အပိုင်း ၉၈
Viewers 53k

အခန်း ၉၈ ခွေးဘုရင်ရဲ့ အမိန့်ကို နာခံကြလော့


ကွမ်းရှောင်ယီက သူမ၏ ရှေ့တွင်မာနထောင်လွားစွာနှင့် ရပ်နေသော လူငယ်လေးကို ကြည့်၍ မျက်လုံးများ ပြူးကျယ်လာလေသည်။


သူက အတွင်း၀န်ရဲ့ သားမဟုတ်ဘူးလား… ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ…


ယန်ချန်က အတွင်း၀န်ယန်မို၏ ခုနစ်ယောက်မြောက်သားဖြစ်သည်။ ယန်မိသားစုက တိုင်ပြည်အတွက် ကိုယ်ကြိုးစွန့် လှုပ်ရှားမျှုများတွင် မပါမဖြစ် ပါ၀င်လေသည်။ အတွင်း၀န် ယန်မိုတွင် သားလေးယောက်ရှိပြီး ပထမသုံးယောက်က အလွန်ထူးချွန်ထက်မြက်ကြသည်။သို့သော် ကံမကောင်းစွာဖြင့် စစ်ပွဲများအတွင်း ကျဆုံးခဲ့လေသည်။ ယန်မိသားစု၏ အမွေကို ဆက်ခံနိုင်ရန် ယန်ချန်တစ်ယောက်သာ ကျန်ရစ်ပေတော့သည်။ ထို့ကြောင့် ယန်မိသားစုက ယန်ချန်၏ လုံခြုံရေးကို အလွန်ဂရုစိုက်ကြလေသည်။


နင်ဒီမှာ ဘာလာလုပ်နေတာလဲ… လူဆိုးမလေး… ယန်ချန်က ဆောင့်ကြွားကြွားအမူအယာနှင့် မေးမြန်းလိုက်သည်။ သူက သူ့အကိုများနည်းတူ ကြိုးစားကျင့်ကြံခဲ့သောကြောင့် ဝိဥာဉ်တည်အဆင့်သို့ပင် ရောက်ရှိနေပြီး ရွယ်တူများကြားတွင် အမြင့်ဆုံးဖြစ်သည်။


နင်ကဘယ်လိုထင်နေလို့လဲ.. စားစရာကောင်းကောင်းလဲမရှိ ငရဲလိုနေရာကို ငါက လာချင်နေတယ်လို့ နင်ထင်နေတာလား… ကွမ်းရှောင်ယီက ယန်ချန်ကို ပြန်ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက် နှာခေါင်းရှုံ့လိုက်ပြီး ပြန်လည်ပြောဆိုလိုက်သည်။


ယန်ချန်က ကွမ်ရှောင်ယီပြောသည့် စကား၏ အဓိပ္ပါယ်ကို နားမလည်ပေ။ ထိုသူများက သူတို့ကို ပြန်ပေးဆွဲထားခြင်းဖြစ်သော်လည်း ကောင်းကောင်းမွန်မွန်သာ ဆက်ဆံကြလေသည်။ တစ်နေ့လျင် သုံးကြိမ် အစားအသောက်များကို ပို့ဆောင်ပေးပြီး အစားအသောက်များကလည်း ကောင်းမွန်လှပေသည်။ ယန်ချန်က ပျော်ပင် ပျော်ရွှင်နေလေသည်။


နင်က ဒီအစားအသောက်တွေကို ကောင်းတယ်လို့ ထင်နေတာဆိုရင်တော့ ငါနင့်ကို ပြောလိုက်မယ်.. နင်က ရေတွင်းထဲက ဖားတစ်ကောင်လိုပဲ လောကကြီး ဘယ်လောက်ကျယ်လဲဆိုတာကို မသိသေးဘူး…. ကွမ်းရှောင်ယီက ပါးစပ်တွင် ဆီများကွက်နေသော ယန်ချန်ကို ကြည့်၍ လက်ကိုပိုက်လိုက်ကာ ပြောဆိုလိုက်သည်။


