အပိုင်း ၁၁၀
Viewers 53k

အခန်း ၁၁၀ ငါ့ရဲ့ ဖီးနစ်သွေးဆေးပင်ကို ဘယ်လိုတောင်လုရဲတာလဲ


ခုနှစ်စင်ကြယ် အသားလွှာထွင်းထုခြင်းနည်းလမ်းကို အသုံးပြုနေစဉ်တွင် အစစ်မှန်စွမ်းအင်ကို အသုံးပြုရန်လိုအပ်ပေသည်။ စွမ်းအင်တည်ငြိမ်ခြင်းနှင့် လုံလောက်ခြင်းမရှိပါက အသားကို ထွင်းထုနေစဉ်အချိန်တွင် အမှားအယွင်းဖြစ်ပေါ်လာနိုင်ပြီး ပါဝင်ပစ္စည်းကို ပျက်စီးသွားစေနိုင်သည်။ ထို့ကြောင့် ခုနှစ်စင်ကြယ် အသားလွှာထွင်းထုခြင်းနည်းလမ်းက စားဖိုမှူးတစ်ယောက်ရဲ့ စွမ်းအင်ကို စမ်းသပ်စစ်ဆေးခြင်းနှင့်ပင်တူသည်။


ကြယ်ပျံ ဖြတ်တောက်ခြင်းနည်းစနစ်ကို လေ့ကျင့်စဉ်ကကဲ့သို့ မီးဖိုချောင်သုံး ဓားများကို စနစ်က ပြင်ဆင်ပေးထားသော်လည်း ဓားများက ပို၍ပေါ့ပါးပေသည်။ ဖြတ်တောက်ခြင်းအတွက် ပြင်ဆင်ပေးထားသည့် ဓားများက အထူးသတ္တုကို သွန်း၍ပြုလုပ်ထားခြင်း ဖြစ်သောကြောင့် ဓားကို မကိုင်ရန်ပင် အားအလွန်စိုက်ရလေသည်။


သို့သော် ပုဖန်က မီးဖိုချောင်သုံး ဓားများကို ကြည့်၍ စိတ်မပျော်မရွှင် ဖြစ်သွားပြီးတွေးလိုက်မိသည်။


အသားလွှာထွင်းထုခြင်း နည်စနစ်ကို လေ့ကျင့်တဲ့အချိန်မှာ အသားလွှာဓား သေးသေးလေးတွေ သုံးရမှာမဟုတ်ဘူးလား... ဒီသားသတ် ဓားတွေကိုသုံးခိုင်းတာ ဘာသဘောလဲ ..... 


မီးဖိုချောင်သုံး ဓားများက သိပ်မဆိုးလှသော်လည်း အတန်ငယ် ကြီးမားနေသော ဓားများကြောင့် အမြင်နှင့်ပင် ပုဖန်က စိတ်ဓာတ်ကျနေလေသည်။ ထို့နောက် နှုတ်ခမ်းများကုိ တင်းတင်းစေ့လိုက်ပြီး ဗီဒိုရှိရာစီသို့ လျှောက်သွားကာ စနစ်ပြင်ဆင်ပေးထားသည့် တို့ဟူးတုံးကို ထုတ်ယူလိုက်သည်။


ထိုတို့ဟူးတုံးက ဖြတ်တောက်ခြင်းနည်းပညာအတွက် အသုံးပြုရန်မဟုတ်ပဲ အသားလွှာထွင်းထုခြင်းအတွက် အသုံးပြုရန်ဖြစ်သည်။ တို့ဟူးက အလွန်အမင်း ဖြူဖွေးနေပြီး နွေးထွေးသည့် စွမ်းအင် စီးကြောင်းလေးများ ဖြာထွက်နေပေသည်။ မွှေးရနံ့ကလည်း လေထုထဲတွင် ပျံ့လွှင့်နေလေသည်။ အရည်သွေး ကောင်းသည့် တို့ဟူးဖြစ်ကြောင်း မေးစရာမလိုပေ။ တို့ဟူးက ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်က ပြင်ပေးထားတဲ့ တို့ဟူးထက် သာလွန်ကောင်းမွန်ပေသည်။


