အခန်း ၁၂၀ “ထွက်သွားကြစမ်း… ငါ့ကိုလာအနှောက်အယှက် မပေးနဲ့”
အင်ပါမြိုတော်အတွင်းမှ ဇိမ်ခံတည်းခိုခန်းတစ်ခု၏ အခန်းအပြင်ဘက်တွင် ထန်းယင်က ဓါးရှည်ကို ကိုင်၍ လက်ပိုက်ထားပြီး တည်ငြိမ်စွာ ရပ်နေလေသည်။ သူ၏ မျက်လုံးများက စိုးရိမ်ပူပန်နေဟန်နှင့် လျောက်လမ်းမကြီးကို ငေးကြည့်နေလေသည်။ သူ၏ အနောက်ရှိ အခန်းထဲမှ ကောင်းကင်ထက်သို့တိုင် တောက်ပနေသော အလင်းတန်းများ ထွက်ပေါ်နေသည့် အခန်းတစ်ခန်း ရှိနေပေသည်။
အင်ပါယာမြို့တော်အတွင်း မငြိမ်မသက်ဖြစ်နေချိန်တွင် သူ၏ဆရာက အဆင့်တက်နေသောကြောင့် ထန်းယင်က ခေါင်းကိုက်နေလေသည်။ ဤကဲ့သို့သော အချိန်တွင် သူ့ဆရာသာ ရဲရဲဝံ့ဝံ့ အဆင့်တက်ရဲပေသည်။ အင်ပါယာမြို့တော်၏ လက်ရှိအခြေအနေတွင် သူတော်စင်အဆင့်တစ်ယောက် ရုတ်တရက်ပေါ်ပေါက်လာခြင်းက အိမ်ရှေ့စံမင်းသားနှင့် ဘုရင်ခံယုတို့၏ စိတ်၀င်စားမှုကို သိမ်းကြုံးယူငင်သွားနိုင်ပေသည်။
သူတော်စင်အဆင့်တစ်ယောက်က ပလ္လင်လုရာတွင် မျှချေကို ဖျက်ဆီးရန် လုံလောက်နေပေသည်။ ထိုအချိန်တွင် သူတို့ရှိရာသို့ ပျံသန်းလာသော ကြံ့ခိုင်သည့် ပုံရိပ်တစ်ခုကို ထန်းယင်က မြင်တွေ့လိုက်ရလေသည်။ ထန်းယင်က သက်ပြင်းတစ်ချက်ချလိုက်မိသည်။
“လေအလင်းအင်ပါယာရဲ့ ကာကွယ်စောင့်ရှောက်သူ သူတော်စင်အဆင့် ရှောင်မန်…” ထန်းယင်က ပုံရိပ်ကို ကြည့်၍ တီးတိုးရေရွတ်လိုက်မိသည်။ ဒဏ္ဍာရီတစ်ခုကဲ့သို့ ကျော်ကြားသော လူတစ်ယောက်နှင့် သူ၏ ပထမအကြိမ် တွေ့ဆုံမှုပင် ဖြစ်သည်။
ထိုအချိန်တွင် သူ၏ ဂျူနီယာညီမ လုရှောင်းရှောင်းက ပေါ်ထွက်လာပြီး ထန်းယင်က နောက်ကျောတွင် ၀င်ရပ်လိုက်သည်။ သူမ၏ အပြုအမူက ထန်းယင်၏ နှလုံးသားကို နွေးထွေးသွားစေသည်။
“မေးပါရစေ… မင်းတို့က ဘယ်သူတွေလဲ…အင်ပါယာမြို့တော်ကို ဘာရည်ရွယ်ချက်နဲ့ လာခဲ့ကြတာလဲ…” ရှောင်မန်၏ သြဇာအာဏာ ပြည့်၀လှသော အသံနှင့် အတူ သူတို့ထံသို့ ကြီးမားလှသော ဖိအားက ကျရောက်လာပြီး ထန်းယင်တိုိ့ကို တုန်လှုပ်သွားစေသည်။
“ငါ… ငါတို့က အာကာသအာနန်ဂိုဏ်းကပါ… ဆရာနဲ့ ငါတို့ နှစ်ယောက်မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး… စိတ်ချလက်ချ နေလို့ရပါတယ်…” ထန်းယင်က လက်သီးကို ဆုတ်၍ လေးလေးစားစား အမူအယာနှင့် ပြန်ပြောလိုက်သည်။
ထန်းယင်၏ စကားမဆုံးခင်အချိန်တွင် ရှောင်မန်က လေထဲမှ ဆင်းသက်လာခဲ့ပြီး လက်ကို နောက်ပစ်၍ တစ်ဖြည်းဖြည်းချင်း လျောက်လာခဲ့သည်။
