အပိုင်း ၉၄
Viewers 53k

အခန်း ၉၄ ဆန်ခေါက်ဆွဲ တစ်လုပ်စာကို သလင်းကျောက် ၂၀


ပုဖန်က ကျောက်မျက်ရတနာတစ်ခုကဲ့သို့ လှပနေသည့် ဆန်ခေါက်ဆွဲလိပ်ကို စားသောက်ခန်းအတွင်းသို့ သယ်ဆောင်လာခဲ့သည်။ ဆန်ခေါက်ဆွဲလိပ်ကို ဖုံးအုပ်ထားသောကြောင့် မွှေးရနံ့က သိပ်မပြင်းလှသော်လည်း ပုဖန်၏ စားချင်စိတ်ကို စွဲဆောင်နေပြီး ဗိုက်အတွင်းမှ အသံများပင် ထွက်လာလေသည်။ ဆန်ခေါက်ဆွဲလိပ်ကို ပဲငံပြာရည်အကြည်နှင့် တွဲဖက်စားသောက်ရပေသည်။ အရသာရှိပြီး နူးညံ့သည့် ဆန်ခေါက်ဆွဲလိပ်ကို ပဲငံပြာရည်အကြည်နှင့် တွဲဖက်စားသုံးရသည့် အရသာကို မည်သူကမျှ မနှစ်သက်ပဲ နေနိုင်မည်မဟုတ်ချေ။


ဆန်ခေါက်ဆွဲလိပ်ကို တစ်ကိုက်ကိုက်လိုက်သည်နှင့် အစာသွပ်ထားသည်များက ထွက်ကျလာပြီး ပြင်းထန်သော မွှေးရနံ့က ထွက်ပေါ်လာလေသည်။ ပုဖန်မျှော်လင့်ထားသကဲ့သို့ပင် စနစ်မှ ထောက်ပံ့ထားသည့် ပါ၀င်ပစ္စည်းများ၏ အရသာက ကောင်းမွန်လှပေသည်။ ဆန်ခေါက်ဆွဲလိပ်၏ ပုံသဏ္ဍာန်ကို ကြည့်လိုက်သည်နှင့် နူးညံ့မှုကို သိရှိနိုင်ပြီး ကိုက်လိုက်သည်နှင့် အရသာက လျှာပေါ်တွင် စွဲကျန်နေပေသည်။ ထိုအရသာက သလင်းကျောက်ဆယ်တုံး ပေးရသည်မှာ တန်လွန်းလှပေသည်။ 


အိုး နောက်ဆုံးတော့ ငါတို့ရဲ့ ပိုင်ရှင်ပုက ဆိုင်ပြန်ဖွင့်ပြီပေါ့… လွန်ခဲ့တဲ့ နှစ်ရက်လုံးငါ့မှာ လွမ်းဖျားလွမ်းနာကျသလို ခံစားနေရတာ… ပုဖန်က ခေါင်းတစ်ညိမ့်ညိမ့်နှင့် ဆက်လက်စားသောက်နေစဉ်တွင် အားရ၀မ်းသာနှုတ်ဆက်သံနှင့်အတူ ဖက်တီးဂျင်တို့လူစုက ဆိုင်အတွင်းသို့ ၀င်ရောက်လာသည်ကို တွေ့လိုက်ရသည်။


ဖက်တီးဂျင်၏ မျက်လုံးများက ပျော်ရွှင်မှုကြောင့် တောက်ပနေပြီး ဆိုင်အတွင်းတွင် လွင့်ပျံ့နေသော မွှေးရနံ့များကို သတိထားမိသွားလေသည်။ 


ပိုင်ရှင်ပုနောက်ထပ်ဟင်းပွဲအသစ် ထပ်တိုးလာတာလား….


အိုး ..ဟုတ်တယ်… ပုဖန်က ဆန်ခေါက်ဆွဲလိပ်ကို ပါးစပ်အပြည့်စားသောက်နေရာမှ ဖက်တီင်္းဂျင်ကို ပြန်ဖြေလိုက်သည်။


ဖက်တီးဂျင်က တံတွေးတစ်ချက်မြိုချလိုက်ပြီး ဆန်ခေါက်ဆွဲလိပ်ကို ပါးစပ်အတွင်း ထိုးထည့်နေသော ပုဖန်ကို စိုက်ကြည့်နေလိုက်သည်။ ထို့နောက် သူက မီနူးကို လှမ်းကြည့်လိုက်မိသည်။


