အပိုင်း ၁၁၉
Viewers 53k

အခန်း ၁၁၉ “ပင်လယ်ခရု၏ အခွံပေါ်မှ အစီအရင်”


ပုဖန်က ဆိုင်တံခါးပိတ်လိုက်ပြီးနောက် မီးဖိုခန်းအတွင်းသို့ ၀င်သွားလိုက်သည်။ သူက လေ့ကျင့်ချက်ပြုတ်ရန် တွေးထားခဲ့သော်လည်း ရှောင်ယုက သူ့ကို ခက်ခဲသော အလုပ်တစ်ခု ပေးသွားခဲ့ပြီဖြစ်သည်။ ပုဖန်က သက်စောင့်ဟင်းပွဲတစ်မျိုး ဖြစ်သော ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို ချက်ပြုတ်ဖူးသောကြောင့် သက်စောင့်ဟင်းပွဲချက်ပြုတ်နည်းနှင့် ရင်းနှီးကျွမ်း၀င်နေပေသည်။


သက်စောင့်ဟင်းပွဲချက်ပြုတ်ခြင်းက သာမာန်ဟင်းပွဲများနှင့် မတူပဲ အစစ်အမှန်စွမ်းအင်ကို အတိအကျ ထိန်းချုပ်ရပေသည်။ ထိုအချက်က စားဖိုမှုး၏ စွမ်းရည်ကို စစ်ဆေးနေသည်နှင့်ပင် တူနေပေသည်။


“စနစ်… ဒီပစ္စည်းနှစ်မျိုးရဲ့ အကျိုးသက်ရောက်မှုနဲ့ ရင်းမြစ်ကို ပြောပြပေးနိုင်မလား…” စနစ်က စွယ်စုံကျမ်းတစ်ခုကဲ့သို့ အရာအားလုံးကို သိနေသောကြောင့် ပုဖန်က စဉ်းစားမနေတော့ပဲ စနစ်ကိုသာ မေးလိုက်လေသည်။


စနစ်က တခဏမျှ တိတ်ဆိတ်နေပြီး ပြန်ပြောလိုက်သည်။


“နီလာရောင် သစ်ခွနှလုံးသားက နီလာခရမ်းသတ္တုကျောပေါ်မှာပဲ ပေါက်ရောက်ပြီးတော့ အဆင့်ခြောက် နတ်ဆေးပင် တစ်ပင် ဖြစ်တယ်… ဆေးပင်ထဲမှာ စွမ်းအင်အမြောက်အများ ပါ၀င်ပြီးတော့ ပြီးပြည့်စုံတဲ့ မီးစွမ်းအင်လည်း ပါ၀င်တယ်… အဲဒီဆေးပင်ကို သတိလစ်မေ့မျောနေတဲ့ လူနာတွေကို အများဆုံး အသုံးပြုပြီး အရမ်းအစွမ်းထက်တယ်..”


“ကောင်းကင်လိပ်ပြာပင်လယ်ခရုကို နက်ရှိုင်းလှတဲ့ ပင်လယ်ကြမ်းပြင်တွေမှာပဲ တွေ့ရပြီးတော့ အဆင့်ငါး ပင်လယ်သားရဲကောင်ဖြစ်တယ်… ပင်လယ်ကြမ်းပြင်မှာရှိတဲ့ ဖိအားတွေရဲ့ သန့်စင်မှုကြောင့် ခရုရဲ့ ကျောပေါ်မှာ ဝိဥာဉ်အစီအရင်တစ်ခု သဘာစအတိုင်းဖြစ်နေပြီးတော့ ချက်ပြုတ်လိုက်မယ်ဆိုရင် အဲဒီအစီအရင်က သန့်စင်တဲ့ ရေစွမ်းအားတွေကို ထုတ်လွှတ်ပေးနိုင်တယ်… သူ့မှာ မကုန်ခမ်းနိုင်လောက်တဲ့ စွမ်းအားတွေ ပါလို့ အသက်စွမ်းအင် ဖြည့်တင်းခြင်းနဲ့ စိတ်ဒဏ်ရာတွေ ကုသရာမှာ အသုံး၀င်တယ်…”


