အပိုင်း ၁၁၃
Viewers 62k

အခန်း ၁၁၃ “မင်းကစားသုံးသူ… သူကတော့ မဟုတ်ဘူး..”


“ဒီ… ဒီအသားနံ့က ကောင်းလိုက်တာ.. ဘယ်လိုတောင် မွှေးနေတာလဲ…” နီယန်၏ လှပသော မျက်လုံးလေးများက ဝိုင်းစက်သွားပြီး တွေးနေမိသည်။


အသား၏ ပြင်းထန်သော မွှေးရနံ့များက သူမ၏ နှာခေါင်း၀မှ ခန္ဒာကိုယ်အတွင်း ၀င်ရောက်လာသည်နှင့် သူမ၏ အရိုးအဆစ်များပင် ပွင့်ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ နီယန်က စားဖိုမှုးတစ်ယောက်ဖြစ်သည့်အပြင် အစားကြူးသူတစ်ယောက်ပါ ဖြစ်သောကြောင့် အစားအစာအမျိုးမျိုးကို စူးစမ်းရှာဖွေစားသောက်ခဲ့သည်။ သူမက အဆင့်ခြောက် ဝိဥာဉ်သားရဲတစ်ကောင်၏ အသားကို အသုံးပြု၍ ဟင်းပွဲချက်ပြုတ်ရန် ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ချေ။


အဆင့်ခြောက်သားရဲများက သေဆုံးသွားသည်နှင့် သူတို့၏ ဝိဥာဉ်စွမ်းအင်များကို အသားထဲတွင် ချိတ်ပိတ်ထားလေ့ရှိကြသည်။ အသားကို လှီးဖြတ်လိုက်သည်နှင့် စွမ်းအင်များက ရေငွေ့ကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားနိုင်ပေသည်။ နီယန်က လေထုထဲမှ မွှေးရနံ့အတွင်းတွင် အသားနံ့အပြင် တန်ဖိုးကြီးဆေးများ၏ ရနံ့များပါ ရောနှောပါ၀င်နေသည်ကို သူမ၏ စားဖိုမှုးအတွေ့အကြုံအရ ခွဲခြမ်းစိတ်ဖြာနိုင်လိုက်သည်။


လေထုထဲမှ များပြားလှသည့် ဝိဥာဉ်စွမ်းအင်များက သူမကို မယုံနိုင်လောက်အောင် အံ့အားသင့်စေသည်။ ချမ့်ပေါင်က တံတွေးအဆက်မပြတ် မြ်ိုချနေရင်း တွေးလိုက်မိသည်။


“ဒီအနံ့…. ဒါက ငါတို့စားသောက်ဆိုင်ရဲ့ အကောင်းဆုံးဟင်းပွဲ ဖြစ်တဲ့ ပန်းဘဲကင်ထက်တောင် ကောင်းလွန်းတာပဲ…. ပိုင်ရှင်ပုရဲ့ အချက်အပြုတ်စွမ်းရည်က တော်တော်ကောင်းတာပဲ…. ဒီနေ့တော့ သူ့ရဲ့ ဟင်းပွဲတွေကို အရသာ မြည်းစမ်းကြည့်ရမယ်…”


နီယန့်နောက်မှ ထန်းယင်နှင့် လုရှောင်းရှောင်းတို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေပေသည်။ သူတို့က ထိုရနံ့ကို မြေရိုင်းလွင်ပြင်တွင် ပထမအကြိမ် ရရှိခဲ့ဖူးပေသည်။ ပုဖန်ကင်ကြွေးသည့် အသားကင်၏ ရနံ့ကို သူတို့က ယခုထက်တိုင် တသသ တမ်းတနေဆဲပင် ဖြစ်သည်။


