အခန်း ၁၁၅ “မာစတာ...စားဖို့ပဲအာရုံမစိုက်နဲ့...”
ဘုရင်ခံယု၏စံအိမ်ထဲတွင် ပုခုံးပေါ်တွင် နူးညံ့သောငှက်မွှေးများ ထည့်ချုပ်ထားသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော် ဘုရင်ခံယုက လက်နှစ်ဖက်ကို နောက်တွင်ပစ်၍ အေးဆေးတည်ငြိမ်စွာ လမ်းလျှောက်နေသည်။ သူ၏နောက်တွင် တတိယမင်းသားကို သွားရောက်ဖိတ်ခေါ်ခဲ့သော အဆင့်မြင့်အရာရှိက ထိတ်လန့် နေသောအမူအရာဖြင့် တိတ်တဆိတ်လိုက်ပါလာသည်။
“တတိယညီတော်က ငါ့ရဲ့ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်တယ်လို့ မင်းပြောလိုက်တာလား…”
ဘုရင်ခံယုက ရုတ်တရက်မေးလိုက်သောကြောင့် ထိုသူခဏကြောင်အသွားပြီး ခပ်မြန်မြန် ခေါင်းငြိမ့်ပြလိုက်သည်။ ဘုရင်ခံယုက သူ့ရဲ့ခြံဝင်းထဲမှာ ဖုံးလွှမ်းနေတဲ့ နှင်းစက်တွေကို မဲ့ပြုံးပြုံး၍ စိုက်ကြည့်လိုက်ပြီး အနည်းငယ် ရယ်မောလိုက်သည်။
“ဒါကဘာအဓိပ္ပါယ်လဲ မင်းကိုယ်မင်းသန်မာတယ်လို့ထင်နေတလား… အင်ပါယာမြို့တော်ထဲက အခြေအနေတွေက ရှုပ်ထွေးနေပြီးသားလေ… မင်းက လုံလောက်အောင် မရှုပ်ထွေးသေးဘူးလို့ ထင်နေလို့လား.... ဟားဟားဟား... မင်းက အပယ်ခံဖြစ်နေပြီးသား မင်းသားတစ်ပါးပဲလေ... ဘယ်လိုလုပ်ပြီး ငါနဲ့ယှဉ်နိုင်မှာလဲ...” ဘုရင်ခံယုက တစ်စုံတစ်ယောက်ကို မေးခွန်းထုတ်သလိုမျိုး တီးတိုးရေရွတ်လေသည်။ သူ၏မျက်နှာမှာလည်း အထင်သေးအမြင်သေးသည့် အမူအရာဖြင့် ပြည်နက်နေ၏။
လျှိုဝှက်ကောင်းကင်ဘုံ ဂိတ်တံခါး၏ဘေး အိမ်ရှေ့စံမင်းသား ၏ နန်းတော် အိမ်ရှေစံမင်းသား၏ နန်းတော်ထဲတွင် ပုံရိပ်နှစ်ခုက တည်ငြိမ်စွာ ရပ်နေပြီး အဝေးကို ငေးကြည့်နေကြသည်။ ရပ်နေသည့် နေရာမှ ကြည့်လိုက်လျှင် လျှို့ဝှက်ကောင်းကင်ဘုံ ဂိတ်တံခါးတစ်ခွင်ကို လွှမ်းခြုံမြင်ရလေသည်။
"တတိယညီတော်ပြန်လလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကြီးအကဲကျောက်မှာ မေးစရာ...ဒါမှမဟုတ် အကြံပြုစရာများရှိလား..."
တတိယ မင်းသားက သူ့ရဲ့ဘေးနားမှာရပ်နေတဲ့ အသက်ကြီးပိုင်းလူကြီးကို မေးလိုက်သည်။ အကြီးအကဲကျောက်ဟု ခေါ်လိုက်သော်လည်း သူ၏ အသက်အရွယ်ကမကြီးရင့်သေးပေ။ သူ၏ဆံပင်များက အဖြူရောင် ပြောင်းနေသော်လည်း မျက်နှာကတော့ နုပျိုဆဲပင် ရှိသေးသည်။ ကျောက်မူရှန်က ရွေ့လျှားပြောင်းလဲနေသော တိမ်တိုက်များကို ငေးမောကြည့်နေရာမှ တည်ငြိမ်စွာဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
"ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ အိမ်ရှေ့စံမင်းသားက စိုးရိမ်စရာအကြောင်းမရှိပါဘူး... တတိယမင်းသားက တော်ဝင်မင်းသားတစ်ပါးဖြစ်ပေမယ့် သူကအရင်ဧကရာဇ်ရဲ့အသိအမှတ်ပြုမှု့ကို မရခဲ့ဘူး... ဒါ့အပြင် မြို့တော်ရဲ့အပြင်ဘက်မှာ အချိန်ကာလအတော်ကြာ စစ်ပွဲတွေဆင်နွဲခဲ့ပြီးနောက် သူကလည်း စစ်သားတစ်ပိုင်းဖြစ်နေပြီလေ... ဘယ်လိုနည်းနဲ့မှ ရာဇပလ္လင်နဲ့ပတ်သတ်မှု့မရှိတော့ဘူး..."
