အပိုင်း ၁၁၇
Viewers 62k

အခန်း ၁၁၇ “ဂိုဏ်းအသီးသီးက ကျွမ်းကျင်သူတွေရောက်လာပြီ…”


ပုဖန်က အလျှင်အမြန် ထွက်ခွာသွားသည့် နီယန်တို့ သုံးယောက်ကို ကြည့်၍ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။ နီယန်က နဂါးရှင်သန်ခြင်းဝိုင်ကို မြည်းစမ်းဘူးသောကြောင့် ပုဖန်က အသစ်ထုတ်လုပ်မည့် ဝိုင်၏ အချက်အလက်များကို တိုင်ပင်တွေးနွေးရန် ပြင်ဆင်နေခဲ့သည်။ သို့သော် မပြောမဆိုနှင့် သူမက ထွက်ခွာသွားလေသည်။


“ဘယ်လိုပဲဖြစ်ဖြစ် ငါမြည်းစမ်းဖူးသမျှထဲမှာတော့ ပိုင်ရှင်ပုရဲ့ ဝိုင်က အကောင်းဆုံးပဲ….” ဂျိချန်းရွဲ့က ခပ်ပြုံးပြုံနှင့် ချီးမွန်းပြောဆိုလိုက်ပြီး ဝိုင်ခွက်ကို မော့သောက်လိုက်သည်။


ရှောင်ယုကလည်း ထိုကဲ့သို့ ပြုလုပ်လိုက်လေသည်။ သူတို့နှစ်ယောက်က နဂါးရှင်သန်ခြင်းဝိုင်ကို မမြည်းစမ်းဘူးသောကြောင့် ဝိုင်နှစ်ခုကြားမှ ကွာခြားချက်ကို မသိရှိသော်လည်း ရတနာစိခြယ်မက်မွန်ဝိုင်နှင့် ယှဉ်လိုက်လျှင် ပုဖန်၏ ဝိုင်က အပြတ်အသတ် သာလွန်နေသည်ကို သိရှိနေကြပေသည်။ ပုဖန်က သူတိ်ု့နှစ်ယောက်ကို ခေါင်းညိမ့်ပြလိုက်ပြီး ပြောဆိုလိုက်သည်။


“သာလွန်ကောင်းမွန်တဲ့ တစ်စုံတစ်ခုရှိနေတယ်ဆိုတာ ငါသိပြီးသားပဲလေ… ဒါကြောင်လဲ ငါက မျက်ကန်းတစ်ယောက်လို မာနထောင်လွှားမနေတာပေါ့… ငါက ဒီထက်ပိုကြိုးစားပြီး ဝိုင်ကောင်းကောင်းနောက်တစ်မျိုးကို ဖန်တီးရမယ်… အဲဒီဝိုင်က နဂါးရှင်သန်ခြင်းဝိုင်ထက် ပိုကောင်းရမယ်လို့ ငါ့ကိုယ်ငါ ယုံကြည်တယ်… အဲဒီဝိုင်ရလာရင် မင်းတို့ လာပြီး မြည်းစမ်းကြည့်မို့ မမေ့ကြနဲ့ဦး…”


ပုဖန်က သာမာန်အတိုင်းပင် တည်တည်ငြိမ်ငြိမ်ပြောနေသော်လည်း သူ၏ မျက်နှာပေါ်တွင် ယုံကြည်မှုများနှင့် ပြည့်နှက်နေသည်ကို တွေ့နေရပေသည်။ ရှောင်ယုနှင့် ဂျိချန်းရွဲ့တို့က ခေါင်းတစ်ဆတ်ဆတ် ညိမ့်ပြလိုက်ကြသည်။ သူတို့က ပုဖန်၏ ဝိုအရသာကို အလွန်နှစ်သက်ကြလေသည်။ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကပင် အင်ပါယာမြို့တော်အတွင်းမှ ဝိုင်များအားလုံးထက် ပိုမိုကောင်းမွန်နေရာ ပုဖန်ထပ်မံ ဖန်တီးမည့် ဝုိင်က ပိုမိုကောင်းမွန်မည်ကို သူတို့က သံသယမရှိကြပေ။


