အပိုင်း ၉၃
Viewers 53k

အခန်း ၉၃ နူးညံ့မွှေးပျံ့ အရသာရှိတဲ့ ဆန်ခေါက်ဆွဲလိပ်


လေအလင်းအင်ပါယာမြို့တော်အတွင်းရှိ ပုဖန်၏ ဆိုင်ငယ်လေးထဲရှိ နေရာလွတ်တစ်နေရာတွင် အလင်းအစက်အပျောက်များ ထွက်ပေါ်လာပြီး အစီအရင်တစ်ခု စတင်ဖြစ်ပေါ်လာသည်။ ထို့နောက် လေပွေတစ်ခု ရုတ်တရက် တိုက်ခတ်လာပြီး အစီအရင်အတွင်းတွင် ပုဖန်၏ ပုံရိပ် ပေါ်ထွက်လာလေသည်။ ပုဖန်က ဆိုင်၏ ကြမ်းပြင်ပေါ်သို့ တင်ပါးနှင့် ပြုကျလာသောကြောင့် နာကျင်သွားပြီး အစီအရင်ကြောင့် မူးဝေနေလေသည်။


ဆိုင်ထဲကို ပြန်ရောက်ပါပြီ … စနစ်က ရရှိမယ့်ဆုတွေကို ဖော်ပြပါမယ်….


စနစ်၏ အသံက စိတ်ထဲတွင် ပေါ်ပေါက်လာသော်လည်း ပုဖန်က လျစ်လျူရှုလိုက်ပြီး လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားသည့် ရဲရဲတောက်နေသော ဆေးပင်ကို စိုက်ကြည့်နေလိုက်သည်။ ဆေးပင်ကို ဆုတ်ကိုင်ထားရသည်မှာ မီးတောင်အတွင်းမှ ချော်ရည်ပူများကို ဆုတ်ကိုင်ထားရသကဲ့သို့ ခံစားနေရပေသည်။


တော်သေးတာပေါ့… ဒီဆေးပင်ကို ရအောင်ယူလာနိုင်လို့ ဒီလောက်ကြီး ကြိုးစားထားပြီးမှ ဆေးပင်ကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် နှမျောလွန်းလို့ သေတောင် သေသွားနိုင်တယ်…


ဖီးနစ်သွေးဆေးပင်၏ အရောင်က ရဲရဲနီနေပြီး ဆေးပင်၏ အသွင်သဏ္ဍာန်က ရှားပါးသော အနီရောင်သလင်းကျောက်ကို ထွင်းထုထားသကဲ့သို့ တောက်ပလှပေသည်။ ဆေးပင်၏ အရွက်နှင့် ရိုးတံများအပေါ်တွင် သွေးစက်များ ပက်ဖြန်းထားသကဲ့သို့ အနီရောင် အစက်အပျာက်များ ထင်နေပေသည်။ ထိုဆေးပင်ကို ကိုင်ထားရသည်မှာ ပူလောင်သည်ဟု ခံစားနေရသော်လည်း သူ၏ အရည်ပြားပေါ်မှမဟုတ်ပဲ စိတ်ထဲမှ ခံစားနေရခြင်း ဖြစ်သည်။ ထို့နောက် ပုဖန်က ကျောက်စိမ်းသေတ္တာငယ်လေးတစ်ခုအတွင်းသို့ ဆေးပင်ကို သေချာစွာ သိမ်းဆည်းလိုက်လေသည်။


ပုဖန်က စနစ်မှ ထောက်ပံ့ထားသော အသက်လက်စွပ်အတွင်း မသိမ်းဆည်းတော့ပဲ ဗီဒိုအတွင်း ထည့်သိမ်းလိုက်လေသည်။ ဆေးပင်၏ ဆွဲဆောင်မှု ပြင်းသော ရနံ့ကိုတောင့်ခံနိုင်ရန် ပုဖန်က တစ်ချိန်လုံး အသက်အောင့်ထားရပေသည်။ ဆေးပင်ကို သိမ်းဆည်းပြီးနောက်မှ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ ပါ၀င်ပစ္စည်းများကို ပထမအကြိမ် ရောက်ရှာဖွေရာတွင် သူမျော်လင့်ထားသည်ထက် သာလွန်သောအတွေ့အကြုံကောင်းများကို ရရှိစေလေသည်။


နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းက မျော်လင့်ထားတဲ့အတိုင်းပဲ … ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးသာ မရှ်ိရင် ငါလဲ ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး… ဒါကြောင့်လဲ စနစ်က နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းရမှ ပါ၀င်ပစ္စည်းတွေ ရှာရမယ့် မစ်ရှင်ကို ပေးတာပဲ… သူဖန်က တစ်တွတ်တွတ်ရေရွတ်လိုက်ပြီး လည်ပင်းကို လှည့်၍ အကြောလျော့လိုက်လေသည်။ ထို့နောက် အပေါ်ထပ်သို့ တက်သွားလိုက်ပြီး ရေချိုးသန့်စင်လိုက်လေသည်။


