နေပြီး မရပ်မနား စားသောက်နေလေသည်။
မြို့အပြင်ဘက်တွင် ရှိနေသည့် ဂိုဏ်းများအနက် အာကာသအာနန်ဂိုဏ်း၏ တပည့်များဖြစ်ကြသောကြောင့် ပြင်းထန်သော လေ့ကျင့်မှုများကို လုပ်ဆောင်ကြရသည်။ ထမင်းအစား ဂျုံမှုန့်များကိုသာ စားသောက်ကြရသည်။ ဘုရင်အဆင့်ရောက်သောအခါ အစားအစာများကို ရှောင်ရှားခဲ့ကြသဖြင့် ကောင်းမွန်သော အရသာများနှင့် ရင်းနှီးနေခြင်းမရှိပေ။ ယခုအခါ ပုဖန်ပေးလိုက်သော အသားကင်၏ အရသာက အလွန်အမင်းကောင်းမွန်လှသောကြောင့် တစ်ဘ၀စာအတွက် မှတ်မှတ်ထင်ထင် ဖြစ်သွားကြပြီး နှလုံးသားထဲတွင်ပင် စွဲကျန်နေလေသည်။
ပုဖန်က သူတို့နှစ်ယောက် စားသောက်နေသည်ကို စိတ်လှုပ်ရှားစွာ ကြည့်နေလိုက်ပြီး တခဏအကြာတွင် သူ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး ကျေနပ်နှစ်သက်သော အပြုံးတစ်ခု ပေါ်လာလေသည်။ ထို့နောက် သူ၏ အသားကင်ကို ကောက်ကိုင်လိုက်ပြီး စတင်စားသောက်လေတော့သည်။ သူက အသားကို ဖြည်းဖြည်းချင်း ကိုက်ဝါးနေပြီး အသားကင်မှ ချို့ယွင်းချက်များကို ရှာဖွေနေလိုက်သည်။
လေများ တိုက်ခတ်နေသောကြောင့် ပတ်၀န်းကျင်တစ်ခွင်ကို မွှေးရနံ့များက ပျံ့နှံ့နေပေသည်။ အသားကင်၏ ရနံ့က မြေရိုင်းလွင်ပြင်အတွင်းမှ သားရဲများကို စွဲဆောင်လိုက်သောကြောင့် သားရဲများက အသားကင်၏ ရနံ့နောက်သို့ လိုက်ပါလာကြသည်။ သူတို့၏ ပတ်၀န်းကျင်မှ အမှောင်ထုအတွင်းတွင် သားရဲများ၏ မျက်လုံးစိမ်းစိမ်းများက တစ်ဖြည်းဖြည်း များပြားလာကြသည်။
သားရဲများ၏ ပါးစပ်အတွင်းမှ သားရေများ ထွက်ကျနေကြပြီး ပုဖန်တို့ကို စိုက်ကြည့်နေကြသည်။ သားရဲများက တစ်ဖြည်းဖြည်း များပြားလာကြပြီး သူတို့၏ စွမ်းအားကြီးလှသည့် အရှိန်အဝါများက ပုဖန်တို့သုံးယောက်ကို သက်ရောက်လာကြသည်။ မွှေးပျံ့သောရနံ့များ၏ စွဲဆောင်မှုအောက်တွင် လူများသာမက သားရဲများပင် ရုန်းထွက်နိုင်ခြင်းမရှိ်ပေ။
ထန်းယင်က အသားတစ်ကိုက်ကို ကိုက်၍ မြိုချလိုက်ပြီး ကျေနပ်သောအမူအယာအဖြင့် ပုဖန်ကို ပြောဆိုလိုက်သည်။
“စီနီယာ… ဒီအသားကင်ရဲ့ အရသာက အရမ်းကို အံ့အားသင့်ဖို့ ကောင်းလှပါတယ်… ဒီအသေးအဖွဲ ပြသနာလေးတွေကိုတော့ ငါပဲ ဖြေရှင်းလိုက်ပါမယ်….”