အသားအူချောင်းသုံးပိုင်း ထည့်ထားသည့် ပန်းကန်ကို ကိုင်ဆောင်၍ ပုဖန်က မီးဖိုခန်းအတွင်းမှ ထွက်လာလိုက်သည်။ အသားချောင်းပေါ်တွင် နွေးထေးသည့် စွမ်းအင်စီးကြောင်းလေးများ ထွက်ပေါ်နေပီး များပြားလှသည့် မွှေးရနံ့များနှင့် ပြည့်နှက်နေသောကြောင့် ပုဖန်က စားသောက်ရန် ပြင်ဆင်လိုက်သည်။ စားသောက်ခန်းအတွင်းသို့ ရောက်ရှိလာသည်နှင့် ဆိုင်တံခါး၀တွင် ထူးဆန်းသော အမူအယာများနှင့် ရပ်နေသည့် လူလေးယောက်ကို တွေ့လိုက်ရသည်။


“အာ… စားသုံးသူတွေက အစောကြီးရောက်လာတာလား… ….”


နေ့စဉ်နေ့တိုင်းတွင် အစေပိုင်အချိန်များ၌ စားသုံးသူများ ရောက်လာလေ့မရှိပဲ ဖက်တီးဂျင်တို့ လူစုသာ ရောက်လာလေ့ရှိသည်။ သို့သော် ဖက်တီးဂျင်တို့ ရောက်နေကျအချိန်ပင် မရောက်သေးသော်လည်း လူတစ်ချို့ကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားလေသည်။


“စီနီယာ… ငါတို့ပါ…” ထန်းယင်က ရင်းနှီးနေသော ပုဖန်၏ ပုံရိပ်ကို မြင်လိုက်သောကြောင့် ၀မ်းသာအားရ နှုတ်ဆက်လိုက်သည်။


“ဟမ်….”


ပုဖန်က လူငယ်ကို တစ်ချက်ကြည့်လိုက်ပြီး တခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် သူက ထိုလူငယ်ကို မှတ်မိသွားလေသည်။ ထိုလူငယ်နှင့် မြေရိုက်လွင်ပြင်ဒေသတွင် အမှတ်တမဲ့ ကြုံခဲ့ရပြီး သူ့အပေါ်တွင် အကောင်းမြင်စိတ်ရှိပေသည်။


“အော် … မင်းပါလား… ဒီကို စားသောက်ဖို့လာတာလား… အထဲ၀င်လာခဲ့လေ…” ပုဖန်က မျက်နှာသေနှင့် လှမ်းပြောလိုက်ပြီး သူ့လက်ထဲမှ ပန်းကန်ကို စားပွဲပေါ်သို့ တင်လိုက်လေသည်။


လူလေးယောက်နှင့် ခွေးတစ်ကောင်၏ မျက်လုံးများက ပုဖန်၏ လှုပ်ရှားမှုနောက်သို့ လိုက်ကြည့်နေကြပြီး စားသောက်ခန်းထဲတွင် တံတွေးမျိုချသံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ အကုန်လုံးက ဆိုင်ထဲသို့ အလောတကြီး ၀င်လာကြပြီး ထိုင်ခုံပေါ်တွင် တူကိုင်၍ စားရန် ပြင်ဆင်နေသော ပုဖန်ကို မျက်စိမလွဲတမ်း စိုက်ကြည့်နေကြသည်။ ပုဖန်က တစ်ခြားသူတို့၏ အမူအယာများကို သတိမပြုမိပဲ သူ့လက်ထဲမှ တူနှင့် အသားအူချောင်းကို ထိုးကြည့်လိုက်သည်။ တူက အသားချောင်းအတွင်းသို့ ၀င်သွားသောအခါ အဆီများ စိမ့်ထွက်လာပြီး မွှေးရနံ့က ပို၍ ပြင်းထန်လာလေသည်။