“မင်းတို့က အာကာသအာနန်ဂိုဏ်းကလား…. အင်ပါယာမင်းမြတ် နတ်ရွာစံပြီးမှ အာကာသအာနန်ဂိုဏ်က သူတော်စင်အဆင့်တစ်ယောက်က အင်ပါယာမြို့တော်ထဲကို ရောက်လာတယ်… ပြီးတော့ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောပေမယ့် အဲဒီစကားကို ငါက ယုံမယ်လို့ ထင်နေတာလား.”. ရှောင်မန်က အေးစက်စက် ပြောဆိုလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ ပြုံးလိုက်လေသည်။
ထန်းယင်က အကြပ်အတည်းအတွင်း ရောက်ရှိနေပေသည်။ သူတို့ အင်ပါယာမြိုကတော်သို့ လာရခြင်းမှာ ပုဖန် လက်ထဲမှ ဖီးနစ်သွေးဆေးပင်ကို ရယူလိုသောကြောင့် ဖြစ်သည်။ သူ့ဆရာ၏ အစားကြူး၍ ပုဖန်၏ ဆိုင်မှ ဟင်းပွဲများကို လောဘတစ်ကြီး စားသောက်ခဲ့သောကြောင့်သာ အခက်အခဲ ဖြစ်နေရခြင်း ဖြစ်သည်။ ရှောင်မန်က သူ၏ အရှိန်အဝါများကို ထုတ်ဖော်လိုက်ပြီး နောက်တစ်ကြိမ် ဖိအားပေးလိုက်လေသည်။ ထို့ကြောင့် ထန်းယင်က သူတို့တွင် မကောင်းသည့် ရည်ရွယ်ချက်မရှိကြောင်း ထပ်မံ ပြောကြားလိုက်ရသည်။
ထိုအချိန်တွင် အခန်းထဲမှ ထွက်ပေါ်နေသော အလင်းတန်းက တစ်ဖြည်းဖြည်းခြင်း နည်းပါးလာခဲ့သည်။ အခန်းထဲမှလူက သူ၏ အဆင့်တက်ခြင်း ပြီးဆုံးသွားပြီး အရှိန်အဝါကို ဖုံးကွယ်လိုက်သောကြောင့် ထိုသို့ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အချိန်အနည်းငယ်အတွင်း ကောင်းကင်ယံသို့ ထိုးတက်နေသည့် အလင်းတန်းက လုံး၀ ပျောက်ကွယ်သွားလေသည်။
ရှပ်ရှပ် ရှပ်…
ခြေသံအချို့ ထွက်ပေါ်လာပြီး ခပ်ပြုံးပြုံးမျက်နှာဖြင့် တစ်ဖြည်းဖြည်းလျောက်၀င်လာသော ကျောက်မူရှန်ကို တွေ့လိုက်ရသည်။
“စစ်သေနာပတိချုပ်ရှောင်… သူတို့ကို ခက်ခဲအောင် မလုပ်ပါနဲ့… သူတို့က ဧည့်သည်တွေပဲလေ… အာကာသအာနန်ဂိုဏ်းက လူတွေက အင်ပါယာမြို့တော်ထဲကို လာလည်တာရှားတယ်မဟုတ်လား…” ကျောက်မူရှန်က ညင်သာနူးညံ့သော အသံနှင့် ပြောဆိုလိုက်သည်။ သူ၏ ကိုင်တွယ်ဖြေရှင်းပုံက သိမ်မွေ့လွန်းသောကြောင့် မည်သို့မျှ ဒေါသမထွက်နိုင်တော့ချေ။
သို့သော် ရှောင်မန်က ကွဲပြားခြားနားစွာပင် ကျောက်မူရှန်၏ အမူအယာကိုမြင်လိုက်သည်နှင့် ဒေါသချောင်းချောင်း ထွက်သွားလေသည်။
“ဒီကောက်ကျစ်တဲ့ မြေခွေးအိုကြီးက သူတော်စင်အဆင့်တစ်ယောက် ဖြစ်နေမယ်လို့ လုံး၀ မမျှော်လင့်ထားဘူး… သူက လူတိုင်းကို အချိန်အကြာကြီး အရူးလုပ်ထားနိုင်တာပဲ… ဒါကြောင့် အင်ပါယာမင်းမြတ် သက်ရှိထင်ရှားရှိစဉ်က သူ့ကို သတိထားပြီး ဆက်ဆံခဲ့တာကို… ဒီမြေခွေးအိုကြီးက တစ်ခုခုတော့ တစ်ခုခုပဲ…”
