အခန်း ၉၂ “မစ်ရှင်ပြီးပြီ ပြန်ကြမယ်…”
ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးမှ ထွက်ပေါ်လာသော အရှိန်အဝါများက လေထုထဲသို့ ပိုမိုပျံံ့နှံ့လာခဲ့သည်။ ဓါးတွင် နဂါးတစ်ကောင်၏ အငွေ့အသက်များပါ၀င်နေသည်။ နဂါးများက ဝိဥာဉ်သားရဲများ ထိပ်ဆုံးတွင်ရပ်တည်နေသော သတ္တဝါများ ဖြစ်ကြသောကြောင့် တောင်ကြားထဲမှ ဝိဥာဉ်သားရဲများအားလုံးက မြေပေါ်သို့ လဲကျသွားကြလေသည်။ အဆင့်ငါးအောက်မှ သားရများ၏ ခန္ဒာကိုယ်များက တုန်တုန်လှုပ်လှုပ် ဖြစ်နေကြလေသည်။
ထို့အပြင် ပုဖန် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးကို သူ၏ အစစ်အမှန်စွမ်းအင်များနှင့် အသက်သွင်းလိုက်သောကြောင့် ရွှေရောင်အလင်းများက ပို၍ လင်းထိန်နေပြီး ဖီးနစ်စုတေတောင်ကြားထဲမှ ဝိဥာဉ်သားရဲများသာမက ခရီးသွားနွားနဂါးနှင့် ဧရာမနတ်မျောက်ဝံတို့ပင် ဖိအားများကို ခံစားလိုက်ရသည်။ ပုဖန်၏ ပတ်၀န်ကျင်တွင် လေပြင်းများ တ်ိုက်ခတ်နေပြီး အ၀တ်အစားများပင် လေထဲတွင် လွှင့်ခါနေကာ စုတ်ပြတော့မည့် အသံများပင် ထွက်ပေါ်နေပေသည်။
ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ခေါင်းပေါ်တွင် မြှောက်ထားပြီး သားရဲများကို စိုက်ကြည့်နေပုံမှာ သေမင်းနတ်ဘုရားတစ်ပါးကဲ့သို့ ထင်နေရပေသည်။ ခရီးသွားနွားနဂါးက အဆင့်ခုနစ် ဝိဥာဉ်သားရဲဖြစ်သော်လည်း သူ၏ သွေးများထဲတွင် နဂါးသွေးများ ပါ၀င်နေသောကြောင့် ဓါး၏ ဖိနှိပ်မှုက ပိုမိုပြင်းထန်ပေသည်။
စိတ်နှလုံးကြေကွဲစွာဖြင့် မျက်စိမှိတ်ထားသည့် ထန်းယင်က သားရဲများ၏ အသံပျောက်ကွယ်သွားသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ တစ်ဘ၀လုံးမမေ့နိုင်စရာ မြင်ကွင်းကို တွေ့လိုက်ရသည်။ မျက်ရည်များ ပေပွနေသည့် လုရှောင်းရှောင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေပေသည်။ သူမက သားရဲများ ပြားပြား၀ပ်နေကြသည့် အလယ်တွင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးကို ကိုင်ဆောင်ထားပြီး သေမင်းနတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေသည့် ပုဖန်ကို ပါးစပ်အဟာင်းသားနှင့် ငေးနေမိသည်။
