အပိုင်း ၉၉
Viewers 53k

အခန်း ၉၉ လမ်းခင်းအုတ်တွေ မကျိုးပဲ့စေနဲ့


အိမ်ရှေ့စံမင်းသား၏ နန်းတော်အတွင်းတွင် အိမ်ရှေ့စံမင်းသားက တစ်ယောက်တည်းထိုင်နေလေသည်။ သူ၏ မျက်နှာအမူအယာက တည်ကြည်နေပြီး မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေလေသည်။ သူအရှေ့မှ စားပွဲပေါ်တွင် လျို့ဝှက်စာ အချို့ တင်ထားလေသည်။


ဒီမြေခွေးအိုကြီး ကျောက်မိုရှန်… ကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က သူပဲ ဆိုတာကို ငါသိနေတယ်… အိမ်ရှေ့စံမင်းသားက စာတစ်စောင်ကို ဖောက်ဖတ်လိုက်ပြီး အလွန်ဒေါသထွက်လာသောကြောင့် စာကို လုံးချေလိုက်လေသည်။


ရှုရှီသာရှိနေသေးရင်….


အိမ်ရှေ့စံမင်းသားက သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ရှုရှီသာ ရှိနေပါက သူ့ကို အကြံကောင်းများ ပေးနိုင်ပေသည်။ ယုံကြည်အားကိုးရသော လူတစ်ယောက်ဖြစ်သောကြောင့်လည်း ကိစ္စရပ်များကို မတုန်မလှုပ်ရင်ဆိုင်နိုင်ပေလိမ့်မည်။


ဒီကျောက်မူရှန်က ကွမ်းရှောင်ယီနဲ့ ယန်ချန်… နှစ်ယောက်လုံးကို ပြန်ပေးဆွဲထားတယ်… ဒါက စိတ်ပျက်စရာကောင်းပေမယ်… ငါတို့ အတူတူအလုပ်လုပ်လို့ မရတော့တာတော့ မဟုတ်ဘူး… သူ့ရဲ့ ကမ်းလှမ်းချက်ကိုသာ ငါလက်ခံလိုက်ရင်ကွမ်းမိသားစုနဲ့ ရန်မိသားစုတို့ရဲ့အထောက်အပံ့ကို ရလာလိမ့်မယ်… အဲလိုသာဆို… ဂိုဏ်းတွေနဲ့ ပူးပေါင်းထားတဲ့ ငါ့ရဲ့ ဒုတိယညီတော်ကို အလွယ်တကူ ပထုတ်နိုင်လိမ့်မယ်…. အိမ်ရှေ့စံမင်းသားက ရေရွတ်လိုက်ပြီး စာနောက်တစ်ဆောင်ကို ဖောက်ဖတ်လိုက်သည်။


မင်းဘာပြောလိုက်တယ်… ဘုရင်အဆင့် အနည်းငယ်က ဝိဥာဉ်တည်အဆင့် ကလေးနှစ်ယောက်ကို မစောင့်ကြည့်နိုင်ဘူး… ဟုတ်လား… ကျောက်မူရှန်က လက်ထဲမှ လက်ဖက်ရည်ခွက်ကို အနည်းငယ် မှုတ်၍ သောက်လိုက်ပြီး မေးမြန်းလိုက်သည်။


သူ၏ ရှေ့တွင်ရပ်နေသော အစောင့်၏ အမူအယာက အလွန်ဖြူဖျော့သွားပြီး ဒူးထောက်ချလိုက်သည်။ ထို့နောက် ကြောက်လန့်တကြား ပြောဆိုလိုက်သည်။


သခင်ကြီး … ဒါက ကျွန်တော်မျိုးရဲ့ အမှားပါ…သူတို့ကို ပြန်ခေါ်လာဖို့ လူတစ်ချို့ကို ကွန်တော်မျိုးစေလွှတ်လိုက်ပါတယ်… ဒါပေမယ်…..