ထိုစကားကိုကြားသည့်အခါတော့ အိမ်ရှေ့စံမင်းသားက ဝမ်းမြောက် ဝမ်းသာဖြစ်သွားသည်။ သူက တတိယ မင်းသားကို ဂရုမစိုက်သော်လည်း အင်ပါယာမြို့တော်၏ အရှုပ်အထွေး ဖြစ်နေချိန်တွင် မင်းသားတစ်ပါး၏ ဝင်ရောက်စွတ်ဖက်လိုက်မှုက ပို၍ရှုပ်ထွေးသွားစေနိုင်သည်။ ကျောက်မူရှန်က အိမ်ရှေ့စံမင်းသားကို ပြုံး၍စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
“ကျောက်မိသားစုလို ယန်မိသားစုနှင့်ကွမ်းမိသားစုက အရှင့်သားကို ထောက်ခံ ထားပြီဆိုမှတော့.. ဘာတွေစိတ်ပူစရာလိုတော့လို့လဲ… ဘုရင်မင်းမြတ်ဘယ်သူဆိုတာ မကြော်ငြာရသေးပေမယ့် ဒီအကူအညီတွေနဲ့ဆို ပလ္လင်ကိုပိုင်ဆိုင်ဖို့ စောင့်နေရုံပဲရှိတော့တာမဟုတ်လား….”
ကျောက်မူရှန်၏ စကားထဲတွင် မှော်အတတ်ပညာတစ်ခုခု ပါနေသကဲ့သို့ အိမ်ရှေ့စံမင်းသား၏ စိုးရိမ်သောကများကစိတတ်သက်သာရာရသွားလေသည်။ အိမ်ရှေ့စံမင်းသားက ထူးဆန်းနေသည်ဟုခံစားလိုက်ရသော်လည်း အကြောင်းရင်းကိုတော့ ရှာမတွေ့ပေ။
"အိမ်ရှေ့စံမင်းသား.. ဒီလျှိုဝှက်ကောင်းကင်ဂိတ်တံခါးကို အင်ပါယာမြို့ကိုတည်ထောင်ခဲ့တဲ့ ဧကရာဇ်ကိုယ်တိုင် တည်ဆောက်ထားပြီးတော့ ဒိုင်ယာရီ တွေရဲ့အဆိုအရ နတ်ဝိညာဉ် အစီအရင်တွေ ရေးထိုးခဲ့တယ်လို့ ပြောကြတယ်.."
ကျောက်မူရှန်က လှမ်းမြင်နေရသော လျှိုဝှက်ကောင်းကင်ဂိတ်တခါး၏ ကျယ်ပြန့်သော ကွက်လပ်ကို လက်ညိုးညွန်းပြပြီး မေးမြန်းလိုက်သည်။ အိမ်ရှေ့စံက ဖြူဖွေးသည့် နှင်းစက်များ ဖုံးလွမ်းနေသည့် လျှို့ဝှက်ကောင်းကင်ဂိတ်တံခါး၏ ရင်ပြင်ကျယ်ကို လှမ်းကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
"ငါတို့ရဲ့ဘိုးဘေးတွေက ကောင်းကင်ဘုံဂိတ်တံခါးနဲ့ပတ်သတ်တဲ့ ထူးဆန်းတဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်ထားခဲ့တယ်… ဒါပေမယ့် အစောဆုံးမှတ်တမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်ကစခဲ့ပြီး... အမှန်တရားကို ရှာဖွေဖို့နည်းလမ်းတွေမရှိတော့ဘူး ... ဖခမည်းတော် ကလည်း ကောင်းကင်ဘုံဂိတ်တံခါးနဲ့ ပတ်သတ်တဲ့ နတ်ဝိညာဉ် အစီအစဉ် ရှိတဲ့အကြောင်း တစ်ခါမှမပြောခဲ့ဖူးဘူး.... ဒါကအမှန်တရားလည်း ဖြစ်ကောင်းဖြစ်နိုင်သလို ပါးစပ်ပြောဒိုင်ယာရီတစ်ခုလည်းဖြစ်နိုင်တာပဲ.."
