အပိုင်း ၁၁၂
Viewers 62k

အခန်း ၁၁၂ “အစာသွပ်အသားအူချောင်းကြော်”


ချမ့်ပေါင်၏ နဖူးထက်မှ ချွေးစေးများ စီးကျလာလေသည်။ ဘုရင်အဆင့်သုံးယောက်ကိုပင် လက်တစ်ဖက်မျှဖြင့် ဖိနှိပ်နိုင်သော အမျိုးသမီးက အလွန်သန်မာလှချေသည်။ ထိုဘုရင်အဆင့်သုံးယောက်က ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်တွင် အသန်မာဆုံးများဖြစ်ကြပြီး ဆိုင်အတွင်းမှ ပြသနာများကို သူတို့သာ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ ယခုအခါ သူတို့က လဲကျနေပြီဖြစ်သည်။


နီယန်၏ အနောက်မှ ထန်းယင်က လဲကျနေသည့် ဘုရင်အဆင့်သုံးယောက်ကို စာနာစွာ ကြည့်လိုက်လေသည်။ သူတော်စင်အဆင့်တစ်ယောက်၏ အရှိန်အဝါအောက်တွင် ဘုရင်အဆင့်များက ပုရွက်ဆိတ်သာသာမျှသာ ရှိတော့ပေသည်။


“ဆိုင်ရှင်ချမ့် .. အခုငါတို့ တတိယထပ်သွာလို့ရပြီလား…” နီယန်က လက်ကို ပြန်ရုတ်လိုက်ပြီး ချိုသာစွာ ပြုံး၍ မေးလိုက်လေသည်။


ချမ့်ပေါင်က မရကြောင်း ပြောချင်နေသော်လည်း သူ့ရှေ့မှ အမျိုးသမီးကို ကြောက်ရွံ့နေပေသည်။ သူမ၏ တောင်းဆိုမှုကို ငြင်းပယ်လိုက်ပါက စားသောက်ဆိုင်ကို ဖြိုချမည့်ဟု ပြောဆိုထားသည်ကို တွေးလိုက်မိသည်။ ချမ့်ပေါင်က သူ၏ကံမကောင်းမှုကို စိတ်ထဲတွင် ကျိတ်၍ ကြိမ်ဆဲလိုက်သည်။ တတိယထပ်၏ စည်းမျဉ်းက နှစ်ကြိမ်တိုင်တိုင် ကြိုးပေါက်နေပြီဖြစ်သည်။ ထိုအချက်က ထာ၀ရရှင်သန်သော ဖိးနစ် စားသောက်ဆိုင်၏ ဂုဏ်သတင်းကို ထိခိုက်စေပေသည်။


“ရပါတယ်…” ချမ့်ပေါင်က ပြောဆိုလိုက်ပြီး တတိယထပ်သို့ ဦးဆောင်၍ ခေါ်သွားလိုက်လေသည်။


နီယန်က သူမ၏ ဇင်ယော်တောင်မျက်ခုံးလေးများကို ပင့်ချီလိုက်ပြီး တစ်ခစ်ခစ် ရယ်မောလိုက်ကာ ချမ့်ပေါင်၏ နောက်မှ လိုက်ပါသွားလေသည်။ တတိယထပ်သို့ ၀င်ရောက်လိုက်သည်နှင့် မွှေးပျံ့လှသည့် စန္နကူးနံ့ကို ခံစားလိုက်ရပြီး လန်းဆန်းတက်ကြွသွားသည်ကို ခံစားလိုက်ရလေသည်။ တတိယထပ်ကို လှပသည့် ပရိဘောဂများနှင့် တန်ဆာဆင်ထားပြီး အလွန်သက်တောင့် သက်သာ ရှိစေလေသည်။