ဒါပေမယ့်… ဘာဖြစ်လဲ …. ဆက်ပြောလေ…. ကျောက်မိုရှန်က အေးစက်စက်နှင့် ပြောဆိုလိုက်ပြီး သူ့လက်ထဲမှ လက်ဘက်ရည်ခွက်ကို ဆက်သောက်နေလိုက်သည်။


ကွမ်းမိသားစုရဲ့ မင်းသမီးလေးနဲ့ ရန်မိသားစုရဲ့ အမွေခံသားတို့က လျို့ဝှက်ဆန်းကျယ်တဲ့ ဆိုင်ငယ်လေးကို ဦးတည်ပြီး ထွက်ပြေးသွားကြတာပါ… အစောင့်က လျင်မြန်စွာ ပြန်ပြောလိုက်သည်။


လျို့ဝှက်ဆန်းကျယ်တဲ့ဆိုင်… ဟမ်… မင်းပြောတာက မြို့ထဲမှာပြောနေတဲ့ ဘုရင်မင်းမြတ်ကိုယ်တိုင် သွားရောက်ခဲ့တယ်ဆိုတဲ့ ဆိုင်လား…. ကျောက်မိုရှန်က လက်ဘက်ရည်ကြမ်းသောက်နေသည်ကို ရပ်တန့်လိုက်ပြီး မေးလိုက်မိသည်။


ထိုဆိုင်၏ ကောလဟာလ သတင်းများကို သိရှိထားသော်လည်း တိတိကျကျမဟုတ်ပေ။ သို့သော် သူသိရှိထားသော အချက်အလက်များအရ ဆိုင်ငယ်လေး၏ နောက်ခံက သာမာန်မဟုတ်သည်ကို ကျန်းသေ ပြောနိုင်ပေသည်။


ရှေးဦးသားရဲကောင်ကြီးနဲ့ ရုပ်သေးတစ်ရုပ်က သူတော်စင်အဆင့်နဲ့တောင် ယှဉ်လို့ရတယ်ဆိုတော့… အဲဒီဆိုင်က တစ်ခုခုပဲ… မင်းအဲဒီဆိုင်ရဲ့ အကြောင်းကို မစုံစမ်းထားဘူးလား… ကျောက်မူရှန်က မေးလိုက်လေသည်။


ကျွန်တော်တို့ စုံစမ်းပါတယ်… ဒါပေမယ့် ဘာတစ်ခုမှ မသိရပါဘူး…


ထိုသူက ကလေးနှစ်ယောက် ထွက်ပြေးသွားသောကြောင့် လူတစ်ချို့ကို ပြန်ဖမ်းလာရန် စေခိုင်းခဲ့သော်လည်း ဆန်းကျယ်သော ဆိုင်သို့ ပြေးသွားသော ကလေးနှစ်ယောက်ကြောင့် ခက်ခဲနေရခြင်း ဖြစ်သည်။


ဟမ့်…. မင်းက ဒီလိုအရာလေးတွေကိုတောင် ပြီးမြောက်အောင် မလုပ်နိုင်ဘူဆိုရင် မင်းကိုဘာကြောင့် ဆက်ထားနေရမှာလဲ ….မင်းရဲ့ စုံစမ်းထောက်လှမ်းရေးကွန်ယက်အတွက် သလင်းကျောက်သောင်းပေါင်းများစွာကို နှစ်စဉ်အသုံးပြုနေတာလေ… ဒီလိုစားသောက်ဆိုင်ငယ်လေးတစ်ခုကို တောင် မစုံစမ်းနိုင်ဘူးလား… ကျောက်မူရှန်က အေးစက်စွာ ပြောလိုက်သောကြောင့် ထိုသူ၏ ခန္ဒာကိုယ်ပေါ်တွင် ချွေးစီးများ ပြန်လာလေသည်။


