အပိုင်း ၁၁၄
Viewers 61k

အခန်း ၁၁၄ “ဒါက လျို့ဝှက်ချက်”


ဆီပူအိုးထဲမှ အသားအူချောင်းများကို ပုဖန်က မမှိတ်မသုန် စိုက်ကြည့်နေလေသည်။ အဆင့်ခုနစ် ဝိဥာဉ်သားရဲအသားနှင့် ပြုလုပ်ထားသည့် အသားအူချောင်းများ၏ မွှေးရနံ့ကြောင့် ပုဖန်က စားပြီးရင်းစားချင် ဖြစ်နေလေသည်။


“ဒီလူက လုယက်နေတဲ့ လူဆိုးတစ်ယောက်တောင် ဖြစ်နိုင်တယ်… အသားချောင်းတစ်ချောင်းကိုတောင် သလင်းကျောက် ၂၅၀ နဲ့ရောင်းတယ်… တစ်ခါမှ မကြားဖူးဘူး….” နီယန်က သူမ၏ ခုံပေါ်တွင် ထိုင်နေပြီး စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ ဘေးတွင် ထိုင်နေသည့် ထန်းယင်က အသားအူချောင်းတစ်ပွဲကို သလင်းကျောက် ၂၅၀ ကျသင့်သော်လည်း မှာယူမိသောကြောင့် သူ့ကိုယ်သူ အံ့သြနေလေသည်။ 


ချမ့်ပေါင်က သက်ပြင်းချလိုက်မိသည်။ အသားအူချောင်းတစ်ပွဲလျင် သလင်းကျောက် ၂၅၀ ကျသင့်သည်ကို သူက အံ့အားသင့်နေသည်။ ထိုပမာဏက ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်၏ တစ်ပတ်စာ ၀င်ငွေနှင့်ပင် ညီမျှနေပေသည်။ သူက အသားအူချောင်းတစ်ပွဲပင် ၀ယ်မစားနိုင်ချေ။


နီယန်က အပေါက်၀တွင် လဲလျောင်းနေသော ဘလက်ကီကို လှမ်းကြည့်လိုက်ပြီး ဒေါသပိုထွက်လာခဲ့သည်။ အရသာရှိသည့် အသားအူချောင်းကို ခွေးကြွေးလိုက်သည်က ဖြုန်းတီးလိုက်သည်နှင့် တူညီပေသည်။ သို့သော် ထိုအတွက် နီယန်က အနည်းငယ်မျှပင် ၀င်ရောက်စွတ်ဖက်နိုင်ခြင်းမရှိပေ။ ပုဖန်ပြောသလိုပင် သူမက စားသုံးသူဖြစ်သည့်အတွက် ဟင်းပွဲများကို မှာယူရပြီး အဖိုးအခကို ပေးချေရပေမည်။ သို့သော် ထိုခွေးက စားသုံးသူမဟုတ်သောကြောင့် ပုဖန်က ကြွေးနိုင်ပေသည်။


ပုဖန်၏ အကြောင်းပြချက်က ရိုးရှင်းသော်လည်း ထိုအချက်ကပင် နီယန်ကို ဒေါသထွက်စေသည်။ သူမက မီနူးပေါ်မှ ဟင်းပွဲများ၏ စျေးနှုန်းကို မြင်လိုက်ရစဉ်က အလွန်အံ့သြသွားမိသည်။ ဟင်းပွဲတစ်ခုစီတိုင်း၏ စျေးနှုန်းများက အဆမတန် ကြီးမြင့်လှသောကြောင့် စားသုံးသူမရှိနိုင်ဟု တွေးလိုက်မိသည်။ သို့သော် သူမအတွေးနှင့် ဆန့်ကျင်စွာပင် ပုံမှန်စားသုံးသူများ ရှိနေသည်ကို တွေ့လိုက်ရသည်။ နီယန်က အခြားစားပွဲတစ်ခုတွင် ထိုင်နေကြသော လူဝြကီးအုပ်စုကို ကြည့်လိုက်မိသည်။