အိုး… ဟင်းပွဲအသစ်က ဆန်ခေါက်ဆွဲလိပ်လား… သူ့မှာလဲ ဥထမင်းကြော်လို အဆင့်မြင့်အရည်အသွေးနဲ့ ရိုးရိုးဆိုပြီး ရှိတာလား… ဖက်တီးဂျင်က မီနူးကိုကြည့်၍ လှမ်းပြောလိုက်သည်။ ဟင်းပွဲ၏ စျေးနှုန်းကို တွေ့လိုက်သည်နှင့် ဖက်တီးဂျင်က သွေးအန်လုမတက် ဖြစ်သွားလေသည်။


ရိုးရိုးဆန်ခေါက်ဆွဲလိပ်က သလင်းကျောက်ဆယ်တုံး… အဆင့်မြင့်ဆန်ခေါက်ဆွဲလိပ်က …အမလေး… ဘုရားရေ သလင်းကျောက် အတုံးခြောက်ဆယ်…. 


ပိုင်ရှင်ပု… စျေးနှုန်းက ဘာလို့ မတန်တဆကွာခြားနေရတာလဲ… ဖက်တီးဂျင်က ပန်ကန်များကို သိမ်းဆည်းနေသော ပုဖန်ကို မေးမြန်းလိုက်သည်။


တစ်ပွဲလောက်မှာပြီး မေးကြည့်လိုက်လေ ဘာလို့ အဲဒီစျေးနှုန်းပေးရလဲဆိုတာကို နားလည်သွားလိမ့်မယ်… ပုဖန်က မှင်သေသေနှင့် ပြန်ဖြေလိုက်ပြီး ပန်ကန်များကို ဆက်လက်သိမ်းဆည်းလိုက်ပြီး ဆေးကျောလိုက်သည်။ ထို့နောက် ထမင်းစားခန်းသို့ ပြန်လျောက်လာလိုက်သည်။


ဖက်တီးဂျင်၏ မိသားစုက ကြွယ်၀ချမ်းသာပြီး သလင်းကျောက်တွင်းများ ပိုင်ဆိုင်သော်လည်း တစ်နေ့လျင် သလင်းကျောက်ရာဂဏန်းမျှ သုံးနေခြင်းက ရေရှည်တွင် အဆင်မပြေနိုင်ပေ။ 


ငါ့ကို ရိုးရိုးဆန်ခေါက်ဆွဲလိပ်တစ်ပွဲအရင်ပေး… ပြီးတော့ ၀က်နံရိုးချိုချဉ်ကြော်ရယ် အနီရောင်အသားနှပ်ရယ်… အိုး.. အဆင့်မြင့်ဥထမင်းကြော်လည်း ပေးဦး… ပိုင်ရှင်ပုရဲ့ဥထမင်းကြော်က ငါ့ရဲ့ ကျင့်ကြံခြင်းကို ပိုပြီး မြန်ဆန်စေတယ်… ဖက်တီးဂျင်က ရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။


အခြားဖက်တီးများကလည်း စားသောက်လိုသည်များကို မှာကြားလိုက်ကြသည်။


ကောင်းပြီလေ… ခဏလောက်စောင့်ကြပါ… ပုဖန်က စာရင်းရေးမှတ်လိုက်ပြီး မီးဖိုခန်းဖက်သို့ လျောက်သွားလိုက်လေတော့သည်။ 


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး ရရှိပြီးနောက် ပုဖန်၏ ဖြတ်တောက်ခြင်းနည်းစနစ်က အနည်းငယ် တိုးတက်လာခဲ့ပြီး ပါ၀င်ပစ္စည်းများကို ပြင်ဆင်ရာတွင် ပိုမိုမြန်ဆန်လာခဲ့သည်။ တခဏအတွင်းတွင် ချက်ပြုတ်ရန် ပါ၀င်ပစ္စည်းများကို ပြင်ဆင်ပြီးသွားသောကြောင့် စတင်ချက်ပြုတ်လိုက်လေတော့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် မီးဖိုခန်းမှ မွှေးရနံ့များ ထွက်ပေါ်လာပြီး စားသောက်ခန်းသို့ပင် ဖုံးလွမ်းသွားလေတော့သည်။ ဖက်တီးဂျင်တို့လူစုက မွှေးရနံ့များကြားတွင် ကျေနပ်စွာဖြင့် အလိုက်သင့် စီးမျောနေကြလေသည်။