ပုဖန်င ပြန့်ကျယ်သည့် ဓားကို တင်းတင်းဆုတ်ကိုင်လိုက်ပြီး တို့ဟူးကို ကြည့်၍ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ဘယ်လိုပြုလုပ်ရမည် သူလုံးဝမသိပေ။ ထို့နောက် အစစ်အမှန် စွမ်းအားများက်ို ထုတ်ဖော်လိုက်ပြီး ဓားကိုလှည့်၍ ကစားလိုက်သည်နှင့် တို့ဟူးက အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး ဘေးဖက်သို့ လွှင့်စင်သွားလေသည်။ သူ၏ပထမဦးဆုံး ကြိုးစားမှုက ကျရှူံးသွားပေပြီ။ 


သို့သော် ပုဖန်က စိတ်ဓာတ်ကျခြင်း မရှိပေ။ဓားပြားကြီးကြီးကို ကိုင်ထားသည်မှာ ဓာပြတိုက်သည်နှင့်ပင် တူညီနေသောကြောင် သူ၏ကြိုးပမ်းမှု အောင်မြင်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ ပုဖန်က ဗီဒိုထဲမှ တို့ဟူးနောက်တစ်ခုကို ထုတ်ယူလိုက်ပြီး ထပ်မံလေ့ကျင့်လိုက်သည်။ဆိုင်ဖွင့်ရန် အချိန်နီးကပ်လာသည်နှင့်အမျှ စားပွဲပေါ်က တို့ဟူးလွှာကလည်း ထုထည်ကြီးမားလာသည်။ ဒါကို ကြည့်ခြင်အားဖြင့် သူရှုံးနိမ့်ခဲ့ရသည့် အကြိမ်အရေအတွက်ကို ခန့်မှန်းနိုင်ပေသည်။


သို့သော်လည်း သူအကြိမ်များစွား ရှူံးနိမ့်ပြီးသည့်နောက် အမှားထဲမှ ချို့ယွင်းချက်တွေကို သိမြင်လာနိုင်ပြီး အမှန်ကို အကျိုးရှိစွာ သင်ယူလာနိုင်ခဲ့သည်။ သူ၏ အစစ်အမှန်စွမ်းအင်များက မီးဖိုချောင်သုံးဓားကို အဆက်မပြတ်စီးဝင်နေပြီး လှုပ်ရှားမှုတွေက အဆင်မပြေသေးသော်လည်း အချိုးကျ ပြေပြစ်လာခဲ့သည်။


ပုဖန်က သူ့၏ဓားဖြင့် လှည့်ကွက် တစ်ချို့ပြုလုပ်လိုက်ပြီးနောက် ဓားကိုဖြေးဖြေးချင်း ပြန်လည်ဆွဲထုတ်၍ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ သူ၏ပထမဦးဆုံး အလုပ်ကပြီးဆုံးသွားလေပြီ။ သူ၏ရှေ့မှ လက်ဝါးအရွယ် တို့ဟူးလွှာများက တဖြေးဖြေးချင်း ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။ ကျဆင်းလာပုံမှာ မိန်းမလှလေးတစ်ဦးက ကမ္ဘာမြေကြီးကို သူရဲ့အလှတရား နစ်ပြဖို့အတွက် အဝတ်များကို တဖြေးဖြေးချင်း ချွတ်နေပုံနဲ့ တူနေပေသည်။


တို့ဟူးက အဖြူရောင်ကြာပန်းပွင့် ပုံသဏ္ဍန်ပုံပေါ်လာပြီး ပွင့်ဖတ်လွှာတစ်ခုချင်းစီက စိုစွတ်နေကာ လေတိုက်လိုက်သည်နှင့် ပဲ့ကြွေသွားတော့မယောင် ထင်နေရသည်။ ထို့အပြင် အစစ်မှန်စွမ်းအားနှင့် အားဖြည့် ပြုလုပ်ထားသောကြောင့် တကယ်အစစ်မှန် ပန်းပွင့်တစ်ပွင့်လိုမျိုး တောက်ပြောင် လှပနေလေသည်။


" ငါပိုကြိုးစားဖို့ လိုအပ်သေးတယ် "


ပုဖန်က တီးတိုးရေရွတ်လိုက်သည်။ထို့နောက် မီးဖိုခန်းကို သန့်ရှင်းရေးလုပ်လိုက်ပြီးနောက် ဘလက်ကီ အတွက် ဝက်နံရိုး ချိုချဉ်ကြော်ကို ပြင်ဆင်လိုက်သည်။ 


