အပိုင်း ၁၁၆
Viewers 53k

အခန်း ၁၁၆ “ နဂါးရှင်သန်ခြင်းဝိုင်”


ရှောင်ယုက ထိုအမျိုးသမီးကို မှတ်မိသွားလေသည်။ ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ထိပ်သီးကျွမ်းကျင်သူများအနက်မှ လှပသော ထိုအမျိုးသမီးကို သူက သိရှိထားပေသည်။


“အာကာသအာနန်ဂိုဏ်းက တတိယအကြီးအကဲပဲ…” ရှောင်ယုက မျက်၀န်းများကို မှေးကျဉ်းလိုက်ပြီး နီယန့်ကို စိုက်ကြည့်လိုက်သည်။


နီယန်၏ လက်ရှိသိုင်းအဆင့်ကို ထည့်မတွက်လျှင်ပင် အာကာသအာနန်ဂိုဏ်း၏ အကြီးအကဲရာထူးကပင် ရှောင်ယု၏ စိတ်၀င်စားမှုကို ခံရရန် လုံလောက်နေပေသည်။ အာကာသအာနန်ဂိုဏ်းကို ဂိုဏ်းကြီးဆယ်ဂိုဏ်းအတွင်းတွင် ထည့်သွင်းသတ်မှတ်ထားသော်လည်း အခြားဂိုဏ်းများထက် များစွာ အားကောင်းပေသည်။


အာကာသအာနန်ဂိုဏ်းက ဂမ္မီကပညာနှင့် နက္ခတာရာပညာတို့တွင် အလေးထားခဲ့သော်လည်း ဂိုဏ်းအတွင်းမှ တပည့်အများစုက ဘုရင်အဆင့်များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီ၏ စွမ်းဆောင်ရည်က ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထို့အပြင် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်သန်မာလှပြီး ရန်သူများနှင့် တိုက်ခိုက်ရာတွင် အစီအရင်များနှင့် တိုက်ခိုက်တတ်သောကြောင့် တစ်ခြားဂိုဏ်းများအားလုံးက သတ်ိထားဆက်ဆံရပေသည်။


အာကာသအာနန်ဂိုဏ်း၏ အုတ်မြစ်က နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး အလွန်ခိုင်မာလှပေသည်။ ထိုဂိုဏ်းသားများက လောကီရေးရာများကို စိတ်၀င်စားခြင်းမရှိပဲ ဧကရာဇ်ချန်းဖန်နှင့် တိုက်ခိုက်ခဲ့ခြင်းလည်းမရှိပေ။ ဧကရာဇ်ချန်းဖန် ကိုယ်တိုင်က ဂိုဏ်းကြီးဆယ်ဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းမည်ဟု ကြေညာခဲ့သော်လည်း အာကာသာအာနန်ဂိုဏ်းနှင့် တိုက်ခိုက်ခဲ့ခြင်းမရှိပေ။


အာကာသာအာနန်ဂိုဏ်း၏ တတိယအကြီးအကဲ နီယန်၏ ကျင့်ကြံခြင်းအဆင့်က သူတော်စင်အဆင့် ဖြစ်ပြီး လေအလင်းအင်ပါယာနိုင်ငံ၏ နံပါတ်တစ်ကာကွယ်စောင့်ရှောက်သူ ရှောင်မန်ထက် အားနည်းခြင်းမရှိပေ။


“အင်ပါယာမြို့တော်က အထ်ိမခံဖြစ်နေတဲ့အချိန်မှာ ဘာလို့ သူမက ပေါ်လာတာလဲ…” ရှောင်ယုက စိတ်ရှုပ်ထွေးစွာနှင့် တွေးလိုက်မိသည်။ အာကာသအာနန်ဂိုဏ်း ၏ လုပ်ရိုးလုပ်စဉ်အတိုင်းဆိုပါက အင်ပါယာမြို့တော်ကို သူတို့က လုံး၀ စိတ်မ၀င်စားပေ။


“နင်ဘာကြည့်နေတာလဲ.. လှတဲ့သူတွေကို မမြင်ဖူးဘူးလား…” လုရှောင်းရှောင်းက ရှောင်ယုကို မကျေမနပ်နှင့် မျက်လုံးပြူးကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