ပိုင်ရှင်ပု ချက်ပြုတ်ထားတဲ့ ဟင်းပွဲတွေရဲ့ အနံ့က အမွှေးဆုံးပဲ… 


ဟင်းပွဲ၏ ရနံပသက်သက်နှင့်ပင် ဖက်တီးဂျင်တို့လူစုကို စိတ်ကျေနပ်စေလေသည်။ ဟင်းပွဲများကို ချက်ပြုတ်ပြီးစီးသွားသောအခါ ပုဖန်က သယ်ဆောင်လာ၍ မီးဖိုခန်းအတွင်းမှ ထွက်လာလေတော့သည်။ ဖက်တီးဂျင်က ဆန်ခေါက်ဆွဲလိပ်ကို မြည်းစမ်းကြည့်ချင်နေသောကြောင့် ပုဖန်က ဆန်ခေါက်ဆွဲလိပ်ကို အရင်ချပေးလိုက်သည်။


ဒီမှာ မင်းရဲ့ ဆန်ခေါက်ဆွဲလိပ်… ကောင်းကောင်းသုံးဆောင်ပါ… 


ဆန်ခေါက်ဆွဲလိပ်တစ်ခုချင်းစီက သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး အနုပညာ လက်ရာတစ်ခုကဲ့သို့ လှပနေသောကြောင့် ဖက်တီးဂျင်က မချုပ်တည်းနိုင်တော့ပဲ နှုတ်ခမ်းများကို လျာဖြင့် သပ်လိုက်မိသည်။ ထို့နောက် တူကိုကောက်ယူလိုက်ပြီး ဆန်ခေါက်ဆွဲလိပ်ကို ညှပ်ယူ၍ ပါးစပ်အတွင်း ထည့်လိုက်လေသည်။ ကိုက်ဝါးလိုက်သည်နှင့် ၀က်သား၏ အရသာနှင့်အတူ နွေးထွေးသော စီးကြောင်းတစ်ခုက ပါးစပ်မှတဆင့် အစာအိမ်အထိပင် စီး၀င်သွားပြီး ခန္တာကိုယ်တစ်ခုလုံး တုန်လှုပ်သွားကာ မျက်လုံးများပင် တောက်ပလာလေတော့သည်။


အရသာရှိလိုက်တာ… ပိုင်ရှင်ပုရဲ့ဟင်းပွဲက ထိပ်တန်းပဲ… ဖက်တီးဂျင်က ပြောဆိုလိုက်ပြီး နှုတ်ခမ်းမှ ဆီများကို လျှာဖြင့် သပ်လိုက်ကာ ဆက်လက်စားသောက်လေတော့သည်။ 


ဆန်ခေါက်ဆွဲလိပ်တစ်ပွဲကို သုံးလုပ်မျှဖြင့် စားသောက်လိုက်ပြီး မဝသေးသောကြောင့် ဖက်တီးဂျင်က တူများကိုပင် လျက်နေလေသည်။ သူ၏ မျက်နှာပေါ်တွင် အလိုမကျဟန်များ ပေါ်ထွက်နေပြီး အရသာရှိလှသည့် ဟင်းပွဲအသစ်က သူ့ကို မရောင့်ရဲစေသည်မှာ ထင်ရှားနေပေသည်။ 


သို့သော် ပုဖန်၏ ဆိုင်တွင် ဟင်းပွဲတစ်ပွဲကို တစ်ကြိမ်သာ မှာယူခွင့်ရှိသောကြောင့် ဖက်တီးဂျင်က အကြပ်ရိုက်နေလေသည်။ အချိန်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် ရိုးရိုးဆန်ခေါက်ဆွဲလိပ်ထက် ခြောက်ဆမျှ စျေးကြီးသည့် အဆင့်မြင့်ဆန်ခေါက်ဆွဲလိပ်ကို အံကြိတ်၍ မှာလိုက်လေသည်။


ပိုင်ရှင်ပု… ငါ့ကို အဆင့်မြင့် ဆန်ခေါက်ဆွဲလိပ်တစ်ပွဲ ထပ်ပေး…


မီးဖိုခန်းအတွင်းမှ ပုဖန်က ဖက်တီးဂျင်၏ မှာသံကြောင့် အံ့အားသင်သွားလေသည်။ ထို့နောက် ကျေနပ်သွားဟန်ဖြင့် ပြုံးဖြီးဖြီး ဖြစ်လာလေသည်။ အခြားသူများ မှာထားသည့် ဟင်းပွဲများကို ချပေးလိုက်ပြီးနောက် အဆင့်မြင့်ဆန်ခေါက်ဆွဲလိပ်ကို ပြင်ဆင်လိုက်လေသည်။ ရိုးရိုးဆန်ခေါက်ဆွဲလိပ်နှင့် အဆင့်မြင့်ဆန်ခေါကဆွဲလိပ်တို့ကို ပြင်ဆင်ရသည်က များစွာ ကွာခြားခြင်းမရှိပေ။ အစာသွပ်ရာတွင် ၀က်သားအစား နွားနဂါး၏ အသားကို ပြောင်းလဲအသုံးပြုလိုက်ရန်သာ လိုအပ်ပေသည်။