ထားလိုက်တော့… အဲဒီစားသောက်ဆိုင်ရဲ့ လျို့ဝှက်ချက်က အရမ်းကို နက်နဲတယ်… ဒီတိုက်ကြီတစ်ခုလုံးမှာ ငါတို့ မသိနိုင်တဲ့ အင်အားကြီးတွေ အများကြီးရှိသေးတယ်… အဲတော့ ဒီဆိုင်အကြောင်းမသိတာလဲ မင်းအပြစ်တော့မဟုတ်ဘူး… အခု ကွမ်းမိသားစုရဲ့ မင်းသမီးလေးနဲ့ ရန်အိမ်တော်ရဲ့ အမွေဆက်ခံသူတို့ကို ပြန်ဖမ်းဆီးဖို့ လိုအပ်တယ်.. မင်းကိုယ်တိုင်လုပ်ဆောင်သင့်ရင် လုပ်ဆောင်ပါ… ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူတို့နှစ်ယောက် ဒီကို ပြန်ရောက်လာတာကို ငါမြင်ချင်တယ်…..


သခင်ကြီး အဲဒီဆိုင်ကို ရှေးဦးသားရိုင်းကောင်ကြီးက စောင့်ရှောက်နေတယ်… ပြီးတော့ သူတော်စင်အဆင်တစ်ယောက်နဲ့ တိုက်ခိုက်နိုင်တဲ့ သံစက်ရုပ်တစ်ရုပ်လည်း ရှိနေသေးတယ်… ထိုသူ၏ အမူအယာက ရုတ်တရက် တုန်လှုပ်ခြောက်ခြားသွားပြီး ပြောဆိုလိုက်သည်။


ရှေးဦးသားရဲ… မင်းက အဲဒီကောလဟာလတွေကို ယုံနေတာလား… ရှေးဦးသားရဲတစ်ကောင်က ခွေးတစ်ကောင်လို… ဆိုင်တစ်ဆိုင်ကို စောင့်နေမယ်လို့ ထင်နေတာလား….


ဂိုဏ်းကြီးဆယ်ဂိုဏ်းလုံးမှာ အစွမ်းအထက်ဆုံး ဂိုဏ်းဖြစ်တဲ့ အာကာသအာနန်ဂိုဏ်းတောင် အဲလိုအစွမ်းအစနဲ့ ဆိုင်တစ်ခု မပိုင်ဆိုင်ထားဘူး…


ကျောက်မူရှန်က ဆိုင်ငယ်လေးတစ်ခုကို ရှေးဦးသားရဲတစ်ကောင်က စောင့်ကြပ်နေခြင်းကို မယုံကြည်နိုင်ပေ။ ရှောင်မန်နှင့် မိန်းမစိုးလျန်တို့ ရှုံးနိမ့်ခဲ့ရသည်မှာ ထိုခွေး၏ လှည့်ဖျားမှုကြောင့်သာ ဖြစ်နိုင်ပေသည်။ ရှေးဦးသားရဲကောင်မဟုတ်ဟု အခိုင်အမာ ပြောရဲခြင်းမှာ သူက ရှေးဦးသားရဲကောင်တစ်ကောင်နှင့် ကြုံဖူးသောကြောင့် ဖြစ်သည်။ ရှေးဦးသားရဲကောင်က အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ဆိုင်ငယ်လေးတစ်ဆိုင်၏ အစောင့်အဖြစ် စည်းရုံးသိမ်းသွင်း၍ ရနိုင်မည်မဟုတ်ချေ။


ကျောက်မူရှန်၏ စကားကြောင့် သူ့ရှေ့မှ လူက စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး သူ့သခင်၏ စကားသာ အမှန်ဖြစ်သည်ဟု တွေးတောလိုက်ကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်လေသည်။


အံ့သြစရာကောင်းတဲ့ခွေးတစ်ကောင် ဒီကမ္ဘာကြီးပေါ်မှာတစ်ကယ်ပဲရှိနေတာလား… ခွေးက လူစကားပြောနိုင်တာလား… ဘုရင်အဆင့်များက ဘလက်ကီ၏ စကားသံကို ကြားလိုက်ရသောကြောင့် ကြောင်အသွားကြသည်။