“ပရိဘောဂပစ္စည်းတွေက မျှော်လင့်ထားတာထက်ကို ပိုကောင်းတာပဲ…” နီယန်က ခေါင်းငြိမ့်လိုက်ပြီး ပြောဆိုလိုက်သည်။ ထို့နောက် သူမ၏ မျက်၀န်းထောင့်စွန်းတွင် တစ်စုံတစ်ခုကို အာရုံစိုက်မိသွားလေသည်။ သလင်းကြည်ရောင်ပန်းကန်လုံးထဲမှ တို့ဟူးပန်းတစ်ခုပင် ဖြစ်သည်။


“ဒါ… ဒါကို ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်က စားဖိုမှုးတစ်ယောက်လုပ်ထားတာလား…” နီယန်က တို့ဟူးပန်း အနီးသို့ တိုးကပ်သွားပြီး သေချာစွာ ကြည့်ရှု၍ မေးမြန်းလိုက်သည်။


နီယန်၏ အမူအယာကလည်း ပြောင်းလဲလာလေသည်။ တို့ဟူးပန်းက သူမတွေ့ဖူးနေကျကဲ့သို့ အလွှာအနည်းငယ်မျှသာမဟုတ်ပဲ ရာပေါင်းများစွာသော အလွှာများနှင့် လှပနေပေသည်။ အလွှာတစ်ထောင်တို့ဟူးပန်းဟု အမည်ပေးထားသော်လည်း အလွှာတစ်ထောင်ရှိနေခြင်းမဟုတ်ပေ။ သို့သော် ထိုတို့ဟူးပန်းကပင် နီယန်၏ အံ့အားသင့်မှုကို ဖြစ်ပေါ်လာစေသည်။


ထိုတို့ဟူးပန်းကို ပြုလုပ်ထားသည့် စားဖိုမှုက ဖြတ်တောက်ခြင်းနည်းပညာမှာ မမျှော်မှန်းနိုင်သော အဆင့်သို့ပင် ရောက်ရှိနေပြီကို နီယန်က သိရှိလိုက်သည်။ သူမ၏ ကိုယ်ပိုင်ဖြတ်တောက်ခြင်းနည်းပညာ၏ အဆင့်အမြင့်ဆုံးပင် ထိုပန်းကဲ့သို့ အဆင့်ရောက်အောင် မပြုလုပ်နိုင်ပေ။ နီယန်က တို့ဟူးပန်းကို သေချာစွာ ကြည့်လိုက်ပြီးနောက် သပ်ပြင်းတစ်ချက်ချလိုက်မိသည်။


“မဟုတ်ဘူး… အဲဒါက ပိုင်ရှင်ပုရဲ့လက်ရာ…” ချမ့်ပေါင်က တို့ဟူးပန်းကို စိုက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။


တို့ဟူးပန်းကို ပြိုင်ပွဲတွင် ပုဖန်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးသွားသောအခါ ချမ့်ပေါင်က ယူဆောင်လာခဲံပြီး အကြည်ရောင်ဖန်ဘူးထဲတွင် ထည့်၍ ပိတ်ထားခြင်းဖြစ်သည်။ တို့ဟူးပန်းက လှပပြီး အနုပညာလက်ရာမြောက်သောကြောင့် ဆိုင်တွင် အလှထားရန် ချမ့်ပေါင်က ရည်ရွယ်ထားခြင်း ဖြစ်သည်။


“ပိုင်ရှင်ပု…”


နီယန်က ဇဝေဇ၀ါနှင့် ချမ့်ပေါင်ကို လှမ်းကြည့်လိုက်သည်။ လှပ၍ ဟင်းပွဲများကို အကဲဖြတ်ရာတွင် ကျွမ်းကျင်လှသော အမျိုးသမီးက ပုဖန်ကို မသိသောကြောင့် ချမ့်ပေါင်က မျက်ခုံးပင့်၍ တွေးလိုက်မိသည်။


“သူတို့က အင်ပါယာမြို့တော်က မဟုတ်ဘူးနဲ့တူတယ်…”


