အပိုင်း ၉၅
Viewers 62k

အခန်း ၉၅ “အင်ပါယာမြို့တော်၏ ပထမဆုံးနှင်း”


အင်ပါယာမြို့တော် ကွမ်းစံအိမ်၏ ခန်းမကြီးထက်တွင် ကွမ်းအဖိုအိုက တင်းမာသော မျက်နှာထားနှင့် ထိုင်နေပြီး ကွမ်းမိသားစုများ စုံလင်စွာ ရောက်ရှိနေသည်။ ကွမ်းဇောင်ဟန့်က ကွမ်းအဖိုအိုထက် နိမ့်သောနေရာတွင် ထိုင်နေပြီး ခန်းမထဲမှ အခြေအနေက ပြင်းထန်နေပေသည်။ ကွမ်းရှောင်ယီ၏ မျက်နှာအမူအယာက မကျေမနပ်ဖြင့် စူပုပ်နေပြီး ကွမ်းအဖိုးအိုကို ခါးခါးသီးသီးအမူအယာဖြင့်ကြည့်၍ နှာခေါင်းရှုံ့ကာ မျက်နှာလွဲလိုက်လေသည်။


“ဟိုသုံးကောင်… ရှောင်ယီ့ကိုသေသေချာချာ စောင့်ကြည့်ထား အိမ်ထဲကနေ အပြင်မထွက်စေနဲ့…” ကွမ်းအဖိုးအိုက ရှောင်ယီ့၏ အမူအယာကြောင့် ခေါင်းကိုက်သလို ခံစားလိုက်ရပြီး လူရိုင်ညီအကိုသုံးယောက်ကို ညွှန်ကြားလိုက်သည်။


ကွမ်းညီအကိုသုံးယောက်က ခေါင်းညိမ့်လိုက်ပြီး ကွမ်းရှောင်ယီဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ သို့သော် သုန်မှုန်နေသော အမူအယာနှင့် ကွမ်းရှောင်ယီ၏ ချစ်စဖွယ် မျက်၀န်းလေးများနှင့် ကြုံကြိုက်လိုက်ရလေသည်။ ထို့ကြောင့် သူတို့ စိတ်ထဲတွတွင် နာကျင်သွားပြီး အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။


“အဖိုး… ငါ့ကိုဘာလို့ အပြင်ပေးမထွက်တာလဲ… ဆိုင်မှာကူညီဖို့ လိုအပ်တယ်…” ကွမ်းရှောင်ယီက စိတ်ဆိုးမာန်ဆိုးနှင့် သူမ၏ အဖိုးကို မေးမြန်းလိုက်သည်။


ကွမ်းအဖိုးအိုက သုန်မှုန်နေသည့် ရှောင်ယီ့ကို စိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။


“ရှောင်ယီ… အဖိုးက မင်းရဲ့ လုံခြုံရေးကို စိတ်ပူတယ်… လွန်ခဲ့တဲ့ ရက်အနည်းငယ်က စပြီးတော့ အင်ပါယာမြို့တော်ရဲ့ အခြေအနေက ဆိုးဝါးလာတယ်… အိမ်ရှေ့စံမင်းသားနဲ့ ဘုရင်ခံယုတို့က တရားရုံတော်က အရာရှိတွေကိုတောင် သူတို့ဘက်ပါအောင် ပွင့်ပွင့်လင်းလင် ဆွဲဆောင်နေကြပြီ အင်ပါယာမြို့တော်ထဲက လူတွေကိုလည်း သူတို့ဘက်ပါလာအောင် ဘာမဆိုလုပ်ကြမှာပဲ… ငါက မင်းတစ်ခုခုဖြစ်သွားမှာကြောက်တယ်…”


“အဲဒီကိစ္စဖြစ်တာနဲ့ပဲ… စားသောက်ဆိုင်ငယ်လေးကို ငါသွားမှာကို တားလို့မရဘူး…” ရှောင်ယီ၏ နှုတ်းခမ်းများက စူပုပ်နေပြီး သူမ၏ရင်ဘက်များပင် မကျေနပ်မှုကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။


