အခန်း ၁၁၈ “နီလာရောင် သစ်ခွနှလုံးသားနှင့် ကောင်းကင်လိပ်ပြာ ပင်လယ်ခရု”
ချောမောခန့်ညားသော ရှောင်ယု၏ မျက်နှာပေါ်မှ ကြယ်များကဲ့သို့တောက်ပနေသော မျက်၀န်းများက ဂျိချန်းရွဲ့ကို စိုက်ကြည့်နေလေသည်။ ရှောင်ယု၏ စကားကြောင့် ဆွံ့အမှင်သက်နေသည့် ဂျိချန်းရွဲ့က မျက်ခုံးနှစ်ခုကို ထိစပ်မတက် မျက်မှောင်ကြုံ့လိုက်ပြီး အေးစက်စက်အသံနှင့် မေးလိုက်လေသည်။
“မင်းရဲ့စကားက ဘာအဓိပ္ပါယ်လဲ ရှောင်ယု…”
ရှောင်ယုက သူ၏မိခင် ဂျိရုအာကို နာကျင်အောင် လုပ်ခဲ့ခြင်းကို သူက ယခုထက်တိုင် နားမလည်နိုင်သေးပေ၊ လွန်ခဲ့သော သုံးနှစ်ခန့်က မတော်တဆမှု ဖြစ်ပွားပြီးနောက်တွင် ရှောင်ယုက ရှောင်အိမ်တော်မှ ထွက်ခွာသွားပြီး လေဟာနယ်ဓါးဥယျာဉ်ခြံသို့ ၀င်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ သူ၏အမူအယာများကို နားလည်သဘောပေါက်ရန် ပိုမိုခက်ခဲလာခဲ့သည်။ ဂျိရုအာက အင်ပါယာနန်းတော်အတွင်းတွင် ဂျိချန်းရွဲ့၏ တစ်ဦးတည်းသော မှီခိုအားထားရာဖြစ်ပြီး တစ်ဦးတည်းသော အမလည်း ဖြစ်သည်။
ဂျိရုအာလက်ထက်စဉ်က ဂျိချန်းရွဲ့က ဓါးထုတ်၍ ရှောင်မန်၏ ရင်၀ကို ချိန်ရွယ်ထားကာ ကျိန်ဆိုစေခဲ့သည်။ သူ၏အမူအယာက ကလေးဆန်သော်လည်း နှလုံးသားထဲမှ သူ့အမ၏ အရေးပါမှုကို ထင်ထင်ရှားရှား မြင်နိုင်ပေသည်။ ရှောင်ယုကြောင့် သူ၏အမ ကိုမာအခြေအနေသို့ ကျရောက်သွားသည့်အချိန်က ရှောင်ယုကို သတ်ရန် တစ်ညလုံး ဓါးဆွဲ၍ ရှာဖွေခဲ့ဖူးလေသည်။ သူ၏ ရည်ရွယ်ချက်က အထမမြောက်ခဲ့သော်လည်း သူ့နှလုံးသားထဲမှ ဂျိရုအာကို ချစ်ခင်လေးစားမှုကို မြင်နိုင်ပေသည်။
သူ၏ မယ်တော် သေဆုံးသွားပြီးနောက် သူ့အမကသာ သူ၏ ယုံကြည်အားထားရသော တစ်ဦးတည်းသော ဆွေမျိုးဖြစ်လာခဲ့သည်။ သူ၏ မြို့ပြင်ထွက်ရသည့် နောက်ဆုံးခရီးစဉ်တွင် ရှောင်ယုက သူ့ကို အန္တရာယ်တောထဲမှ ကယ်တင်ခဲ့သည်။ ထို့ကြောင့်သာ သူက ရှောင်ယု၏ ဖြေရှင်းချက်ကို စောင့်နေခြင်း ဖြစ်သည်။