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသုံးပြု၍ နူးညံ့သည့် နွားနဂါး၏ အသားကို ဖြတ်တောက်ယူလိုက်သည်။ ရွှေနဂါးအရိုးဓါးက အသားများကို ဖြတ်တောက်ရာတွင် စွမ်းအက်အလေအလွင့် မရှိစေရန် ထိမ်းသိမ်းပေးနိုင်သောကြောင့် အသား၏ မျက်နှာပြင်တွင် ကျောက်မျက်ရတနာကဲ့သို့ လင်းလက်နေပြီး စွမ်းအင်ပမာဏ အမြောက်အများ ပါ၀င်နေပေသည်။ အသားကို ချက်ပြုတ်လိုက်ပြီးနောက် မွှေးရနံ့များက ထိန်းမရနိုင်ပဲ စားသောက်ခန်းဆီသို့ လွင့်ပျံသွားပြီး လူတိုင်းကို တံတွေးမျိုချလိုက်စေသည်။ 


ဒါဘာအသားလဲ…. သူ့ရဲ့မွှေးရနံ့က ပြင်းထန်လိုက်တာ… ဒီလိုမွှေးရနံ့မျိုးကို တစ်ခါမှမရဖူးဘူး… လူဝြကီးအုပ်စုက တွေးတောနေကြပြီး ဟင်းပွဲကို စိတ်၀င်စားစွာဖြင့် မီးဖိုခန်းဖက်သို့ မျှော်ကြည့်နေကြသည်။ မကြာခင်မှာပင် အဖြူအပြာ ရောစပ်ထားသည့် ဆန်ခေါက်ဆွဲလိပ်ပါသည့် ပန်းကန်လုံးကို သယ်ဆောင်၍ ပုဖန်က ထွက်ပေါ်လာလေတော့သည်။ 


ဟင်… ဒါက ဆန်ခေါက်ဆွဲလိပ်ပဲလား… မျှော်လင့်ချက်အပြည့်နှင့် စောင့်စားနေကြသည့် လူဝြကီးများ၏ မျက်လုံးများထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။ 


ဖက်တီးဂျင်က ထိုသို့မဟုတ်ပဲ ပျော်ရွှင်စွာနှင့် စောင့်ဆိုင်းနေလေသည်။ သူက အဆင့်မြင့်ဆန်ခေါက်ဆွဲလိပ်ကို မှာထားသောကြောင့် ထိုဟင်းပွဲကို စားသောက်ရမည်ဖြစ်သည်။


အရူးကောင်တွေ… ဒါက အဆင့်မြင့်ဆန်ခေါက်ဆွဲလိပ်ပါဆိုမှတော့ ဆန်ခေါက်ဆွဲလိပ်နဲ့ပဲ တူမှာပေါ့… အပြင်ပန်းကိုကြည့်ပြီး အရသာကို ဆုံးဖြတ်လို့မှ မရတာ… အရသာက စားကြည့်မှ သိရမှာလေ.. ဒီတစ်ပွဲက သလင်းကျောက် ၆၀ ဆိုထဲက သူ့ရဲ့ အရသာက ဘယ်လိုမှ သာမာန်မဖြစ်နိုင်ဘူး… ဖက်တီးဂျင်က တွေးတောနေလိုက်ပြီး သူ၏ မျက်နှာပေါ်တွင်ပင် စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေလေသည်။


ဒီမှာ… မင်းရဲ့ အဆင့်မြင့် ဆန်ခေါက်ဆွဲလိပ် ကောင်းကောင်းသုံးဆောင်ပါ…


ဖက်တီးဂျင်က ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီး ဆန်ခေါက်ဆွဲလိပ်တစ်ခုကို ကောင်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ 


ပါးစပ်အပြည့်တစ်လုပ်… သလင်းကျောက် ၂၀ တိတိ… ဖက်တီးဂျင်၏ စိတ်ထဲတွင် ဆန်ခေါက်ဆွဲလိပ်မဟုတ်ပဲ သလင်းကျောက်တုံးများကို စားနေရသည်ဟု တွေးလိုက်မိသည်။ သူက ဂရုတစိုက်ဖြင့် ဆန်ခေါက်ဆွဲလိပ်ကို ကိုက်လိုက်လေသည်။ ထို့နောက် ပါးစပ်အတွင်းမှ အသားစအနည်းငယ်မျှ လွင့်ထွက်သွားမည်ကို စိုးရိမ်နေဟန်နှင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားလေသည်။