စားသောက်နေသည့် သူမတို့၏ ဆရာက ရက်ရက်စက်စက် လှပသည်ကို လုရှောင်းရှောင်းက သိရှိသော်လည်း ထိုသို့ အရှက်မရှိ ငမ်းကြောထ၍ စိုက်ကြည့်နေသည်ကို သူမက နှစ်သက်ခြင်းမရှိပေ။ ထန်းယင်ကလည်း ရှောင်ယုကို စူးစိုက်ကြည့်လိုက်လေသည်။ ရှောင်ယုနှင့် ထန်းယင်တို့က တစ်ယောက်၏ စွမ်းအားကိုတစ်ယောက်ခံစားမိလိုက်ကြသည်။ ရှောင်ယုက ထန်းယင်ကဲ့သို့ အင်ပါယာအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အချင်းချင်းတိုက်ခိုက်ယှဉ်ပြိုင်ပါက အန္တရာယ်ရှိသည်ကို ခံစားမိလိုက်ကြသည်။


“ဟမ်… ဘာတွေဖြစ်နေတာလဲ…” ရှောင်ယု၏ ခန္ဒာကိုယ်မှ အန္တရာယ်ရှိသည့် အငွေ့အသက်များ ထွက်ပေါ်နေသောကြောင့် ဂျိချန်းရွဲ့က မေးမြန်းလိုက်သည်။ ထို့နောက် ရှောင်ယုကြည့်နေသည့် နီယန်တို့သုံးယောက်ကို လှည့်ကြည့်လိုက်သည်။


“ဒီလူသုံးယောက်က .. မရိုးရှင်းဘူး….”


ရှောင်ယုက တိုးတိုးတိတ်တိတ် ပြောဆိုလိုက်ပြီး သူ၏ အရှိန်အဝါများကို ပြန်ရုတ်သိမ်းလိုက်သည်။ ပုဖန်၏ ဆိုင်အတွင်းတွင် တိုက်ခိုက်ချင်လျင်ပင် တိုက်ခိုက်ရဲသော သတ္တိမရှိပေ။ စက်ရုပ်၏ တိုက်ခိုက်နိုင်စွမ်းနှင့် ခွေးနက်ကြီး၏ ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို သတိတရ ရှိနေဆဲပင် ဖြစ်သည်။ ထန်းယင်က ထုတ်ဖော်ထားသည့် အရှိန်အဝါများကို ရုပ်သိမ်းလိုက်ပြီး အဝေးသို့ ငေးကြည့်လိုက်လေသည်။ မကြာမီအချိန်အတွင်း ပုဖန်က ဝိုင်အိုးကို ကိုင်၍ မီးဖိုခန်းအတွင်းမှ ထွက်လာခဲ့သည်။ နီယန်က အစားအသောက်များကိုသာ စိတ်၀င်စားနေသောကြောင့် ဝိုင်ကို မှာယူထားခြင်းမရှိပေ။


“ဒီမှာ မင်းတို့ရဲ့ ဝိုင် ကောင်းကောင်းသုံဆောင်ပါ…” ပုဖန်က ဝိုင်အိုးကို စားပွဲပေါ်တွင် တင်ပေးလိုက်ပြီး ပြောဆိုလိုက်သည်။


ရှောင်ယုနှင့် ဂျိချန်းရွဲ့တို့က ဝိုင်သောက်ချင်နေပြီဖြစ်သောကြောင့် ချက်ချင်း ဆွဲယူလိုက်ပြီး အ၀တ်စကို လှပ်လိုက်လေသည်။ မွှေးပျံ့နေသော ဝိုင်၏ ရနံ့က လွင့်ပျံ့လာပြီး ဝိုင်ငတ်နေသည့် ဂျိချန်းရွဲ့နှင့် ရှောင်ယုကို ထိန်းချုပ်နိုင်စွမ်း မဲ့သွားစေသည်။ ဝိုင်နံ့က နီယန်တို့ သုံးယောက်ထံ ရောက်ရှိလာသောကြောင့် သူတို့က အံ့အားသင့်သွားကြပြီး ဝိုင်အိုးကို လှမ်းကြည့်လိုက်ကြသည်။