“ငါ့ရဲ့ ချစ်လှစွာသော ဦးလေး… ငါရှင်းပြရင်တောင် မင်းယုံချင်မှ ယုံလိမ့်မယ်… အမေက ရှောင်မိသားစုအတွက်ရော မင်းအတွံက်ပါ လုံခြုံစိတ်ချရအောင် လုပ်ခဲ့တာ ဆိုရင်ရော ….” ရှောင်ယုက သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောဆိုလိုက်သည်။ သူ၏ မျက်၀န်းထဲတွင် ၀မ်းနဲပူဆွေးမှုများနှင့် ပြည့်နှက်နေပေသည်။
“အဖေ့ရဲ့ သိုင်းအဆင့်က သူတော်စင်အဆင့်လေ… အင်ပါယာမြို့တော်ထဲမှာပြိုင်ဘက်ကင်းတယ်… သူသာ ငါ့ကို တစ်ကယ် သတ်ချင်တယ်ဆိုရင် ငါသေသွားတာ ကြာပြီပေါ့… ဒါပေမယ့်… ငါအခု အသက်ရှင်နေတယ်လေ… ဘာကြောင့်လဲ မင်းသိလား…”
အင်ပါယာမြို့တော်ထဲမှ ဖန်ဖန်ဆိုင်ငယ်လေးထဲတွင် ရှောင်မန်နှင့်တိုက်ခိုက်ခဲ့စဉ်က ရှောင်မန့်လက်ထဲတွင် ဖမ်းဆီးခံရလုနီးပါး ဖြစ်ခဲ့သော်လည်း လွတ်မြောက်ခဲ့သည်။ ထိုအချိန်မှစ၍ သူ၏အဖေက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားကြောင်း သူက ရိပ်မိခဲ့သည်။
ဂျိချန်းရွဲ့က မျက်၀န်းများကို မှေးစင်းလိုက်ပြီး ရှောင်ယုကို ဆက်ပြောရန် အချက်ပြလိုက်သည်။ အရာအားလုံးနားထောင်ပြီးနောက် သူ၏ သံသယများ လွင့်ပါးပျောက်ကွယ်သွားနိုင်ပေသည်။ သို့သော် ရှောင်ယုက စကားဆက်မပြောတော့ပဲ တိတ်ဆိတ်သွားသည်။ သူက ဂျိချန်းရွဲ့ကို တစ်ချက်ကြည့်လိုက်သည်။
“အမေက မင်းကိုကူညီဖို့ အဖေ့ကို အမြဲ တွန်းအားပေးခဲ့ပြီး ဧကရာဇ်နတ်ရွာစံသွားတဲ့ အချိန်မှာ မင်းဘုရင်ဖြစ်ဖို့ မျှော်လင့်နေတယ်… ကံမကောင်းစွာနဲ့ပဲ အဖေက လက်မခံခဲ့ဘူး… သူက မင်းမှ မဟုတ်ဘူး…ဘယ်မင်းသားကိုမှ ထောက်ပံ့မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တယ်… သူက ဧကရာဇ်အစစ်အမှန်ဆီမှာပဲ အမှုထမ်းခြင်တာလေ… အဖေက အရမ်းရိုးသားတယ်… သူ့ရဲ့ ရိုးသားမှုကပဲ ရှောင်မိသားစုကို အန္တရာယ်တောထဲ ကျရောက်စေလိမ့်မယ်….”