ကျောက်မူရှန်က အိမ်ရှေ့စံမင်းသားကို အချိန်အတော်ကြာ အကဲခတ်ကြည့်ရှုနေလိုက်ပြီး အမှန်အတိုင်း ပြောနေသည်ကို ခံစားရသော်ကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။
“ဒါကတစ်ကယ်ကိုဒိုင်ယာရီသက်သက်ပဲလား…”
"ဒီမှာ မင်းရဲ့ ရွှေဝါရောင် အသားပေါင်းဖက်ထုပ် ကောင်းကောင်း သုံးဆောင်ပါ"
ပုဖန်က အငွေ့တစ်ထောင်းထောင်း ထနေသော ရွှေဝါရောင် အသားပေါင်းဖက်ထုပ် ပါသည့် ဝါးပေါင်းခွက်လေးကို နီယန်ရဲ့ရှေ့မှာချပေးလိုက်ပြီးစာပွဲပေါ်မှာရှိနေသော ကြွေပန်းကန်ပြားတွေကိုတစ်ချက် အကဲခတ်ကြည့်လိုက်သည်။ ထိုအမျိုးသမီးက သူ့ဆိုင်မှာရှိတဲ့ ဟင်းပွဲတိုင်းကို မှာယူစားသောက်လိမ့်မည်ဟု့လုံးဝမမျှော်လင့်ထားခဲ့ပေ။
ပူပူနွေးနွေး ရွှေဝါရောင်သန်းနေသော ဖက်ထုပ်လေးတွေကို မြင်လိုက်ရသည့်အခါ နီယန်၏ လှပသော မျက်လုံးလေးများက လင်းလက်တောက်ပသွားပြီး အလျင်အမြန်ပင် ခေါင်းငြိမ့်ပြလိုက်ကာ သူမ၏ ပါးစပ်ထဲမှ နောက်ဆုံး လက်ကျန် အနီရောင်အသားနှပ်ကို ကမန်းကတန်း မြိုချလိုက်မိသည်။
"ငါ...ဒီလိုအရသာရှိတဲ့ အစားအသောက်မျိုး မစားခဲ့ရတာ အတော်ကိုကြာခဲ့ပြီ"
နီယန်က လေချဉ်တက်လိုက်ပြီးနောက် သူမ၏ပန်းနုရောင်လျှာဖျားလေးကို ထုတ်၍ ပွင့်ချပ်လေးလို နီရဲစိုမြနေသော သူမ၏ နှုတ်ခမ်းပါးလေးကို သပ်လိုက်ရာ ပုလဲလိုဖြူဖွေးညီညာနေသည့် သွားလေးတွေကို လှစ်ခနဲမြင်လိုက်ရလေသည်။ နီယန်၏ အမူအရာက အလွန်အမင်း စိတ်ကျေနပ်ပျော်ရွှင်နေပုံ ပေါက်နေလေသည်။ ပုဖန်က နီယန်၏ အမူအရာကိုကြည့်၍ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး ခုံတစ်ခုံကိုဆွဲယူ၍ သူမနဲ့ ဆန့်ကျင်ဘက်မှာ ဝင်ထိုင်လိုက်သည်။
ထန်းယင်နဲ့လု့ရှောင်းရှောင်းတို့ကလည်း ဟင်းပွဲတစ်ချို့ကို မှာစားခဲ့ကြပြီး ဗိုက်ပြည့်နေပြီဖြစ်သည်။ သို့သော် နီယန်ကတော့ ငတ်ပြတ်နေသည့်အလားပင် စားသောက်နေဆဲ ဖြစ်သည်။ နီယန်က တူဖြင့် အသားပေါင်းဖက်ထုပ် တစ်ခုကို ကောက်ယူလိုက်ရာ ဖက်ထုပ်ကို အနည်းငယ်ဖိလိုက်သလို ဖြစ်သွားသောကြောင့် အရည်တစ်ချို့ စိမ့်ထွက်လာလေသည်။ သူမကထိုအချိုရည်တွေ အောက်ကိုကျသွားမှာစိုးသည့်အလား လက်ကလေးဖြင့်ခံ၍ သူမပါးစပ်ထဲထည့်လိုက်ရာ ချောမွတ်နူးညံနေတဲ့ပါးလေးတွေက ချစ်စရာကောင်းအောင်ဖောင်းလာခဲ့သည်။
"စီနီယာ မင်းက တစ်ကယ့်ကို အစစ်အမှန် စားဖိုးမှူးတစ်ယောက် ဖြစ်နေမယ်လို့ ငါလုံးဝ မမျှော်လင့်ထားခဲ့ဘူး … " ထန်းယင်က ပုဖန်ကိုကြည့်ပြီး ပြောလိုက်သည်။ ပုဖန်က သူ၏ပုံစံအမှန်ကို ဖုံးကွယ်ထားသည်ဟု ထန်းယင်က ထင်ခဲ့မိခြင်း ဖြစ်သည်။