“ကူညီမယ်… နင်က ဘယ်လိုတောင် ကူညီတာတုန်း… နင်က စစ်သူကြီးအိမ်တော်က မင်းသမီးလေးလေ… ပတ်၀န်းကျင်မှာ လျောက်သွားနေရတာ အားမရလို့ စားသောက်ဆိုင်သေးသေးလေးမှာတောင် စားပွဲထိုး၀င်လုပ်နေလိုက်သေးတယ်… တော်တော်ရှက်စရာကောင်းတာပဲ…” ကွမ်းအဖိုးအိုက စိတ်ဆိုးမာန်ဆိုးနှင့် ပြောဆိုလိုက်ပြီး ဒေါသထွက်လွန်းသောကြောင့် သူ၏ မုတ်ဆိတ်များပင် တုန်ခါနေလေသည်။


ကွမ်းရှောင်ယီက အဖိုးအိုကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး လှောင်သလိုရယ်မော၍ ပြောဆိုလိုက်သည်။


“လွန်ခဲ့တဲ့ ရက်ကတော့ အဖိုးက တစ်မျိုးပြောခဲ့တယ်နော်… အဲဒီဆိုင်မှာစားပွဲထိုးသွားလုပ်တာ… ဝိဥာဉ်တည်အဆင်ကိုတောင် တက်ရောက်သွားတယ်ဆိုပြီး ၀မ်းသာနေတာလေ…”


ကွမ်းအဖိုးအို၏ ခန္ဒာကိုယ်က တောင့်တင်းသွားပြီး မျက်နှာပေါ်တွင် စိတ်ကသိကအောင် ဖြစ်သော အမူအယာက ပေါ်ထွက်လာလေသည်။ မကြာခင်မှာပင် သူ၏ မျက်နှာက ပြောင်းလဲသွားပြီး ပြောဆိုလိုက်သည်။


“ငါက မသွားရဘူးဆိုရင် မသွားနဲ့ ဒီနေ့စံအိမ်ထဲမှာပဲ နေပြီးတော့ ပြောစကားကို နားထောင်လိုက်…”


“ဟွန့် စိတ်ပုပ်အဖိုး… အခုချိန်ကစပြီး အဖိုးကို လျစ်လျူရှုလိုက်ပြီ…” ကွမ်းရှောင်ယီက ဒေါသထွက်စွာဖြင့် ပြောဆိုလိုက်ပြီး ခေါင်းမော့ရင်ကော့၍ ထွက်သွားလေတော့သည်။


“မင်းတို့သုံးကောင်က ဘာလုပ်နေတာလဲ… သွား… ကလေးကိုသွားကြည့်ထားကြ…” ကွမ်းအဖိုးအိုက ပြဇာတ်ထိုင်ကြည့်နေသကဲ့သို့ အူကြောင်ကြောင်ဖြစ်နေသည့် လူရမ်းကားညီအကိုသုံးယောက်ကို အော်ဟစ်လိုက်လေသည်။


“ဘုရင်မင်းမြတ်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ…” ကွမ်းညီအကိုသုံးယောက် ထွက်သွားပြီးနောက် ကွမ်းအဖိုးအိုက သက်ပြင်းချလိုက်ပြီး ကွမ်းဇောင်ဟန့်ကို လှမ်းမေးလိုက်သည်။


“အရှင်မင်းကြီးရဲ့ အခြေအနေက သိပ်မကောင်းဘူးလို့ ပြောလို့ရတယ်….” ကွမ်းရှောင်ယီထွက်သွားသည်ကို လိုက်ကြည့်နေသော ကွမ်းဇောင်ဟန့်၏ အမူအယာက တည်ကြည်လေးနက်သွားပြီး ပြေဆိုလိုက်သည်။