“ပိုင်ရှင်ပုဆိုတာက ဖန်ဖန်ဆိုင်ငယ်လေးရဲ့ ဆိုင်ရှင်ကို ပြောတာ….” ချမ့်ပေါင်က တက်ကြွစွာ ပြန်ဖြေလိုက်လေသည်။


ပုဖန်၏ အမည်ကို ကြားလိုက်ရသည်နှင့် ထန်းယင်က ပို၍ စိတ်လှုပ်ရှားလာလေသည်။ သူ၏ စီနီယာက မြို့တော်ထဲတွင် မထင်ရှားသူတစ်ယောက် ဟုတ်မနေပေ။


“ဖန်ဖန်ဆိုင်ငယ်လေး…” နီယန်က ရေရွတ်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်မိသည်။


အလွာတစ်ထောင်တို့ဟူးပန်းကို အကဲခတ်လိုက်သည်နှင့် ထိုဆိုင်ပိုင်ရှင်က သာမာန်မဟုတ်သည်ကို တွေးမိလိုက်သည်။ ဖန်ဖန်ဆိုင်ငယ်လေးအပေါ်သို့ သူမ၏ စိတ်၀င်စားမှုက ပို၍ မြင့်တက်လာပေသည်။


ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်၏ တတိယထပ်မှ ဟင်းပွဲသုံးခုကို ပုဖန်ပင် အမှားအနည်းငယ်သာ ရှာတွေ့ခဲ့သည်။ ပုဖန်၏ သုံးသပ်ချက်များကြောင့် ချမ့်ပေါင်က ဟင်းပွဲများကို အဆင့်မြှင့်ထားခဲ့သည်။ ထို့ကြောင့် နီယန်က ဟင်းပွဲများ၏ ပြစ်ချက်ကို ရှာမတွေ့ပေ။ စားသောက်ပြီးနောက် သူမ၏ စိတ်အခြေအနေက ပိုမိုကောင်းမွန်လာခဲ့သည်။


“ဟင်းပွဲတွေက အရမ်းကို စားလို့ကောင်းတယ်… မဆိုးဘူး…. မင်းတို့ရဲ့ စားဖိုမှုးမှာ စွမ်းရည်တစ်ချို့တော့ ရှိနေတာပဲ….”


နီယန်က ပြောဆိုလိုက်ပြီး သူမ၏ လှပသော မျက်နှာလေးကို မျက်နှာကာဖြင့် ပြန်ကာလိုက်သည်။ ထို့နောက် သူမ၏ လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ပြီါ် ကျသင့်ငွေကို ပေးလိုက်လေသည်။ ချမ့်ပေါင်က ငွေစများ လက်ခံရရှိလိုက်သောကြောင့် အံ့အားသင့်သွားလေသည်။ ချမ့်ပေါင်က စွမ်းအားကြီးမားပြီး လှပသည့် အမျိုးသမီးကို ကျသင့်ငွေမတောင်းရဲသောကြောင့် သူတို့ ညစာအလကားစားသွားမည်ဟု တွေးတောထားလေသည်။


“ဖန်ဖန်ဆိုင်ငယ်လေးရဲ့အကြောင်းကို ပြောပြဦး… ဒီလိုအံ့အားသင့်လောက်တဲ့ ဖြတ်တောက်ခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ စားဖိုမှုးတစ်ယောက်ရဲ့ ဟင်းချက်စွမ်းရည်ကို ငါအရမ်းစိတ်၀င်စားနေတယ်…” နီယန်က ရုတ်တရက်မေးမြန်းလိုက်သည်။


“ပိုင်ရှင်ပုရဲ့ ဟင်းပွဲတွေက သေချာပေါက်ကို အရသာရှိလွန်းတယ်… တစ်ခုပဲ စျေးနှုန်းတွေက အဆမတန်စျေးကြီးလွန်းတယ်…”