သူတို့နှစ်ယောက်က ဝိုင်ကို ဆက်သောက်နေရင်း ပုဖန်နှင့် စကားစမြည် ပြောနေကြသည်. ပုဖန်၏ အမူအယာက အေးတိအေးစက်သာ ရှိနေသော်လည်း သူတို့က ထိုအမူအယာကို ရင်းနှီးကျွမ်း၀င်နေကြသောကြောင့် စိတ်အနှောက်အယှက် မဖြစ်ကြချေ။ ထို့နောက် ကျသင့်ငွေကို ရှင်းပေးလိုက်ပြီး ပုဖန်ကို နှုတ်ဆက်၍ စိတ်ကျေနပ်မှုအပြည့်နှင့် ဆိုင်အတွင်းမှ ထွက်ခွာသွားကြလေတော့သည်။


ပုဖန်က နီယန်တို့၏ စားပွဲကို သိမ်းဆည်းရန်ပြင်ဆင်လိုက်သည်။ ပြောင်သလင်းခါနေသော ပန်းကန်များကို ကြည့်၍ ပုဖန်က အံ့အားသင့်သွားလေသည်။ ထိုအမျိုးသမီးက နတ်ဘုရားမတစ်ပါးကဲ့သို့ လှပ၍ ကြီးကျယ်မြင့်မြတ်ဟန် ရှိသော်လည်း သူမ၏ အစာအိမ်က ကြောက်မယ်ဖွယ်ကောင်းလောက်အောင် ကြီးမားလှပေသည်။


“ဘယ်လိုပဲဖြစ်ဖြစ်… စားနိုင်သောက်နိုင်တယ်ဆိုတာက ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုတစ်ခုပဲလေ…” ပုဖန်က တွေးတောမိလိုက်သည်။ ပန်ကန်များကို ဆေးကြောသန့်စင်ပြီးနောက် ပုဖန်က ဆိုင်ပေါက်၀မှ ခုံကို ဆွဲယူ၍ ခပ်လျောလျောထိုင်လိုက်ပြီး အပြင်ဘက်မှ ကျဆင်းနေသော နှင်းပွင့်လေးများကို ငေးကြည့်နေလေသည်။ ပုဖန်က နဂါးရှင်သန်ခြင်းဝိုင်ထက် သာလွန်ကောင်းမွန်သော ဝိုင်ကို ထုတ်လုပ်နိုင်ရန် တွေးတောနေလေသည်။


အင်ပါယာမြို့တော်၏ လမ်းမကြီးထက်တွင် လှပသောပုံရိပ်လေးများက တင်ပါးများကို ရမ်းခါ၍ လျောက်လှမ်းနေကြသည်။ ကောင်းကင်မှ ကျဆင်းနေသည့် အဖြူရောင်နှင်းပွင့်လေးများပင် ပန်းနုရောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ အနီးအနားမှ လူများ၏ နှလုံးသားများပင် တစ်ဒုတ်ဒုတ် ခုန်သွားစေသည်။ နုနယ်လှပသော ခြေဖဝါးလေးများက နှင်းထုထဲသို့ နစ်၀င်သွားချိန်တွင် ခြေကျင်းများမှ တစ်ချွင်ချွင် အသံများ ထွက်ပေါ်နေလေသည်။


ထိုအမျိုးသမီး ငါးယောက်က ပန်းရောင်ပိတ်သား၀တ်ရုံကို ၀တ်ဆင်ထားကြပြီး သူတို့၏ အသွင်အပြင်ကလဲ အလွန်အမင်း ကြည့်ကောင်းလှပေသည်။ သွယ်လျသော ခန္ဒာကိုယ်လေးများက လမ်းလျောက်လိုက်တိုင်း ယိမ်းထိုးနေကြပြီး လမ်းတစ်ဖက်တစ်ချက်ဆီမှ ပုရိသများကို နှာခေါင်းသွေးလျံမတက်ပင် ဖြစ်လာစေသည်။ရှောင်ယုနှင့် ဂျိချန်းရွဲ့တို့က မျက်မှောင်ကြုံ့၍ ထိုငါးယောက်ကို ကြည့်နေမိသည်.