“ဒီ…ဒီမှာဘာတွေဖြစ်သွားတာလဲ စီနီယာ…” ထန်းယင်က ခြောက်ကပ်နေသော လည်ချောင်းများမှ အသံကို ဖြစ်ညှစ်ထုတ်၍ မေးလိုက်လေသည်။ အဆင့်နိမ့်သားရဲများသာမကပဲ အဆင့်ခုနစ် ဝိဥာဉ်သားရဲများပါ ပုဖန်၏ နံဘေးတွင် ပြားပြား၀ပ်နေသည်ကို မြင်ရသည်မှာ အလွန်ထူးဆန်းနေပေသည်။
“စီနီယာက ဒီလောက်တောင် အစွမ်းထက်တာလား…. သူ့ရဲ့ အရှိန်အဝါတစ်ခုထဲနဲ့… ဝိဥာဉ်သားရဲတွေ အကုန်လုံးကို ပြားပြား၀ပ်အောင် လုပ်လိုက်တာလား… သူ့ရဲ့အစွမ်းက အံ့အားသင့်စရာကောင်းလိုက်တာ…”
ထန်းယင်က တွေးတောနေရင်းနှင့် အလွန်အမင်း အံ့အားသင့်နေပေသည်။ သူတို့ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ထက်ပင် ပုဖန်က ပိုမိုအစွမ်းထက်သည်ဟု ခံစားမိနေသည်။ သူတို့ဂိုဏ်း၏ ခေါင်းဆောင်ပင်လျင် ဤမျှ များပြားသော ဝိဥာဉ်သားရဲများကို ပြားပြား၀ပ်သွားစေရန် မစွမ်းဆောင်နိုင်ပေ။
ယခုအချိန်တွင် ဝိဥာဉ်တည်အဆင့်သာရှိနေသေးသည့် ပုဖန်က ထန်းယင်၏ မျက်လုံးထဲတွင် ခန့်ညားထည်ဝါသည့် အဆင့်ရှစ် စစ်နတ်ဘုရားတစ်ပါးကို မြင်နေရသကဲ့သို့ ထင်လာလေသည်။ ဓါးကို ကိုင်မြှောက်ထားသည့် ပုဖန်က ထန်းယင်တို့ နှစ်ယောက်ကို စိတ်ရှုပ်ထွေးဟန်နှင့် လှမ်းကြည့်လိုက်သည်။
“ဟေး…. မင်းတို့ဘာကြောင်နေကြတာလဲ… အခုထိမပြေးကြသေးဘူးလား… ငါသာမင်းတို့နေရာမှာဆိုရင် ပြေးနိုင်သလောက် မြန်မြန်ပြေးနေပြီ … နောက်ကို လှည့်ကြည့်နေမှာမဟုတ်ဘူး…” ပုဖန်က မှင်သေသေအမူအယာနှင့် ပြောဆိုလိုက်သည်။
ထန်းယင်က ပုဖန်ပြောသည့် အဓိပ္ပါယ်ကို သဘောပေါက်သွားလေသည်။ ပုဖန်က သူတို့ ပြေးချိန်ရရန် ကြိုးစားပေးနေခြင်း ဖြစ်သည်။ စီနီယာ၏ စွမ်းအားဖြင့်ပင် ဝိဥာဉ်သားရဲများနှင့် တိုက်ခိုက်နေချိန်တွင် သူတို့နှစ်ယောက်ကို ကာကွယ်ပေးနိုင်မည်မဟုတ်ချေ။ ထန်းယင်က အံကြိတ်လိုက်ပြီး အံ့အားသင့်နေသည့် လုရှောင်းရှောင်းကို ဆွဲခေါ်လိုက်သည်။ ထို့နောက် ပုဖန်ကို အရိုအသေပြုလိုက်ပြီး ပြောဆိုလိုက်သည်။
“စီနီယာ…. ငါတို့အသက်ကို ကယ်တင်လိုက်တဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး… ကျေးဇူးပြုပြီးဂရုစိုက်ပါ…”
“ကောင်းပြီ … မင်းတို့သာ မြန်မြန်သွားကြ… အော်… မင်းတို့မှာ အချိန်ရှိရင် လေအလင်းအင်ပါယာမြို့တော်က စားသောက်ဆိုင်ငယ်လေးကို လာဖို့မမေ့ကြနဲ့နော်… အဲဒီမှာစားသောက်ဖွယ်ရာတွေက အရမ်းကို ကောင်းမွန်ပြီးတော့ စျေးနှုန်းကလဲ အရမ်းတန်တယ်…” ပုဖန်က သူ၏ဆိုင်ကို ကြော်ညာ၀င်လိုက်လေသည်။
