အပိုင်း ၉၇
Viewers 53k

အခန်း ၉၇ ပိုင်ရှင်ပု မင်းမရှက်ဘူးလား


ပိုးထည်၀တ်ရုံကို ၀တ်ဆင်ထားသည့် ကျောက်ရူကျီ၏ အသွင်အပြင်က သန့်ရှင်းသပ်ရပ်နေပေသည်။ သူက ဆိုင်တံခါး၀တွင် မတ်တပ်ရပ်နေပြီး ထိုင်ခုံပေါ်တွင် ခွေခေါက်ထိုင်နေသော ပုဖန်ကို ပြုံးစစနှင့် ကြည့်နေပေသည်။ ပုဖန်က အနည်းငယ် အံ့အားသင့်သွားလေသည်။ သူ့ကို နှစ်ကြိမ်တိုင်တိုင် သွေးဆောင်ဖြားယောင်းရန် ကြိုးစားခဲ့ဖူးသော ကျောက်ရူကျီကို သူက သေချာစွာ မျတ်မိနေပေသည်။ 


မင်းဘာမှာမှာလဲ… ပုဖန်က မတ်တပ်ရပ်၍ ပြောဆိုလိုက်သည်။ 


ကျောက်ရူကျီး သူ၏ အ၀တ်များပေါ်တွင် တင်ကျန်နေသော ဆီးနှင်းများကို ခါထုတ်လိုက်ပြီး ဆိုင်အတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ထို့နောက် ခုံတစ်ခုံတွင် ၀င်ထိုင်လိုက်ပြီး မီနူးကို လှမ်းကြည့်လိုက်ရာ သူမလာသည့် အချိန်အတွင်းတွင် ဟင်းပွဲအသစ်များ တိုးပွားလာသည်ကို တွေ့လိုက်ရသည်။ ပုဖန်၏ ဆိုင်မှ အရသာရှိသည့် ဟင်းပွဲများကို အမှတ်ရလိုက်သည်နှင့် သူ၏ ဗိုက်ထဲတွင် စစ်ပွဲဖြစ်ပွားသကဲ့သို့ အကြိမ်ကြိမ် ခံစားခဲ့ရသည်။ ကျောက်ရူကျီက ၀က်နံရိုးချိုချဉ်ကြော် အဆင့်မြင့်ဥထမင်းကြော်နှင့် အေးခဲကျောက်စီမ်းနှလုံးသားဝိုင် တစ်ကရားကို မှာယူလိုက်သည်။


ပုဖန်က မှတ်သားလိုက်ပြီး မီးဖိုခန်းသို့၀င်ရောက်သွားကာ ချက်ပြုတ်လိုက်လေသည်။ တခဏအကြာတွင် မီးဖိုခန်းဘက်ဆီမှ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာလေတော့သည်။ ကျောက်ရူကျီကလည်း မွှေးပျံ့သော ရနံ့များကို ရှူရှိုက်လိုက်လေသည်။ တခဏအကြာတွင် ပုဖန်က ပန်ကန်ကို ကိုင်၍ ထွက်လာလေသည်။ အငွေ့တစ်ထောင်းထောင်းထပြီး မွှေးပျံ့နေသော ရနံ့များက ကျောက်ရူကျီ၏ စားချင်စိတ်ကို ဆွဲဆောင်နေသော်လည်း သူက ချက်ချင်းမစားသေးပဲ ပုဖန်ကို ခပ်ပြုံးပြုံးကြည့်၍ မေးလိုက်လေသည်။


ပိုင်ရှင်ပု… ရှောင်ယီရော… ရှောင်ယီဘာလို့မလာသေးတာလဲ… 


ကျောက်ရူကျီ၏ မျက်နှာပေါ်တွင်လှောင်ပြောင်သရော်ဟန်များ ထင်ဟပ်နေလေသည်။ ပုဖန်က စကားတစ်ခွန်းပင် ပြန်မပြောပဲ ခုံတစ်လုံးကို ဆွဲယူ၍ ကျောက်ရူကျီ၏ ရှေ့တွင် ၀င်ထိုင်လိုက်သည်။ 


သူမဒီနေ့မလာဘူး… ပုဖန်က ကျောက်ရူကျီ၏ မျက်နှာကို လေးလေးနက်နက် စိုက်ကြည့်၍ ပြန်ဖြေလိုက်သည်။