ဘာဖြစ်တယ်… ငါက တုံးတယ်လို့ နင်က ဆိုလိုတာပေ့ါ ဟုတ်လား… နင့်လို ကလေးစုတ်လေးက ငါ့ကို အဲလိုပြောရဲတာလား… ငါက ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကို အကြိမ်ပေါင်းများစွာ ရောက်ဖူးတယ်.. ယန်ချန်က မကျေမနပ်နှင့် ပြောဆိုလိုက်သည်။


ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်လား… ဟမ့်… ယန်ချမ်၏ စကားကို ကြားလိုက်ရသည်နှင့် ရှောင်ယီက နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ မျက်၀န်းထဲတွင် စိတ်ပျက်အထင်သေးဟန်များ ပေါ်ထွက်လာခဲ့သည်။


ဘာဖြစ်လို့လဲ… နင့်ကိုကြည့်ရတာ… ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်က အစားအသောက်တွေကို မကြိုက်သလိုပဲ… ယန်ချန်က ကွမ်းရှောင်ယီ၏ အမူအယာကြောင့် စိတ်၀င်တစားနှင့် မေးမြန်းလိုက်လေသည်။


ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က အစားအသောက်တွေက စိတ်ပုပ်သူဌေးချက်ထားတဲ့ အစားအသောက်တွေနဲ့ ယှဉ်လိုက်ရင် အမှိုက်သာသာပဲ ရှိတယ်.. နင် စိတ်ပုပ်သူဌေး ချက်ထားတဲ့ ဟင်းပွဲတွေကို မစားဘူးသရွေ့တော့ ကမ္ဘာကြီးကို မမြင်ဘူးသေးဘူးလို့ ပြောလို့ရတယ်… ကွမ်းရှောင်ယီက မျက်နှာကို မဲ့၍ ပြောဆိုလိုက်သည်။


ငါမေးပါဦးမယ်… နင်က အမြဲတမ်း ငါးခေါင်းစွပ်ပြုတ်ကို စားတယ်မဟုတ်လား … အဲဟင်းက နင့်ရဲ့ ခန္ဒာကိုယ်ထဲက အစစ်အမှန် စွမ်းအင်တွေကို တိုးတက်စေနိုင်လား.. ၀က်နံရိုး ချိုချဉ်ကြော်အနံ့ကိုရလိုက်တာနဲ့ အကြောပေါင်းတစ်ထောင် ပွင့်သွားတယ်လို့ ခံစားရဖူးလား… နင်အမြဲစားတဲ့ ဥထမင်းကြော်ကရော စွမ်းအင်ကျင့်ကြံခြင်းကို အထောက်အကူပြုလား… ကွမ်းရှောင်ယီက ပုဖန်က ဆိုင်ငယ်လေးတွင် ရရှိနိုင်သော ဟင်းပွဲအမည်များကို ပြောဆို၍ မေးမြန်းလိုက်သည်။


ယန်ချန်က ကွမ်းရှောင်ယီကို အထင်ကြီးစွာနှင့် ကြည့်လိုက်လေသည်။ သူမပြောသည့် ဟင်းပွဲများ၏ အမည်ကို သူက မကြားဘူးသော်လည်း စားလိုက်သည်နှင့် ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးနိုင်သည်မှာ အထင်ကြီးဖွယ် ကောင်းလှပေသည်။


ဟမ့် .. အထင်ကြီးစရာကောင်းတယ်မဟုတ်လား… ငါက အဲဒီဟင်းပွဲတွေ အကုန်လုံးးကို စားဖူးတယ်…..


