အခန်း ၉၁ “ဓါးကိုဆွဲထုတ်လိုက်တာနဲ့ သားရဲအားလုံး အမိန့်နာခံရမယ်…”
တောင်ကြားအတွင်းမှ ငြိမ်သက်နေသော ရေပြင်ကလည်း အဖြူရောင်အခိုအငွေ့များ ထွက်ပေါ်လာပြီး မိုးချုန်းသံကဲ့သို့ ဆူညံသံများ ထွက်ပေါ်လာသည်။ ရေတံခွန်မှ အဆက်မပြတ် စီးကျနေသော ရေမှုန်ရေမွှားလေးများက အငွေ့အဖြစ်နှင့် တောင်ကြားထဲသို့ စိမ့်၀င်ပျံ့နှံ့နေလေသည်။ ရေတံခွန်အနီးမှ ပုဖန်တို့ သုံးယောက်က ပတ်၀န်းကျင်ကို သတိဖြင့် အကဲခတ်လိုက်ကြသည်။
တောင်ကြားအတွင်းမှ ကြမ်းကြုတ်သည့် သားရဲများ၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး သူတို့၏ စွမ်းအင်လှိုင်းများက တောင်ကြားအတွင်းတွင် ပျံ့နှံ့နေလေသည်။ ထိုနေရာမှ သားရဲအရေအတွက်က အကောင်တစ်ရာမျှ ရှိနေပြီး အဆင့်မြင့်သားရဲများပင် ပါ၀င်နေသည်။
ထန်းယင်၏ အသားအရည်က ဖြူဖျော့နေပြီး သူ့မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုများ ထွက်ပေါ်နေပေသည်။ ဖီးနစ်သွေးဆေးပင် တန်ဖိုးက အလွန်ကြီးမားလှပြီး သားရဲသတ္တဝါများကို အလွန်အမင်း စွဲဆောင်နိုင်လိမ့်မည်ဟု မထင်ထားမိချေ။ သားရဲအုပ်ကြီး၏ စွမ်းအင်အဆင့်များက တူညီခြင်းမရှိသော်လည်း အဆင့်ငါးသားရဲ မြောက်များစွာ ပါ၀င်နေသည်။ ထိုအရေအတွက်က ထန်းယင် ဆယ်ယောက်ရှိနေလျင်ပင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။
“ဒု… ဒုတိယအကို …ဘာတွေဖြစ်နေတာလဲ … ဘာလို့ သားရဲတွေအများကြီး ရောက်လာတာလဲ… ငါဒီနေရာမှာ မနေချင်မဘူး…” လုရှောင်းရှောင်း၏ မျက်၀န်းများက ကြောက်လန့်မှုကြောင့် တုန်ယင်နေပြီး သူမ၏ ခြေထောက်များပင် မတ်တပ်ရပ်၍ မရနိုင်လောက်အောင် တုန်ခါနေပေသည်။ အကယ်၍ ဖီးနစ်စုတေတောင်ကြားတွင် နတ်ဆိုးသားရဲ အမြောက်အများ ပုန်းအောင်းနေသည်ကို စောစီးစွာ သိရှိခဲ့ပါက ဤတောင်ကြားသို့ ခြေချလိမ့်မည် မဟုတ်ချေ။
ပုဖန်၏ အမူအယာက ပြောင်းလဲသွားခြင်းမရှိပဲ မျက်မှောင်ကြုံ့၍ သားရဲများကို အကဲခတ်နေပေသည်။
“ဖီးနစ်သွေးဆေးပင်မှာ ဝိဥာဉ်စွမ်းအင်ပမာဏ အများကြီးပါ၀င်လို့ သားရဲတွေရဲ့ စွမ်းအင်အဆင့် တိုးတက်ရာမှာ ကြီးမားတဲ့ အထောက်အကူ ဖြစ်စေတယ်… ဒါကြောင့်လဲ ဒီဆေးပင်က သားရဲတွေကို ရူးသွပ်သွားလောက်အောင် စွဲဆောင်နိုင်တာ….” ထန်းယင်က တည်ကြည်စွာဖြင့် ပုဖန်ကို ရှင်းပြလိုက်သည်။
“စီနီယာ…. တစ်ကယ်လို့ မင်းသာ လွတ်မြောက်နိုင်ခဲ့ရင် ငါတို့ရဲ့ သေဆုံးမှုကို ငါတို့ဂိုဏ်းကို သွားပြောပေးမယ်လို့ မျော်လင့်ပါတယ်…” ထန်ယင်က ပုဖန်ကို စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
