အပိုင်း ၁၀၀
Viewers 52k

အခန်း ၁၀၀ ကောင်စုတ်လေး


လမ်းကြားလေး၏ အ၀သို့ ရောက်ရှိလာသည်နှင့် ပြင်းထန်သော လေပြင်းတစ်ခု တိုက်ခတ်လာသည်ကို စုန့်ထောင် ခံစားလိုက်ရပြီး ထိုလေပြင်းအတွင်းတွင် ပုံရိပ်တစ်ခုကို လွင့်စင်လာသည်ကို တွေ့လိုက်ရလေသည်။


ဘာတွေဖြစ်နေတာလဲ…. သူက အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။ ထိုအချိန်တွင် အသံတစ်ခုထွက်ပေါ်လာပြီး ဖုန်တစ်ထောင်းထောင်းထလာသည်ကို တွေ့လိုက်ရသည်။


အိုး….မဆိုးဘူး…. ဒီနည်းလမ်းက တော်တော်အဆင်ပြေတယ်…. ပုဖန်က ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ ထိုသ်ို့ တိုက်ခိုက်ပါက လမ်းကြားလေး၏ အသစ်ခင်းထားသော အုတ်များက ဘလက်ကီကြောင့် ကျိုးပဲ့နိုင်ခြင်းမရှိတော့ပေ။


စုန့်ထောင်က တုန်လှုပ်ခြောက်ခြားနေစဉ်တွင် ထွက်ပြေးရန် ကြိုးစားနေသော ဘုရင်အဆင့်နှစ်ယောက်က လှမ်းအော်လိုက်သည်။


ခေါင်းဆောင် ပြေး… မြန်မြန်ပြေး… ဒီခွေးက အရမ်းကြောက်ဖိ်ု့ကောင်းတယ်….


ထိုအချိန်တွင် စုန့်ထောင်၏ နှလုံးသားနစ်ခုလုံး အေးစက်သွားပြီး မစ်ရှင်ကျရှုံးသွားသည်ကို သိလိုက်ရသည်။ ဘုရင်အဆင့် လေးယောက်က ရှောင်ယီနှင့် ယန်ချန်တို့ကို ပြန်လည်ခေါ်ဆောင်နိုင်ခြင်းမရှိပေ။ သို့သော် စုန့်ထောင်က လက်လျော့လိုက်ရန် ဆန္ဒမရှိသောကြောင့် ခွေးနက်ကြီးထံ ဦးတည်၍ လျောက်သွားလိုက်သည်။


ဘလက်ကီက စုန့်ထောင်ကို တစ်ချက်မျှ ကြည့်လိုက်ပြီး အဖက်မတန်ဟန်နှင့် ဆိုင်ရှေ့သို့ ပြန်လာ၍ အိပ်နေလိုက်သည်။ ကွမ်းရှောင်ယီက စုန့်ထောင်ကို ရှိသည်ဟုပင် မသတ်မှတ်ပဲ ယန်ချန်ကို ဆွဲခေါ်လိုက်ကာ ဆိုင်အတွင်း၀င်ရောက်သွားလေသည်။ လေပြင်းငြိမ်သက်သွားပြီးနောက် လမ်းကြားထဲတွင် ပြန်လည်ငြိမ်သက်သွားလေသည်။


ကောင်စုတ်လေး… ဒါက ငါပြောတဲ့ စိတ်ပုပ်သူဌေးရဲ့ ဆိုင်ပဲ… ဒီဆိုင်က ဟင်းတွေကို ဆိုင်ရှင်ကိုယ်တိုင်ချက်ထားပြီးတော့ အရသာက အရမ်းကိုကောင်းမွန်တယ်… ရှောင်ယီက ဆိုင်အတွင်းသို့ ရောက်ရှိသည်နှင့် ယန်ချန့်ကို ပြောဆိုလိုက်သည်။


ယန်ချန်က ဆိုင်အခင်းအကျင်းကို အကဲခတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအယာများ ပေါ်ထွက်လာလေသည်။ ထို့နောက် လက်ကို ပိုက်၍ လူကြီးလူကောင်းတစ်ယောက်၏ ဟန်ပန်နှင့် ပြောဆိုလိုက်သည်။


နင်ပြောနေတာ ဒီဆိုင်ကျဉ်းကျဉ်းလေးလား… သုံးထားတဲ့ ပရိဘောဂတွေကလဲ သာမာန်ပဲ … နင် ငါ့ကိုလိမ်နေတာလား…