ကွမ်းအဖိုးအိုက သက်ပြင်းချလိုက်မိသည်။ အင်ပါယာမင်းမြတ် ငယ်ရွယ်စဉ်က ဂိုဏ်ဂဏများကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ကျွမ်းကျင်သူများစွာနှင့် တိုက်ခိုက်ခဲ့သည်။ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သောကြောင့် သူ၏ ခန္ဒာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များနှင့် ရောဂါများ တိုးပွားလာခဲ့သည်။ ယခုအချိန်တွင် အင်ပါယာမင်းမြတ်က အက်အရွယ် ကြီးရင့်လာပြီဖြစ်သောကြောင့် ကိုယ်တွင်းဒဏ်ရာများကို မဖုံးကွယ်နိုင်တော့ချေ။ ကွးဇောင်ဟန့်က သက်ပြင်းချလိုက်မိသည်။


အင်ပါယာမင်းမြတ်၏ အခြေအနေက အလွန်ဆိုးဝါးနေပေသည်။ အင်ပါယာမင်းမြတ်သာ ရုတ်တရက် သေဆုံးသွားပါက မြို့တော်အတွင်းမှ အခြေအနေက ဗရမ်းဗတာ ဖြစ်သွားနိုင်ပေသည်။ ထို့ကြောင့် ကွမ်းအဖိုးအိုက ကွမ်းရှောင်ယီကို အိမ်ပြင်ထွက်ခွင့် ပိတ်ပင်လိုက်ရခြင်း ဖြစ်သည်။


ခန်းမထဲတွင် အပ်ကျသံမျှပင် မကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။ အချိန်အနည်းငယ်မျှ ကြာပြီးနောက် ခန်းမအတွင်းသို့ လူတစ်ယောက်၀င်ယောက်က ရေးကြီးသုတ်ပြာနှင့် ၀င်ရောက်လာပြီး ကွမ်းအဖိုးအို၏ ရှေ့တွင် ဒူးထောက်လိုက်ကာ စာအိတ်တစ်အိတ်ကို ထုတ်ပေးလိုက်သည်။ ကွမ်းအဖိုးအိက စာအိတ်ကို ယူ၍ ဖွင့်ဖတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မကောင်းသော အငွေ့အသက်များ ပေါ်ထွက်လာကာမုတ်ဆိတ်များပင် တုန်ခါလာလေသည်။


“အဖေ… ဘာဖြစ်လို့လဲ…” ကွမ်းဇောင်ဟန့်က တံတွေးတစ်ချက်မြိုချလိုက်ပြီး မေးမြန်းလိုက်သည်။


ကွမ်းအဖိုးအိုက လက်မှ စွမ်းအင်အချို့ ထုတ်လွှတ်၍ စာကို မီးရှို့ပြာချလိုက်ပြီး သူ၏ မျက်၀န်းထဲတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေလေသည်။


“အရှင်မင်းကြီး နတ်ရွာစံသွားပြီ…” ထိုစကားကို ပြောဆိုလိုက်ပြီးနောက် သူ၏ မျက်နှာက ဆယ်စုနှစ်တစ်ခုစာမျှ အိုစာသွားလေသည်။


အင်ပါယာမြို့တော်၏ အဓိက လမ်းမပေါ်တွင် သေးငယ်သော ပုံရိပ်လေးတစ်ခုက လူအများကြား ကွေ့ဝိုက်၍ သွားလာနေပြီး ပုဖန်၏ ဆိုင်ငယ်လေးဆီသို့ ဦးတည်နေလေသည်။


“ဟမ့်… အဖိုးက တော်တော်တုံးတာက သူတို့က ဒီလောက်တုံးအတာကို ထက်မြတ်ပြီး ဥာဏ်ကောင်းတဲ့ ရှောင်ယီလေးကို ဘယ်လိုလုပ်ကြည့်နိုင်မှာပဲ..”