လုရှောင်းရှောင်း၏ မျက်၀န်းများမှ မျက်ရည်များ စီးကျနေပြီး ငိုရှိုက်နေလေသည်။တောင်ကြားထဲသို့ ၀င်ရောက်ရန် ဆုံးဖြတ်ခဲ့သည်ကို သူမက အလွန်အမင်း နောင်တရနေပေသည်။ ထို့နောက် ပုဖန်၏ စွမ်းဆောင်ရည်များကို ပြန်လည်အမှတ်ရသွားပြီး မျော်လင့်ချက်အပြည့်ပါသော မျက်၀န်းများနှင့် လှမ်းကြည့် လိုက်ိသည်။
“စိနီယာ… ငါတို့နှစ်ယောက်ကို လွတ်မြောက်အောင် ကယ်ထုတ်ပေးနိုင်တယ်မဟုတ်လား….”
“မင်းတို့က ဖီးနစ်သွေးဆေးပင်ကို မလိုချင်တော့ဘူးလား…” ပုဖန်က မေးမြန်းလိုက်သည်။
လုရှောင်းရှောင်း၏ အမူအယာက ပြောင်းလဲသွားပြီး ဗလာအကြည့်သက်သက်ဖြင့် ပုဖန်ကို စိုက်ကြည့်လိုက်သည်။ သူမကြည့်နေစဉ်တွင် ပုဖန်၏ လက်ကောက်၀တ်မှ အခိုးအငွေ့များ ထွက်ပေါ်လာပြီး မီးဖိုချောင်သုံးဓါးတစ်လက် ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
“ဟမ့်… ငါ့ကို အရူးလိုလုပ်မနေပါနဲ့… မင်းတို့က အစထဲက ငါ့ကို အသုံးချချင်နေတာမဟုတ်လား… ဒီနေရာက သားရဲတွေကို ငါ့ကိုမောင်းထုတ်စေချင်နေတာလေ… ဒါမှ ဖီးနစ်သွေးဆေးပင်ကိုခူးလို့ရမှာလေ… ဟုတ်တယ်မလား….” ပုဖန်က နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေးလိုက်ပြီး ပြူးကြောင်ကြည့်နေသော လုရှောင်းရှောင်းတို့ နှစ်ယောက်ကို ပြောဆိုလိုက်သည်။
ထန်းယင် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ပုဖန်က သူတို့၏ အကြံအစည်ကို သိရှိနေပေသည်။ ပုဖန်၏ ရည်ရွယ်ချက်က အဆင့်မြင့်သားရဲကို ဖမ်းရန်သာ ဖြစ်သောကြောင့် သူတို့ကို လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။ ယခုအခြေအနေတွင် ပုဖန်က ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။ ထန်းယင်က ကူရာမဲ့စွာ ခံစားလိုက်ရသည်။ လုရှောင်းရှောင်းက ဆိုးသွမ်းသော လူတစ်ယောက်မဟုတ်ပဲ လိမ္မာပါးနပ်စွာ နေထိုင်တတ်သူတစ်ယောက်ဖြစ်ပေသည်။ ပုံမှန်အားဖြင့် ကောင်းမွန်စွာ နေထိုင်တတ်သော်လည်း အပြင်သို့ ရောက်ရှိလာသောအခါ ပြသနာရှာတတ်သော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။
“မင်းတို့က ဖီးနစ်သွေး ဆေးပင်ကို လိုချင်နေတုန်းပဲလား…” ပုဖန်က ထပ်မေးလိုက်သည်။
သူမ၏ နှလုံးသားပင် ထွက်ကျတော့မတတ် ကြောက်ရွံ့နေသော လုရှောင်းရှောင်းက ပုဖန်မေးလိုက်သည်နှင့် ခေါင်းကို အဆက်မပြတ် ခါရမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ငါမလိုချင်တော့ဘူး…. မလိုချင်တော့ပါဘူး….”