“ဒီပတ်၀န်းကျင်က ပြသနာလေးတွေကို ဖြေရှင်းလိုက်ပါမယ်… စီနီယာရဲ့ စားသောက်နေတာကို အနှောက်အယှက်မဖြစ်စေရပါဘူး…” ထန်းယင်က ပြောဆိုလိုက်ပြီး ဓါးရှည်ကို ထုတ်ယူလိုက်သည်။ သူ၏ လက်တစ်ဖက်တွင် အသားကင်ကို ကိုင်ဆောင်ထားပြီး နောက်တစ်ဖက်က ဓါးရှည်ကို ကိုင်ဆောင်ထားကာ အေးစက်စက်အသငွ့အသက်များ ထွက်ပေါ်လာလေတော့သည်။
ပုဖန်၏ မျက်နှာအမူအယာက ပြောင်းလဲမှုမရှိပဲ တွေတွေငေးငေးနှင့် သူ၏ အသားကင်ကို ဆက်လက်စားသောက်နေလေသည်။ လုရှောင်းရှောင်းကလဲ အသားကင်ကို စားသောက်ခြင်းတွင်သာ နစ်မြုတ်နေလေသည်။ သူတို့နှစ်ယောက်လုံးက သူ့ကို ဂရုမစိုက်ကြသောကြောင့် ထန်းယင်က ကို့ယို့ကားယား ဖြစ်သွားပြီး အသားတစ်ကိုက်ကို ထပ်ကိုက်လိုက်သည်။ ထို့နောက် ခပ်တိုးတိုးရယ်လိုက်ပြီး အစစ်အမှန်စွမ်းအင်များကို ထုတ်လွှင့်လိုက်ပြီး ခန္ဒာကိုယ်ကို လွှမ်းခြုံလိုက်သည်။ သူ၏ အရှိန်အဝါက နဂါးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားလေတော့သည်။
“ဟားဟားဟား… ရှေးရှေးတုန်းက သူရဲကောင်းတွေက ဝိုင်အိုးကို ဆုတ်ကိုင်ပြီး နတ်ဆိုးတွေကို နှိမ်နင်းခဲ့တယ်…. အခု ငါ… ထန်းယင်ကလဲ အသားကင်ကို ကိုင်ပြီး သားရဲတွေကို ချေမှုန်းမယ်….” ထန်းယင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သားရဲများထံသို့ တစ်ရှိန်ထိုး ပြေး၀င်သွားလေတော့သည်။
အသားကင်၏ စွဲဆောင်မှုရှိသော ရနံ့ကြောင့် ရောက်ရှိလာသော သားရဲများက အဆင့်ငါးသားရဲများ ဖြစ်ကြပြီး အလွန်သန်မာကြလေသည်။ သားရဲများတွင်လည်း ကိုယ်ပိုင်စည်းမျဉ်းများရှိကြပေသည်။ အသားကင်၏ စွဲဆောင်မှုကြောင့်သာ သူတို့၏ ပိုင်နက်ကို စွန့်ခွာ၍ ဤနေရာသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။
ဓါးရှည်မှ အလင်းရောင်က အမှောင်ထုထဲတွငါ တစ်လက်လက် တောက်ပနေပြီး ထန်းယင်၏ အမူအယာကလည်း သားရဲအုပ်ထဲတွင် သက်တောင့်သက်သာ ဖြစ်နေပေသည်။ သူက တိုက်ခိုက်နေချိန်တွင်ပင် လက်ထဲမှ အသားကင်ကို အဆက်မပြတ် စားသောက်နေပြီး သူ့နှလုံးသားထဲတွင် ကျေနပ်နှစ်သိမ့်မှုကို ခံစားနေရလေသည်။ အသားကင်တစ်ဖက် ဓါးတစ်ဖက် ကိုင်ဆောင်ထားပြီး သားရဲကောင်များကို တိုက်ခိုက်နေသည့် အမူအယာက အလွန်ထူးဆန်းနေပေသည်။
တိုက်ပွဲပြီးသွားပြီးနောက် ထန်းယင်က အသားကင်ကို စားသောက်နေရင်းနှင့် နေရာသို့ ပြန်လာလေသည်။ သူ့လက်ထဲမှ ဓါးရှည်ဆီမှ အေးစက်စက် အငွေ့အသက်များ ထုတ်လွှင့်နေပြီး သွေးများ တစ်စက်စက် စီးကျနေသော်လည်း ထန်းယင်၏ မျက်နှာပေါ်တွင်မူ စိတ်လှုပ်ရှားမှု ပျော်ရွှင်မှုများနှင့်သာ ပြည့်နှက်နေလေသည်။
“စီနီယာ… သားရဲကောင်တွေ အကုန်သေကုန်ပြီ… ဟီးဟီး…” ထန်းယင်က ရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။
ပုဖန်က နောက်ဆုံးလက်ကျန် အသားကင်ကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။