ပုဖန်က စနစ်၏ အသံကိုကြားလိုက်ပြီးနောက် အသက်ရှူရပ်သွားမတက် ဖြစ်သွားလေသည်။ ထိုအချက်အလက်များအရ ထိုပါ၀င်ပစ္စည်းနှစ်မျိုး၏ တန်ဖိုးက ဆေးဘက်၀င်ကောင်းကင်နွယ်နှင့် သွေးနီရောင် ဖီးနစ်ငှက်ပေါက်တို့ထက် များပြားနေသည်ကို သိနိုင်ပေသည်။ ပုဖန်က ဖိအားတစ်ရပ်ကို ခံစားလိုက်ရသည်။ ပါ၀င်ပစ္စည်းများက တန်ဖိုးကြီးလေလေ သက်စောင့်ဟင်းပွဲချက်ပြုတ်ရန် ခက်ခဲလေလေဖြစ်သည်။


ထို့အပြင် ပါ၀င်ပစ္စည်းနှစ်ခုလုံးက စိတ်နှင့် ပတ်သောသော လက္ခဏာများကို ကုသနိုင်စွမ်းရှိသော အစွမ်းသတ္တိ ရှိနေသည်ကို သတိပြုမိလိုက်သည်။ ရှောင်ယုက စိတ်နှင့်ပတ်သတ်သော ဝေဒနာ ခံစားနေရသည့် လူနာကို ကုသရန် ဖြစ်နိုင်ပေသည်။ စိတ်နှင့်ပတ်သတ်သော ရောဂါများကို ကုသရန် မလွယ်ကူသော်လည်း ထိုမျှ တန်ဖိုးကြီးမားသော ဆေးဘက်၀င်ပစ္စည်းများကို ပုဖန်ထံ ယုံယုံကြည်ကြည် အပ်နှံလိုက်ခြင်းက သူ့အပေါ် မည်မျှ ယုံကြည်သည်ကို မြင်နိုင်ပေသည်။


“စနစ်… လေ့ကျင့်ဖို့အတွက် ဒီပစ္စည်းနှစ်ခုကို အထောက်အပံ့ ရနိုင်မလား…” ပုဖန်က မေးလိုက်မိသည်။


“ရပါတယ်… သင်က ဒီပစ္စည်းနှစ်မျိုးကို လိုချင်တယ်ဆိုရင် ၀ယ်လို့ရပါတယ်… နီလာရောင်သစ်ခွနှလုံးသား သလင်းကျောက် တစ်ထောင်… ကောင်းကင်လိပ်ပြာ ပင်လယ်ခရု သလင်းကျောက်တစ်ထောင်…”


ပုဖန်၏ မျက်နှာက မည်းမှောင်သွားလေသည်။


“ကပ်စီးကုတ် စနစ်… တော်တော်စိတ်ပျက်ဖို့ကောင်းတယ်… ချက်ပြုတ်ခြင်းနတ်ဘုရားမဖြစ်လာခင် ဆောင်ရွက်သမျှကို ထောက်ပံ့ပေးသင့်တာကို…”


ပုဖန်က လေအေးတစ်ချက် ရှူရှိုက်လိုက်ပြီး ပြန်မေးလိုက်သည်။


“စနစ်… အဲဒါတွေကို စျေးလျော့ပေးလို့ မရတော့ဘူးလား…”


“မရဘူး… ဒါပေမယ့် သင်က တိုးတက်ဖို့ အခွင့်အရေးအတွက် လေ့ကျင့်ချက်ပြုတ်မယ်ဆိုရင်တော့ အဲဒီဆေးဘက်၀င် ပါ၀င်ပစ္စည်းတွေနဲ့ စွမ်းအားတူတဲ့ အရာတွေကို အစားထိုးလေ့ကျင့်ဖို့ အကြံပေးချင်တယ်…” 


“အစားထိုးပစ္စည်းများ…. အဆင့်သုံး ဝိဥာဉ်ဆေးပင်… စိတ်ဝိဥာဉ်မီးသစ်ခွ… သလင်းကျောက်တုံး ငါးဆယ်.. အဆင့်သုံး အနက်ရောင် ပင်လယ်ခရု သလင်းကျောက်တုံး တစ်ရာ…”