ယန်ချန်က သူမ၏ စကားကို မယုံသောကြောင့် ရှောင်ယီက ဒေါသထွက်သွားလေသည်။


ငါက ဘာကြောင့်နင့်ကိုလိမ်ရမှာလဲ… တစ်ကယ်လို့ ငါက လိမ်ပြောခဲ့တာဆိုရင် စိတ်ပုပ်သူဌေးက နင့်ကိုတောင်းပန်လိမ့်မယ်… ဟုတ်ပြီလား… ကွမ်းရှောင်ယီက မျက်လုံးပြူး၍ ပြောဆိုလိုက်သည်။


ဘာလို့ငါက တောင်းပန်ရမှာလဲ… သူလိမ်တာကိုငါက တောင်းပန်ရမှာလား… ဘယ်လိုတောင် တရားကျတဲ့ နည်းလမ်းလဲ… အနီးတွင် ရပ်နေသည့် ပုဖန်က ကြောင်အသွားပြီ သူ၏ မျက်နှာကို လက်ဝါးနှင့် သပ်၍ တွေးလိုက်မိသည်။


ဟမ့် … အထူအပါးနားမလည်တဲ့ကောင်… နင်ပြောလိုက်တဲ့ စကားတွေက ဘယ်လောက်မိုက်မဲလဲဆိုတာကို မကြာခင်မှာ သိသွားလိမ့်မယ်… ရှောင်ယီက မကျေမနပ်နှင့် ထပ်ပြောလိုက်ပြီး ပုဖန်ဘက်သို့ လှည့်၍ ပြောဆိုလိုက်သည်။


စိတ်ပုပ်သူဌေး… ငါ့က်ို၀က်နံရိုးချိုချဉ်ကြော်တစ်ပွဲပေးပါ… ငါက ဒီတောသားလေးကို မျက်စိဖွင့်ပေးလိုက်ရအောင်…


ယန်ချန်က ပြန်မပြောတော့ပဲ တစ်ချက်မဲ့လိုက်သည်။ ထို့နောက် နံရံမှ မီနူးကို တွေ့လိုက်လေရာ မျက်လုံးများပင် လင်ကွင်းကဲ့သို့ ပြူးကျယ်သွားလေသည်။


ဒီ… ဒီစျေးနှုန်းတွေက တစ်ကယ်လား… သလင်းကျောက်တွေနဲ့ ဟင်းပွဲတွေကိုရောင်းတာလား… မင်းရဲ့ဟင်းပွဲတွေက ၉၆ပါး ရောဂါကို ပျောက်ကင်းနိုင်လို့လား… ယန်ချန်က ပုဖန်ဘက်သို့ လှည့်၍ ပြောဆိုလိုက်သည်။


ပုဖန်က ကြုံနေကျဖြစ်သောကြောင့် စိတ်အနှောက်အယှက်မဖြစ်ပဲ ပြန်ရှင်းပြလိုက်သည်။ ယန်ချန်က သူ၏ ဟင်းပွဲများကို မြည်းစမ်းလိုလျင်ပင် ဟင်းပွဲများ၏ စျေးနှုန်းကို လက်ခံနိုင်ရန် လိုအပ်ပေသည်။ ကိုယ်တိုင် ဟင်းပွဲမှာမှသာ မြည်းစမ်းနိုင်ပေသည်။ ဆိုင်ထဲသို့ လိုက်၀င်လာသည့် စုန့်ထောင်က မတ်တပ်ရပ်နေသော ယန်ချန့်ကို တွေ့လိုက်ရသောကြောင့် မျက်လုံးများ တောက်ပသွားလေသည်။


ယန်မိသားစုရဲ့ အမွေဆက်ခံသူကို ပြန်ခေါ်သွားနိုင်မှဖြစ်မယ်…


မင်းဘာမှာချင်လဲ…. မင်းဟာမင်း မီနူးကို ကြည့်လိုက်…


စုန့်ထောင်က တွေးတောနေစဉ်တွင် အေးစက်စက် အသံတစ်ခုက အနီးမှ ထွက်ပေါ်လာလေသည်။ ပုဖန်က မျက်နှာသေဖြင့် စိုက်ကြည့်လိုက်ပြီး မီနူးကို ညွှန်ပြလိုက်လေသည်။ စုန့်ထောင်ကမီနူးကို လှမ်းကြည့်လိုက်ရာ ရေမွန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။