အင်ပါယာမြို့တော်အတွင်းတွင် သုံးရက်ဆက်တိုက် လှုပ်လှုပ်ရှားရှားဖြစ်နေပြီး တရားရုံးတော်တွင်း အခြေအနေတွေကလည်း ပြောင်းလဲနေသည်။ ဧကရာဇ် ချမ်းဖန် သေဆုံးသည့် သတင်းကို အားလုံးသိသွားကြပြီးသည့်နောက် နွေဦး ပွဲတော်မတိုင်မီ ၃ရက်အလိုတွင် အသုဘ အခမ်အနား ပြုလုပ်ရန် သတ်မှတ်လိုက်ကြသည်။


ဧကရာဇ် တစ်ပါး၏ အသုဘအခမ်းအနားဖြစ်သောကြောင့် အံ့သြောဖွယ်ကောင်းလောက်အောင် လူစည်ကားပေလိမ့်မည်။ အိမ်ရှေ့စံမင်းသားနှင့် ဘုရင်ခံယုတို့က ပလ္လင်အတွက်တိုက်ခိုက်နေဆဲ ဖြစ်သော်လည်း အသုဘအခမ်းအနားကို နှောင့်ယှက်ရန် မဝံ့ရဲကြချေ။ ဧကရာဇ်ကို လေးစားရုံ သက်သက်မဟုတ်ပဲ သားသမီးတို့၏ ဝတ္တရားကြောင့်လည်း ဖြစ်ပေသည်။


အင်ပါယာမြို့တော်ရဲ့အပြင်ဘက်တွင် တိုက်ခိုက်နေသည့် ဂျိချန်းရွဲ့၏ စစ်ကြောင်းကလည်း မြို့တော်သို့ ပြန်လာနေပြီဖြစ်သည်။ ဧကရာဇ် နတ်ရွာစံသည့် သတင်းကိုကြားပြီးနောက် အင်ပါယာမြို့တော်အတွင်း မုန်းတိုင်း တိုက်ခိုက်နေသည့် အခြေအနေကို သိသော်လည်း ပြန်လာဖို့သာ ရွေးချယ်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်က အသုဘအခမ်းအနား တက်ရောက်ရန်သာ မဟုတ်ပေ။


တောင်တန်းလမ်းပေါ်တွင် တပ်သားတစ်စုက ကြမ်းတမ်းသော မြေအနေထားအလျောက် တဖြေးဖြေးချင်း ချီတက်လာနေကြသည်။ ထိုတပ်စု၏ အလယ်တွင် စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားသော ဂျိချန်းရွဲ့ ရှိနေပြီး သူ၏မျက်နာအမူအရာက အလွန်တည်ငြိမ်လေးနက်နေသည်။ ဂျိချန်းရွဲ့၏ ဘေးမှမြင်းပေါ်တွင် ဝါးဦးထုပ်ဆောင်းထားသော လူတစ်ယောက်ရှိနေပြီး သူနဲ့အတူ တဖြေးဖြေးချင်းရွေ့လျားနေသည်


သူတို့၂ယောက်လုံးက တိတ်ဆိတ်ငြ်ိမ်သက်နေပြီး အခြေအနေက တင်းမာနေသယောင်ရှိပေသည်။ အရှေ့မှာ အင်ပါယာမြို့တော်၏ ခံ့ညားထည်ဝါလှသော မြို့တံတိုင်းကို မြင်လိုက်ရသောအခါ ဂျိချန်းရွဲ့က အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်သည်။သူ၏မျက်ဝန်းထဲမှာလည် အဓိပ္ပါယ် ပြည့်နက်စွာ လင်းလက်နေလေသည်။


"မင်းအင်ပါယာမြို့တော်ထဲကို ဝင်ဖို့တကယ်ပဲ စီစဉ်ထားတာလား"


ဝါးဦးထုပ်ဆောင်းထားသောလူက အက်ရှရှအသံဖြင့် လှမ်မေးလိုက်သည်။


" အခု နွေဦးပွဲတော်ကို ရောက်ဖို့အတွက် ဆယ်ရက်လောက် လိုသေးတယ် ... အသုဘအခမ်းအနားကို နွေဦးပွဲတော်မတိုင်ခင် (၃)ရက်အလိုမှာ ကျင်းမယ်ဆိုတော့ ငါအခုမှ ပြန်မသွားဘူးဆိုရင် အသုဘ အခမ်းအနားအတွက် ဘာမှပြင်ဆင်နိုင်မှာ မဟုတ်တော့ဘူး... "