ပုဖန်က အသားအူချောင်းတစ်ခုကို ညှပ်ယူလိုက်ပြီး သေချာစွာ ကြည့်ရှုလိုက်သည်။ ဖြတ်တောက်ထားသည့်ေ နရာမှ နီမြန်းပြီး စိုလဲ့လဲ့ဖြစ်နေမှုက ပုဖန်၏ စားချင်စိတ်ကို နှိုးဆွပေးနေလေသည်။ အသားချောင်းကို တစ်ကိုက်ကိုက်လိုက်သည်နှင့် အသားအတွင်းသို့ သွားနစ်၀င်သွားသည့် အသံအပြင် သွားချင်းထိခတ်သံပါ ထွက်ပေါ်လာလေသည်။ ထိုအချိန်တွင် ချမ့်ပေါင်နှင့် အခြားသူများက သတိလက်လွတ်နှင့် ပါစပ်ကို လိုက်ဖွင့်မိလိုက်ပြီး နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ကြသည်။


ကြွပ်ရွ၍ အလွန်လတ်ဆတ်သော အသား၏ အရသာက ပုဖန်က ပါးစပ်အတွင်း ပျံ့နှံ့သွားလေသည်။ အသားချောင်းက အနည်းငယ် ပူနေသောကြောင့် ပုဖန်က ပါးစပ်ဟ၍ မှုတ်ထုတ်လိုက်လေသည်။ ထို့ကြောင့် မွှေးရနံ့များက ပိုမိုသင်းပျံ့စွာ ထွက်ပေါ်လာလေသည်။


ဂလု…


အူဝု…


တံတွေးမျိုချသံနှင့် ဘလက်ကီ၏ အသံတို့က တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည်။ သို့သော် ပုဖန်က အသား၏ အရသာတွင် နစ်မျောနေသောကြောင့် သူတို့ကို မေ့လျာ့နေပြီး အသားကို တစ်မြုံ့မြုံ့ဝါး၍ အရသာခံနေလေသည်။ အသားအူချောင်း ပြုလုပ်စဉ်က သကြားခဲလေးများကို ရောစပ်ထည့်ထားသောကြောင့် ကြွပ်ရွရုံမကပဲ ချိုမြမြအရသာကိုပါ ပေးစွမ်းနေလေသည်။ ထို့အပြင် အရသာကိုလည်း ပြီးပြည့်စုံအောင် ထောက်ပံ့ထားပြီး ပါးစပ်အတွင်းတွင် မွှေးရနံ့များကို စွဲကျန်နေစေသည်။


“ဒါက အရမ်းအရသာရှိတာပဲ…”


ပုဖန်မျှော်လင့်ထားသကဲ့သို့ပင် ခရီးသွားနွားနဂါး၏ အသားက ထူးခြားလှပေသည်။ ထို့အပြင် ဆေးဘက်၀င်အပင်များ ရောစပ်ပါ၀င်နေသောကြောင့် အရသာက ပိုမိုကောင်းမွန်နေပေသည်။ သူချက်ပြုတ်ထားသည့် ဟင်းပွဲက ကမ္ဘာမြေပေါ်မှ အလွန်ကြိုက်နှစ်သက်ခဲ့ဖူးသော ၀က်အူချောင်း၏ အရသာကို ပြန်လည်အမှတ်ရသွားပြီး လွမ်းဆွတ်တမ်းတနေမိလေသည်။


ပုဖန်က ပါးစပ်ထဲမှ အသားများကို မြိုချလိုက်ပြီး မကျေမနပ်ဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်လေသည်။ ထို့နောက် အသား၏ အရသာတွင် နစ်မြောနေရာမှ ပြန်သတိရလာပြီး သူ့ရှေ့မှ မြင်ကွင်းကို ကြည့်၍ အလန့်တကြား ဖြစ်သွားလေသည်။ သူ့ရှေ့တွင် လူတစ်ယောက်နှင့် ခွေးတစ်ကောင်က သားရေတမြှားမြှားနှင့် စိုက်ကြည့်နေကြလေသည်။


“ဟမ်… မင်းတို့ ဘာတွေဖြစ်နေကြတာလဲ…”