ဂျိချန်းရွဲ့က ရှောင်ယုကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်သည်။
“ဒါဆို မင်းအမေရဲ့ နှလုံးသားကို ဓါးနဲ့ထိုးတာကရော ဘာအတွက်လဲ… အခုမင်းပြောနေတာလဲ ဘာကြောင့် ငါ့ကို ပြောနေတာလဲ…” ဂျိချန်းရွဲ့က မေးခွန်းထုတ်လိုက်ပြီး ရှောင်ယုကို ဆက်ပြောရန် ဖိအားပေးလိုက်သည်။
ရှောင်ယုက သက်ပြင်းခပ်သာသာချလိုက်ပြီး ဆက်လက်ပြောဆိုလိုက်သည်။
“အမေက မင်းရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်သလို ရှောင်မိသားစုကိုလည်း ကာကွယ်ပေးချင်တယ်.. မင်းကြားဖူးတယ်မဟုတ်လား…. သစ္စာရှိတဲ့ အစေခံက သူ့ရဲသခင်ဆီမှာပဲ အသက်နဲ့ ခန္ဒာကိုယ် မြဲနေလိမ့်မယ်… အဲဒီလိုပဲ အင်ပါယာမင်းမြတ် သက်ရှိထင်ရှားရှိနေသမျှ ရှောင်မိသားစုက လုံခြုံနေလိမ့်မယ်…”
“အင်ပါယာမင်းမြတ် နတ်ရွာစံသွားပြီး နောက်တစ်ယောက် နန်းတက်လာတာနဲ့ သူတို့က ဆူးညှောင့်ခလုပ်တွေကို ရှင်းကြမှာပဲ… အဲဒီအချိန်ကျရင် ရှောင်မိသားစုမှာ အဖေရှိနေလို့ ရှောင်မိသားစုလည်း ဖယ်ရှားခံရလိမ့်မယ်…”
သူ့အမက ဥာဏ်ရည်ထက်မြတ်လှပြီး အခြေအနေများကို ကောင်းစွာ နားလည်သဘောပေါက်လေသည်။
“ဒါဆိုအမက သူ့ရဲ့နှလုံးသာကို မင်းရဲ့ ဓါးနဲ့ထိုးခိုင်းပြီးတော့ အင်ပါယာကို ဆန့်ကျင်နေတဲ့ လေဟာနယ် ဓါးဥယျာဉ်ခြံကို ၀င်ခိုင်းခဲ့တာလား… သူမရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ…” ဂျိချန်းရွဲ့က မေးလိုက်သည်။
“ရှင်းနေတာပဲလေ.. မင်းကိုထောက်ပံ့ပေးဖို့ပဲ… ငါ့ကမင်းကို ထောက်ပံ့စေချင်တာ… မင်းသာ မြင့်တက်လာရင် ရှောင်မိသားစုကို ကာကွယ်မယ်ဆိုတာ သူသိနေတယ်လေ…” ရှောင်ယုက ၀မ်းနည်းစွာဖြင့် ပြောလိုက်လေသည်။
“ရယ်စရာပဲ သူမက ဘယ်သူလို့ ထင်နေတာလဲ.. အရာရာတိုင်းကို စီမံနိုင်မယ်လို့ ထင်နေတာလား… သူမက သူ့ကိုယ်သူ အဲလိုလုပ်လိုက်ရင်ရော ငါက ကျေနပ်နေမယ်လို့ ထင်နေတာလား… ငါဘယ်လောက် နာကျင်မလဲ ဆိုတာ သူမ မတွေးဘူးလား… ပြီးတော့…. မင်း… မင်းကရော မစဉ်းစားဘူးလား… ဘာလို့ သူမကို အဲလိုလုပ်ရတာလဲ…” ဂျိချန်းရွဲ့က ၀မ်းနဲစွာ ခံစားလိုက်ရပြီး ရှောင်ယုကို လက်ညိုးတစ်ထိုးထိုးနှင့် ဒေါသတကြီး ဆူပူလေတော့သည်။
တခဏမျှ ကြာသောအခါ ခံစားချက်များကြောင့် ပင်ပန်းလာပြီး ခြေကုန်လက်ပန်း ကျလာလေသည်။