ကလေးမလေးကို လွှတ်လိုက်စမ်းလို့ ဒီခွေးကပြောလိုက်တာလား… ယန်ချန်က ကြောင်အနေပြီး စိတ်ထဲတွင် တွေးတောနေမိသည်။


ဟားဟားဟား… ဒီခွေးရိုင်းက ဒုက္ခရောက်နေတဲ့ မင်းသမီးလေးကိ ကယ်ဖို့ ပြင်ဆင်နေတာလား… ဘုရင်အဆင့်များက လှောင်ပြောင်ပြောဆိုလိုက်ကြသည်။


ထိုသူများ၏ ရယ်သံကို ကြားလိုက်ရသောအခါ ဆိုင်ပေါက်၀တွင် မတ်တပ်ရပ်နေသည့်ပုဖန်၏ မျက်လုံးများထဲတွင် သနားသည့် အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။ ဘလက်ကီ၏ ရှေ့တွင် မောက်မာထောင်လွှားခဲ့သည့် ဘုရင်အဆင့်များက သေဆုံးသွားကြပြီဖြစ်သည်။ ပုဖန်က ထိုအကြောင်းကို တွေးမိသွားပြီး လှမ်းအော်လိုက်သည်။


ခွေးငပျင်း သူတို့ကို သက်တောင့်သက်သာနဲ့ ပေးသေလိုက်.. လမ်းခင်းကျောက်တွေကို မပျက်စီးစေနဲ့ ခဏခဏပြန်ပြင်ရတာ မလွယ်ဘူး…


ဘလက်ကီက ပုဖန်၏ စကားကို ကြားလိုက်သောကြောင့် မျက်ခုံးပင့်လိုက်ပြီး နှာတစ်ချက်မှုတ်လိုက်သည်။ ကွမ်းရှောင်ယီကို ဖမ်းထားသည့် သူက တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး ခေါင်းထဲတွင် အချက်ပေးသံများ ဆူညံလာလေသည်။


လမ်းကြားလေးထဲက စားသောက်ဆိုင်တစ်ဆိုင်… စကားပြောတတ်တဲ့ ခွေးတစ်ကောင်… အဲဒါတွေက ဘာလို့ အရမ်းရင်းနှီးနေသလို ခံစားနေရတာလဲ…


ငါတို့က ဘာလို့ ဒီခွေးနဲ့ အချိန်ဖြုန်းနေရမှာလဲ… ကြည့်လိုက်စမ်း… ဒီခွေးက ဆူဖြိုးနေတာပဲ … သူ့ရဲ့ အသားကိုသာ ချက်စားလိုက်ရရင် အရမ်းကို အရသာရှိမှာပဲ… အခြားသူများက အခြေအနေကို အလေးအနက်မထားပဲ လှောင်ပြောင်နေကြသည်။ တစ်ယောက်က အင်္ကျီလက်များကို ပင့်မလိုက်ပြီး ဘလက်ကီထံ လျောက်သွားလိုက်လေသည်။. သူ၏ အမူအယာက ခွေးကို ဖမ်းရန် ကြိုးစားနေပုံရသည်။


ဘလက်ကီက ထိုလူကို ကြောက်ရွံ့နေဟန် မျက်လုံးများနှင့် စိုက်ကြည့်လိုက်ကာ သူ၏ လက်သည်းများကို တုန်ယင်စွာနှင့် ဆန့်ထုတ်ထားလိုက်သည်။


ဟီးဟီး… မင်းက အခုတော့ အခြေအနေကို သဘောပေါက်သွားပြီပေါ့… ဆိုးတာက အရမ်းနောက်ကျသွားတာပဲ အခုတော့ မင်းရဲ့ ချစ်ဖို့ကောင်းတဲ့ အမူအယာလေးတွေက မင်းကို မကယ်နိုင်တော့ဘူး… ထိုသူက သဘောကျစွာ ပြောဆိုလိုက်ပြီး ရယ်မောနေလေသည်။