“နင်က ဒီအသားချောင်းကို ချက်တဲ့သူလား…” နီယန်က သူမ၏ လှပသောမျက်လုံးလေးများနှင့် ပုဖန်ကို စိုက်ကြည့်၍ မေးလိုက်လေသည်။


ပုဖန်က ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး အသားအူချောင်းတစ်ခုကို ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။


“ငါ…. မြည်းကြည့်လို့ရမလား…” နီယန်က ရှက်ရွံ့စွာ တုန့်ဆိုင်းနေပြီး မေးလိုက်လေသည်။ အခြားသူများကလည်း မျှော်လင့်ချက်အပြည့်နှင့် ပုဖန်ကို စိုက်ကြည့်နေကြသည်။ စွဲမက်ဖွယ်ကောင်းသည့် မွှေးရနံ့ကြောင့် သူတို့၏ အမူအယာများကို မထိန်းသိမ်းနိုင်ပဲ ဖြစ်နေကြလေသည်။


“မရဘူး…” ပုဖန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


နီယန်က မှင်သက်သွားလေသည်။ ချမ့်ပေါင်နှင့် အခြားသူများကလည်း ကြောင်အသွားကြလေသည်။ ဘလက်ကီက ကြောင်အသွားခြင်းမရှိ်ပဲ ပုဖန်ကို မျှော်လင့်ချက်အပြည့်နှင့် စိုက်ကြည့်နေလေသည်။


“ငါအငြင်းခံလိုက်ရတာလား…..” နီယန်၏ စိတ်ထဲတွင် တုန်လှုပ်သွားလေသည်။ သူမက နှစ်ပေါင်းများစွာတိုင်အောင် ထိုအခြေအနေကို မကြုံတွေ့ခဲ့ရဘူးပေ။ နီယန်က သူမ၏ မျက်နှာကာကိုဖြုတ်လိုက်ပြီး လှပသောမျက်နှာလေးကို ဖွင့်လှစ်ပြလိုက်သည်။ ထို့နောက် နှင်းဆီရောင် နီမြန်းနေသော နှုတ်ခမ်းလေးများကို ဖွင့်ဟလိုက်ပြီး ပုဖန်ကို ထပ်မေးလိုက်လေသည်။


“အခုရော အဲဒီအသားချောင်းရဲ့ အရသာကို မြည်းကြည့်လို့ရပြီလား…”


သူမ၏ အလှအပကို နီယန်က အလွန်အမင်း ယုံကြည်မှုရှိပေသည်။ သူမနှင့် မျက်နှာချင်းဆိုင်ပြီးသည်နှင့် မည်သူကမျှ မငြင်းပယ်နိုင်ခဲ့ဖူးပေ။ သို့သော် ယခုတစ်ကြိမ်တွင် သူမ၏ ယုံကြည်မှုများ ပြိုလဲသွားရလေသည်။ ပုဖန်က သူမကို တစ်ချက်ကြည်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် အံ့သြမှု အရိပ်အယောင်အနည်းငယ်သာ ဖြတ်ပြေးသွားပြီး ထူးမခြားနားစွာပင် ပြန်ပြောလိုက်လေသည်။


“မရဘူး…”


“နင်…” နီယန်က အလွန်ဒေါသထွက်သွားလေသည်။


“သူက ငါ့ကို အလှလေးကို ဘယ်လိုတောင် ငြင်းရက်တာလဲ….”