"ငါက တစ်ကယ်....တစ်ကယ့် ကိုအစစ်အမှန် စားဖိုမှူး... ပရော်ဖက်ရှင်နယ်စားဖိုမှူး... အင်ပါယာမြို့တော်တွင်းမှာဖွင့်ထားတဲ့ ဆိုင်သေးသေးလေးရဲ့စားဖိုမှူး..." ပုဖန်က ခေါင်းငြိမ့်လိုက်ပြီး အဆက်မပြတ် ပြန်ပြောလိုက်လေသည်။
လု့ရှောင်းရှောင်းက သူမ၏ ကြီးမားဝိုင်းစက်လှသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။ ပုဖန်၏ အပြုအမူက မြေရိုင်းလွင်ပြင်အတွင်မှ အပြုအမူများနှင့် ကွာခြားနေသည်ဟု သူမက ခံစားနေရသည်။ သို့သော် လှပသည့် အမျိုးသမီးတစ်ယောက်ဖြစ်သော သူမ၏ ဆရာက ပုဖန်၏ ဟင်းပွဲများကို အငမ်းမရ စားသောက်နေသည်ကို မြငလိုက်ရသောအခါ သူမ၏ သံသယများ ပျောက်ကွယ်သွားလေသည်။ အစားကြူးသော သူမဆရာနှင့် နှိုင်းယှဉ်လိုက်လျှင် ပုဖန်ကပို၍ ထူးခြားကောင်းမွန်ပေသည်။
"စီနီယာ... နင်က ဖီးနစ်သွေးဆေးပင်ကို ခူးယူနိုင်ခဲ့လား…” လုရှောင်းရှောင်းက တည်ကြည်သောအသံနှင့် မေးလိုက်လေသည်။
သူမ၏ မေးခွန်းက ပုဖန်ကို အနည်းငယ် အံ့အားသင့်သွားစေသော်လည်း ပုဖန်က ခေါင်းငြိမ့်ပြလိုက်သည်။ ထိုအချိန်က ဖီးနစ်စုတေတောင်ကြားမှ သူတို့ နှစ်ဦး ဖီးနစ်စုတေတောင်ကြားထဲမှ အန္တရာယ်ကင်းစွာထွက်လာနိုင်ချိန်တွင် ပုဖန်တစ်ယောက်သာ ကျန်ခဲ့လေသည်။ သူတို့ရှာတွေ့ခဲ့သည့် ဖီးနစ်သွေးဆေးပင်ကို ပုဖန်သာ ခူးဆွတ်သွားနိုင်မည်ဟု သူမက သံသယဝင်ခဲ့လေသည်။ သူမထင်သည့်အတိုင်း ပုဖန်ကလည်းမငြင်းသောကြောင့် လု့ရှောင်းရှောင်းပျော်ရွှင်သွားလေသည်။
ရွှေဝါရောင်အသားပေါင်းဖက်ထုပ်ကို တစ်ခုပြီးတစ်ခု အဆက်မပြတ် ပါးစပ်ထဲထည့်နေသောကြောင့် ပါးလေးဖောင်းကားနေသည့် သူမ၏ ဆရာကို ကြည့်၍ လုရှောင်းရှောင်းက ပြောဆိုလိုက်သည်။
" မာစတာ...ငါတို့ အင်ပါယာမြို့တော် ကိုလာရတဲ့ ရည်ရွယ်ချက် ကိုမမေ့ပါနဲ့ဦး"
အစားကြူးသည့် သူမ၏ ဆရာမက အရသာရှိသည့် အစားအသောက်တစ်ခုကို တွေ့လိုက်သည်နှင့် အရာအားလုံးကို မေ့လိုက်နိုင်ပေသည်။
"ဂျူနီယာညီမ … အလျှင်လိုစရာမလိုပါဘူး… စီနီယာက ဒီမှာရှိနေတာလေ… မာစတာစားလို့ပြီးသွားမှ ဖီးနစ်သွေးဆေးပင်ရဲ့ အကြောင်းကို ငါတို့ဆွေးနွေးလို့ရနိင်တာပဲ …” ထန်းယင်က မျက်မှောင်ကြုံ့၍ လုရှောင်းရှောင်းကို ပြောဆိုလိုက်သည်။
ခုံကိုမှီထိုင်နေသည့် ပုဖန်က ထိုသုံးယောက်ကို ကြည့်၍ တွေးလိုက်မိသည်။
“ဒီတော့.... ဒီသုံးယောက်က ဖီးနစ်သွေးဆေးပင်အတွက် ငါ့ဆိုင်ကိုရောက်လာကြတာပေါ့....”