“ရွှင်လန်းခြင်း ဂိုဏ်းတော်က လူတွေတောင် အင်ပါယာမြို့တော်ထဲမှာ လှုပ်ရှားသွားလာနေကြတယ်… ခမည်းတော်သာ ရှိနေသေးရင် သူတို့ကို သတ်ပစ်မှ အသေအချာပဲ…” ဂျိချန်းရွဲ့က စိတ်ပျက်လက်ပျက် ပြောဆိ်ုလိုက်ပြီး ခေါင်းကို ငုံ့လိုက်မိသည်။ ဧကရာဇ်ချန်းဖန် သေဆုံသွားပြီးနောက် မြို့တော်အတွင်းတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပြီး ဂိုဏ်းအသီးသီးကလည်း လှုပ်ရှားသွားလာနေကြသည်။ နန်းတော်တွင် အခြေအနေများက ရှုပ်ထွေးနေသောကြောင့် ထိုကိစ္စများကို ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။


“ရွှင်လန်းခြင်းဂိုဏ်းတော်မှ မိန်းမပျိုတစ်စုက ဘယ်လိုဖြစ်လို့ ရောက်နေတာလဲ… သူတို့က ပုလ္လင်လုတဲ့နေရာမှာ ၀င်ပါကြမလို့လား…” ရှောင်ယုက မျက်မှောင်ကြုံ့လိုက်ပြီး ပြောဆိုလိုက်သည်။


“ဒုတိယအကိုက ဝိဥာဉ်တစ္ဆေဂိုဏ်းကိုတောင် ဆက်သွယ်ထားနိုင်မှတော့… ရွှင်လန်းခြင်းဂိုဏ်းတော်ကိုလည်း သူပဲ ဆက်သွယ်ထားတာနေမှာ …အရိုးဖြူနန်းတော်ဂိုဏ်းနဲ့ မရဏဝိဥာဉ်ဂိုဏ်းက ထိပ်သီးကျွမ်းကျင်သူတွေတောင် မြို့ထဲရောက်နေလောက်ပြီထင်တယ်… သူက ပလ္လင်ကိုရဖို့ ဘယ်လိ်ုစွန့်စားမှုပဲ ဖြစ်ဖြစ် လုပ်မှာပဲ… အဲဂိုဏ်းတွေထဲမှာ ကျားတစ်ကောင်ပုန်းအောင်းနေမယ်ဆိုရင်တောင် သူက ရပ်တန့်မှာမဟုတ်ဘူး….” ဂျိချန်းရွဲ့က ခပ်သဲ့သဲ့ရယ်မောလိုက်ပြီး ပြန်ပြောလိုက်သည်။


ဘုရင်ခံယု၏ စံအိမ်တွင် ဂျိချန်းယုက ခန်းမကျယ်တစ်ခုတွင် ထိုင်နေပြီး ဂိုဏ်းကြီးများမှ ထိပ်သီးကျွမ်းကျင်သူများကို စိုက်ကြည့်နေလေသည်။ အနက်ရောက်၀တ်စုံနှင့် ဟွန်းချွမ်ယွမ်က ရှေ့သို့ထွက်လာပြီး ပြောဆိုလိုက်သည်။


“ဘုရင်ခံယု… ရွှင်လန်းခြင်း ဂိုဏ်းတော်နဲ့ အရိုးဖြူနန်းတော်က ထိပ်သီးကျွမ်းကျင်သူတွေရောက်နေပါပြီ… မရဏနန်းတော်ကတော့ ဧကရာဇ်ချန်းဖန်ကြောင့် ထိခိုက်ထားတာ များလို့ လူမလွှတ်လိုက်ဘူး… ဒါပေမယ့်… ဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ အင်အားနဲ့ ကျွန်တော်တို့ ဝိဥာဉ်တစ္ဆေဂိုဏ်တို့ ပူးပေါင်းလိုက်မယ်ဆိုရင် ပလ္လင်တော်ရရှိရေးမှာ ကျိန်းသေပေါက် အောင်မြင်နိုင်ပါတယ်…”


ဘုရင်ခံယုက ဟွန်းချွမ်ယွမ်၏စကားကို မထူးခြားသကဲ့သို့ နားထောင်နေရာမှ တစ်ဖြည်းဖြည်း တက်ကြွလာသည်။ ဧကရာဇ်ချန်းဖန်က နှစ်ပေါင်းများစွာ ဂိုဏ်းကြီးများကို နှိမ်နင်းခဲ့သော်လည်း ယခုထက်တိုင် ကျွမ်းကျင်သူအမြောက်အများ ကျန်ရှိနေသေးပေသည်။ အင်ပါယာအဆင့်များပင် များပြားစွာ စေလွှတ်လိုက်နိုင်သေးသည်။ လေအလင်းအင်ပါယာမြို့တော်ထဲတွင် အင်ပါယာအဆင့်များက ထိပ်တန်းအဆင့်များပင် ဖြစ်သည်။