သေစမ်း… ဒါကနေ့ခင်းကြောင်တောင် ဓါးမြတိုက်နေတာပဲ… နံမည်ပျက်ဆိုင်ဆိုတဲ့အတိုင်းပဲ သူ့ရဲ့ ဂုဏ်သတင်းနဲ့ တစ်ကယ်ကို လိုက်ဖက်တယ်… စုန့်ထောင်က တွေးလိုက်မိသည်။


သို့သော် သူက ဆိုင်အတွင်းမှ ပြန်ထွက်မသွားလိုသေးပေ။ ကွမ်းမိသားစု၏ မင်းသမီးလေးနှင့် ယန်မိသားစု၏ အမွေဆက်ခံသူက ဆိုင်တွင် ရှိနေသေးပေသည်။ ထိုအခြေအနေတွင် ထွက်ခွာသွားရန် ဆုံးဖြတ်နိုင်ခြင်း မရှိပေ။


ဆိုင်ရှင် … ငါ့ကို ဥထမင်းကြော်တစ်ပွဲပေး… စုန့်ထောင်က နှမျောတသစိတ်ကို ထိန်ချုပ်လိုက်ပြီး သလင်းကျောက်တစ်တုံးတန် ဥထမင်းကြော်ကို မှာလိုက်လေသည်။ သလင်းကျောက်များက ရှာဖွေရန် မလွယ်ကူသောကြောင့် သူ၏ နှလုံးသားထဲတွင် သွေးစိမ်းရှင်ရှင်ထွက်နေလေသည်။


စိတ်ပုပ်သူဌေး …ငါ့ရဲ့ သလင်းကျောက်တုံးငါးဆယ်ကျတဲ့ ၀က်နံရိုးချိုချဉ်ကြော်ကို မြန်မြန်ချက်ပေးပါ… ရှောင်ယီက စုန့်ထောင်ကို ကြည့်၍ နှာခေါင်းရှုံ့လိုက်ပြီး ပုဖန်ဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။ ကွမ်းမိသားစု၏ မင်းသမီးတစ်ယောက်ဖြစ်သောကြောင့် ရှောင်ယီ့ထံတွင် သလင်းကျောက်များ ရှားပါးနေခြင်း မရှိပေ။


မင်းကရော.. ဘာမှာ မှာလဲ…. ပုဖန်က ယန်ချန်ကို ကြည့်၍ မေးလိုက်သည်။


အင်း… သူတို့တွေက မှာပြီးပြီဆိုတော့.. ငါ့ကို အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ပေး…. ယန်ချန်က ခေါင်းကို မော့၍ ဆောင့်ကြွားကြွားဟန်ပန်နှင့် ပြောဆိုလိုက်သည်။


ကလေးတွေကို ဝိုင်မရောင်းဘူး… ပုဖန်က ယန်ချန့်ကို သေချာစွာ စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


ယန်ချန်၏ ခန္ဒာကိုယ်က တောင့်တင်းသွားပြီး ပုဖန်ကို မျက်လုံးပြူး၍ ကြည့်လိုက်လေသည်။ မျက်နှာသေနှင့် စိုက်ကြည့်နေသေ ပုဖန်ကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားပြီး ပြောဆိုလိုက်သည်။


အဟမ်း… အဟမ်း… ထားလိုက်တော့… အဲဒါဆိုလဲ ငါ့ကို အနီရောင်အသားနှပ်တစ်ပွဲပဲ ပေးလိုက်တော့…


ကောင်းပြီ… ခဏစောင့်ကြ…


ပုဖန်က ပြောဆိုလိုက်ပြီး မီးဖိုခန်းအတွင်း၀င်ရောက်သွားလေတော့သည်။ စုန့်ထောင်က စားပွဲတစ်ခုတွင် ၀င်ထိုင်လိုက်ပြီး ပတ်၀န်းကျင်ကို သတိထား၍ အကဲခတ်လိုက်ရာ မီးဖိုခန်းထောင့်တွင် ရပ်နေသော စက်ရုပ်တစ်ရုပ်ကို တွေ့လိုက်ရသည်။


ဒါက သူတော်စင်အဆင့်တွေနဲ့တောင် ယှဉ်ပြိုင်နိုင်တဲ့ နံမည်ပျက်ဆိုင်ရဲ့ ရုပ်သေးရုပ်လား…