သေရေးရှင်ရေးအချိန်တွင်ပင် ကြော်ညာ၀င်နေသော ပုဖန်ကိုကြည့်၍ ထန်းယင်က ဆွံ့အသွားလေသည်။ ထို့နောက် ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီး လုရှောင်းရှောင်းကို ဆွဲ၍ ပြေးလေတော့သည်။
“အာ… ဒုတိယအကို… ဖီးနစ်သွေးဆေးပင်ကို ငါတို့ ဘယ်လိုလုပ်ကြမလဲ…” လုရှောင်းရှောင်းက သတိပြန်၀င်လာပြီး သူမကို ဆွဲ၍ ပြေးလွှားနေသော သူမ၏ စီနီယာအကိ်ုကို ပြောဆိ်ုလိုက်သည်။
“နင်က အခုထိ ဖီးနစ်သွေးဆေးပင်အကြောင်း တွေးနေတာလား… နင်သေချင်နေတာလား…” ထန်းယင်က ဒေါသတကြီး ပြန်လည်ပြောဆိုလိုက်သည်။
စီနီယာက ထွက်ပြေးလွတ်မြောက်နိုင်ရန် အခွင့်အရေးပေးထားသည်ကို သူ၏ ဂျူနီယာညီမက ဆေးပင်အကြောင်း တွေးနေပေသည်။ သူမက စဉ်းစားဆင်ခြင်ဥာဏ် နည်းလှချေသည်။ လုရှောင်းရှောင်းက အခြေအနေကိုပြန်လည်သတိပြုမိသွားပြီး ပုဖန်၏ အမူအယာကို တွေးမိလိုက်ကာတုန်လှုပ်သွားလေသည်။ ထို့နောက် စကားမပြောတော့ပဲ ထန်းယင်ဆွဲခေါ်ရာသို့ လိုက်ပါသွားလေတော့သည်။
ပုဖန်က ထိုနှစ်ယောက် ပျောက်ကွယ်သွားသညိအထိ ကြည့်နေလိုက်ပြီး မြေပြင်ပေါ်လဲကျနေသည့် သားရဲများဘက်သို့ ပြန်လှည့်လိုက်သည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး၏ စွမ်းအင်ကို နိုးထစေရန် အစစ်အမှန်စွမ်းအင်များကို အသုံးပြုထားရသောကြောင့် သူ၏ အစစ်အမှန်စွမ်းအင်များက လျော့နည်းလာကြသည်။ ပုဖန်က ရွှေနဂါးအရိုးဓါး ပေါ်တွင် ထွင်းထုထားသော နဂါးပုံပေါ်သို့ စွမ်းအားများကို ထပ်မံထည့်သွင်းလိုက်သည်။ မြေပြင်ပေါ်တွင် ပြားပြား၀ပ်နေသည့် ဝိဥာဉ်သားရဲများ၏ ခန္ဒာကိုယ်က တစ်ဆတ်ဆတ် တုန်ယင်လာကြသည်။
“မင်းကငါ့ရဲ့ ပါ၀င်ပစ္စည်းဖြစ်ဖို့တောင် မထိုက်တန်ဘူး… ထွက်သွားစမ်း….” ပုဖန်က ဓါးရိုးနှင့် နတ်မျောက်ဝံကို ညွှန်၍ မျက်နှာကို မာန်ပါပါ ပင့်ချီလိုက်ပြီး ပြောဆိုလိုက်သည်။
နတ်မျောက်ဝံက တုန်လှုပ်သွားလေသည်။ သူ၏ မျက်၀န်းများထဲတွင် ထိတ်လန့်ကြာက်ရွံ့မှုများနှင့် ပြည့်နေသော်လည်း ပုဖန်အနီးသို့ တွားသွား၍ တိုးလာလေသည်။ ဖီးနစ်သွေးဆေးပင်က ရင့်မှည့်နေပြီဖြစ်သောကြောင့် သူက လွယ်လွယ်နှင့် စွန့်လွှတ်လိုခြင်းမရှိပေ။
“ဟမ့်… မင်းကလွယ်လွယ်နဲ့ ထွက်မသွားချင်ဘူးပေါ့လေ..” ပုဖန်က မျက်မှောင်ကြုံ့၍ ပြောဆိုလိုက်သည်။