ဆန်ခေါက်ဆွဲလိပ်ကို ကိုက်ဝါးလိုက်သည်နှင့် ကွဲပြားခြားနားမှုကို ခံစားလိုက်ရသည်။ သေးငယ်ကျဉ်းမြောင်းသော သူ၏ မျက်လုံးများက အားလုံး၏ စိုက်ကြည့်မှုအောက်တွင် တစ်ဖြည်းဖြည်း ပြူးကျယ်ဝိုင်းစက်လာလေတော့သည်။ သူ၏ နှာခေါင်ပေါက်အတွင်းမှ လေပူများထွက်လာပြီး ထိုလေပူများထဲတွင်ပင် ဝိဥာဉ်စွမ်းအင်ပမာဏ မြောက်များစွာ ပါ၀င်နေလေသည်။ 


ဂလု… 


တခဏမျှ ဝါးလိုက်ပြီးနောက် သူ့ပါးစပ်ထဲတွင်ရှိသမျှကို မြိုချလိုက်လေသည်။ ထို့နောက် ဖက်တီးဂျင်က စိတ်သက်သာရာရသွားဟန်နှင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ 


အရသာက ဘယ်လိုနေလဲ… ပုဖန်က စပ်စပ်စုစုနှင့်မေးလိုက်လေသည်။ သူက အဆင့်မြင့်ဆန်ခေါက်ဆွဲလိပ်ကို မမြည်းစမ်းရသေးသောကြောင့် အရသာကို မသိသေးသော်လည်း ခရီးသွားနွားနဂါး၏ အသားက အလွန်ကောင်းမွန်မည်ကို သိရှိနေလေသည်။


ဒီဟာက နှိုင်းယှဉ်စရာမရှိလောက်အောင်ကို အရမ်းကောင်းလွန်းတယ်… ဖက်တီးဂျင်က လက်မထောင်လိုက်ပြီး ပြုံးဖြဲဖြဲနှင့် ပြောဆိုလိုက်သည်။


ဖက်တီးဂျင်၏ နှုတ်ခမ်းများက တုန်ယင်နေပြီး နှာခေါင်းပေါက်အတွင်းမှ ဝိဥာဉ်စွမ်းအင်ပါ၀င်သော လေပူများ ထွက်နေဆဲပင် ဖြစ်သည်။ ဟင်းပွဲတွင် ဝိဥာဉ်စွမ်းအင် အမြောက်အများ ပါ၀င်သောကြောင့် သူ၏ အစစ်အမှန်စွမ်းအင်များက အထွတ်အထိပ်သို့ ရောက်ရှိလာကြသည်။ အချိန်အနည်းငယ်အတွင်းတွင် သူ၏ သိုင်းအဆင့်က တိုးတက်လာတော့မည်ဖြစ်သည်။ 


ဖက်တီးဂျင်က ဟင်းပွဲ၏ အရသာကို ချီးကြူးလိုက်ပြီး ကျန်ဟင်းပွဲများကို ခပ်မြန်မြန်စားသောက်လိုက်ကာ ကျသင့်ငွေကို ရှင်းလိုက်လေသည်။ ထို့နောက် သူ့လူများကို ခေါ်ဆောင်၍ ခပ်သုတ်သုတ် ထွက်သွားလေတော့သည်။ သူက အဆင့်တက်ရန် အိမ်ကို မြန်မြန်ပြန်ရပေမည်။


ပုဖန်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။


အင်း… သူ့ရဲ့ပုံစံကို ကြည့်ရတာတော့… အဆင့်မြင့် ဆန်ခေါက်ဆွဲလိပ်ရဲ့ အရသာက သိပ်မဆိုးလောက်ဘူး….


ထို့နောက် ပုဖန်က သိမ်းဆည်းလိုက်ပြီး ဆိုင်အပေါက်၀အနီးမှ ခုံပေါ်တွင် ခွေခေါက်ထိုင်နေကာ အိမ်ရှေ့စံမင်းသား ပြင်ဆင်ပေးထားသော လမ်းကြားလေးကို စိုက်ကြည့်နေလေသည်။


ပုံမှန်အတိုင်းဆို ကလေးမလေက ဒီအချိန် ရောက်နေပြီလေ… ဒီနေ့ဘာလို့ မလာတာလဲ… ဆိုင်ဖွင့်မယ်ဆိုတာကို မေ့နေတာလား… ပုဖန်က တွေတောနေရာမှ နွေးထွေးသော နေရောင်ခြည်ကြောင့် သက်တောင့်သက်သာဖြစ်လာပြီး သမ်းဝေလိုက်လေတော့သည်။