ထိုအချိန်တွင် ပုဖန်က အဖြူရောင်ကြွေပန်ကန်ပြားနှစ်ခုကို ကိုင်၍ မီးဖိုခန်းအတွင်းမှထွက်လာလေသည်။ ပန်ကန်ပြားတစ်ချပ်စီတွင် ခရီးသွားနွားနဂါး အသားအူချောင်း သုံးပိုင်းဆီပါ၀င်နေပြီး ပြင်းထန်သော မွှေးရနံ့များ ထွက်ပေါ်နေလေသည်။ ဆိုင်အတွင်းမှ လူများအားလုံးက မွှေးရနံ့၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီး အငမ်းမရ ရှုရှိုက်လိုက်မိသည်။ မွှေးရနံ့က သူတို့မျှော်လင့်ထားသည်ထက်ပင် ပို၍ သာလွန်နေပေသည်။


“ဒါက မင်းတို့မှာထားတဲ့ ခရီးသွားနွားနဂါး အသားအူချောင်း.. ကောင်းကောင်းသုံးဆောင်ပါ…” ပုဖန်က ပန်းကန်နှစ်ချပ်ကို နီယန်နှင့် ထန်းယင်တို့၏ ရှေ့တွင် ချပေးလိုက်ပြီး ပြောဆိုလိုက်သည်။ ထို့နောက် မီးဖိုခန်းအတွင်း ပြန်လည်၀င်ရောက်သွားပြီး နောက်တစ်ပွဲကို ယူဆောင်လာကာ လုရှောင်းရှောင်းထံ ချပေးလိုက်သည်။


နီယန်တို့သုံးယောက်က ပန်းကန်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။ ထန်းယင်က အသားချောင်းတစ်ခုကို ကောက်ယူ၍ ကိုက်ဝါးလိုက်သည်။ အသားက ပါးစပ်အတွင်းရောက်သွားသည်နှင့် သူ၏ မျက်လုံးများက ပြူကျယ်လာပြီး ပါးစပ်ထဲမှ အသားကို တက်ကြွစွာနှင့် တစ်မြုံ့မြုံ့ ဝါးနေမိသည်။ လုရှောင်းရှောင်းကလည်း အသား၏ အရသာတွင် နစ်မျောနေပြီး သူမကိုယ်သူမပင် မထိန်းချုပ်နိုင်တော့ပေ။ နီယန်က သူတို့ထက်ပို၍ အိဒြေ္နရှိလေသည်။ သူမက တည်ငြိမ်စွာဖြင့် အသားချောင်းကို လေ့လာစမ်းစစ်နေလေသည်။ 


သေချာစွာ အကဲဖြတ်လိုက်ပြီးနောက် အသားပိုင်းတစ်ခုကို ကောက်ယူ၍ တစ်ဖြည်းဖြည်းချင်း အရသာခံကာ ဝါးလိုက်သည်။ ထူးကဲကောင်းမွန်လှသော အရသာက သူမ၏ ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး လည်ချောင်းမှ တဆင့် သူမ၏ ခန္ဒာကိုယ်တစ်ခုလုံးနှင့် စိတ်ဝိဥာဉ်ကိုပါ သိမ်းပိုက်ဆွဲဆောင်သွားလေသည်။


“ဘယ်လိုတောင် အရသာရှိပြီး မွှေးပျံ့နေတာလဲ…. ဒါက တစ်ကယ်ပဲ အသားအူချောင်းလား…. ဒီလိုကောင်းမွန်တဲ့ အသားချောင်းမျိုး တစ်ခါမှ မစားဖူးခဲ့ဘူး….” နီယန်က ထိတ်လန့်စွာ ရေရွတ်လိုက်ပြီး အသား၏ အရသာတွင် လုံး၀နစ်မြောသွားလေတော့သည်။