“စီနီယာ… ဒီအသားကင်က အစစ်အမှန်စွမ်းအင်တွေကို ပြန်ဖြည့်ပေးနိုင်တာလား… ငါက အဆင့်ငါးသားရဲတွေအများကြီးနဲ့ တိုက်ခိုက်ရတာတောင် စွမ်းအင်တွေကုန်ဆုံးသွားတယ်လို့ မခံစားမိဘူး… အဲအပြင် ငါ့ရဲ့စွမ်းအင်တွေက တိုးပွားနေပြီး ငါ့ခန္ဒာကိုယ်ထဲကနေ လျံကျတော့မလို ခံစားနေရတယ်…” ထန်းယင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လေးနက်စွာ မေးမြန်းလိုက်သည်။
အနီးမှ လုရှောင်းရှောင်းက ထန်းယင်၏ စကားများကို အမှုမဲ့အမှတ်မဲ့နှင့် ပြည့်တင်းနေသော သူမ၏ ၀မ်းဗိုက်ကို ပွတ်သပ်လိုက်ပြီး လေပူတစ်ချက် မှုန်ထုတ်လိုက်ကာ အိပ်စက်အနားယူရန် ပြင်ဆင်လိုက်သည်။ သို့သော် တခဏအတွင်းတွင် သူမ၏ မျက်၀န်းများက ပြူးကျယ်ဝိုင်းစက်လာလေသည်။ သူမက ထန်းယင်ကို တစ်ချက်ကြည့်လိုက်ပြီး ခြေထောက်ချိတ်၍ ထိုင်လိုက်လေသည်။ သူမ၏ခန္ဒာကိုယ်မှ များပြားလှသည့် အစစ်အမှန်စွမ်းအင်များ ထွက်ပေါ်နေပေသည်။
“မင်းတို့ မြင်တဲ့အတိုင်းပဲလေ… ငါ့ရဲ့အသားကင်က အစစ်အမှန်စွမ်းအင်တွေကို တိုးပွားစေနိုင်တယ်… ဒါပေမယ့် ဒါက သာမာန်အသားကင်လေးပဲလေ… ရေးကြီးခွင်ကျယ်လုပ်စရာမလိုပါဘူး… မင်းတို့သာ ဒီထက်ပိုပြီးတော့ ကောင်းမွန်တဲ့ အစားအသောက်တွေကို စားချင်ရင် လေအလင်းအင်ပါယာမြို့တော်မှာရှိတဲ့ ငါ့ရဲ့ စားသောက်ဆိုင်ငယ်လေးကို လာစားလို့ရတယ်…” ပုဖန်က မထူးခြားသကဲ့သို့ပင် ပြန်ပြောလိုက်ပြီး သူ၏ဆိုင်ကို ကြော်ညာ၀င်လိုက်လေသည်။
“လေအလင်းအင်ပါယာမြို့တော်ထဲက ဆိုင်ငယ်လေး…” ထန်းယင်က မျက်လုံးများကို မှေးစင်းလိုက်ပြီး တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
“အင်း… သာမာန်အသားကင်ကတောင် အဆင့်ငါးသက်စောင့်ဆေးတွေနဲ့ ယှဉ်နိုင်တယ်ဆိုတော့ သူက ဆန်းကျယ်တဲ့ လူတစ်ယောက်ပဲဖြစ်ရမယ်…” ထန်းယင်က တွေးတောလိုက်မိသည်။ ထို့နောက် သူက ခြေချိတ်ထိုင်လိုက်ပြီး စွမ်းအင်များကို စတင်လည်ပတ်လိုက်လေသည်။
“အင်း… ကြည့်ရတာတော့.. စနစ်က စွမ်းအင်တွေကိ်ု အပိုများ ထည့်ပေးထားတာလားမသိဘူး…” ပုဖန်က တွေးတောလိုက်ပြီး အိပ်စက်အနားယူရန် ပြင်ဆင်လိုက်သည်။
ညက တိတ်ဆိတ်စွာဖြင့် ကုန်လွန်သွားလေသည်။ နောက်တစ်နေ့မနက်ခင်းတွင် နေမင်း၏ အလင်းရောင်ဖြာကျလာသည်နှင့် သူတို့သုံးယောက်က ဖီးနစ်စုတေတောင်ကြားသို့ ဆက်လက်ထွက်ခွာလာကြသည်။ ကျောက်တုံးနယ်မြေက်ို ကျော်လွန်သွားသည်နှင့် သူတို့ ရှေ့မှ မြင်ကွင်းများက ပြောင်းလဲသွားလေသည်။
သူတို့ရှေ့တွင် စိမ်းလန်းစိုပြေနေသော ခြုံနွယ်များနှင့် မြက်ပင်များ ၀န်းရံနေသောစမ်းချောင်းငယ်လေးတစ်ခုကို တွေ့လိုက်ရပြီး ရေတံခွန်မှ ရေစီးကျသံတစ်ချို့ကို ကြားလိုက်ရလေသည်။ ဖီးနစ်စုတေတောင်ကြားက သူတို့ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။