“အဲတော့ အခု ဖခမည်းတော် နတ်ရွာစံသွားပြီဆိုတော့ မင်းက ငါ့ကို ပလ္လင်တိုက်ပွဲအတွက် ကူညီဖို့ လာခဲ့တာလား… ငါက အကိုတော်တွေနဲ့ မယှဉ်နိုင်ဘူး… ပြီးတော့ မင်းကလည်း ရှောင်မိသားစုကို ကိုယ်စားမပြုနိုင်ဘူး… အဲလိုဆိုမှတော့ ငါက ဘယ်လိုလုပ်ရယှဉ်ပြိုင်နိုင်မှာလဲ...သူမရဲ့ လုပ်ရပ်တွေက သူမပဲ ဒုက္ခရောက်ရတယ်….” ဂျိချန်းရွဲ့က သက်ပြင်းတစ်ချက် ချလိုက်ပြး ပြောဆိုလိုက်သည်။
ရှောင်ယုက ဂျိရုအာကို ကိုမာ၀င်သွားအောင် လုပ်ခြင်းဟုသာ သိခဲ့ပြီး ထိုကိစ္စက သူဘုရင်ဖြစ်ရန် သူ့အမ၏ အကြံအစည်များ ဖြစ်ကြောင်းကို ယခုမှ သိရှိရခြင်း ဖြစ်သည်။ ဂျိချန်းရွဲ့က တွေးတောနေရင်းဖြင့် ပလ္လင်တိုက်ပွဲတွင် ယှဉ်ပြိုင်လိုစိတ်များ ကြီးထွားလာခဲ့သည်။ သူကလေးဘ၀က ချော့မြူခဲ့သော သူမ၏ အပြုံးလေးများကို ပြန်လည်မြင်ယောင်မိပြီး သူမ၏ ရည်ရွယ်ချက် အထမြောက်စေရန် လုပ်ပေးချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။
ဆောင်းရာသီတွင် နေ့တာတိုသောကြောင့် ညက အလျင်အမြန်ပင် ရောက်ရှိလာလေသည်။ ကောင်းကင်ပေါ်မှ ကျဆင်းနေသည့် နှင်းများက ရပ်တန့်သွားပြီး လနှစ်စင်းက အပြိုင်ထွက်ပေါ်လာကာ ည၏ လှပမှုကို ပံ့ပိုးထားလေသည်။ ဆိုင်ပိတ်ချိန်ရောက်နေပြီ ဖြစ်သောကြောင့် ပုဖန်က ဆိုင်တံခါးများကို ပိတ်လိုက်ပြီး အပေါက်၀တွင် လဲလျောင်းနေသည့် ဘလက်ကီကို ကြည့်လိုက်သည်။ ထိုခွေးက ပုံမှန်အတိုင်း ပျင်းရိစွာ အိပ်နေဆဲပင် ဖြစ်သည်။ ထိုအချိန်တွင် ခြေသံအချို့ကို ကြားလိုက်ရပြီး လမ်းကြားလေးထဲတွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာလေသည်။
“သူက ဒီအချိန်ကြီး ဘာလာလုပ်တာလဲ…” ပုဖန်က ထိုသူကို လှမ်းကြည့်လိုက်ပြီး တွေးတောလိုက်သည်။
“ပိုင်ရှင်ပု.. ဆိုင်ပိတ်ပြီလား”… ရှောင်ယုက အက်ရှရှအသံနှင့် မေးလိုက်လေသည်။
“မှောင်နေပြီလေ… အဲတော့ ဆိုင်ပိတ်ပြီပေါ့ …” ပုဖန်က ရှောင်ယုကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
ရှောင်ယုက ခေါင်းငြိမ့်လိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်သည်။ အလင်းရောင်တစ်ချက် လက်သွားပြီးနောက် သူ၏ လက်ပေါ်တွင် စန္နကူးသေတ္တာလေးတစ်ခု ပေါ်လာလေသည်။ သေတ္တာထဲမှ အလွန်မွှေးပျံ့သော မွှေးရနံ့များ ထွက်ပေါ်နေလေသည်။ ရှောင်ယုက ပုဖန်ကို တည်ကြည်လေးနက်စွာ စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
“ပိုင်ရှင်ပု… ငါမင်းကို တစ်ခုလောက် တောင်းဆိုပါရစေ… မင်းရဲ့ ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်က အရမ်းအံ့သြစရာကောင်းတယ်… အဲလို သက်ရောက်မှုကောင်းတဲ့ တစ်ခြားဟင်းပွဲတွေကို မင်းချက်ပြုတ်နိုင်တယ် မဟုတ်လား…”