ပုဖန်က သူ၏ဟင်းပွဲကို ပျော်ရွှင်စွာ စားသောက်နေသည့် သုံးယောက်ကို စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်မိသည်။ ထို့နောက် ဖက်တီးဂျင်တို့ လူစုအတွက် ဟင်းပွဲများကို ပြင်ဆင်ရန် မီးဖိုခန်းအတွင်း ပြန်လည်၀င်ရောက်သွားလေသည်။ အားလုံးပြင်ဆင်ပြီးနောက် နီယန်နှင့် သူမ၏ တပည်များက စားသောက်ပြီးစီးသွားသောကြောင့် ပုဖန်ကို ထူးဆန်းအံ့သြသော အကြည့်များနှင့် စိုက်ကြည့်နေကြပေသည်။ ပုဖန်ကို စိုက်ကြည့်နေသည့် နီယန်၏ အကြည့်များက တစ်ကိုက်ထဲဖြင့် မြိုချရန် ပြင်ဆင်နေသည့် သားရဲတစ်ကောင်၏ အကြည့်ကဲ့သို့ ဖြစ်နေပေသည်။


“ငါ့ကိုပြောပါ… ငါ့ကိုပြောပြစမ်းပါ… ဝိဥာဉ်သားရဲတွေရဲ့ အသားထဲက စွမ်းအင်တွေ ပျောက်ပျက်မသွားအောင် ဘယ်လိုနည်းလမ်းသုံးပြီး ချက်ထားတာလဲ… အဲဒီနည်းပညာကို ရှာဖွေနေတာ နှစ်ပေါင်းများစွာ ကြာနေပြီ… အခုထိ ငါမအောင်မြင်သေးဘူး….”


အသားချောင်းကို ကိုက်လိုက်သည်နှင့် ကြီးမြင့်သည့် စျေးနှုန်းနှင့် ရောင်းရသည့် အကြောင်းရင်ကို သူမက နားလည်သွားလေသည်။ အသားတွင် ပါ၀င်သည့် ဝိဥာဉ်စွမ်းအင်များက အဆင့်ခြောက် သက်စောင့်ဆေးတစ်လုံး၏ သက်ရောက်မှုမျိုးရှိနေပေသည်။ ထိုစွမ်းအင်များက သူမစိတ်ကူးနိုင်စွမ်းထက် များပြားနေပေသည်။ အသားချောင်းပြုလုပ်ထားသည့် အသားက သာမာန်အသားမဖြစ်နိုင်ပေ။ အဆင့်ခုနစ် ခရီးသွားနွားနဂါး၏ အသားပင် ဖြစ်နိုင်ပေသည်။ 


ပုဖန်က လက်မှ ရေစက်များကို အ၀တ်စတစ်ခုနှင့် သုတ်နေရာမှာ သိချင်စိတ်ပြင်းပြစွာ စိုက်ကြည့်နေသော လှပသည့် မျက်လုံးတစ်စုံကို စိုက်ကြည့်လိုက်သည်။ နီယန်၏ မျက်လုံးများက ရွှန်းစိုလင်းလက်နေပြီး ပုဖန်ကို စွဲဆောင်နေသကဲ့သို့ ဖြစ်နေပေသည်။


“ဒါက လျို့ဝှက်ချက်…” ပုဖန်က ပြန်ပြောလိုက်လေသည်။


နီယန့်၏ မျှော်လင့်ချက်များက ပြိုကွဲပျက်စီးသွားပြန်သည်။ ပုဖန်က အလှအပများကို မမြင်နိုင်သည့် မျက်ကန်းတစ်ယောက်ကဲ့သို့ပင် ဖြစ်နေပေသည်။ 