ထိုအချိန်တွင် ဝှိုက်တီ၏ ခေါင်းက လည်လာပြီး သူနှင့် အကြည့်ခြင်းဆုံမိသွားသောကြောင့် စုန့်ထောင်က ကြောက်လန့်စွာနှင့် မျက်နှာလွဲလိုက်လေသည်။


ဟမ့်… ဒီဆိုင်ရဲ့ အစားအသောက်တွေက ဆိုးဝါးနေမယ်ဆိုရင် ဒီဆိုင်ကို ဖြိုချပစ်မယ်…. မကောင်းတဲ့အစားအစာတွေကို ဘာကြောင့်များ စျေးတင်ရောင်းရဲတာလဲ… ပြီးတော့ ဒီဆိုင်ရဲ့အကြောင်းကို အင်ပါယာမြို့တော်ထဲမှာ လိုက်ပြောပစ်မယ်… ယန်ချန်က မကျေမနပ်နှင့် တစ်တွတ်တွတ်ပြောဆိုနေလေသည်။


ကွမ်းရှောင်ယီက ပြန်ပြောရမည်ကို ပျင်းရိနေသောကြောင့် မျက်လုံးကို မှိတ်ထားလိုက်လေသည်။ ယခုအချိန်တွင် သူမက စိတ်ပုပ်သူဌေး၏ ဟင်းပွဲများကို စားသောက်ရန်သာ စိတ်အားထက်သန်နေပေသည်။ တစ်နေ့လုံး မစားရသေးသောကြောင့် သူမက အလွန်ဆာလောင်နေပြီဖြစ်သည်။ ယန်ချန်က တစ်တွတ်တွတ်နှင့် ဆက်လက်ပြောဆိုနေလေသည်။ ထိုအချိန်တွင် မွှေးပျံ့သော ရနံ့များက မီးဖိုခန်းဘက်မှ ထွက်ပေါ်လာလေတော့သည်။


မွှေးပျံ့သော ရနံ့များက သူတို့၏ မျက်နှာအနီးတွင် လွင့်ပျံနေပြီး ပွတ်သပ်ကြည်စယ်နေလေသည်။ ကွမ်းရှောင်ယီက ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ နှာခေါင်းကိုရှုံ့ပွရှုံ့ပွလုပ်၍ ရှူသွင်းလိုက်လေသည်။ ထိုရနံ့ကို အလွန်အမင်း လွမ်းဆွတ်နေဟန်နှင့် သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေလေသည်။ အချိန်အနည်းငယ်ကြာသော်အခါ ပုဖန်က ၀က်နံရိုးချိုချဉ်ကြော်ကို သယ်ဆောင်လာပြီး မီးဖိုခန်းအတွင်းမှ ထွက်လာသည်ကို တွေ့လိုက်ရလေသည်။ ထိုပန်းကန်မှ အပူငွေ့များထွက်ပေါ်နေသည်ကို တွေ့မြင်နေရပေသည်။


ကွမ်းရှောင်ယီက စားချင်စိတ်ပြင်းပြနေသော သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ပုဖန်ကို စိုက်ကြည့်နေလေသည်။


ဒီမှာ မင်းရဲ့ ၀က်နံရိုးချိုချဉ်ကြော်… ဖြေးဖြေးစား… ပုဖန်က ကွမ်းရှောင်ယီ၏ ခေါင်းကို ပွတ်ပေးလိုက်ပြီး အသာအယာ ပြောဆိုလိုက်သည်။ ထို့နောက် နောက်ထပ်ဟင်းပွဲများကို ချက်ပြုတ်ရန် မီးဖိုခန်းအတွင်းသို့ ပြန်၀င်သွားလေသည်။


စောဒကတက်နေသော ယန်ချန်က မွှေးရနံ့၏ ဆွဲဆောင်မှုတွင် ကျရှုံးသွားပြီး ၀က်နံရိုးချိုချဉ်ကြော်ကို စိုက်ကြည့်နေလေသည်။ စုန့်ထောင်ပင် ၀က်နံရိုးချိုချဉ်ကြော်၏ ဆွဲဆောင်မှိုကို ခံလိုက်ရလေသည်။ သို့သော် သူက ဆိုင်အတွင်းမှ ကလေးနှစ်ယောက်ကို ဖမ်းဆီးရန်သာ အာရုံစိုက်ထားလိုက်လေသည်။