နားထောင်ရတာတော့ တော်တော်ကောင်းတာပဲ အဲဒီဆိုင်က ဘယ်နားမှာရှိတာလဲ… အဲဆိုင်ကို ဘယ်တော့လောက် ငါ့ကို ခေါ်သွားနိုင်မလား… ယန်ချန်က သူ၏ရှေ့မှ ဟင်းပွဲများကို တူဖြင့်ညှပ်၍ စားသောက်လိုက်ပြီး ပြောဆိုလိုက်သည်။


ယန်ချန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ ကွမ်းရှောင်ယီ၏ ဝိုင်းစက်စက် မျက်၀န်းလေးများက လင်းလက်တောက်ပသွားပြီး ချစ်စဖွယ်အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။


အခုပဲ သွားကြရအောင်… သူတို့ ကြွေးတဲ့ အစားအသောက်တွေက ငါ့ကို စားချင်စိတ် ပျောက်စေတယ်… ငါ ဘာမှမစားတာ တစ်ရက်ကျော်နေပြီ..


အခုလား… ယန်ချန်က အံ့အားသင့်သွားလေသည်။


ငါတို့ကို စောင့်ကြည့်နေတဲ့တစ်ယောက်က ဘုရင်အဆင့်တစ်ယောက်ပဲ ဒါကြောင့် ယှဉ်ပြိုင်တိုက်ခိုက်လို့တော့ မရဘူး…. ဒါပေမယ့် သူ့ကို လှည့်စားလို့တော့ ရလောက်မှာပါ… ဒါဆိုငါတို့ သွားလို့ရပြီ… ရှောင်ယီက မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး တက်ကြွစွာ ပြောဆိ်ုလိုက်သည်။


ထို့နောက် ကွမ်းရှောင်ယီက ကြမ်းပြင်ပေါ်သို့ ပစ်လှဲလိုက်ပြီး ခြေထောက်များကို ကန်ကြောက်၍ ဝုန်းဒိုင်းကြဲနေလေသည်။ ယန်ချန်ပင် သူမ၏ အမူအယာကြောင့် အံ့အားသင့်သွားလေသည်။ အပြင်ဘက်မှ အစောင့်က ဆူညံသံများကြောင့် တံခါးဖွင့်၍ အတွင်းသို့ ၀င်လာလေသည်.။ ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး ဝုန်းဒိုင်းကြဲနေသော ကွမ်းရှောင်ယီကိုတွေ့လိုက်ရသောကြောင့် ပြောဆိုလိုက်လေသည်။


ဘာတွေဖြစ်နေတာလဲ… ဆူညံအောင်လုပ်နေတာတွေ ခုချက်ချင်းရပ်…


ကလေးနှစ်ယောက်၏ အမူအယာများကြောင့် အစောင့်က စိတ်မရှည်ဖြစ်သွားပြီး မျက်မှောင်ကြုံ့၍ အော်လိုက်လေသည်။


သူမက မင်းတို့ပေးတဲ့ အစားအသောက်တွေကိ်ု မစားချင်ဘူးတဲ့… ပြီးတော့ မင်းတို့ရဲ့ စားဖိုမှုးကို ၀က်စားဖိုမှုးလို့ ပြောနေတယ်… ယန်ချန်က ပြန်ပြောလိုက်သည်။


ထိုစကားကြောင့် အစောင့်က ငိုရမလို ရယ်ရမလို ဖြစ်သွားလေသည်။ သူက ဟင်းပွဲများထံ သွား၍ အနည်းငယ် မြည်းကြည့်လိုက်သည်။


ဒီအရသာတွေက ကောင်းပါတယ်…


ယန်ချန်က သဘောတူကြောင်း ခေါင်းညိမ့်ထောက်ခံလိုက်သည်။


ငါလဲ ဒီအစားအစာတွေရဲ့ အရသာက ကောင်းတယ်လို့ ထင်ပါတယ်… ဒါပေမယ့် သူမက မင်းတို့ရဲ့ စားဖိုမှုးကို ၀က်တစ်ကောင်လို့ ထင်နေတယ်လေ… ဒါကြောင့် သူမက အပြင်မှာ သွားစားချင်နေတာ…