“စျေးနှုန်းလား… ဒါကအရေးမကြီးပါဘူး… ငါတို့ကို ဖန်ဖန်ဆိုင်ငယ်လေးဆီကို ခေါ်သွားပေးလို့ရမလား…” လုရှောင်းရှောင်းက ၀င်ရောက်ပြောဆိုလိုက်သည်။


ချမ့်ပေါင်က အခြားသူများကို မခိုင်းတော့ပဲ လမ်းကြားလေးထဲမှ ဖန်ဖန်ဆိုင်ငယ်လေးထံ သူကိုယ်တိုင် ဦးဆောင်သွားလိုက်လေသည်။


ကောင်းကင်ထက်မှ အဖြူရောင်နှင်းပွင့်လေးများ တစ်ဖွဲဖွဲ ကျဆင်းနေသောကြောင့် အင်ပါယာမြို့တော်ကို ငွေရောင်အလွှာပါးတစ်ခုနှင့် လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေပေသည်။ ပုဖန်က ဆိုင်တံခါးကို ဖွင့်လိုက်ချိန်တွင် အေးစက်သည့် လေနုအေးများက သူ့ကို ဖြတ်သန်းသွားပြီး ဆိုင်အတွင်း၀င်ရောက်လာခဲ့သည်။ ဘလက်ကီအတွက် ၀က်နံရိုးချိုချဉ်ကြော်ကို ပြင်ဆင်လိုက်ကာ ချကြွေးလိုက်ပြီးနောက် ပုဖန်က မီးဖိုခန်းအတွင်း ပြန်လည်၀င်ရောက်သွားလေသည်။


ဤမနက်ခင်းတွင် အရေးကြီးကိစ္စတစ်ခုကို လုပ်ဆောင်ရမည်ဖြစ်သည်။ ပုဖန်က အစာသွပ်အသားအူချောင်း ထည့်ထားသည့် ဗီဒိုရှေ့တွင် စိတ်လှုပ်ရှားစွာရပ်လိုက်ပြီး ဗီဒိုကို ဆွဲဖွင့်လိုက်လေသည်။ အသားနှင့် ဆေးဘက်၀င်ပစ္စည်းများ ရေစပ်နေသည့်အနံ့က ဗီဒိုဖွင့်လိုက်သည်နှင့် အပြင်ဘက်သို့ တမဟုတ်ခြင်း ထွက်ပေါ်လာလေသည်။ ပုဖန်က အသားချောင်းကို လက်နှင့် ဖျစ်ကြည့်လိုက်သည်။ အတန်ငယ်ပျော့ပြောင်းပြီး နွေးထွေးမှုအချို့ကို ခံစားလိုက်ရသောကြောင့် အသားချောင်းက ခြောက်သွေ့နေပြီကို သိရှိလိုက်သည်။


ပုဖန်က နှလုံးသားထဲမှ ပျော်ရွှင်မှုများကို ကြိုးစားထိန်းချုပ်လိုက်ပြီး ဗီဒိုအတွင်းမှ အစာသွပ်အသားအူချောင်း နှစ်ဆယ့်တစ်ခုလုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် အူတစ်ခုကို ဖြတ်တောက်လိုက်ပြီး ကျန်အူချောင်းများကို အအေးခန်းအတွင်း ပြန်သိမ်းထားလိုက်သည်။ အသားအူချောင်းကို ကြော်ချက်ရန်အတွက် ဒယ်အိုးအတွင်းသို့ ဆီများလောင်းထည့်လိုက်ပြီး ဆီဆူအောင်တခဏမျှ စောင့်နေလိုက်ကာ အသားချောင်းကို ဒယ်အိုးအတွင်းသို့ ပစ်ထည့်လိုက်လေသည်။