သို့သော် တခဏအတွင်းတွင် ဘလက်ကီ၏ လက်သည်းများက လှုပ်ရှားသွားပြီး ထိုသူ၏ ခန္ဒာကိုယ်က တောင့်တင်းသွားကာ ရယ်သံက ပျောက်ကွယ်သွားလေသည်။


ဟမ်… ဘာတွေဖြစ်သွားတာလဲ… ရှောင်ယီ့ကို ဖမ်းချုပ်ထားသူက အံ့အားသင့်သွားပြီး မျက်မှောင်ကြုံ့၍ ပြောဆိုလိုက်သည်။


ထို့နောက် ရုတ်တရက်ပင် ကြောက်မက်ဖွယ်ကောင်းသော လေများတိုက်ခတ်လာပြီး အရိပ်တစ်ခုက လွှင့်စင်သွားသောကြောင့် သူ၏ ဆံပင်များပင် လေထဲသို့ တစ်ဖျပ်ဖျပ် လွင့်သွားလေသည်။ ထိုအရိပ်က မရေမတွကိနိုင်သော အိမ်များကို ဖြတ်သန်းသွားပြီး အင်ပါယာမြို့တော်တစ်၀က်မျှထိ လွင့်သွားလေသည်။ နောက်ဆုံးတွင် အသားပုံတစ်ပုံအဖြစ် မြေပြင်ပေါ်သို့ ကျလာလေသည်။


ဒီနည်းလမ်းနဲ့ဆိုရင် လမ်းပျက်မှာကို ပူစရာမလိုတော့ဘူး… ဘလက်ကီ၏ မျက်လုံးများက ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်လာပြီး ပြောဆိုလိုက်လေသည်။


ဘုရင်အဆင့်က သူ၏ရှေ့တွင် အားနည်းလှပေသည်။ ရှောင်ယီကို ဖမ်းထားသူက မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို သတိပြုမိသွားပြီး တုန်လှုပ်သွားလေသည်။ အဆင့်မြင့်သားရဲကောင် စောင့်ကြပ်နေသည့် လမ်းကြားလေးထဲမှ နံမည်ပျက်ဆိုင်အကြောင်း ကြားဖူးထားသော်လည်း ကောလဟာလဟုသာ ထင်ခဲ့မိလေသည်။ သို့သော သူ၏ ရဲဖော်ရဲဖက်မှာ ခွေးတစ်ကောင်မှ အသားစများ ဖြစ်သည်အထိ ရိုက်နှက်ခြင်းကို ခံလိုက်ရသည် ။ တုံးအနေလျင်ပင် ထိုခွေးက ရှေးဦးသားရဲ တစ်ကောင်ဖြစ်မှန်း သိနိုင်ပေသည်။


ဘုရင်အဆင့်များအားလုံးက စိတ်ထဲတွင် တုန်လှုပ်နေကြပြီဖြစ်သည်။ ထိုကလေးနှစ်ယောက်က ဤဆိုင်သို့ ပြေးလွှားလာမည်ဟု သူတို့က တွေးထင်ထားခြင်းမရှိပေ။ ထိုအချိန်တွင် ရှောင်ယီကို ဖမ်းချုပ်ထားသူက သူ့ မျက်နှာကိ်ု ကန်ကျောက်၍ ခုန်ချလွတ်မြောက်သွားသော ရှောင်ယီကို တွေ့လိုက်ရလေသည်။


ငါ…


သူက စကားပြောမည် ပြင်လိုက်ချိန်တွင် ဘလက်ကီ၏ လက်တစ်ဖက်က သူ့ဗိုက်ပေါ်တွင် ရောက်နေသည်ကို ထိတ်လန့်စွာ တွေ့မြင်လိုက်ရလေတော့သည်။