“အိုး… ဒီဝိုင်ရဲ့ အနံ့က အရမ်းကို မွှေးတာပဲ…” ပုဖန်၏ ဆိုင်မှ ဟင်းပွဲများအားလုံးကို မှာယူစားသောက်ပြီးသည့် နီယန်က သူမ၏ ပါးစပ်ထဲမှ နောက်ဆုံးဖက်ထုပ်ကို မြိုချလိုက်ပြီး မတ်တပ်ရပ်၍ ပြောဆိုလိုက်သည်။ ထို့နောက် သူမက အညောင်းဆန့်လိုက်ပြီး ရှောင်ယုနှင့် ဂျိချန်းရွဲ့တို့၏ စားပွဲဆီသို့ လျောက်လာလိုက်သည်။


“ပိုင်ရှင်ပုရဲ့ ဆိုင်က အေးခဲ ကျောက်စိမ်းနှလုံးသားဝိုင်က ငါသောက်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ.. ဒီက အမျိုးသမီးကရော ဝိုင်ကို မြည်းကြည့်ချင်လား…” ဂျိချန်းရွဲ့က နူးညံ့ငြင်သာစွာ မေးလိုက်သည်။


နီယန်က မျက်လုံးများကို တခဏမျှ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ကမ်းလှမ်းချက်ကို လက်ခံလိုက်လေသည်။ သူမက ပုဖန်ထံမှ ခွက်တစ်ခွက်တောင်းလိုက်ပြီး ဂျိချန်းရွဲ့၏ ရှေ့သို့ ချ၍ ပြောလိုက်လေသည်။


“ဒီခွက်ထဲကို အပြည့်ဖြည့်ပေးပါ…”


“မင်းသောက်ဖူးသမျှ ဝိုင်ထဲမှာ ဒီဝိုင်က အကောင်းဆုံးပဲ ဟုတ်လား… ဒီ ဝါရင့် ယစ်ထုတ်ကြီးရဲ့ နဂါးရှင်သန်ခြင်း ဝိုင်လောက် ကောင်းနိုင်ပါ့မလား….” နီယန်က အပြုံးလေးနှင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။


နီယန်က နွေဦးစမ်းရည်ကဲ့သို့ ကြည်လင်နေသည့် ဝိုင်အပြည့်ဖြည့်ထားသည့် ဝိုင်ခွက်ကို ကောက်ကိုင်၍ တစ်ကျိုက်မော့သောက်လိုက်ရာ ပြင်းရှရှအရသာက သူမ၏ လည်ချောင်းထဲသို့ စီး၀င်သွားလေသည်။


“ဟမ်… ဒီအရသာက… အင်း .. ဒီလောက်ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး… ဒါက ဝါရင့်ယစ်ထုတ်ကြီးရဲ့ နဂါးရှင်သန်ခြင်းဝိုင်နဲ့ နှိုင်းယှဉ်နိုင်ပေမယ့် နည်းနည်းတော့ အားပျော့သေးတယ်…”


ပထမအကြိမ်အဖြစ် သူ၏ ဝိုင်ထက် ကောင်းမွန်သော ဝိုင်အကြောင်းကို ကြားလိုက်ရသောကြောင့် ပုဖန်က စိတ်၀င်စားသွားပြီး မေးလိုက်မိသည်။


“နဂါးရှင်သန်ခြင်းဝိုင် ဟုတ်လား…”


နီယန်က ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ငြင်သာစွာ ခေါင်းညိမ့်ပြလိုက်သည်။


“ဒီလူလိမ်လူကောက်ကောင်က ဘယ်အချိန်မှာ မေးခွန်းမေးရမယ်ဆိုတာကို ကောင်းကောင်းသိနေတာပဲ…” နီယန်က တွေးလိုက်မိသည်။