“ကောင်းပြီလေ… အရာအားလုံးအတွက် မင်းတို့ကိုပဲ အားကိုးလိုက်တော့မယ်… ငါအခန်းတွေပြင်ဆင်ထားတယ်… ခရီးဝေးကလာကြတာဆိုတော့ သွားပြီး အနားယူလိုက်ကြပါ….” ဘုရင်ခံယုက ပြောဆိုလိုက်သည်။


ရွှင်လန်းခြင်းဂိုဏ်း၏ အမျိုးသမီးများကြားမှ သွယ်လျသော ခြေထောက်များကို ပေါ်လွင်အောင် ၀တ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ဘုရင်ခံယုကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


“ဘုရင်ခံယုရဲ့ ဂုဏ်သတင်းတွေကို ကြားဖူးထားတာ ကြာပါပြီ… ဒီနေ့မှာတော့ ဒီ နိမ့်ကျတဲ့ အမျိုးသမီးက ဘုရင်ခံယုရဲ့ ခန့်ညားတဲ့ ပုံရိပ်ကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါပြီ….”


ထိုအမျိုးသမီး၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုများ ပေါ်လာပြီး ဆက်ပြောလိုက်လေသည်။


“ဒီနိမ့်ကျတဲ့ အမျိုးသမီးက ဘုရင်ခံယုနဲ့ ဒီညခင်းမှာ စကားပြောခွင့်ရနိုင်မလားရှင့်…”


“ဟက်ဟက်… ဝေ့ရှန်းစစ်… မင်းက အရမ်းကိုမြူဆွယ်တတ်တာပဲ… ဘုရင်ခံယုရဲ့ စံအိမ်ထဲမှာတောင် ဒီလိုအပြုအမူတွေကို လုပ်ရဲသေးတာလား… ဘုရင်ခံယုက မင်းလိုလူတစ်ယောက်ကို စိတ်၀င်စားပါ့မလား… အဲဒီအစား ငါက အဖော်ပြုပေးမယ်ဆိုရင်ရော….” အရိုးဖြူနန်းတော်ဂိုဏ်းကို ဦးဆောင်လာသူက ခပ်ဟဟ ရယ်မောလိုက်ပြီး ဝေ့ရှန်းစစ်၏ တစ်ကိုယ်လုံးကို အာသာငမ်းငမ်း စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


“အရိုးဘုရင်က စိတ်အားထက်သန်နေတယ်ဆိုရင်တောင် နင့်ရဲ့ အားနည်းတဲ့ ခန္ဒာကိုယ်က နောက်နေ့ မထနိုင်မှာစိုးလို့ ဒီနိမ့်ကျတဲ့ အမျိုးသမီးက စိတ်မ၀င်စားသေးပါဘူး…” ဝေ့ရှန်းစစ်၏ အမူအယာက အေးစက်သွားပြီး ထိုသူကို တစ်ချက်ကြည့်၍ ပြောဆိုလိုက်သည်။


ထိုစကားပြောလိုက်ပြီးသည်နှင့် ရွှင်လန်းခြင်းဂိုဏ်းတော်အတွင်းတွင် ခိုးခိုးခစ်ခစ် ရယ်သံများ ထွက်ပေါ်လာလေသည်။ အရိုးဘုရင်က ဒေါသထွက်သွားပြီး အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်၍ ရွှင်လန်းခြင်းဂိုဏ်းတော်ဘက် လှမ်းကြည့်လိ်ုက်လေသည်။ ဟွန်းချွမ်ယွမ်က အခြေအနေ တင်းမာလာသည်ကို ၀င်မပြောပဲ ဘေးဘက်တွင်သာရပ်နေလိုက်ပြီး ဘုရင်ခံယုကလည်း ထိုင်ခုံပေါ်တွင် မေးထောက်၍ စောင့်ကြည့်နေလေသည်။