စနစ်၏ ဟာကွက်မရှိသော အစီအစဉ်ကြောင့် ပုဖန်က ဆွံ့အသွားလေသည်။


“ကောင်းပြီလေ… ဒါဆိုလဲ အစားထိုး ပါ၀င်ပစ္စည်း သုံစုံစာပေးပါ…”


သက်စောင့်ဟင်းပွဲချက်ပြုတ်ရာတွင် အောင်မြင်မည့် အခွင့်အလမ်း များလာစေရန် စနစ်ပြောသည့် နည်းလမ်းကိုသာ အသုံးပြုလိုက်ရပေသည်။ သင့်ငွေကို ရောင်းထားသမျှထဲမှ နှုတ်ယူသွားမည်ဖြစ်သည်။ သလင်းကျောက်တစ်တုံးစီတိုင်းက သူ၏ သိုင်းအဆင့်အတွက် အရေးကြီးသောကြောင့် ပုဖန်က နှမျောတသစွာဖြင့် သွေးအန်ချင်စိတ်ပင် ပေါက်နေလေသည်။


ပုဖန်က ဗီဒိုထဲသို့ အဆင့်သင့်ရောက်ရှိနေသော အစားထိုးပါ၀င်ပစ္စည်း သုံစုံမှ တစ်စုံကို ထုတ်ယူလိုက်သည်။ အနက်ရောင်ပင်လယ်ခရုက ကောင်းကင်လိပ်ပြာ ပင်လယ်ခရုလောက် စွမ်းအင်မပါ၀င်သော်လည်း အစားထိုး ပါ၀င်ပစ္စည်းဖြစ်သောကြောင့် ထိုအချက်ကို ပုဖန်က လျစ်လျူရှုလိုက်သည်။ အနက်ရောင်ပင်လယ်ခရုကို ဆေးကျောသန့်စင်လိုက်ပြီး သေချာစွာ ကြည့်ရှုလိုက်ရာ သူ၏ အခွံပေါ်တွင် ပုံမှန်မဟုတ်သော လှိုင်းလေးများကို တွေ့လိုက်ရသည်။


ထိုလှိုင်းလေးများက တဖြည်းဖြည်းချင်း လည်ပတ်နေပြီး များပြားလှသော စွမ်းအင်များကို စုဆောင်းပေးနေလေသည်။ သို့သော် အနက်ရောင်ပင်လယ်ခရုက ကောင်းကင်လိပ်ပြာ ပင်လယ်ခရုလောက် မကြီးမားပဲ ကမ္ဘာမြေပေါ်မှ သာမာန်ပင်လယ်ခရုများလောက်သာ ရှိပေသည်။ သက်စောင့်ဟင်းပွဲချက်ပြုတ်ရန် အကောင်းဆုံးနည်းလမ်းမှာ မီးအေးအေးနှင့် တစ်ပွက်ပွက်ဆူနေစေခြင်း ဖြစ်သည်။ 


ပင်လယ်ခရုကို စွပ်ပြုတ်လုပ်လိုက်ပြီးနောက် ထိုစွပ်ပြုတ်ရည်ကပင် တန်ဖိုးမြင့်ဆေးဘက်၀င်ပစ္စည်း ဖြစ်သွားလေသည်။ အခြားဆေးဘက်၀င် အပင်များ ထည့်လိုက်ပါက သူ၏တန်ဖိုးက ပိုမိုများပြားလာပေလိမ့်မည်။ ထိုအရာက သက်စောင့်ဟင်းပွဲ၏ အနှစ်သာရဟုပင် ပြောနိုင်ပေသည်။ 


ပုဖန်က မြေအိုးတစ်လုံးကို ထုတ်ယူလိုက်ပြီး ဆေးကျောသန့်စင်ပြီးသော အနက်ရောင် ပင်လယ်ခရုကို ထည့်လိုက်သည်။ ထို့နောက် စနစ်မှ ထောက်ပံ့ပေးထားသော နွေဦးစမ်းရည်ကို ထည့်လိုက်လေသည်။ ထို့နောက် အခြားဆေးဘက်၀င်အပင် အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ခပ်ပါးပါးလှီးဖြတ်၍ အိုးထဲသို့ ထည့်လိုက်လေသည်။ ဆေးဘက်၀င်အပင်များ ထည့်ရာတွင်လည်း ဂရုစိုက်ရပေသည်။ နေရာအထားအသို လွဲမှားသွားပါက သက်စောင့်ဟင်းပွဲ၏ အရသာလည်း ပျက်သွားမည်ဖြစ်သည်။