သူမ၏ အသက်နှင့် ဖီးနစ်သွေးဆေးပင်တွင် လုရှောင်းရှောင်းက အသက်ကိုသာ ရွေးချယ်လိမ့်မည်ဖြစ်သည်။
“စီနီယာ… စီနီယာ့မှာ ဒီအခြေအနေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိတာလား….” ထန်းယင်က ကြောင်အနေရာမှ ရုတ်တရက် မေးမြန်းလိုက်သည်။
အခြေအနေက သူတို့အတွက် အန္တရာယ်များသော အခြေအနေဖြစ်သော်လည်း စီနီယာအတွက် လွယ်ကူနေသည်ဟု ထန်းယင်က ခံစားမိလိုက်သည်။ ပုဖန်က ထန်းယင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် ပတ်၀န်းကျင်ကိုအကဲခတ်ကြည့်လိုက်ရာ သားရဲများက မငြိမ်မသက် ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
ဝေါ…ဝေါ…
သူတို့၏ ဘေးပတ်၀န်းကျင်မှ မိုးထစ်ချုန်းသံကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး သစ်ပင်များပင် ပြိုလဲ ကျသွားလေသည်။ ကြီးမားသော ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရပြီး ပြင်းထန်သော အရှိန်အဝါများက တောင်ကြားတစ်ခုလုံးကို ဖိနှိပ်ထားလေသည်။ ထန်းယင်၏ မျက်နှာက လူသေကောင်ကဲ့သို့ ဖြူဖျော့သွားပြီး ဧရာမ ပုံရိပ်နှစ်ခုကို စိုက်ကြည့်နေမိလေသည်။ သူ၏ မျော်လင့်ချက်များက နောက်တစ်ကြိမ် ဖျက်ဆီးခံလိုက်ရသည်။
“အ…အဆင့်ခုနစ်သားရဲကောင်… နှစ်ကောင်တောင်…. သွားပြီ… ငါတို့တော့သွားပြီ…” လုရှောင်းရှောင်းက ထွက်ပေါ်လာသော ပုံရိပ်နှစ်ခုကို ကြည့်၍ ထပ်မံငိုကြွေးလေတော့သည်။ သူမမျော်လင့်ထားသည်နှင့် ဖြစ်ပေါ်လာသည်များက အလွန်ခြားနားနေကြလေသည်။
ပုဖန်က သူ၏ ညာဘက်အခြမ်းတွင် မီးလျံများ တောက်လောင်နေသော ဧရာမနွားရိုင်းတစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုသတ္တဝါ၏ မျက်၀န်းများက ရဲရဲနီနေလေသည်။
“အင်း … ဒီသားရဲကောင်မှာပါတဲ့ စွမ်းအင်တွေက လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ထက် တစ်ကယ် သာတာပဲ…”
ထိုနေရာတွင် အဆင့်ခုနစ်သားရဲကောင် နှစ်ကောင်ရှိနေပြီး ညာဘက်မှသားရဲက ခန္တာကိုယ်တွင် မီးတောက်များ ဖုံးလွမ်းနေသော ခရီးသွားနွားနဂါးဖြစ်သည်။ ထိုသားရဲ၏ ဦးခေါင်းက နွားပုံသဏ္ဍာန်ရှိပြီး နဂါးအမြီးကဲ့သို့ အမြီးတစ်ခုပါရှိလေသည်။ သူအသက်တစ်ချက်ရှူလိုက်သည်နှင့် မိုးကြိုးပစလိုက်သကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်နေပေသည်။