ဂျိချန်းရွဲ့က အေးအေးသာသာ ပြန်ပြောလိုက်သည်။


"မင်းသေသေချာချာ ပြန်စဉ်းစားသင့်တယ် ... အင်ပါယာမြို့တော်ထဲကို မင်းဝင်လိုက်ပြီဆိုတာနဲ့ အိမ်ရှေ့စံမင်းသားနဲ့ ဂျိချန်းယုတိ့ုက မင်းကိုပစ်မှတ်ထားကြတော့မှာ... အဲ့ဒီလိုဆိုရင် မင်းက အန္တရာယ်တောထဲကို နစ်မြှုပ်သွားလိမ့်မယ် " 


" ငါ့အတွက် ဘယ်တုန်းကမှ မလုံခြုံခဲ့ဘူး... သူတို့က ငါကို ဂရုမစိုက်သယောင် နေကြပေမယ့့် ......ငါကမင်းသားတစ်ယောက်ပဲလေ "


ဂျိချန်းရွဲ့က ဝါးဦးထုပ်ဆောင်းထားတဲ့လူဘက်သို့ လှည့်လိုက်ပြီး ထပ်မံပြောဆိုလိုက်သည်။


" အင်ပါယာမြို့တော်ထဲဝင်တာ ငါ့အတွက်အန္တရာယ်များပေမယ့် မင်းအခြေအနေကတော့ ငါထက်ပိုကောင်းတယ်မဟုတ်လား ရှောင်ယု "


ဝါးဦးထုပ်ဆောင်းထားတဲ့လူက ခနဲ့တက်တက် ရယ်လိုက်ပြီး.....သူတို့နှစ်ယောက် ပြိုင်တူ ရယ်မောလိုက်ကြသည်။


" အခုငါဖြစ်ချင်တာကို ပြောရမယ်ဆိုရင်တော့ ပိုင်ရှင်ပုဆိုင်က အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို တအားသောက်ချင်နေတယ် ... အဲ့ဒီဝိုင်ရဲ့ အနံ့ကိုရပြီးထဲက ငါအဲ့ဒီအနံ့ကိုပဲ လွမ်းဆွတ်နေတော့တာ... အေးခဲကျောက်စိမ်းနှလုံးသားဝိုင် တစ်ဒါဇင်လောက်အခုချက်ချင်ဲးသောက်ချင်တယ် " ရှောင်ယုက ခပ်အက်ရှရှအသံဖြင့်ပြောလိုက်သည်။


ဂျိချန်းရွဲ့က နှုတ်ခမ်းရွဲ့၍ ရှောင်ယုကို ကြည့်လိုက်ပြီး ကြန်လည်ပြောဆိုလိုက်သည်။ 


" မင်းက ဝိုင်အိုး တစ်ဒါဇင်လောက် သောက်ချင်တယ် ဟုတ်လား ... ပိုင်ရှင်ပုက တစ်နေ့မှာမှ ဝိုင်အိုး သုံးအိုးပဲ ရောင်းတာ တစ်အိုးလောက်သောက်ရရင်ကို တော်တော်ကံကောင်းနေပြီမှတ် "


ရှောင်ယုလည်း အဝေးကိုတစ်ချက်ငေးမောလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။


ဂျိချန်းရွဲ့ တို့ စစ်တပ်အင်ပါယာမြို့တော် တံခါးနားမရောက်ခင် မြို့တော်၏ စစ်ဆေးရေးဂိတ်နားတွင် လူသုံးယောက် ရပ်နေကြသည်။ သူတို့ကို မျက်နှာကာဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ဦးဆောင်ထားပြီး သူမ၏ ရှည်လျားနက်မှောင်လှတဲ့ ဆံပင်များကို ရိုးရိုကြိုးဖြင့်သာ စီးနှောင်ထားပြီး သူမခန္ဓာကိုယ်ကို ဖုံးကွယ်နိုင်သည့် ချောင်ပွပွ အဝတ်အစားတွေကို ဝတ်ဆင်ထား၏ ။အခြားပုံရိပ်နှစ်ခုက သူမရဲ့နောက်နားတွင် ငြိမ်သက်စွာရပ်နေကြသည်။ 


ပုဖန်သာ ဤနေရာတွင် ရှိသည်ဆိုပါက ထိုနှစ်ယောက်က မြေရိုင်းလွင်ပြင် ဒေသမှာ ဆုံတွေ့ခဲ့သည့် တန်းယင်နှင့် လုရှောင်းရှောင်း ဖြစ်ကြောင်းပြောနိုင်ပေလိမ့်မည်။ထိုအချိန်တွင် တန်းယင်က သူရှေ့ကအမျိုးသမီးကို ရိုသေလေးစားစွာ ကြောက်ရွံ့ စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေလေသည်။