“ဟုတ်တယ်… မင်းရဲ့ ဟင်းပွဲတွေ အကုန်လုံးက အရမ်းကိုကောင်းမွန်တယ်ဆိုတာကို ငါ၀န်ခံပါတယ်… ဒါပေမယ့် မင်းဟင်းပွဲတွေထက် အရသာရှိတဲ့ အစားအသောက်တွေကို ငါစားဖူးတယ်… နဂါးမြို့ဟောင်းနယ်မြေက အရမ်းကို ကျယ်ပြန့်ပြီးတော့ အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ရှိနေတာပဲလေ… တချို့က သဘာ၀အတိုင်း အရသာရှိကြပြီး ဖန်တီးချက်ပြုတ်ထားတဲ့ ဟင်းပွဲတွေကလည်း ဒီထက်ပိုကောင်းတယ်…” နီယန်က အေးအေးဆေးဆေးပင် ရှင်းပြလိုက်သည်။


ပုဖန်က သူ၏ အရည်အချင်းကို ယုံကြည်မှုရှိသော်လည်း မာနထောင်လွှားနေခြင်းမဟုတ်သာကြောင့် နီယန့်၏ စကားကို သဘောတူစွာနှင့် ခေါင်းညိမ့်လိုက်လေသည်။


“ဥပမာအနေနဲ့ နဂါးရှင်သန်ခြင်းဝိုင်ကိုပဲ ကြည့်လေ… နဂါးရှင်သန်ခြင်းဝိုင်ထဲမှာ တန်ဖိုးရှိတဲ့ ဝိဥာဉ်ဆေးပင် ရာပေါင်းများစွားပါ၀င်ပြီး တန်းထျန်တောင်ထိပ်က မီးတောင်ရေကန်အောက်မှာ သုံးနှစ်လောက်ထားထားရတယ်… ဝိုင်ရဲ့အရောင်က မီးတောက်တွေရဲ့ အရောင်လို အရမ်းကို လှပတယ်…”


“တစ်ကျိုက်လောက်သောက်လိုက်တာနဲ့ ခါးသက်မှုနဲ့ နူးညံ့မှုကို တစ်ပြိုင်ထဲခံစားရပြီးတော့ နဂါးမီးတောက်တွေ အောက်မှာရောက်နေသလိုမျိုး မင်းရဲ့ ခန္ဒာကိုယ်က ပြန်လည်နေမွေးဖွားလာသလို ခံစားရလိမ့်မယ်… မင်းရဲ့ ဝိုင်က အရမ်းကောင်းပေမယ့် နဂါးရှင်သန်ခြင်းဝိုင်နဲ့ ယှဉ်လိုက်မယ်ဆိုရင် နည်းနည်းလေး အားနည်းနေသေးတယ်…..” နီယန်က တည်ငြိမ်အေးဆေးစွာဖြင့် ရှင်းပြလိုက်သည်။


၀ါရင့်ယစ်ထုတ်ကြီးက အာကာသအာနန်ဂိုဏ်းမှ လူထူးဆန်းတစ်ယောက်ဖြစ်ပြီး နီယန်ကိုယ်တိုင်ပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို မခန့်မှန်းနိုင်ပေ။ သို့သော် သူမက ကံကောင်စွာဖြင့် နဂါးရှင်သန်ခြင်းဝိုင်ကို သောက်လိုက်ရသောကြောင့် ထိုအရသာကို စွဲစွဲလမ်းလမ်းနှင့် မှတ်မိနေပေသည်။ ထို့ကြောင့် သူမက ပြန်ပြောပြနိ်ုင်ခြင်း ဖြစ်သည်။


“စနစ်… ကြည့်ရတာတော့ ငါတို့ရဲ့ ဝိုင်က ရှုံးသွားပြီထင်တယ်…” ပုဖန်က စနစ်ကို လှမ်းပြောလိုက်သော်လည်း အချိန်အတန်ကြာသည်အထိ စနစ်မှ ပြန်လည်တုံပြန်လာခြင်း မရှိ်ပေ။