ထို့နောက် ခရီးသွား နွားနဂါးကို ဦးတည်၍ ဓါးကို ဝေ့ရမ်းလိုက်လေသည်။ နွားနဂါး၏ ဦးခေါင်းက မြေပေါ်တွင် ပြားပြားကပ်သွားပြီး အမြီးက လောင်ကြွမ်းသွားလေသည်။ သူ့ခန္ဒာကိုယ်အတွင်းမှ နဂါးသွေးမျိုးဆက်ကြောင့် တစ်လက်မျှပင် မလှုပ်ရှားနိုင်တော့ပေ။ ပုဖန်က နတ်မျောက်ဝံကို စိတ်ရှုပ်ထွေးစွာ ကြည့်၍ နွားနဂါး၏ ဦးချိုကို သူ၏ ဓါးကို ဝေ့ရမ်း၍ တို့ဟူးတုံးကဲ့သို့ ဖြတ်လိုက်လေသည်။
“မင်းက သူ့ကို မကျေနပ်ရင် သူ့ကိုသွာလုပ်လေ… ဘယ်လိုဖြစ်လို့ ငါ့ကို လာအနိုင်ကျင့်နေတာလဲ… နွားတွေက အနိုင်ကျင့်ရလွယ်တယ်လို့ မင်းထင်နေတာလား…” ခရီးသွားနွားနဂါးက မကျေမနပ်နှင့် တွေးလိုက်မိသည်။
နတ်မျောက်ဝံက နွားနဂါးနှင့် အချိန်ကြာမြင့်စွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ဘူးသောကြောင့် နွားနဂါး၏ ဦးချိုက မည်မျှ မာကျောသည်ကို သိရှိနေပေသည်။ ယခုအခါ ထိုဦးချိုကို လူသားတစ်ယောက်က ဓါးတစ်ချက်မျှ ဝေ့ရမ်း၍ တို့ဟူးတုံးကဲ့သို့ ဖြတ်လိုက်သည်ကို တွေ့မြင်လိုက်ရသည်။
“ကောင်းပြီ … ငါက လိမ္မာတဲ့ မျောက်တစ်ကောင်ပဲ… မင်းလို ကလိမ်ကကျစ်လူနဲ့ မယှဉ်ပြိုင်တော့ဘူး..” မျောက်ဝံက တွေးလိုက်မိပြီး လက်နှစ်ဘက်နှင့် ရင်ဘက်ကို တီးလိုက်ပြီး တောင်ကြားအတွင်းမှ ခုန်ထွက်၍ ပျောက်ကွယ်သွာလေတော့သည်။
နတ်မျောက်ဝံ၏ နောက်လိုက်သားရဲများက လိုက်ပါသွားကြလေတော့သည်။ ပုဖန်က ခရီးသွားနွားနဂါး၏ နောက်လိုက်သားရဲများကို ထွက်သွားစေလိုက်သည်။ ထို့နောက် တောင်ကြားထဲတွင် တုန်လှုပ်နေသော ခရီးသွားနွားနဂါးနှင့် ဧရာမဓါးကြီးကို ထမ်းထားသည့် ပုဖန်တို့သာ ကျန်ခဲ့လေသည်။
“မဆိုးဘူး… ဒီပါ၀င်ပစ္စည်းက လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ထက် အဆမတန် ကောင်းလွန်းတယ်….” ပုဖန်က ခရီးသွားနွားနဂါး၏ ကြီးမားသောခန္ဒာကိုယ်ကို ပုတ်လိုက်ပြီး အလွန်ကျေနပ်နှစ်သိမ့်နေသော အမူအယာနှင့် နှုတ်ခမ်းကို သပ်၍ ပြောဆိုလိုက်လေသည်။
“ပါ၀င်ပစ္စည်း… ဘာပါ၀င်ပစ္စည်းလဲ…” ခရီးသွားနွားနဂါး၏ ကြီးမားသော ခေါင်းထဲတွင် အတွေးများ ယောက်ရပ်ခတ်သွာလေသည်။ သို့သော် ခဏအကြာတွင် ကြီးမားသော ဓါးကြီးက လင်းလက်လာသည်ကို တွေ့လိုက်လေသည်။