ပုဖန်၏ စိုက်ကြည့်နေမှုကို ခံနေရသော်လည်း ကျောက်ရူကျီ၏ မျက်နှာကပြောင်းလဲသွားခြင်းမရှိပဲ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ ဆိုင်အတွင်းတွင် ဆုံးရှုံးမှုများစွာ ရှိခဲ့ဘူးသောကြောင့် ပုဖန်ကို အလောတကြီး ရန်မစပဲ သူရဲကောင်းတစ်ယောက်ကဲ့သို့ ပြုမူနေလေသည်။ 


သူမဘာလို့ မလာလဲဆိုတာကို မသိချင်ဘူးလား… ကျောက်ရူကျီက နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ သရော်ဟန်နှင့် မေးမြန်းလိုက်သည်။


ပုဖန်က ပြန်မပြောတော့ပဲ ကျောက်ရူကျီကို အကဲခတ်နေလေသည်။ ကျောက်ရူကျီကလည်း သူ့ကို စိုက်ကြည့်နေသည်ကို အနှောက်အယှက်ဖြစ်ဟန်မရပဲ ခပ်ပြုံးပြုံးနှင့် ဝိုင်ကရားမှ အ၀တ်စကို ဖယ်လိုက်ပြီး ခွက်အတွင်း လောင်းထည့်လိုက်လေသည်။ ဝိုင်၏ မွှေးရနံ့မျာက ဆိုင်အတွင်းရှိ လေထုအတွင်းတွင် တမဟုတ်ချင်း ပျံ့နှံ့သွားလေသည်။ အလွန်မွှေးကြိုင်လှသည့် ရနံ့ပြင်းပြင်းကြောင့် ကျောက်ရူကျီ၏ မျက်နှာပင် နီမြန်းလာလေသည်။


ရတနာ စီချယ်မက်မွန်ဝိုင်က အင်ပါယာမြို့တော်တစ်ခုလုံးတွင် အကောင်းဆုံးဖြစ်သည်ဟု ထင်မှတ်ထားခဲ့သော်လည်း အေးခဲကျောက်စိမ်းနှလုံးသားဝိုင်က သူ၏ အမြင်များကို ပြောင်းလဲ သွားစေသည်။


ပိုင်ရှင်ပု…. မင်းလည်းတစ်ခွက်လောက် သောက်ကြည့်ပါလား.. ကျောက်ရူကျီက ဝိုင်ကရားကို လှုပ်ခါ၍ ပုဖန်ကို မေးမြန်းလိုက်သည်။


ခဏနေဦး…. 


ပုဖန်က ပြန်ပြောလိုက်ပြီး ကျောက်ရူကျီ၏ အကြည့်အောက်တွင် မီးဖိုခန်းအတွင်းသို့ ၀င်ရောက်သွားလိုက်ပြီး ဝိုင်ခွက်တစ်ခွက်ကို ယူဆောင်၍ ပြန်ထွက်လာလေသည်။


ဒီခွက်ထဲကို ပြည့်အောင်ဖြည့်ပေး… အားနာစရာမလိုဘူး…


ငါက ယဉ်ကျေးမှုအရ လောကွတ်လုပ်တလလေ… ငါတို့ရဲ့ ဆက်ဆံရေးက ဝိုင်တစ်အိုးကို တူတူသောက်ရမယ့် ဆက်ဆံရေးမျိုးလား… ပြီးတော့.. ဒီဝိုင်က သလင်းကျောက်တွေ အများကြီးကျသင့်ပေမယ့် နည်းနည်းလေးပဲပါတာလေ… ချီးထဲမှပဲ…. ကျောက်ရူကျီက ကြောင်အရှုံ့မဲ့သွားပြီး တွေးလိုက်မိသည်။


ကျောက်ရူကျီက သူ၏လောကွတ်ချော်၍ ဖိတ်ခေါ်မိမှုကို ပြန်၍ ငြင်းဆိုရန် မကောင်းသောကြောင့် ပုဖန်၏ ခွက်အတွင်းသို့ ဝိုင်ဖြည့်ပေးလိုက်ရလေသည်။ ပုဖန်က ဝိုင်ခွက်ကို မြှောက်၍ တဖြည်းဖြည်းခြင်း စုပ်ဆသောက်လိုက်သည်။ သူ၏ မျက်နှာကလည်း ကျေနပ်နှစ်သိမ့်မှုများနှင့် ပြည့်နေလေသည်။ အပြင်ဘက်မှ ရာသီဥတုက ဆီးနှင်းများ ကျဆင်းနေပြီး အေးစက်နေသောကြောင့် ဝိုင်ကောင်းကောင်းတစ်ခွက်ကို ယခုအချိန်တွင် သောက်ရသည်မှာ အလွန်စိတ်ကျေနပ်စရာ ကောင်းပေသည်။