“ဝိဥာဉ်သားရဲတစ်ကောင်ရဲ့ အသားကို ဖြတ်တောက်လိုက်မယ်ဆိုရင် သူ့မှာပါ၀င်တဲ့ ဝိဥာဉ်စွမ်းအင်တွေက ပျောက်ကွယ်သွားလေ့ရှိတယ်… သားရဲရဲ့ အဆင့်မြင့်လေ… စွမ်းအင်သက်ရောက်မှုက ပိုမြန်လေပဲ… ကြည့်ရတာ ဒီအသားချောင်းမှာသုံးထားတဲ့ ဝိဥာဉ်သားရဲက အဆင့်နိမ့်မှာမဟုတ်ဘူး… မင်းက ဒါကို ဘယ်လိုထိန်းသိမ်းနိုင်ခဲ့တာလဲ…” နီယန်က ဒေါသများကို ကြိုးစားထိန်းချုပ်လိုက်ပြီး ပြောဆိုလိုက်သည်။


“ဒါက လျို့ဝှက်ချက်တစ်ခုပဲ ..” ပုဖန်က မပြောင်းမလဲပင် ပြန်ပြောလိုက်လေသည်။ 


နီယန်၏ မျက်နှာအမူအယာက မဲမှောင်သွားလေသည်။ သူမ၏ရှေ့မှ လူငယ်ကို နုပ်နုပ်စင်းပစ်ချင်လောက်အောင် ဒေါသထွက်လာလေသည်။ 


“ဒါဆိုလည်… ဒီဝိဥာဉ်သားရဲက အဆင့်ဘယ်လောက်လဲဆိုတာရော ပြောပြနိုင်လား…” နီယန်က ဒေါသထွက်စွာနှင့် မေးမြန်းလိုက်သည်။ ထိုအသားအူချောင်းမှ ဝိဥာဉ်စွမ်းအင်များက သူမကို သံသယအချို့ ဖြစ်ပေါ်လာစေသည်။ သူမ၏ အတွေးများသာ မှန်ကန်ပါက ကြောက်စရာအလွန်ကောင်းပေလိမ့်မည်…


“ဒါက ဒုတိယ… အိုး… ဒါကိုတော့ မင်းကို ပြောပြနိုင်ပါတယ်…” ပုဖန်က ငြင်းဆန်ရန် ပြင်ဆင်လိုက်ပြီးမှ ပြောပြရန် တွေးလိုက်မိသည်။


နီယန်က သူမ၏ ခန္ဒာကိုယ်ထဲမှ အစစ်အမှန်စွမ်းအင်များကို စုစည်ထားလိုက်ပြီး ပုဖန်သာ ငြင်းဆန်ပါက တိုက်ခိုက်ရန် ပြင်ဆင်ထားလိုက်သည်။ 


“ဒီအစာသွပ်အသားအူချောင်းကို ငါက ဘာဖြစ်လို့ စျေးကြီးကြီးနဲ့ရောင်းတယ်လို့ မင်းထင်လဲ…” ပုဖန်က နီယန့်ကို စိုက်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။ 


“ဘာလို့လဲဆိုတော့ ပါ၀င်တဲ့အသားက စျေးကြီးနေလို့ပဲ … ဒီအသားက အဆင့်ခုနစ် ခရီးသွား နွားနဂါးရဲ့ အသားပဲ …” ပုဖန်က ဆက်လက်ပြောဆိုလိုက်သည်။ 


အင်ပါယာမြို့တော်၏ ဂိတ်တခါး၀မှ ဆယ်မိုင်အကွာတွင် တတိယမင်းသား၏ စစ်တပ်က အင်ပါယာမြို့တော်အတွင်း၀င်ရောက်ခြင်းမရှိ်ပဲ စခန်းချလိုက်သည်။ စစ်၀တ်စုံအပြည့် ၀တ်ဆင်ထားသည့် ဂျိချန်းရွဲ့က သူ၏ ၀တ်စုံကို ချွတ်၍ သန့်ရှင်းရေးလုပ်လိုက်ကာ အဖြူရောင်၀တ်စုံတစ်ထည်ကို ပြောင်းလဲ၀တ်ဆင်လိုက်သည်။ သူက စစ်တပ်ရှေ့တွင် ခန့်ညားစွာ ရပ်နေလိုက်ပြီး သူ၏ ဘေးဘက်တွင် ဝါးဦးထုပ်ဆောင်း၍ မျက်နှာကာ၀တ်ဆင်ထားသော လူတစ်ယောက်နှင့် အရပ်ရှည်ရှည်နှင့် ခန္ဒာကိုယ်ကြံ့ခိုင်သော လူတစ်ယောက်တို့က ရပ်နေကြသည်။ 