“ဒါပေါ့… ပါ၀င်ပစ္စည်းတွေသာ ရှိရင် ငါချက်နိုင်တယ်…” ပုဖန်က ရှောင်ယုကို စိုက်ကြည့်လိုက်ပြီး ယုံကြည်ချက်ရှိစွာ ပြန်လည်ပြောဆိုလိုက်သည်။
“ဒါက အဆင့်ခြောက် ဆေးဘက်၀င်အပင်... နီလာရောင် သစ်ခွ နှလုံးသားနဲ့ .. အဆင့်ငါး ပင်လယ်ဝိဥာဉ်သားရဲ ကောင်းကင် လိပ်ပြာ ပင်လယ်ခရု… ပိုင်ရှင်ပုက ဒါတွေကို အသုံးပြုပြီး သက်စောင့်ဟင်းပွဲ ချက်ပြုတ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်… ငါက ထိုက်တန်တဲ့ အဖိုးအခကို ပေးဖို့လဲ ဆန္ဒရှိပါတယ်…” ရှောင်ယုက စိတ်အားတက်ကြွစွာ ပြောလိုက်ပြီး ပုဖန်ကို မျှော်လင့်တစ်ကြီး ကြည့်နေလေသည်။
ပုဖန်က လက်သီးဆုတ်နှစ်ခုစာမျှ ရှိသော ပင်လယ်ခရုကို ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်မိသည်။ ထိုမျှရှာဖွေရန် ခက်ခဲသော ပါ၀င်ပစ္စည်းများကို ရှောင်ယုက ရှာဖွေန်ိုင်လိမ့်မည်ဟု ပုဖန်က မမျှော်လင့်ထားခဲ့ပေ။ ပုဖန်က ရှောင်ယု၏ စိတ်ထဲမှ ခံစားချက်ကို ခံစားသိရှိနေလေသည်။ သူ၏ အစီအစဉ်ကို မသ်ိရှိသော်လည်း တစ်စုံတစ်ယောက်ကို ကယ်တင်ရန် ကြိုးစားနေသည်ကို သိရှိနိုင်ပေသည်။ ပုဖန်က မငြင်းဆန်တော့ပဲ ခေါင်းငြိမ့်လိုက်ပြီး ပါ၀င်ပစ္စည်းများကို လက်ခံရယူလိုက်သည်။ ထို့နောက် စနစ်မှ ပေအပ်ထားသည့် အသက်လက်စွပ်အတွင်း ထည့်လိုက်ပြီး ပြောဆိုလိုက်သည်။
“မင်းက ပါ၀င်ပစ္စည်း တစ်စုံစာပဲ ယူလာတာဆိုတော့ ငါက အောင်မြင်လိမ့်မယ်လို့ အာမမခံနိုင်ဘူး… အကယ်၍ မအောင်မြင်ဘူးဆိုရင် ချက်ပြုတ်တဲ့ အဖိုးအခကို ပေးစရာမလိုတော့ဘူး…”
ရှောင်ယုက တခဏမျှ ငြိမ်သက်နေပြီး ခေါင်းငြိမ့်လိုက်သည်။ သက်စောင့်ဟင်းပွဲ ချက်ပြုတ်ရသည်က မည်မျှ ခက်ခဲသည်ကို သိရှိနေသောကြောင့် အာမခံရန် တိုက်တွန်းခြင်းမရှိပေ။ ပါ၀င်ပစ္စည်းများက ရှာဖွေရ အလွန်ခက်ခဲသောကြောင့် သူက တစ်စုံစာသာ ရှာဖွေနိုင်ခဲ့သည်။
“ကောင်းပြီလေ… ဒါဆိုရင် ပိုင်ရှင်ပုကို ကျေးဇူးတင်ပါတယ်… တစ်ကယ်လို့ မင်းအောင်မြင်မယ်ဆိုရင် ဘယ်အချိန်လောက် သက်စောင့်ဟင်းပွဲကို ရမလဲ…” ရှောင်ယုက မေးလိုက်သည်။
ပုဖန်က ပါ၀င်ပစ္စည်းများကို လက်ခံလိုက်ပြီးသည်နှင့် တံခါးပိတ်လိုက်သည်။
“ဘာအမှားအယွင်းမှ မဖြစ်ဘူးဆိုရင် သုံးရက်အတွင်းရမယ်…” ပုဖန်၏ အသံက တံခါးနောက်မှ ထွက်ပေါ်လာခဲ့သည်။
ရှောင်ယုက ခေါင်းတစ်ဆတ်ဆတ် ငြိမ့်လိုက်ပြီး ထွက်ခွာသွားလေတော့သည်။
အင်ပါယာမင်းမြတ်၏ အသုဘအခမ်းအနားက သုံးရက်လိုနေသေးပေသည်။