ရေချိုးလိုက်ပြီးနောက် ပုဖန်က လန်းဆန်းလာလေသည်။ နှစ်ရက်တာလုံး ပါ၀င်ပစ္စည်းများကို မုဆိုးတစ်ယောက်ကဲ့သို့ ရှာဖွေနေရသောကြောင့် အိပ်စက်ရန် ပြင်ဆင်လိုက်သည်။ သိုသော် စနစ်မှ ပေးအပ်မည့် ဆုကို သတိရသွားပြီး စနစ်မှ ပေးပို့ထားသည်များကို ကြည့်လိုက်လေသည်။


ဆန်ခေါက်ဆွဲလိပ် ချက်ပြုတ်ရန် နည်းစနစ်….


ဟင်းပွဲအသစ်ကို ကြည့်ရန် စိတ်အားထက်သန်နေသည့် ပုဖန်၏ မျက်လုံးများက အနည်းငယ်မျှ အရောင်မှိန်သွာေးလသည်။ ကမ္ဘာမြေပေါ်တွင် စားဖိုမှုးတစ်ယောက် ဖြစ်ခဲ့သော်ကြောင့် ဆန်ခေါက်ဆွဲလိပ် ပြုလုပ်နည်းကို ရင်းနှီးကြွမ်း၀င်နေပေသည်။ ဆန်ခေါက်ဆွဲလိပ်ကို ဆန်နှစ်မှ ပြုလုပ်ထားပြီး ချီးချုံဖန်း( တရုပ်နံမည် မုန်လိပ်ပြာဖတ်နှင့် တူသည်။ )ဟု လူသိများလေသည်။ ဆန်ခေါက်ဆွဲလိပ် ပြုလုပ်ရမည့် အဓိက အချက်မှာ မုန့်နှစ်ရည်ပြုလုပ်ပြီး အလွှာပါးပါးလေးများ ရလာစေရန် ပြုလုပ်ရခြင်း ဖြစ်သည်။


ပုဖန်က ဆန်ခေါက်ဆွဲလိပ်ပြုလုပ်နည်းကို စဉ်းစားမိလိုက်ပြီး ချက်ပြုတ်ရန် တွေးတောလိုက်သည်။ တခဏမျှ တွေးလိုက်ပြီးနောက် အကြံအစည်ကို လက်လွှတ်လိုက်လေသည်။ အဓိက အချက်က အစစ်အမှန်စွမ်းအင်များ ကုန်ဆုံးနေပြီး ပင်ပန်းနေသောကြောင့် ဖြစ်ပြီး ဆန်ခေါက်ဆွဲလိပ်က မနက်စာလည်းဖြစ်သော်ကြောင့် မနက်စောစောမှ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။


သူ၏ အတွေးများကို ရှင်းလင်းလိုက်ပြီး အိပ်ယာပေါ်တွင် လှဲချလိုက်သည်။ မကြာခင်ပင် ပုဖန်က အိပ်မောကျသွားလေတော့သည်။ ညက တိတ်ဆိတ်စွာဖြင့် ကုန်ဆုံးသွားလေတော့သည်။


နောက်တစ်နေ့မနက်ခင်းတွင် နေထွက်လာသည်နှင့် ပုဖန်က အိပ်ယာမှ ထလိုက်ပြီး အကြောအခြင်ဆန့်၍ သန့်ရှင်းရေးလုပ်လိုက်ကာ မီးဖိုခန်းအတွင်း ၀င်ရောက်လိုက်လေသည်။ ပုဖန်က ပထမဦးစွာ ဖြတ်တောက်ခြင်းနည်းစနစ်ကို လေ့ကျင့်လိုက်လေသည်။ ကြယ်ပျံဖြတ်တောက်ခြင်း နည်းစနစ်က အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ နောက်တစ်ရက်မျှ လေ့ကျင့်လိုက်သည်နှင့် နောက်တစ်ဆင့်သို့ ရောက်နိုင်သည်ဟု ခံစားနေရသည်။


ဖြတ်တောက်ခြင်းနည်းစနစ်ကို လေ့ကျင့်လိုက်ပြီးနောက် ၀က်နံရိုးချိုချဉ်ကြော်ကို ချက်ပြုတ်လိုက်လေသည်။ ဘလက်ကီအတွက် နေ့စဉ်ချက်ပြုတ်နေသော ဟင်းပွဲဖြစ်သောကြောင့် ပုဖန်က ကျွမ်းကျင်နေလေသည်။ တခဏအကြာတွင် မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာပြီး ပုဖန်က မီးဖိုခန်းအတွင်းမှ ဟင်းပွဲကို ကိုင်၍ စားသောက်ခန်းအတွင်းသို့ ထွက်လာလိုက်လေသည်။ ထို့နောက် ဆိုင်တံခါးကို ဖွင့်လိုက်လေရာ အေးစက်သည့် လေများက ဆိုင်အတွင်းသို့ တစ်ဟုန်တိုး တိုး၀င်လာလေသည်။