“အရှင်မင်းသား… အင်ပါယာမြို့တော်ထဲ၀င်မယ်ဆိုရင် မင်းသားရဲ့ လုံခြုံရေးက အရမ်းအရေးကြီးပါတယ်… သင့်ရဲ့ လက်အောက်ငယ်သားက အချိန်တိုင်းစောင့်ရှောက်ပေးနိုင်မှာ မဟုတ်လို့ ကိုယ်ကိုကိုယ် ဂရုစိုက်ဖို့လိုပါတယ်…” အရပ်ရှည်ရှည်နှင့် လူက ပြောဆိုလိုက်သည်။


ဂျိချန်းရွဲ့က ထိုသူ့ကို အသိအမှတ်ပြုဟန်နှင့် စောင့်ငဲ့ကြည့်လိုက်သည်။ ထို့နောက် မနက်ခင်းနေရောင်ခြည်အောက်တွင် လက်နှစ်ဘက်ကို နောက်ပစ်၍ အင်ပါယာမြို့တော်သို့ လျောက်သွားလိုက်လေသည်။ ဂိတ်တခါးကို ဖြတ်သန်း၀င်ရောက်လိုက်သည်နှင့် ရင်းနှီးနေသည့် ဆောင်းရာသီ၏ အငွေ့အသက်များက သူ့မျက်နှာကို လာရောက်ကျီဆယ်နေလေသည်။ ဂျိချန်းရွဲ့က လမ်းမကြီးများကို စိတ်မကောင်းစွာ ကြည့်လိုက်မိသည်။


မြင်ကွင်းများက ထွက်သွားစဉ်ကနှင့် မခြားနားသောလည်း ခံစားချက်က အနည်းငယ် ပြောင်းလဲသွားလေသည်။ သူနှင့် ခပ်လှမ်းလှမ်းတွင် အုပ်စုနှစ်ခုက ရပ်နေရာမှ သူ့ကို အရိုအသေ ပြုလိုက်ကြသည်။


“အင်ပါယာမြို့တော်ကို ပြန်ရောက်လာတာကို ကြိုဆိုပါတယ်… အရှင်မင်းသား…:


“အရှင့်သားက ဘုရင်ခံယုရဲ့ အိမ်တော်ကိုသွားချင်ပါသလား…” အသက်ကြီးကြီးလူတစ်ယောက်က တလေးတစား အမူအယာနှင့် မေးမြန်းလိုက်သည်။ သူ၏ အသံနှင့် အမူအယာတွင် လေးစားမှု အနည်းငယ်မျှပင် မတွေ့ရပေ။


ဂျိချန်းရွဲ့က ထိုသူကို မှတ်မိသွားလေသည်။ ထိုသူက အင်ပါယာတရားရုံးတော်တွင် အဆင့်အတန်းမြင့်သည့် လူတစ်ယောက်ဖြစ်ပြီး ဘုရင်ခံယု၏ ဘက်တွင်နေရန် ရွေးချယ်ထားပုံပေါ်လေသည်။ သို့သော် ထိုအကြောင်းပြချက်က မောက်မာထောင်လွှားနိုင်သည့် အကြောင်းပြချက် ကောင်းကောင်းတစ်ခု မဟုတ်ပေ။ ဂျိချန်းရွဲ့၏ မျက်နှာအမူအယာက တည်ငြိမ်စွာနှင့် ထိုသူကို စိုက်ကြည့်လိုက်ပြီး အေးစက်စက် ပြောဆိုလိုက်သည်။