ထိုအချိန်တွင် ဘုရင်ခံယု၏ နောက်၌ ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ဘုရင်ခံယု၏ လက်ကို ဆတ်ခနဲတောက်ထုတ်လိုက်ရာ ထိုပုံရပ်က လေထုထဲသို့ လွင့်ပျံသွားပြီး အချင်းချင်းရန်စောင်နေသော နှစ်ယောက်ကြားသို့ ရောက်သွားလေသည်။ ဝေ့ရှန်းစစ်နှင့် အရိုးဘုရင်တို့က ကျောရိုးထဲထိပင် စိမ့်တက်သွားသည်ကို ခံစားလိုက်ရသည်။


“ငါ့ကိုလာကူညီတဲ့သူတွေကို ငါက ဆုပေးမယ်… ဒါပေမယ့် မင်းတို့လို ငါ့ရှေ့မှာ မရိုမသေ လာလုပ်တဲ့သူတွေကိ်ုတော့ ငါသတ်ချင်ရင်တောင် ဘယ်သူမှ မတားဆီးနိုင်ဘူး… မင်းတို့ကို ငါသတိပေးလိုက်မယ်.. ငါက ဘုရင်ခံယု… မင်းတို့က ဂိုဏ်းတွေရဲ့ ပုရွက်ဆိတ်သာသာ လေးတွေပဲ….”


အေးစက်လှသော အသံနှင့်အတူ ဘုရင်ခံယု၏ ခန္ဒာကိုယ်မှ ကျောချမ်းဖွယ် အငွေ့အသက်များ ထွက်ပေါ်လာလေသည်။ အောက်တွင် ရပ်နေကြသည့် ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများက ဖိအားများကို ခံစားလိုက်ရသည်။


“သူ… ဘုရင်ခံယုက အင်ပါယာအဆင့်တစ်ယောက် ဖြစ်နေပြီလား…”


ရှောင်အိမ်တော်၏ ၀င်းတံခါးက ခပ်တင်းတင်းစေ့ပိတ်ထားလေသည်။ အေးစိမ့်လှသော ဆောင်းလေညင်းများက တစ်သုန်သုန်တိုင်ခတ်နေပြီး ၀င်းတံခါး၀တွင် နှင်းပွင့်လေးများ တင်နေပေသည်။ စံအိမ်တော်နှင့် ခပ်လှမ်းလှမ်းတွင် မျက်နှာကာပါသည့် ဝါးဦးထုတ်ကို ၀တ်ဆင်ထားသော လူတစ်ယောက်က တမ်းတ လွမ်းမောစွာ စံအိမ်ကို စိုက်ကြည့်နေလေသည်။


“ဘာလဲ … မင်းကအိမ်လွမ်းနေတာလား…” ရှောင်ယု၏ နောက်မှ ဂျိချန်းရွဲ့က သိမ်မွေ့စွာမေးလိုက်လေသည်။


“အမေကပြောဖူးတယ်… သူက အဖေ့ကိုတစ်ခါက မေးဖူးတယ်… ဧကရာဇ်မင်းမြတ် နတ်ရွာစံသွားရင် ဘယ်မင်းသားကို ထောက်ခံပေးမလဲလို့…” ရှောင်ယုက အက်ရှရှအသံနှင့် ပြောဆိုလိုက်သည်။


“အိုး… အဲတော့ သူက ဘာပြန်ပြောလဲ…” ဂျိချန်းရွဲ့၏ မျက်၀န်းများက တောက်ပလာပြီး အလျင်အမြန် ပြန်ပြောလိုက်သည်။


ရှောင်ယုက ချက်ချင်းပြန်မဖြေပဲ ခပ်ဟဟ ရယ်မောလိုက်ပြီး ဝါးဦးထုတ်ကို ချွတ်၍ ဂျိချန်းရွဲ့ကို စိုက်ကြည့်လိုက်သည်။


“အဲဒီအဖြေက…. ငါမင်းရဲ့အရှေ့မှာ ရပ်နေတာတောင် ငါ့အမေက အိပ်ပျော်နေတုန်းပဲလေ….”


နောက်တစ်ပိုင်းကနောက်ကျနိုင်ပါတယ် 


စကားမစပ် ဒီgp လေးက 120 ဆိုရင် ပြီးပြီနော် နောက်တစ်ခုကိုတော့ လကုန်ပြီး 1 ရက်နေ့မှစပါမယ်ဗျ