လေအလင်းအင်ပါယာမြို့တော်တွင် ဆောင်းရာသိရောက်ရှိနေပြီဖြစ်သောကြောင့် ထူထဲ သိပ်သည်းလှသော နှင်းများက ကောင်းကင်ယံမှ ကျဆင်းနေပေသည်။


ဘလက်ကီ… စားချိန်ရောက်ပြီ… ပုဖန်က ပန်းကန်ပြားကို ဘလက်ကီ၏ ရှေ့သို့ ချပေးလိုက်သည်။


ငါနှစ်ရက်တောင် အစာမစားရဘူး… ဒီင်္ခွေးနတ်ဘုရားက သေတော့မယ်လို့တောင် ခံစားနေရတယ်…. အစားပုပ်ခွေးက ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ပန်းကန်ကို စိုက်ကြည့်နေလေသည်။


ဘလက်ကီက သိက္ခာတစ်ခွဲသားနှင့် မလုပ်တော့ပဲ မွှေးပျံ့နေသော ရနံ့များကို ရှူရှိုက်လိုက်လေသည်။ ထို့နောက် ပန်းကန်အတွင်းမှ အသားများကို အငမ်းမရ စတင်စားသောက်လေတော့သည်။ စားလိုက်ချိန်တိုင်းတွင် ပြောင်းလဲသွားခြင်းမရှိသော ၀က်နံရိုးချိုချဉ်ကြော်၏ အရသာကို ဘလက်ကီက အလွန်အမင်းနှစ်သက်ပေသည်။


အမြှီးတစ်ရမ်းရမ်းနှင့် လောဘတစ်ကြီး စားသောက်နေသောဘလက်ကီကို ကြည့်၍ ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားလေသည်။ ထို့နောက် ဆန်ခေါက်ဆွဲလိပ်ကို စမ်းသတ်ချက်ပြုတ်ရန် မီးဖိုခန်းအတွင်း ပြန်လည်၀င်ရောက်သွားလိုက်သည်။ မီးဖိုခန်းအတွင်း ပြန်ရောက်သည်နှင့် စနစ်မှ ပြင်ဆင်ပေးထားသည့် မုန့်နှစ်ရည်ကို ထုတ်ယူလိုက်သည်။ မုန့်နှစ်ရည်က နွားနို့ကဲ့သို့ ဖြူဖွေးသန့်စင်နေပြီး မွှေးရနံ့သင်းသင်းလေးများပင် ထွက်ပေါ်နေသောကြောင့် သာမာန်ဆန်ကို အသုံးပြုထားခြင်း မဟုတ်သည်မှာ ထင်ရှားနေပေသည်။


မုန့်နှစ်ရည်ကို အထူးပြုလုပ်ထားသည့် ဗန်းအတွင်းသို့ လောင်းထည့်လိုက်လေသည်။ ဗန်း၏ အရွယ်အစားက မကြီးလွန်းမမြင့်လွန်းပဲ နှစ်လီတာ၀န်းကျင်မျှဆန့်သော အရွယ်အစားဖြစ်သည်။ မုန့်နှစ်ရည်ကို ထည့်လိုက်ပြီးနောက် ပေါင်းခံရန် ပြင်ဆင်လိုက်သည်။ ထို့နောက် ဆန်ခေါက်ဆွဲလိပ်တွင် ထည့်မည့် ပါ၀င်ပစ္စည်းများကို ပြင်ဆင်နေလိုက်သည်။


ငါး… ဒါမှမဟုတ် အမဲသား… မုန်ညင်းထုပ် မုန်လာစေ့ခြောက် … ပုဖန်က ပါ၀င်ပစ္စည်းများကို ရေရွတ်လိုက်သည်။


ထို့နောက် စနစ်မှ ပြင်ဆင်ပေးထားသည့် အသားကို ထုတ်ယူလိုက်ပြီး လှုပ်ရှားမှုများရပ်တန့်သွားလေသည်။


စနစ် အသားနေရာမှာ ဘာဖြစ်လို့ ခရီးသွားနွားနဂါးရဲ့ အသားကို သုံးထားတာလဲ ဒါကို အသုံးပြုလို့ ရလို့လား… ပုဖန်က စနစ်ကို လှမ်းမေးလိုက်သည်။


ရတာပေါ့… ဒီအသားကို အစားထိုးလိုက်တဲ့အတွက် စျေးနှုန်းကလဲ ပြောင်းလဲသွားလိမ့်မယ်… စနစ်က တည်ကြည်စွာ ပြန်ပြောလိုက်သည်။