နောက်ဆုံးတွင် ပုဖန်၏ အစစ်အမှန်စွမ်းအင်များ ကုန်ဆုံးသွားပြီး ရွှေနဂါးအရိုးဓါးကို ဆက်လက်သယ်ထားနိုင်ခြင်း မရှိတော့ချေ။ ဓါးက တစ်ဖြည်းဖြည်း သေးငယ်လာပြီး အခိုးအငွေ့များ ထွက်ပေါ်လာကာ ပျောက်ကွယ်သွားလေတော့သည်။ ပုဖန်က ခရီးသွားနွားနဂါး၏ ခန္ဒာကိုယ်ကို အသက်လပ်စွပ်အတွင်းသို့ လက်ကို ဝေ့ရမ်း၍ ထည့်လိုက်လေသည်။
“ကြားဖြတ်မစ်ရှင်အတိုလေး ပြီးဆုံးသွားလို့ ဂုဏ်ယူပါတယ်… ပထမအကြိမ် ပါ၀င်ပစ္စည်းတွေကိ်ု ကိုယ်တိုင် ဖမ်းယူပြီးစီးသွားတဲ့အတွက် စနစ်က ရမယ့်ဆုတွေကို ဖော်ပြပေးပါမယ်… အချိန်ခဏကြာရင် သယ်ယူပို့ဆောင်ရေးအစီအရင် အသက်၀င်လာမှာမို့ ပြင်ဆင်ထားပေးပါ…”
နွားနဂါး၏ ခန္ဒာကိုယ်ကို သိမ်းဆည်းပြီးချိန်တွင် စနစ်၏ သတိပေးချက်ထွက်ပေါ်လာလေသည်။ ပုဖန်က အနည်းငယ် ဆွံ့အသွားလေသည်။
“အချိန်နည်းနည်းပဲ ကျန်တော့တယ်ဆိုတော့… ငါက ဖီးနစ်သွေးဆေးပင်ကို ဘယ်လိုလုပ် ခူးဆွတ်လို့ ရတော့မလဲ…”
ထိုအချိန်တွင် ပုဖန်၏ ခေါင်းထက်တွင် အလင်းစက်လေးများ ပေါ်ထွက်လာပြီး သယ်ယူပို့ဆောင်ရေး အစီအရင်က စတင် ဖြစ်ပေါ်လာလေတော့သည်။ ပုဖန်က တုန့်ဆိုင်းမနေပဲ တောင်ကုန်းပေါ်သို့ လှည့်ပြေးလိုက်လေသည်။ ထိုအချိန်တွင် သယ်ယယူပို့ဆောင်ရေး အစီအရင်က တစ်၀က်ခန့် ပြီးစီးနေပြီဖြစ်သည်။
“ပြန်ဖို့အတွက် အချိန် ဆယ်စက္ကန့်ပဲ ကျန်ပါတော့တယ်… အချိန်စတင် ရေတွက်နေပါပြီ… တစ်ဆယ်… ကိုး….”
ပုဖန်၏ မျက်နှာအမူအယာက မပြောင်းမလဲ ဖြစ်နေသော်လည်း စိတ်ထဲတွင် စိုးရိမ်မှုများနှင့် ပြည့်နေလေသည်။ ဖီးနစ်သွေးဆေးပင်က နီးကပ်လာသော်လည်း ရေတွက်နေသော အသံက ပြီးဆုံးတော့မည်ဖြစ်သည်။
“တစ်စက္ကန့်လောက်သာ အချိန်ပိုရရင် တောင်ကြားတစ်ခုလုံးကိုတောင် ငါမြေလှန်လိုက်လို့ရတယ်…” ပုဖန်က စိတ်ထဲမှ စနစ်ကို အော်ဟစ်လိုက်ပြီး အားအင်အပြည့်နှင့် ကောင်းကင်သို့ ပျံတက်တော့မည့်ဟန်နှင့် ဖီးနစ်သွေးဆေးပင်ကို ဆွဲယူလိုက်သည်။ သူ၏လက်မှ စူးရှသော နာကျင်မှုက စိတ်ထဲသို့ပင် ရောက်ရှိလာလေသည်။
နာကျင်မှုကြောင့် အော်ဟစ်မည့်အချိန်တွင် အစီအရင်က ပြီးဆုံးသွားပြီး ပြင်းထန်သော လေပြင်းများက လွင့်စင် ပျောက်ပျက်သွားလေတော့သည်။ ဖီးနစ်စုတေတောင်ကြားက ပုံမှန်အတိုင်း ငြိမ်သက်သွားလေသည်။ ရေတံခွန်မှ ရေများကလဲ စီးဆင်းနေပြီး အရာရာတိုင်းက ပုံမှန်အတိုင်းပင် ကျန်ရှိနေလေတော့သည်။