ပိုင်ရှင်ပု… ရှောင်ယီဘာလို့မလာတာလဲဆိုတာကို မင်းတစ်ကယ်ပဲ မသိချင်ဘူးလား… ကျောက်ရူကျီက သူ၏ ဝိုင်ခွက်ကို မော့လိုက်ပြီး ပုဖန်ကို မျက်လုံးများမှေးစင်း၍ ကြည့်ကာ ပြောဆိုလိုက်သည်။


ပုဖန်က ကျောက်ရူကျီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြောင်သလင်းခါနေပြီဖြစ်သော ဝိုင်ခွက်ကို စားပွဲပေါ်သို့ လှမ်းတင်လိုက်သည်။ ထို့နောက် ဝိုင်အိုးကို ဆုတ်ကိုင်၍ သူ၏ ခွက်ထဲသို့ ဝိုင်ကို ထပ်ဖြည့်လိုက်သည်။ ထို့နောက် အရေးမကြီးဟန်နှင့် ပြန်ပြောလိုက်သည်။ 


ဘာကြောင့်ငါသိဖို့ လိုအပ်တာလည်း…


ကျောက်ရူကျီက သူ၏ ဝိုင်အိုးကို ယူသောက်နေသော ပုဖန်ကိုကြည့်၍ စိတ်ထဲတွင် သွေးစိမ်းရှင်ရှင် ထွက်နေလေသည်။ အချိန်အနည်းငယ်မျှ ကြာသောအခါ သူ၏ ၀မ်းနဲမှုများကို ကြိုးစားထိန်းချုပ်လိုက်ပြီး ပြန်ပြောလိုက်လေသည်။


သူမက မင်းရဲ့အလုပ်သမားလေ… အလုပ်ရှင်တစ်ယောက်အနေနဲ့ သူ့ရဲ့ လုံခြုံရေးကို မစိုးရိမ်ဘူးလား…


အိုး… စိုးရိမ်တာပေါ့…. ငါအရမ်းကို စိုးရိမ်နေတာ… ပုဖန်က ပြန်ပြောလိုက်လေသည်။


စိုးရိမ်တယ်… မင်းဂျီးတော်ကြီး စိုးရိမ်ပါလား… ဘယ်သူကများ ဒီလိုနေပြီး စိုးရိမ်ပူပန်နေတာ မြင်ဖူးလို့တုန်း… ပုဖန်၏ စကားကို ကြားလိုက်ရပြီးနောက် ကျောက်ရူကျီက ဆွံ့အသွားပြီး နှုတ်ခမ်းတင်းတင်းစေ့၍ တွေးတောလိုက်မိသည်။


ပုဖန်က ဝိုင်ခွက်ကို ကုန်စင်အောင် မော့သောက်လိုက်ပြီး စားပွဲပေါ်သို့ ပြန်ချထားလိုက်သည်။ ဝိုင်၏ အကျိုးသက်ရောက်မှုကြောင့် သူ၏ ပါးပြင်ပေါ်တွင် အနီရောင်သမ်းလာလေသည်။ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို စသောက်လိုက်မိသည်နှင့် ရပ်တန့်ရန် မဖြစ်နိုင်သကဲ့သို့ ပုဖန်က သူ့ခွက်ထဲသို့ ထပ်လောင်းထည့်လိုက်သည်။ ကျောက်ရူကျီက ပုဖန်က မီးရှို့ပြာချတော့မည်ကဲ့သို့ စိုက်ကြည့်နေလေသည်။


မင်းက ထပ်ထည့်ပြန်ပြီလား… နှစ်ခွက်တောင်သောက်ပြီးသွားပြီလေ.. မရှက်တတ်ဘူးလား… ကျောက်ရူကျီ၏ စိတ်ထဲတွင် တွေးတောနေမိသည်။