ဟမ်… ဘယ်လိုမျိုးပြောင်းလဲသွားမှာလဲ…. ပုဖန်က ပြန်မေးလိုက်သည်။


ပုံမှန်အတိ်ုင်းဆိုရင် ဆန်ခေါက်ဆွဲလိပ်ပြုလုပ်ရာမှာ အဆင့်သုံးသားရဲ ဝိဥာဉ်၀က်ရဲ့ အသားကို အသုံးပြုတယ်… အခု သင်က အဆင့်ခုနစ်.. ခရီးသွားနွားနဂါးရဲ့အသားကို အသုံးပြုထားလို့ ဆန်ခေါက်ဆွဲလိပ်တစ်ပွဲရဲ့ တန်ဖိုးက သလင်းကျောက် ဆယ်တုံးကနေ အတုံးခြောက်ဆယ်ထိ မြင့်တက်သွားလိမ့်မယ်…


သလင်းကျောက်ဆယ်တုံးကနေ အတုံးခြောက်ဆယ်… ပုဖန်က ကူရာမဲ့စွာနှင့် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး တွေးတောနေမိသည်။


မျော်လင့်ထားသလိုပဲ… အဆင့်ခုနစ်သားရဲရဲ့အသားက ငါ့ကိုစိတ်မပျက်စေဘူးပဲ… ဒါပေမယ့်… သလင်းကျောက်အတုံးခြောက်ဆယ်… ဒီလောက်စျေးကြီးတာကို ဘယ်သူက စားမှာလဲ…


စနစ် မင်းအခုပြောနေတဲ့ ခရီးသွားနွားနဂါးကို အသုံးပြုထားတဲ့ ဆန်ခေါက်ဆွဲလိပ်က အဆင့်မြင့် အရည်အသွေးလား…


ဒါပေါ့… စနစ်က ပြန်ဖြေလိုက်သည်။


ဤကား ဥထမင်းကြော်နှင့် အဆင့်မြင့်ဥထမင်းကြော်ကဲ့သို့ပင် ဖြစ်သည်။ ပုဖန်က ခေါင်းညိမ့်လိုက်ပြီး လက်ကောက်၀တ်ကို လှုပ်ရမ်း၍ ရွှေနဂါးအရိုးဓါးကို ထုတ်ယူလိုက်သည်။ အဆင့်သုံးဝိဥာဉ်၀က်၏ အသားနှင့် ရိုးရိုးဆန်ခေါက်ဆွဲလိပ် ပြုလုပ်ရန် ပုဖန်က ဆုံးဖြတ်လိုက်သည်။ အဆင့်သုံး ဝိဥာဉ်၀က်၏ ပါ၀င်ပစ္စည်းများကို အစာသွပ်ရန်ပြင်ဆင်လိုက်ပြီးနောက် ခရီးသွားနွားနဂါး၏ အသားဖြင့် ထပ်မံပြင်ဆင်လိုက်သည်။


အသားနှစ်မျိုးလုံးကို အစာသွပ်ရန် ပြင်ဆင်လိုက်ပြီးနောက် ပုဖန်က ပေါင်းခံထားသော ဗန်းကို ထုတ်ယူလိုက်သည်။ ဗန်းကို ထုတ်ယူလိုက်သည်နှင့် အဖြူရောင်အငွ့များက လေထဲသို့ လွင့်ပျံလာပြီး ထူးခြားသောမွှေးရနံ့ကို ရှူရှိုက်လိုက်မိသည်။ ပုဖန်က ကျောက်ကျောကဲ့သို့ ပျစ်ခဲနေသည့် မုန့်နှစ်ချပ်ကို ထုတ်ယူလိုက်လေသည်။ မုန့်နှစ်ချပ်က သလင်းကြည်ရောင်ကဲ့သို့ ကြည်လင်နေပြီး နူးညံ့လှပေသည်။ ပုဖန်က ရွှေနဂါးအရိုးဓါးဖြင့် မုန့်နှစ်ကို လေးထောင့်တုံးလေးများအဖြစ် ပိုင်းလိုက်လေသည်။


ထို့နောက် ပထမဦးစွာ အဆင့်သုံး၀က်သား ပုဇွန် မုန်လာထုပ် မုန်လာစေ့ခြောက်တို့နှင့် ပြင်ဆင်ထားသော အသားနှင့် လိပ်လိုက်လေသည်။ နှင်းကဲ့သို့ ဖြူစွတ်နေပြီး စာရွက်ကဲ့သို့ ပါလွှာကာ တောက်ပနူးညံ့မွှေးပျံ့၍ အရသာရှိလှသော ဆန်ခေါက်ဆွဲလိပ်က ပြီးပြည့်စုံသွားလေတော့သည်။