လက်ဝဲဘက်မှအဆင့်ခုနစ်သားရဲက ရွှေရောင်အမွှေးများ ဖုံးလွှမ်းနေသော ဧရာမ နတ်မျောက်ဝံဖြစ်သည်။ ထန်းယင်က ဖီးနစ်စုတေတောင်ကြားအတွင်းတွင် ခရီးသွားနွားနဂါးရှိနေသည်ကို သိရှိထားသော်လည်း နတ်မျောက်ဝံရှိနေသည်ကို သိရှိထားခြင်း မရှိပေ။ အဆင့်ခုနစ်သားရဲနှစ်ကောင်ရှိသည်ကို သိရှိခဲ့လျင် ယခုထက် အဆတစ်ရာမျှ သတ္တိကောင်းနေလျင်ပင် တောင်ကြားအတွင်းသို့ ၀င်ရောက်ရဲ လိမ့်မည်မဟုတ်ချေ။
စီနီယာက အလွန်သန်မာသော်လည်း အဆင့်ခုနစ် သားရဲနှစ်ကောင်ကို တစ်ပြိုင်တည်း တိုက်ခိုက်နိုင်မည်မဟုတ်ချေ။ ဤနေရာတွင် သူတော်၀င်အဆင့်တစ်ယောက်ဆိုပါက တိုက်ခိုက်ရန် မတွေးတောတော့ပဲ ကြောက်လန့်တကြား ထွက်ပြေးနေပြီဖြစ်သည်။
ဝေါင်း…..
ခရီးသွား နွားနဂါး၏ အော်မြည်သံက တောင်ကြားတစ်ခုလုံးကို လှုပ်ခါသွားစေလေသည်။ နတ်မျောက်ဝံကလည်း သူ၏ သွားများပေါ်သည်အထိ အော်ဟစ်တုန့်ပြန်လိုက်သည်။ ဆန့်ကျင်ဘက် အရပ်မျက်နှာနှစ်ခုဆီမှ တူညီသော အရှိန်အဝါများနှင့် အော်မြည်သံနှစ်ခုက တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည်။ တောင်ကုန်းပေါ်တွင် လေယူရာ ယိမ်းနွဲ့နေသည့် ဖီးနစ်သွေးဆေးပင်မှ ဝိဥာဉ်စွမ်းအင် အမြောက်အများ ထွက်ပေါ်လာလေသည်။ ထွက်ပေါ်လာသောစွမ်းအင်များက ပြာပုံအတွင်းမှ ပြန်လည်နိုးထလာသော ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ ကောင်းကင်ဆီသို့ ပျံတက်နေလေသည်။
အဆင့်ခုနစ် ဝိဥာဉ်သားရဲနှစ်ကောင်ကဲ့သို့ ပုဖန်က အခြားသူများကို လျစ်လျူရှုထားလေသည်။ ထိုသားရဲနှစ်ကောင် စတင်တိုက်ခိုက်သည်နှင့် ဖီးနစ်သွေးဆေးပင်ကို ရယူရန် စူးစိုက်ကြည့်နေလေသည်။ ရေတံခွန်ထိပ်မှ ရေများက အသံကျယ်ကျယ်နှင့် ရေကန်ထဲသို့ ကျဆင်းနေကြသည်။ ထိုအခိုက်အတန့်တွင် တောင်ကြားတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။
တိတ်ဆိတ်နေမှုက အလွန်အမင်း သွေးပျက်ဖွယ်ကောင်းလှပေသည်။ တောင်ကုန်းပေါ်ရှိ ဖီးနစ်သွေးဆေးပင်ထံမှ အလင်းရောင်အစက်အပျောက်များ ထွက်ပေါ်လာပြီး အပင်က ယိမ်းထိုးလှုပ်ခါနေလေသည်။ အရွက်များပေါ်တွင်လည်း အနီရောက်အစက်အပျောက်များ စတင်ဖြစ်ပေါ်လာပြီး အရွက်များက သွေးနီရောင်သို့ တစ်ဖြည်းဖြည်း ပြောင်းလဲလာလေတော့သည်။ တောင်ကြားတစ်ခုလုံးတွင် ဖီးနစ်ငှက်၏ ငိုသံကို စတင်ကြားလိုက်ရသည်။ ငိုသံပျောက်ဆုံးသွားမှ အသံများ ပြန်လည်ထွက်ပေါ်လာလေသည်။ ဖီးနစ်သွေးဆေးပင်က ရင့်မှည့်လာပြီဖြစ်သည်။
အူး….ဝူး…ဝူး..