" မာစတာ ငါတို့က တကယ်ပဲ စီနီယာကို သွားရှာကြမှာလား စီနီယာက တအားကြောက်ဖို့ကောင်းပြီး သူရဲ့စွမ်းရည်ကလည်း နားမလည်နိုင်ဘူး "တန်းယင်က အကူအညီမဲ့စွာ ပြောလိုက်သည်။ 


ထိုမျက်နှာကာဝတ်ထားသည့် အမျိုးသမီး၏ မျက်လုံးတွေက တန်းယင်ဘက်သို့ လှည့့်လာသည်။ ရုတ်တရက် တန်းယင်ပေါ်ကြီးမားတဲ့ ဖိအားတစ်ခု ကျရောက်လာပြီး ချွေးပြိုက်ပြိုက် ကျလာလေသည်။ 


ထိုအမျိုးသမီး၏ မျက်လုံးများက လွန်စွာလှပလေသည်။သူမ၏ မျက်ခုံးမွှေးများက ရှည်လျားနေပြီး မျက်ဝန်းထောင့်စွန်းလေးများက မြေခွေးမျက်လုံးကဲ့သို့ အပေါ်ဘက်သို့ အနည်းငယ်ကော့တက်နေပေသည်။ သူမ၏ အသားအရည်ကလည်း နူးညံ့ပြီး အလွန်ချောမွေ့နေသည်ကို တွေ့နိုင်ပေသည်။ သူမ၏ တစ်ကိုယ်လုံး ချုံကြည့်လိုက်မည်ဆိုရင် လှပသော ဖျက်ဆီးရေးနတ်ဘုရားတစ်ပါးနှင့့့် တူနေပေသည်။ 


" ရှောင်ယင်နင်ရဲ့ စီနီယာက ဘယ်လောက်ထိစွမ်းအားကြီးလဲတော့ ငါမသိဘူး ... ဒါပေမယ့် နင်ဒီလိုမျိုး ဆက်ပြီး ပွစိပွစိပြောနေအုန်းမယ်ဆိုရင်တော့ ငါအထူးစပါယ်ရှယ် ပြုလုပ်ထားတဲ့ ငရုပ်ရည် တစ်ပုလင်းလုံး နင်ကို ကုန်အောင်သောက်ခိုင်းမယ် "


သူမ၏ အသံက ချိုသာကြည်မျှစွာ နားထဲစီးဝင်သွားသော်လည်း သူမပြောလိုက်သည့် စကားလုံးများက တန်းယင်ကို ငိုချင်စိတ်ပေါက်သွားစေသည်။ ထိုအမျိုးသမီးက တန်းယင်၏ ဆရာဖြစ်ပြီး အာကာသအာနန်ဂိုဏ်းမှ တတိယအကြီးအကဲ နီယန် ဖြစ်သည်။ သူမက အလွန်စိတ်ဆက်သော အမျိုးသမီးလည်းဖြစ်သည်။ နီယန်က တန်းယင်ကို ဆူပူပြီးနောက် လုရှောင်းရှောင်းဘက်သို့ လှည့်လိုက်ကာ ပြောဆိုလိုက်သည်။


" ကောင်မလေး နင်ပြောတာ အဲ့ဒီလူက ဖီးနစ်သွေးဆေးပင်ကို ယူသွားတယ် ဟုတ်တယ်မှတ်လား နင်ငါ့ကိုမလိမ်ဘူးမှတ်လား "


လုရှောင်းရှောင်းက အလျင်အမြန် ခေါင်ငြိမ့်ပြလိုက်သည်။ နီယန်က သူမ၏ မျက်ဝန်းများကို မှေးကျင်း၍ နှာတစ်ချက်မှုတ်လိုက်ပြီး အင်ပါယာမြို့တော်တွင်သို့ ဝင်သွားလိုက်သည်။


" ငါ့ရဲ့ ဖီးနစ်သွေးဆေးပင်ကို ဘယ်လိုတောင် လုယူရဲတာလဲ ... မင်းက စားဖိုမှူး တစ်ယောက်လို့ ငါကြားထားမှတော့ ငါရဲ့ ဟင်းချက်စကေးနဲ့ပဲ စကားပြောကြတာပေါ့ ဟမ့်..." 


ထန်းယင်နှင့် လုရှောင်းရှောင်း တို့ နှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်င်္ပြီးနောက် သူမနောက်သို့ လျင်မြန်စွာ လိုက်သွားကြသည်။