ဟမ်…


အစောင့်က တစ်ခုခုမှားနေသည်ကို သတိပြုမိသွားသည်။ သို့သော် ယန်ချန်က သူ၏ အစစ်အမှန်စွမ်းအင်များနှင့် အစောင့်၏ ခြေလက်များကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ အစောင့်က ဘုရင်အဆင့်တစ်ယောက်ဖြစ်သော်လည်း လျပ်တပျက် အနီးကပ်တိုက်ခိုက်ခံလိုက်ရသောကြောင့် တုံ့ပြန်နိုင်စွမ်း မရှိတော့ချေ။ ကွမ်းရှောင်ယီက မြေပြင်ပေါ်မှ ခုန်ထလိုက်ကာ သူမ၏ လက်သီးဆုတ်သေးသေးကို လွဲရမ်း၍ အစောင့်၏ မျက်နှာနှင့် မိတ်ဆက်ပေးလိုက်လေသည်။


ကွမ်းမိသားစုများက ပြိုင်ဘက်နှင့် တိုက်ခိုက်ရာတွင် မြေပြင်ပေါ်သို့ လဲကျသည်အထိ တိုက်ခိုက်တတ်သည်မှာ အကျင့်တစ်ခု ဖြစ်နေပေသည်။ ကွမ်းရှောင်ယီကလည်း အစောင့်၏ မျက်နှာက်ို အဆက်မပြတ် တိုက်ခိုက်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားစေလိုက်သည်။ ထို့နောက် ကွမ်းရှောင်ယီက ယန်ချန်၏ လက်ကို ဆွဲလိုက်ပြီး အခန်းအတွင်းမှ ထွက်လာလိုက်လေသည်။


ဤနေ့က အင်ပါယာမြို့တော်အတွင်းတွင် နေသာသော နေ့တစ်နေ့ ဖြစ်သည်။ တိမ်များ ကင်းစင်နေပြီး နေသာနေသောကြောင့် လူများကို နွေးထွေး၍ သက်တောင့်သက်သာ ဖြစ်စေသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်လေသည်။ပ ထမဆုံး စားသုံးသူများကို ရောင်းချပြီးနောက် ဆိုင်က ပြန်လည်တိတ်ဆိတ်သွားလေသည်။ ထို့ကြောင့် ပုဖန်က ခုံတစ်လုံးကို ဆွဲယူလိုက်ပြီး ဆိုင်ပေါက်၀တွင် နေဆာလှုံနေရာမှ နွေးထွေးလာသောကြောင့် ငိုက်မြည်းလာလေသည်။


စိတ်ပုပ်သူဌေး… ငါ့ကိုကယ်ပါဦး…


သနားစဖွယ် အသံတစ်ခုက လမ်းကြားအ၀ဆီမှ ထွက်ပေါ်လာသောကြောင့် ပုဖန်က မျက်လုံးဖွင့်ကြည့်လိုက်သည်။ ပုံရိပ်နှစ်ခုက ရှေ့မှ အသည်းအသန် ပြေးလွှားနေကြပြီး အစွမ်းထက်သော အရှိန်အဝါများကို ထုတ်ဖော်ထားသည့် လူတစ်စုက နောက်မှ လိုက်လာလေသည်။ ထိုသူများက လျင်မြန်လှသောကြောင့် ပုံရိပ်လေးနှစ်ခုကို ဖမ်းမိသွားလေသည်။ ဘုရင်အဆင့်တစ်ယောက်က ကွမ်းရှောင်ယီကို ဖမ်းဆီး၍ ဆွဲမြှောက်လိုက်ကာ ပြောလိုက်လေသည်။


ကဲ အခု မင်းဘယ်လို ပြေးမလဲ….