“တရားရုံးက အရာရှိထင်တယ်… အရာရှိလောက်က ဘာလို့ မောက်မာထောင်လွှားနေတာလဲ…. ငါပြန်လာတဲ့အချိန်မှာ အခြေအနေတွေက ဘယ်လိုပဲ ဖြစ်နေပါစေ.. ငါက အခုထိ မင်းသားတစ်ပါးပဲ…. ပြီးတော့ မင်းက မြို့တော်ထဲမှာ အေးအေးသက်သာနေနေတဲ့ အချိန်မှာ ငါက အပြင်ထွက်ပြီး မြို့တော်ရဲ့ ရန်သူတွေကို တိုက်ခိုက်ချေမှုန်းနေရတာ.. အနည်းဆုံးတော့ ရိုသေလေးစားမှုရှိသင့်တယ်…” 


တရားရုံးအရာရှိက ထိတ်လန့်သွားပြီး သူ၏ ကျောပြင်တွင် ချွေးစေးများ ထွက်လာလေသည်။ ဂျိချန်းရွဲ့၏ နောက်မှ အရပ်ရှည်၍ သန်မာသော သူက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ တရားရုံးအရာရှိက နောက်သို့ ယိုင်သွားပြီး လဲကျသွားလေသည်။ သူက ပညာရှင်သက်သက်သာ ဖြစ်သောကြောင့် သန်မာသော ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါကို တောင့်ခံနိ်ုင်စွမ်းမရှိပေ။


 ခပ်လှမ်းလှမ်းမှ လူအုပ်က သူတို့နားသို့ ချည်းကပ်လာလေသည်။ ထိုသူများကို ဦးဆောင်လာသူက မိန်းမစိုးတစ်ယောက်ဖြစ်ပြီး အိမ်ရှေ့စံမင်းသားဘက်မှ ဖြစ်နိုင်ပေသည်။


“ဒီနိမ့်ကျတဲ့အစေခံက အရှင့်သားကို နှုတ်ခွန်းဆက်သပါတယ်… အရှင့်သားဒီနေ့ပြန်လာမှာကို အိမ်ရှေ့စံမင်းသားက သတင်းရထားတာကြောင့် ကျွန်တော်မျိုးကို ဒီနေရာမှာလာစောင့်ခိုင်းထားပြီး နန်းတော်မှာ စကားစမြည်ပြောရအောင် အခေါ်တော်လွှတ်လိုက်ပါတယ်….” ငယ်ရွယ်သည့် မိန်းမစိုးက ရိုသေလေးစားဟန်နှင့် ဂျိချန်းရွဲ့ကို ပြောဆိုလိုက်သည်။


ဂျိချန်းရွဲ့က အနည်းငယ် စိတ်ကျေနပ်သွားဟန်နှင့် ခေါင်းညိမ့်လိုက်လေသည်။ သို့သော် သူက အနည်းငယ်မျှပင် မရွေ့လျားပဲ သူ့ရှေ့မှ လူအုပ်နှစ်စုကို ဝေ့၀ဲကြည့်လိုက်သည်။ ထို့နောက် ကြည်လင်သော အသံနှင့် ပြောဆိုလိုက်သည်။


“မင်းတို့ပြန်သွားပြီး ငါ့ရဲ့ ချစ်လှစွာသော အကိုတွေကို ပြောလိုက်ကြ…. ငါက ခရီးက ပြန်လာပြီးတော့ သူတို့နဲ့ တွေ့ချင်စိတ်မရှိဘူး… တစ်ကယ်လို့ ငါ့ကို ပြောစရာရှိရင် ခမည်းတော်ရဲ့ အသုဘအခမ်းအနားမှ ပြောကြမယ်လို့ ပြန်လျောက်တင်လိုက်ကြ….”