ရှောင်ယီက စိတ်ထဲတွင် တွေးတောနေကာ သဘောကျနေပြီး မျက်၀န်းလှလှလေးများကို လခြမ်းကွေးသဏ္ဍာန်ဖြစ်အောင်ပင် ပြုံးရယ်လိုက်လေသည်။ အိမ်မှ ထွက်ခွာသွားသည်ကို သိရှိသွားချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် သူမအဖိုး၏ ဒေါသမျက်နှာကို စိတ်ထဲတွင် မြင်ယောင်မိသွားပြီး စိတ်ထဲတွင် မထိန်းချုပ်နိုင်လောက်အောင် သဘောကျနေလေသည်။


“အာ… နှင်းကျလာပြီ…”


ရှောင်ယီက လမ်းလျောက်နေသည်ကို ရုတ်တရက်ရပ်တန့်လိုက်ပြီး ကောင်းကင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ ဆောင်းလေအေးများ တိုက်ခတ်နေပြီး အဖြူရောင်နှင်းပွင့်လေးများက မီးခိုးရောင်ကောင်းကင်ကို ဖြတ်သန်း၍ မြေပြင်ပေါ်သို့ ကျဆင်းလာလေသည်။ သူမက လက်ကိုဆန့်၍ ကျဆင်းလာသော နှင်းမှုန်လေးများကို ဖမ်းယူလိုက်လေသည်။ နှင်းမှုန်လေးများက လက်ထဲသို့ ရောက်လာသည်နှင့် အရိုးကွဲလောက်အောင်ပင် အေးစက်နေသော ရေများအဖြစ် ပြောင်းလဲသွားလေသည်။


“ဘယ်လောက်တောင် လှပလိုက်လဲ…” ရှောင်ယီက တိမ်များကို ငေးကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် လက်ဖဝါးပေါ်မှ နှင်းရည်လေးများကို မှောက်သွန်လိုက်ပြီး ဆက်လျောက်သွားလေတော့သည်။


ကွမ်းရှောင်ယီ၏ နောက်တွင် လူတစ်အုပ်က ရုတ်တရက်ရောက်ရှိလာပြီး ရှောင်ယီကို ဝိုင်းထားလိုက်ကြသည်။ ကွမ်းရှောင်ယီ၏ လှပဝိုင်းစက်သော မျက်လုံးလေးများက ပြူးကျယ်ဝိုင်းစက်လာပြီး အန္တရာယ်ကို ခံစားလိုက်မိသောကြောင့် အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ သို့သော် ဝိုင်းထားသူများအားလုံးက ဘုရင်အဆင့်များ ဖြစ်ကြသောကြောင့် တခဏအတွင်းပင် ဖမ်းဆီးခြင်း ခံလိုက်ရလေသည်။


“ငါ့ကိုလွှတ်စမ်း… ငါ့အဖေက စစ်သူကြီးကွမ်… ငါ့အဖိုးကလဲ အင်ပါယာမြို့တော်ထဲမှာ ကျော်ကြားတဲ့ လူတစ်ယောက်ပဲ … ငါ့ကို ပြန်ပေးဆွဲမယ်ဆိုရင် နင်တို့ သေအောင် ရိုက်နှက်ခံရလိမ့်မယ်…” ကွမ်းရှောင်ယီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ အင်ပါယာမြို့တော်မှ စစ်သူကြီးတစ်ယောက်၏ သမီးကို ဖမ်းဆီးရဲသည့်လူများအကြောင်းကို သူမက သိချင်နေလေသည်။


ဘုရင်အဆင့် လူများက သူမကို ပြန်မပြောပဲ တစ်ချက်မျှကြည့်၍ ပါးစပ်ကို ပိတ်လိုက်ကာ သူမကို သယ်ဆောင်သွားကြလေတော့သည်။


“သခင်လေးကိုသတင်းပို့လိုက် … မစ်ရှင်အောင်မြင်တယ်…”


အဖွဲထဲမှတစ်ယောက်က ခေါင်းညိမ့်ပြလိုက်ပြီး ခြေဖျားဖြင့် မြေပြင်ကို ထောက်၍ ခုန်ထွက်လိုက်ကာ အဖွဲ့ထဲမှ ထွက်ခွာသွားလေတော့သည်။