“ကြားဖြတ်မစ်ရှင်… ဝါရင့်ယစ်ထုတ်ကြီးရဲ့ နဂါးရှင်သန်ခြင်းဝိုင်ကို အပြန်အသတ် နှိမ်နင်းနိုင်မယ့် ဝိုင်ကို ကိုယ်တိုင်ရှာဖွေထုတ်လုပ် လိုပါသလား… (လူငယ်လေး.. တွေ့ကြုံလာရမယ့် အတားအဆီးတွေကို ကိုယ်ခွန်အားနဲ့ကိုယ် ချေမှုန်းပြီး မင်းရဲ့ အတောင်ပံတွေကို ဖြန့်ပြီး အမြင့်ဆုံးကို ပျံသန်းပါ…) စနစ်မှဆု… နဂါးသွေးဆန်နှင့် စွမ်းအင်ပြောင်းလဲမှုအချိုး...ဆယ်ရာခိုင်နှုန်း…”


ပုဖန်၏ စိတ်ထဲတွင် စနစ်၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာပြီး မစ်ရှင်တစ်ခုကို ကြေညာလိုက်သောကြောင့် ဆွံ့အသွားလေသည်။


“ဘာလဲဟ… နည်းနည်းလောက်လေး သဘောထားကွဲလွဲသွားတာနဲ့ စနစ်က မစ်ရှင်ထုတ်ပေးလိုက်တာလား…”


ထိုကြားဖြတ်မစ်ရှင်က နီယန်ပြောပြသည့် ယစ်ထုတ်ကြီး၏ နဂါးရှင်သန်ခြင်းဝိုင်ထက် ကောင်းမွန်သော ဝိုင်တစ်မျိုး ရှာဖွေရန် ဖြစ်သောကြောင့် ပုဖန်က စိတ်၀င်စားနေပေသည်။ ပုဖန် တွေးတောနေချိန်တွင် နီယန်က ဝိုင်ခွက်ကို ကုန်အောင်သောက်လိုက်ပြီဖြစ်သည်။ သူမ၏ အမူအယာက အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို စိတ်မ၀င်စားဟန် ဖြစ်နေပေသည်။


အေ့…


နီယန်က လေတစ်ချက်တက်လိုက်လေသည်။ သူမ၏ မျက်နှာလေးက နီမြန်းနေပြီး လှပမှုကို အရောင်တင်နေသကဲ့သို့ ဖြစ်နေပေသည်။ စွမ်းအင်မြင့်မားစွာ ပါ၀င်သည့် အစားအသောက်များကို စားထားသောကြောင့် သူမ၏ ခန္ဒာကိုယ်ထဲတွင် နောက်တစ်ဆင့်သို့ ကျော်ဖြတ်နိုင်လောက်သည့် စွမ်းအင်များ ပြည့်နှက်နေသည်ကို ခံစားနေရပေသည်။ သူတော်စင်အဆင့်ကို ချိုးဖြတ်ရာတွင် စွမ်းအင်အမြောက်အများ လိုအပ်သောကြောင့် ဤအဆင့်တွင်ရပ်တန့်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။


ယခုအခါ ခရီးသွားနွားနဂါး၏ အသားနှင့် ပြုလုပ်ထားသော အသားအူချောင်းအတွင်းမှ များပြားလှသော စွမ်းအင်များကို စုတ်ယူလိုက်ပြီး အဆင့်ချိုဖြတ် တက်ရောက်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သည်။ သူမက အစားကြူးသူတစ်ယောက်ဖြစ်သော်လည်း စွမ်းအင်ကျင့်ကြံခြင်းကို ဂရုစိုက်သူတစ်ယောက်ဖြစ်သောကြောင့် ကျသင့်ငွေကို ခပ်မြန်မြန်ရှင်းပေးလိုက်ပြီး ထန်းယင်နှင့် လုရှောင်းရှောင်းတို့ကို ဆွဲခေါ်လိုက်ပြီး ဆိုင်ထဲမှ ထွက်ခွာသွားလေတော့သည်။


နီယန်၏ နောက်မှ တရွတ်တိုက်ပါလာသော လုရှောင်းရှောင်းနှင့် ထန်းယင်တို့က အူကြောင်ကြောင်နှင့် တွေးလိုက်မိသည်။


“မာစတာက အင်ပါယာမြို့တော်ကို လာတဲ့ ရည်ရွယ်ချက်ကို မေ့သွားတာလား… အင်း.. ကြည့်ရတာတော့ သူမေ့သွားပြီဖြစ်မယ်…”