“ကောင်းပြီ… ဒါဆို အသားချောင်းရဲ့ အရသာကို မြည်းကြည့်ရအောင် ငါဘာလုပ်ရမလဲ…”


နီယန်က ပုဖန်ကို သေသည်အထိ ရိုက်သတ်ချင်လောက်အောင် လက်ယားနေသော်လည်း ထိုသူက အသားချောင်းကို ချက်ပြုတ်သူဖြစ်သောကြောင့် စိတ်ထိန်း၍ မေးလိုက်လေသည်။


ပုဖန်က ပြန်မပြောတော့ပဲ မီနူးကို ညွှန်ပြလိုက်လေသည်။ နီယန်က ပုဖန်ညွှန်ပြရာသို့ လှည့်ကြည့်လိုက်ပြီး မျက်လုံးများ အဆမတန် ပြူးကျယ်လာလေတော့သည်။


“နတ်ဆိုးကောင် ငါ့ကို လျစ်လျူရှုထားတယ်… ဒီခွေးဘုရင်ကို အရသာရှိတဲ့ အသားချောင်းကို မကြွေးချင်ဘူးပေါ့လေ…” ဘလက်ကီက ဒေါသထွက်စွာဖြင့် တွေးလိုက်ပြီး ဟောင်လိုက်လေသည်။


“အရှုပ်တွေလုပ်မနေနဲ့…” ပုဖန်က ဘလက်ကီ၏ ခေါင်းကို ပွတ်၍ ပြောဆိုလိုက်သည်။


“ဘာ… ဘယ်သူက အရှုပ်တွေ လုပ်နေတာလဲ…”


ဘလက်ကီက ထပ်ဟောင်လိုက်လေသည်။ ထိုအသံထဲတွင် ဒေါသနှင့် အသားချောင်းကို စားသောက်ချင်နေသော ဆန္ဒများ ပါ၀င်နေလေသည်။ ပုဖန်က အသားချောင်းကို ကုန်အောင်မစားနိုင်တော့သောကြောင့် ကျန်သည့် အသားပိုင်းကို ဘလက်ကီထံ ပစ်ပေးလိုက်လေသည်။


နီယန်က ပုဖန်က ပြန်လည့်လာပြီး အဆမတန် ကြီးမြင့်နေသော စျေးနှုန်းများအကြောင်းကို မေးရန် ပြင်လိုက်လေသည်။ ထိုအချိန်တွင် ပုဖန်က ကျန်သည့် အသားပိုင်းကို ခွေးကြွေးလိုက်သည်ကို တွေ့လိုက်ရလေသည်။ သူတို့ပင် မထိန်းချုပ်နိုင်လောင်အောင် မွှေးပျံ့နေသော အသားပိုင်းကို ခွေးကြွေးလိုက်သောကြောင့် ဒေါသထွက်သွားပြီး မေးလိုက်လေသည်။


“နင်… ဒါဘာအဓိပ္ပါယ်လဲ…. ငါ့ကိုတောင်မကြွေးပဲနဲ့… ခွေးကြွေးတယ်… ဟုတ်လား…” နီယန်၏ အမူအရာက အေးစက်တင်းမာသွားပြီး မေးလိုက်လေသည်။


ပုဖန်က မထူးခြားသကဲ့သို့ ခုံမှ ထရပ်လိုက်ကာ ပန်းကန်နှင့် တူကို ကောက်ယူလိုက်ပြီး ပြောဆိုလိုက်သည်။


“ရှင်းရှင်းလေးပဲလေ… နင်တို့က စားသုံးသူတွေ… သူကတော့.. မဟုတ်ဘူး…..”


ထို့နောက် မီးဖိုခန်းဘက်သို့ လှည့်ထွက်သွားလေတော့သည်။ မီးဖိုချောင်တံခါး၀သို့ ရောက်သောအခါ တစ်စုံတစ်ခုကို သတိရသွားပြီး ထိုသူများဘက်သို့ လှည့်၍ ပြောဆ်ိုလိုက်သည်။


“အော်… မင်တို့ကို ပြောစရာကျန်သေးတယ်.. ခရီးသွားနွားနဂါးရဲ့ အသားနဲ့ လုပ်ထားတဲ့ အသားအူချောင်းတွေကို တစ်ရက်သုံးပွဲပဲ ရောင်းတယ်… မင်းတို့စားချင်တယ်ဆိုရင်တော့ မြန်မြန်မှာသင့်တယ်…”