ခရီးသွားနွားနဂါးက အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများက သွေးနီရောင် ပြောင်းလဲသွားလေသည်။ ထို့နောက် ဖီးနစ်သွေးဆေးပင်ရှိရာသို့ ခုန်တက်လိုက်ရာ တောင်ကြားတစ်ခုလုံး လှုပ်ခါသွားလေသည်။ အခြားသားရဲများက သူ့အနောက်မှ လိုက်ပါသွားကြလေတော့သည်။ နတ်မျောက်ဝံကလည်း သူ၏ လက်သီးဆုတ်များဖြင့် ရင်ဘက်ကို ထုရိုက်လိုက်ပြီး ဆေးပင်ရှိရာသို့ ခုန်ထွက်သွားလေသည်။ သူ့အနောက်မှ ဝိဥာဉ်သားရဲများကလည်း လိုက်ပါသွားကြလေသည်။
ပုဖန်တို့သုံးယောက်က ထိုအဖွဲ့ နစ်ဖွဲ့ကြားတွင် တည်ရှိနေရာ အလွန်ကြီးမားသော ပင်လယ်ပြင်မှ ပစ္စည်းသယ်သည့် လှေငယ်တစ်စင်းကဲ့သို့ ဖြစ်နေလေသည်။ အချိန်မရွေး အသားပြားဖြစ်သွားနိုင်ပေသည်။ ထန်းယင်နှင့် လုရှောင်းရှောင်းတို့က စိတ်ပျက်အားငယ်စွာနှင့် မျက်လုံးများကို မှိတ်လိုက်ကြလေသည်။ ပုဖန်က ရွှေနဂါးအရိုးဓါးကို ကိုင်ဆောင်ထားပြီး ဆန့်ကျင်ဘက်အရပ် နှစ်ခုဆီမှ သူတို့ရှိရာသို့ တိုးကပ်လာကြသော သားရဲအုပ်နှစ်အုပ်ကို မျက်စိမလွှဲတန်း စိုက်ကြည့်နေလေသည်။
ထို့နောက် သူ၏ ရွှေနဂါးအရိုးဓါးကို ကိုင်မြှောက်လိုက်ပြီး အစစ်အမှန်စွမ်းအင်များကို ထည့်သွင်းလိုက်လေတော့သည်။ ရွှေရောင်အလင်းတန်းများက နေရောင်ကဲ့သို့ အလွန်စူးရှစွာ တောက်ပလာလေသည်။ ပုဖန်၏ ပခုံးပေါ်တွင် ရွှေနဂါးအရိုးဓါးက ရွှေရောက်ပြောင်းလဲသွားပြီး နဂါးအငွေ့အသက်များက ပုဖန်ဆီမှဗဟိုပြု၍ အရပ်မျက်မှာ အဘက်ဘက်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေတော့သည်။
တခဏအတွင်းတွင် ဝိဥာဉ်သားရဲများ ရပ်တန့်သွားပြီး မြေပြင်ပေါ်သို့ ၀ပ်ချလိုက်လေတော့သည်။ ရွှေနဂါးအရိုးဓါးထွက်ပေါ်လာသည်နှင့် သားရဲအားလုံးက လိုက်နာကြရလေသည်။ နတ်ဘုရားအဆင့် မီးဖိုချောင်သုံးဓါးက ဗိုလ်ကျချယ်လှယ်လွန်းလှပေသည်။