ပုဖန်က ထိုင်ခုံပေါ်တွင် ခွေခေါက်ထိုင်နေပြီး ကောင်းကင်မှ ကျဆင်းနေသော နှင်းမှုန်လေးများကို စိုက်ကြည့်နေမိသည်။ နှင်းကျနေပြီဖြစ်သောကြောင့် ရာသီဥတုက ပို၍ အေးမြလာပေသည်။ သူ၏ ဆိုင်တွင် စားသုံးသူများ နည်းပါနေပြီး ပုံမှန်စားသုံးသူများပင် ရောက်လာခြင်းမရှိချေ။


“ဘာဖြစ်လို့ပါလိမ့်… နှင်းကျလို့များလား…” ပုဖန်က ရေရွတ်လိုက်မိသည်။


လမ်းကြားလေးထဲတွင် ခြေသံအချို့ကြားလိုက်ရပြီး ကြမ်းတမ်းသော ပုံရိပ်သုံးခုက ပုဖန်၏ ဆိုင်ရှေ့သို့ ရောက်ရှိလာကြသည်။


“အဲဒါကွမ်းညီအကိုတွေမဟုတ်လား…” ပုဖန်က တွေးလိုက်မိပြီး စိုးရိမ်သောက ရောက်နေဟန်ရသော ကွမ်းညီအကိုသုံးယောက်ကို ကြည့်လိုက်မိသည်။


“ပိုင်ရှင်ပု… ကလေးမလေး ရှောင်ယီ ဒီမှာလား…” ကွမ်းဂျန့်က အသက်ပြင်းပြင်းရှူ၍ မေးလိုက်လေသည်။


“ဒီကလေးမလေးက ငါတို့ကို လှည့်စားပြီး အိမ်က ထွက်သွားတယ်… မောင်နှမတွေကြားထဲက ယုံကြည်မှုကို အလွဲသုံးစားလုပ်သွားတာ…” ကွမ်းတိကလည်း ၀င်ပြောလိုက်သည်။


“ရှောင်ယီလား… ဒီနေ့မလာဘူး…” ပုဖန်က ကွမ်းညီအကိုသုံးယောက်ကို နားမလည်နိုင်စွာကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။


“ရှောင်ယီက ဒီမှာမရှိဘူး… ဘယ်လိုလုပ်ဖြစ်နိ်ုင်မှာလဲ… သူမက …”


ကွမ်းတိက ပုဖန်ကို မယုံသင်္ကာ တုံ့ပြန်လိုက်ပြီး တစ်စုံတစ်ခုကို တွေးမိသွားဟန်နှင့် ရပ်တန့်သွားသည်။ ထို့နောက် ကွမ်းညီအကို သုံးယောက်၏ မျက်နှာက ပြောင်းလဲသွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်၍ ပြောဆိုလိုက်ကြသည်။


“အိုး… မဟုတ်ဘူး…”


ကွမ်းရှောင်ယီက စားသောက်ဆိုင်တွင် ကူညီရန် အိမ်မှ ခိုးထွက်လာခြင်းဖြစ်သည်။ စားသောက်ဆိုင်သို့ ရောက်မလာပါက ဖြစ်နိုင်ချေတစ်ခုသာ ရှိတော့ပေသည်။


“ခွေးသားတွေ… ဒီမကောင်းတဲ့ ကောင်တွေက ငါတို့ညီမလေးကို ပြန်ပေးဆွဲဝံ့တယ်… တွေ့ကြသေးတာပေါ့…”


ကွမ်းညီအကို သုံးယောက်က ကြုံးဝါးလိုက်ပြီး ပုဖန်ကို လျစ်လျူရှု၍ ထွက်သွားကြလေသည်။ ပုဖန်က ကွမ်းညီအကိုသုံးယောက် ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်ပြီး မျက်နှာကို မဲ့၍ ပြောဆိုလိုက်သည်။


“ဒီညီအကိုသုံးယောက်က တော်တော်မိုက်မဲတာပဲ…..”