ပြင်ဆင်လိုက်ပြီးနောက် မြေအိုးကို အဖုံးဖုံးလိုက်ပြီး မီးအေးအေးနှင့် စတင်ချက်ပြုတ်လိုက်လေသည်။ အချိန်အနည်းငယ်အတွင်းတွင် မြေအိုးမှ အငွေ့အနည်းငယ်ထွက်ပေါ်လာသောကြောင့် ပုဖန်က မြေအိုးအဖုံးကို ဖွင့်လိုက်လေသည်။ တိမ်မြူကဲ့သို့ အခိုးအငွေ့များ ထွက်လာလေသည်။ ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးကို အသုံးပြု၍ စိတ်ဝိဥာဉ်မီးသစ်ခွကို ထက်ပိုင်းပိုင်းခွဲလိုက်ပြီး ခပ်မြင့်မြင့်မြှောက်၍ ဆေးရည်များကို မြေအိုးအတွင်းသို့ တစ်စက်ခြင်း စီးကျစေလိုက်သည်။


ဆေးရည်ကျလာသည်နှင့် မွှေးပျံ့သောရနံ့များက တမဟုတ်ခြင်း လွင့်ပျံလာလေသည်။ ထိုအချိန်တွင် ဆေးရည်နှင့် အနက်ရောက်ပင်လယ်ခရု ရောစပ်သွားစေရန် သူ၏ အစစ်အမှန်စွမ်းအင်များကို အသုံးပြု၍ ထိန်းချုပ်ပေးရန် လိုအပ်ပေသည်။ ဒုတိယအကြိမ် ဆူပွက်လာချိန်တွင် ပုဖန်က မြေအိုးအဖုံကို ဖွင့်လိုက်ပြီး စိတန်ဝိဥာဉ်မီးသစ်ခွကို အိုးထဲသို့ ထည့်လိုက်လေသည်။ နာရီ၀က်မျှကြာသောအခါ ဆေးဘက်၀င်ဟင်းပွဲတစ်ပွဲ ဖြစ်ပေါ်လာလေတော့သည်။


အင်ပါယာမြို့တော်အတွင်းမှ ဇိမ်ခံတည်းခိုခန်းတစ်ခုတွင် စွဲဆောင်မှုရှိလှသော ပုံရိပ်လေးတစ်ခုက ကုတင်ပေါ်တွင် ခြေထောက်ချိတ်၍ ထိုင်နေလေသည်။ သူမ၏ လှပသော အနက်ရောင်ဆံနွယ်များက ရေတံခွန်တစ်ခုကဲ့သို့ ကျော်ပေါ်တွင် ကျဆင်းနေပြီး မျက်လုံးများကို ခပ်တင်းတင်းမှိတ်ထားကာ လက်ဟန်တစ်ချို့ကို ပြုလုပ်နေလေသည်။ သူမ၏ ပတ်၀န်းကျင်တွင် အစစ်အမှန်စွမ်းအားများက အဆက်မပျက် ပျံ့ကျဲနေပေသည်။


ပုဖန်၏ ဆိုင်မှ အရသာရှိသော အစားအသောက်များကို စားသောက်ပြီးနောက် သူမ၏ ခန္ဒာကိုယ်ထဲတွင် စွမ်းအင်များ ပြည့်နှက်လာသည်ကို ခံစားမိသောကြောင့် နီယန်က နောက်တစ်ဆင့်သို့ ချိုးဖျက်တက်ရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် သူမ၏ သိုင်အဆင့်က အစောပိုင်းသူတော်စင်အဆင့်ဖြစ်ပြီး နောက်ပိုင်းသူတော်စင်အဆင့် သို့ပင် ချိုးဖျက်တက်ရောက်နိုင်သည်ဟု ခံစားနေရသည်။ အဆင့်ရှစ်သို့ မရောက်သေးသော်လည်း အကျိုးကျေးဇူး အလွန်ကြီးမားနေပြီဖြစ်သည်။