ငါအရမ်းကို စိတ်ပူတယ်… ဒါပေမယ့်… မင်းက သူမကို ထိခိုက်အောင် မလုပ်နိုင်ဘူးဆိုတော့… ငါစိတ်မပူတော့ဘူး…. ပုဖန်က ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး ပြောဆိုလိုက်သည်။


ပြောဆိုလိုက်ပြီးနောက် ကျောက်ရူကျီ၏ မည်းမှောင်သွာသော မျက်နှာကို စိုက်ကြည့်နေလေသည်။ ရှောင်ယီ့ကို ပြန်ပေးဆွဲသွားသည်မှာ သူဖြစ်ကြောင်းကို ပုဖန်က အလွယ်တကူ ခန့်မှန်းနိုင်လိမ့်မည်ဟု ကျောက်ရူကျီက တွေးထင်ထားခြင်းမရှိချေ။ 


ဘာကိစ္စမှမရှိပဲနဲ့ ငါ့ဆိုင်ကိုလာပြီး ရှောင်ယီ့အကြောင်းလာပြောနေတာဆိုတော့… မင်းကတရားခံပါလို့ လာ၀န်ခံနေသလိုပဲလေ.. ဟုတ်တယ်မလား…. ပြီးတော့ ကွမ်းမိသားစုကို အပြစ်မပြုရဲတဲ့အတွက် မင်းက ဘာမှလုပ်နိုင်မှာမှ မဟုတ်တာ….


ဟားဟားဟား… ပိုင်ရှင်ပုက ငါ့ကို တစ်ကယ်ပဲ ထွင်းဖောက်မြင်နေသလိုပဲ… ငါအရမ်းကို အဆင်အခြင်မဲ့သွားတယ်… အခုဆို အင်ပါယာမြို့တော်ရဲ့ အခြေအနေက မတည်မငြိမ်ဖြစ်နေပြီ… ပိုင်ရှင်ပု… ငါနဲ့လက်တွဲဖို့ စိတ်၀င်စားလား… ငါနဲ့သာလက်တွဲမယ်ဆိုရင် ဆိုင်ငယ်လေးက အင်ပါယာမြိုကတော်ထဲမှာ အကျော်ကြားဆုံးဆိုင်တစ်ဆိုင် ဖြစ်လာရမယ်လို့ အာမခံတယ်…. ကျောက်ရူကျီက စိတ်အားထက်သန်စွာနှင့် မေးလိုက်လေသည်။


ပူးပေါင်းရမယ်… စိတ်မ၀င်စားဘူး… ပုဖန်က ခပ်ပြတ်ပြတ်သာ တုံ့ပြန်လိုက်သည်။


ပိုင်ရှင်ပု… အလျင်စလို မဆုံးဖြတ်ပါနဲ့ … ငါ့အဖေက လက်ဝဲအမတ်ကြီးနော်.. မင်းရဲ့ ဆိုင်ငယ်လေးကို အင်ပါယာမြို့တော်ရဲ့ အကျော်ကြားဆုံး ဆိုင်တစ်ဆိုင်ဖြစ်လာစေဖို့ဆိုတာ ငါတို့အတွက် လုံး၀မခက်ခဲဘူး…. ပြီးတော့… မင်းဆီက ဝှိုက်တီရဲ့ စွမ်းရည်… အဆင့်မြင့် သားရဲကောင်တွေနဲ့ ငါတို့ကို ထောက်ပံ့ပေးမယ်ဆိုရင် အိမ်ရှေ့စံမင်းသားက ဧကရာဇ်တစ်ပါးဖြစ်လာဖို့ ပ်ိုပြီး လွယ်ကူသွားလိမ့်မယ်… ကျောက်ရူကျီက ပြန်ပြောလိုက်သည်။


 ပုဖန်က ခေါင်းခါရမ်း၍ ကျောက်ရူကျီကို တစ်ချက်ကြည့်လိုက်လေသည်။ ထို့နောက် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို တစ်ခွက်ထပ်ထည့်၍ မော့သောက်လိုက်ပြီး မီးဖိုခန်းအတွင်းသို့ ၀င်ရောက်သွားလေတော့သည်။ သူ၏ ငြင်းပယ်မှုကို တိတ်ဆိတ်စွာပင် ပြသသွားလေသည်။ ကျောက်ရူကျီ၏ မျက်နှာပေါ်မှ စိတ်အားထက်သန်မှုများ ပျောက်ဆုံးသွားပြီး မှာယူထားသော အဆင့်မြင့်ဥထမင်းကြော်နှင့် ၀က်နံရိုးချိုချဉ်ကြော်တို့ကို တိတ်ဆိတ်စွာ စားသောက်လိုက်လေသည်။ 