လွှတ်စမ်း… ငါဘယ်သူလဲ နင်မသိတာလား… ငါ့အဘိုးကိုပြောပြီး နင့်ကို အင်ပါယာမြို့တော်ရဲ့ မြို့ရိုးမှာ ချိတ်ဆွဲခိုင်းမယ်… ကွမ်းရှောင်ယီက ဒေါသတကြီး အော်ဟစ်နေလေသည်။


စိတ်ပုပ်သူဌေး၏ ဆိုင်အနီးရောက်မှ အဖမ်းခံရခြင်းကြောင့် သူမက အလွန်အမင်း ဒေါသထွက်နေလေသည်။


စိတ်ပုပ်သူဌေး ငါ့က်ိုကယ်ပါ… ဘလက်ကီ… ငါ့ကိုကယ်ပါဦး… ကွမ်းရှောင်ယီက ပုဖန်လာကူနိုင်ရန် အစွမ်းကုန် အော်ဟစ်နေလေသည်။ ဘလက်ကီသာ လာကယ်ပါက လွတ်မြောက်ရန် ပို၍ လွယ်ကူမည်ဟု တွေးနေလေသည်။


အပေါက်၀တွင် လဲလျောင်း၍ ငိုက်မြည်းနေသော ဘလက်ကီက အော်သံကြောင့် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူက ပျင်းရိစွာ သမ်းဝေလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ လေထဲတွင် အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာလေသည်။


အရှင်သခင်ခွေးကို ဘယ်သူခေါ်နေတာလဲ… ဘလက်ကီက ရေရွတ်လိုက်ပြီး ပတ်၀န်းကျင်ကို လှည့်ပတ်အကဲခတ်လိုက်ရာ လမ်းကြားလေး၏ အ၀င်၀တွင် အဖမ်းခံထားရသောကြောင့် ယက်ကန်ယက်ကန်ဖြစ်နေသော ရှောင်ယီ့ကို တွေ့လိုက်ရလေသည်။


ကလေးစုတ်လေး… ဘာအကြောင်းပြချက်နဲ့ ဒီအရှင်သခင်ခွေးကို အော်နေတာလဲ.. ဒီခွေးဘုရင်က ဘယ်လောက်တောင် အလုပ်များလဲဆိုတာကို မင်းမသိဘူးလား… ဘလက်ကီက ပျင်းရိစွာ ထရပ်လိုက်ပြီး လမ်းကြားအ၀သို့ လျောက်သွားလိုက်သည်။


ဖြည်းညင်းစွာ လျောက်လာသော ဘလက်ကီကို မြင်လိုက်ရသောကြောင့် ရှောင်ယီ၏ ကြီးမားဝိုင်းစက်သော မျက်လုံးလေးများက တောက်ပလာပြီး အော်ဟစ်လိုက်လေသည်။


ဘလက်ကီ… ငါ့ကိုကယ်ပါ…. ငါ့ကိုကယ်ပါ…


ယန်ချန်က နှာခေါင်းရှုံ့လိုက်ပြီး အ၀လွန်နေသည့် အနက်ရောင်ခွေးကြီးကို ကြည့်နေလိုက်သည်။ အစောင့်များကလည်း ထူးဆန်းစွာဖြင့် ဘလက်ကီကို စိုက်ကြည့်လိုက်ကြသည်။


ဒီကလေးမလေးက ရူးများ ရူးသွားတာလား… ခွေးတစ်ကောင်က ဘုရင်အဆင့်တွေလက်ထဲက သူမကို ကယ်တင်နိုင်မယ်လို့ ထင်နေတာလား…


အစောင့်များက တွေးတောနေစဉ်တွင် ခွေးက စကားပြောလိုက်သောကြောင့် အလွန်အမင်း အံ့သြ ထိတ်လန့်သွားကြလေသည်။


ဒီခွေးဘုရင်ရဲ့ အမိန်ကို နာခံပြီး ကလေးမလေးကို လွှတ်လိုက်စမ်း… ဘလက်ကီ၏ ကြည်လင်၍ အားမာန်အပြည့်ပါသော အသံက ထွက်ပေါ်လာလေသည်။