အသံလှိုင်းတစ်ခု လွင့်ပျံလာပြီး နီယန်၏ မျက်လုံးထဲတွင် ရှုပ်ထွေးလှသော လျို့ဝှက်သင်္ကေတများ ထွက်ပေါ်လာပြီး သူမ၏ အသားအရည်ပေါ်တွင် အလင်းတန်းများ ထွက်ပေါ်လာသည်။ နီယန်က ရုတ်တရက် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်လေသည်။ တင်းတင်းစေ့ပိတ်ထားသော တံခါးကို အတင်းချိုးဖျက်လိုက်သကဲ့သို့ အစစ်အမှန်စွမ်းအင်များက သူမ၏ ခန္ဒာကိုယ်ထဲ စီး၀င်သွားပြီး သူမ၏ ခန္ဒာကိုယ်တွင် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ သူမ၏ အဆင့်ချိုးဖျက်တက်ရောက်မှုက အောင်မြင်သွားပြီဖြစ်သည်။


အင်ပါယာမြို့တော်၏ အသွင်အပြင်က ငြိမ်းချမ်းနေသယောင် ဖြစ်နေချိန်တွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ကျယ်လောင်သော ကြွေးကြော်သံတစ်ခုနှင်အတူ အလင်းတန်းများက ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။ ရှောင်စံအိမ်ပေါ်တွင် ရှောင်မန်က ရုတ်တရက် ထရပ်လိုက်ပြီး ကောင်းကင်ပေါ်မှ အလင်းတန်းများကို ကြည့်လိုက်လေသည်။ ထို့နောက် စံအိမ်အတွင်းမှ ထွက်ခွာသွားပြီး လေထဲသို့ ခုန်တက်လိုက်ပြီး အလင်းတန်းများ ထွက်ပေါ်လာရာသို့ သွားလိုက်လေသည်။


“ဒီလိုမျိုးအချိန်အခါမှာ သူတော်စင်အဆင့်တစ်ယောက် ထွက်ပေါ်လာတာလား… ဒါက ရန်သူလား မိတ်ဆွေလားဆိုတာ ကွဲကွဲပြားပြား သိရမှ ဖြစ်မယ်….”


အပေါ်ထပ်၀တ်ရုံကို ၀တ်ဆင်ထားသော ကျောက်မူရှန်က ထွက်ပေါ်လာသော အလင်းတန်းကို အေးအေးသာသာပင် စိုက်ကြည့်နေလေသည်။ သူ၏ မျက်လုံးများက မှေးစင်းထားပြီး မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းများ ရောယှက်နေပေသည်။


“ဒီအလင်းတန်းရဲ့ အရှိန်အဝါကို ကြည့်ရတာ အာကာသအာနန်ဂိုဏ်းက လူပဲ ဖြစ်ရမယ်… အာကာသအာနန်ဂိုဏ်းတောင် ဒီအရှုပ်အထွေးထဲ ၀င်ပါဖို့ ဆုံးဖြတ်ထားတာလား…” ကျောက်မူရှန်က တွေးလိုက်ပြီးနောက် လေထဲသို့ ပေါ့ပါးစွာ ခုန်တက်လိုက်လေသည်။ ထို့နောက် အလင်းတန်းထွက်ပေါ်လာရာသို့ ဦးတည်ပျံသန်းသွားလေသည်။


ထိုအချိန်တွင် သူတော်စင်အဆင့်တစ်ယောက်၏ အရှိန်အဝါက ပျံ့နှံ့သွားသောကြောင့် လက်ဝဲအမတ်ကြီး ကျောက်မူရှန်နှင့် ရှောင်မန်တို့သာမက အင်ပါယာမြို့တော်အတွင်းမှ ဂိုဏ်းအဖွဲ့အစည်းများအားလုံးက သတိပြုမိလိုက်ကြသည်။


အင်ပါယာမြို့တော်၏ အထိမခံသော အခြေအနေတွင် သူတော်စင်အဆင့်တစ်ယောက် ပေါ်ထွက်လာခြင်းက လူများကို တပ်လှန့်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။ ထိုသူ၏ ထောက်ပံ့မှုကို ဘုရင်ခံယုနှင့် အိမ်ရှေ့စံတို့ တစ်ယောက်ယောက် ရရှိလိုက်ပါက ပြိုင်ဘက်ကို အလွယ်တကူ ချေမှုန်းနိုင်ပေလိမ့်မည်။