ထို့နောက် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ကောက်ကိုင်လိုက်ရာဝုိင်ကရားက အလွတ်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ကျောက်ရူကျီက ခေါင်းပေါ်တွင် အငွေ့ထွက်လာသကဲ့သို့ ခံစားလိုက်ရပြီး ပုဖန်၏ ခေါင်းကို ဝိုင်ကရားအလွတ်နှင့် ရိုက်ချင်စိတ်ပင်ပေါက်လာလေသည်။ စားသောက်လိုက်ပြီးနောက် စားပွဲပေါ်သို့ ကျသင့်သည့် သလင်းကျောက်များကို ပစ်တင်လိုက်ပြီး ထွက်သွားလေတော့သည်။ သလင်းကျောက် ၁၅ တုံးပးရသော ဝိုင်ကို တစ်ခွက်မျှသာ သောက်လိုက်ရသောကြောင့် အလွန်အမင်း ဒေါသထွက်နေလေသည်။


ကျောက်စံအိမ်အတွင်းရှိ ဥယျာဉ်တော်အတွင်းတွင် ကြိုးကြာပုံ ထိုးထားသည့် အပေါ်ရုံကို ၀တ်ဆင်ထားသည့် ကျောက်မိုရှန်က ဖြေးညင်းစွာ လမ်းလျောက်နေလေသည်။ နှင်းများ ထူထပ်စွာ ကျဆင်းနေမှုကြောင့် ဥယျာဉ်တော်တစ်ခွင်လုံး ဖွေးဖွေးလှုပ်နေပြီး လှပသော ရှုခင်းများက ပျောက်ဆုံးနေလေသည်။ ထိုအချိန်တွင် စိအိမ်အတွင်းသို့ ၀င်ရောက်လာသည့် လူတစ်ယောက်က ကျောက်မူရှန်ရှေ့တွင် ရပ်၍ လေးလေးစားစားနှင့် ပြောဆိုလိုက်သည်။


လျို့ဝှက်စာကို အိမ်ရှေ့စံမင်းသားဆီ ပို့ပြီးပါပြီ… 


အရမ်းကောင်းတယ်… အတွင်း၀န်ရန်ရဲ့ သားကိုရော ဖမ်းမိပြီလား… ကျောက်မူရှန်က ခေါင်းညိမ့်လိုက်ပြီး ထပ်မေးလိုက်သည်။


ဖမ်းပြီးသွားပါပြီ… အဲဒီကလေးကို ရှောင်ယီနဲ့ အတူတူ ချုပ်ထားလိုက်ပါတယ်…. 


ကျောက်မူရှန်က အဖြူရောင်အခိုးအငွေ့များကိုမှုတ်ထုတ်လိုက်ရာ ကျဆင်းလာသော နှင်းစက်များပင် ပြိုကွဲသွားလေသည်။ ကြောက်မက်ဖွယ်စွမ်းအားများက တိတ်ဆိတ်အေးချမ်းမှုအောက်တွင် ဖုံးကွယ်နေသည်ဟု ထင်ရပေသည်။ 


အတွင်း၀န်ရန်ရဲ့သားနဲ့… ကွမ်းမိသားစုတို့ရဲ့ မင်းသမီးလေး… သူတို့နှစ်ယောက်လုံး ငါတို့ရဲ့ လက်ထဲမှာရောက်နေပြီဆိုတော့… ငါတို့ရဲ့ တောင်းဆိုချက်ကို အိမ်ရှေ့စံမင်းသားက ဘယ်လိုမှ ငြင်းမယ်နိုင်မှာမဟုတ်တော့ဘူး…. လေအလင်းအင်ပါယာရဲ့ ဧကရာဇ်က တစ်ကယ့်ကို ကောင်းမွန်တာပဲ… ကျောက်မူရှန်က အဓိပ္ပါယ်ပါပါ ပြောဆိုလိုက်ပြီး ဥယျာဉ်တော်အတွင်းမှ ထွက်ခွာသွားလေတော့သည်။