ဆီပူအိုးထဲထည့်လိုက်သည်နှင် ဆီ၏ အပူရှိန်ကြောင့် အမြုတ်လေးများ တစ်စီစီထလာပြီး မီးဖိုချောင်တစ်ခုလုံးကို အသား၏ မွှေးရနံ့က ဖုံးလွှမ်းသွားလေတော့သည်။ တန်ဖိုးကြီးဆေးပင်များကို ကြိတ်ချေထားသည့် အမှုန်များ၏ ရနံ့တစ်ခုနှင့်ပင် စားသုံးသူများကို စွဲဆောင်နိုင်ရန် လုံလောက်နေရာ ထိုရနံ့များကြောင့် ပုဖန်ပင် တံတွေးမြိုချလိ်ုက်မိလေသည်။


အသားအူချောင်းပြုလုပ်ရန် အဆင့်များစွာ ပြုလုပ်ခဲ့ရသော်လည်း ကြော်ချက်ရသည်က အလွန်ရိုးရှင်းလှပေသည်။ သိ်ု့သော် ခရီးသွားနွားနဂါး၏ အသားနှင့် ဆေးဘက်၀င်ပါ၀င်ပစ္စည်းများကို ရောစပ်ထားသောကြောင့် သာမာန်ဆီအပူချိန်နှင့် ကြော်ချက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ပုဖန်က အချိန်ပေး၍ ကြော်ချက်နေရပြီး သူ၏ အစစ်အမှန်စွမ်းအင်များကို ဆီအိုးထဲသို့ ပို့လွှတ်နေရပေသည်။ မွှေးရနံ့များ ပိုမိုသင်းပျံ့လာချိန်တွင် ပုဖန်က တူဖြင့် အသားချောင်းကို ညှပ်ယူလိုက်ပြီး ဆီစစ်ထားလိုက်သည်။ နီရဲစိုပြေနေသည့် အသားချောင်းက ပုဖန်က စိတ်ကျေနပ်စေလေသည်။


မွှေးပျံ့သော ဆေးရနံ့များနှင့် ရောယှက်နေသော အသားအူချောင်း၏ မွှေးရနံ့က ပုဖန်၏ နှာခေါင်းပေါက်အတွင်း တိုး၀င်သွားသောကြောင့် လန်းဆန်းတက်ကြွလာလေသည်။ ကောင်းမွန်စွာ ပြီးမြောက်သွားသော အလုပ်တစ်ခုကြောင့် ပုဖန်၏ စိတ်ထဲတွင် ရွှင်လန်းတက်ကြွစွာ ခံစားနေရပေသည်။ သူ၏ လက်ကောက်၀တ်မှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးကို ထုတ်ယူလိုက်ပြီး အသားအူချောင်းကို သုံးပိုင်းပိုင်းလိုက်လေသည်။ အပေါ်ယံ အရည်များကို ထိုးခွဲလိုက်သည်နှင့် ပြင်းထန်သော မွှေးရနံ့များက ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။


အပေါက်၀တွင် အမှီးတနှံ့နှံ့နှင့် ၀က်နံရိုးချိုချဉ်ကြော်ကို စားသောက်နေသည့် ဘလက်ကီက စားသောက်နေသည်ကို ရပ်တန့်လိုက်ပြီး နှာခေါင့်ကို ရှုံ့ပွရှုံ့ပွလုပ်၍ အနံ့ခံလိုက်သည်။


“မွှေးလိုက်တဲ့အနံ့ … ဘာနံ့ပါလိမ့်….”


နီယန်တို့သုံးယောက်နှင့် ချမ့်ပေါင်တို့က ဆိုင်၀သို့ ရောက်ရှိလာချိန်တွင် အသား၏ မွှေးရနံ့များက သူတို့၏ အနံ့ခံအာရုံကို ရန်စသွားသည်ကို ခံစားလိုက်ရသည်။ ချမ့်ပေါင်သာမက သူတော်စင်အဆင့် နီယန်ပင် မွှေးရနံ့၏ စွဲဆောင်မှုအောက်တွင် နစ်မြုတ်သွားကြလေသည်။ အသား၏ မွှေးရနံ့များက သူတို့ကို ကျော်ဖြတ်သွားပြီး လမ်းကြားလေးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။