"ဟားဟားဟားဟား … ပိုင်ရှင်ပုကို မတွေ့ရတာတောင်ကြာပြီ…”
ဆိုင်အပြင်ဘက်မှ ရယ်မောသံကြားလိုက်ရပြီး ထိုအသံကို ရင်းနှီးကျွမ်းဝင်လှသောကြောင့် အတွေးစဖြတ်လိုက်ပြီး ဆိုင်ထဲဝင်လာသည့် ပုံရိပ်နှစ်ခုကို ဇဝေဇဝါ လှမ်းကြည့်လိုက်သည်။ ရယ်မောနေသောလူက တတိယမင်းသားဂျိချန်းရွဲ့ဖြစ်ပြီး သူ၏ ဘေးတွင် မျက်နှာကာပါသည့် ဝါးဦးထုပ်ကို ဆောင်းထားသူတစ်ယောက်ကို တွေ့လိုက်ရသည်။
"ဟင်....မင်းလား.. ခရီးစဉ်ကနေပြန်လာပြီလား… " ပုဖန်က ခပ်ပြုံးပြုံးဖြင့် လှမ်းမေးလိုက်သည်။
ဂျိချန်းရွဲ့က ပုဖန်၏ အသုံးအနှုန်းကို နားမလည်သောကြောင့် အနည်းငယ် ကြောင်အသွားသော်လည်း ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
"ပိုင်ရှင်ပု ငါက အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို မသောက်ရတာ တော်တော်ကြာပြီဆိုတော့ အခုအရမ်းသောက်ချင်နေပြီ.. ငါ့ကိုဝိုင်တစ်အိုးမြန်မြန်လေးပေးပါ"
ပုဖန်က ခေါင်းညိမ့်ပြလိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ သူ့ရဲ့အရှေ့က မျက်နှာကာပ်သည့် ဝါးဦးထုပ်ဆောင်းထားသော လူကိုကြည့်လိုက်ပြီး မေးလိုက်သည်။
"မင်းကရော...ဘာမှာ မှာလဲ… "
"ငါလည်းတူတူပဲ" အက်ရှရှ အသံတစ်ခု ထွက်ပေါ်လာပြီး ထိုသူက သူ၏ ဦးထုပ်ကို ဆွဲချွတ်လိုက်သည်။ ပုဖန် ရင်းနှီးနေသော ချောမောခန့်ငြားသည့် မျက်နှာက ပေါ်ထွက်လာလေသည်။ သူတို့က ခပ်ပြုံးပြုံးဖြင့် ပုဖန် ကိုခေါင်းငြိမ့်ပြလိုက်သည်။ သူတို့နှစ်ယောက် အတူတူ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ပုဖန်က အနည်းငယ်အံ့ဩသင့်သွားသည်။
“ဘယ်လိုဖြစ်လို့သူတို့က အတူတူ အပြင်ထွက်လာကြတာလဲ...”
"မင်းတို့ ဝိုင်နဲ့အတူတွဲစားဖို့ တစ်ခြားဘာမှမမှာကြတော့ဘူးလား?" ပုဖန်က ထပ်မေးလိုက်သည်။
" မမှာတော့ဘူး.. ငါ့ကိုဝိုင်ပဲပေး ဒီနေ့ ငါ့ရဲ့ဝိုင်သောက်ချင်စိတ်ကိုဖြေသိမ့်ဖို့ အတွက်လာခဲ့တာ.." ဂျိချန်းရွဲ့က ပြုံးပြီး ပြောလိုက်သလို ရှောင်ယုကလည်း အလားတူ တုန့်ပြန် လိုက်သည်။
ပုဖန်လည်း ဘာမှထပ်မပြောတော့ဘဲ မီးဖိုခန်းထဲသို့ဝင်သွားလိုက်သည်။
ဂျိချန်းရွဲ့၏ ရှေ့တွင် ထိုင်နေသည့် ရှောင်ယုက လောဘတကြီး စားသောက်နေသော အလှလေးကို ငေးကြောင်ကြောင် စိုက်ကြည့်နေလိုက်သည်။ တခဏအကြာတွင် သူ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထိတ့်လန့်လာလေသည်။
"ဒီအမျိုးသမီး.... ဘာကြောင့်ဒီကိုရောက်နေတာလဲ…"