“သူက သူတော်စင်အဆင့်တစ်ယောက်ဖြစ်နေတာတောင်… သူ့ရဲ့ သိုင်းအဆင့်ကို ကွယ်ဝှက်ထားပြီး ကျိုးကျိုးနွံနွံ နေခဲ့တယ်.. သူ့ရဲ့ တစ်ကယ့်ရည်ရွယ်ချက် အစစ်အမှန်က ဘာလဲ….” ရှောင်မန်က ကျောက်မူရှန်ကို ကြည့်၍ တွေးတောနေလိုက်ပြီး မပျော်မရွှင် ဖြစ်လာလေသည်။
ထန်းယင် ခံစားနေရသော ဖိအားက ပို၍ ပြင်ထန်းလာလေသည်။ အင်ပါယာမြို့တော်အတွင်းမှ အင်အားကြီးနှစ်ယောက်၏ မသိစိတ်မှ ထုတ်လွှတ်လိုက်သော အရှိန်အဝါများကပင် ထန်းယင်ကို တုန်လှုပ်သွားစေသည်။ ထိုအချိန်တွင် သူတို့နောက်မှ အခန်းတံခါက ပွင့်လာပြီး အားပြင်းလှသော အစစ်အမှန်ခွန်အားတစ်ခု ထွက်ပေါ်လာကာ ထန်းယင်ပေါ်မှ ဖိအားများကို ဖယ်ရှားပေးလိုက်သည်။ ထို့နောက် ၀တ်ရုံရှည်၀တ်ဆင်ထားသော ပုံရိပ်တစ်ခု အခန်းထဲမှ ထွက်လာလေသည်။
“ဆရာ…”
ထန်းယင်နှင့် လုရှောင်းရှောင်းတို့ကို ပြိုင်တူ ခေါ်လိုက်လေသည်။ ရှောင်မန်နှင့် ကျောက်မူရှန်တို့က အခန်းတံခါး၀ဆီသို့ လှမ်းကြည့်လိုက်ရာ မျက်နှာကာ ၀တ်ဆင်ထားသော ပုံရိပ်တစ်ခုကို တွေ့လိုက်ကြရသည်။ ကျောက်မူရှန်က တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုအမျိုးသမီးကို သိလိုက်သောကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။ သူမက အာကာသအာနန်ဂိုဏ်းမှ တတိယအကြီးအကဲ ဖြစ်သောကြောင့် သိရန် လွယ်ကူပေသည်။
“သူမက ဘာရည်ရွယ်ချက်နဲ့ အင်ပါယာမြို့တော်ထဲကို ရောက်လာတာလဲ…”
ရှောင်မန်က မျက်မှောင်ကြုံ့လိုက်မိသည်။ သူမထံမှ စွမ်းအင်လှိုင်းများက ပျောက်ကွယ်သွားခြင်းမရှိ်ပဲ အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သည်။
“ကျောက်မူရှန်… မတွေ့ရတာတောင်ကြာပြီ… လူငယ်လေးတစ်ယောက်ကနေ လူကြီးတစ်ယောက်ဖြစ်လာပြီပဲ…” နီယန်က အပြုံးလေးနှင့် ပြောဆိုလိုက်လေသည်။
ကျောက်မူရှန်က နှုတ်ခမ်းတစ်ချက်တွန့်လိုက်ပြီး ပခုံးတွန့်၍ ပြန်ပြောလိုက်သည်။
“အရင်တုန်းက လူငယ်လေးတစ်ယောက်ဆိုပေမယ့်… ထူးခြားတဲ့ လူတစ်ယောက် ဖြစ်လာနိုင်တာပဲလေ…”
“အာကာသာအာနန်ဂိုဏ်းက တစ်ကယ့်ကို မရိုးရှင်းဘူးပဲ… မင်းတို့က ဘာရည်ရွယ်ချက်နဲ့ အင်ပါယာ မြို့တော်ထဲကို ၀င်လာတာလဲ…” ရှောင်မန်က သူ့ရှေ့မှ မြင်ကွင်းကို ကြည့်၍ ထပ်မံမေးမြန်းလိုက်သည်။ ကျောက်မူရှန်က အာကာသအာနန်ဂိုဏ်းမှ လူတစ်ယောက်ပင် ဖြစ်နိုင်ပေသည်။
နီယန်က ရှောင်မန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်နှာပေါ်မှ အပြုံးကလဲ ပျောက်ကွယ်သွားလေသည်။ ထို့နောက် ကျောက်မူရှန်ကို လက်ညိုးထိုးပြလိုက်ပြီး ပြောဆိုလိုက်သည်။
“သူက အင်ပါယာမြို့တော်ထဲမှာ ဘာတွေပဲလုပ်လုပ် ငါတို့ဒီကိုလာတာက… သူနဲ့ တူညီတဲ့ အရာတွေ လုပ်မို့ပဲ…”
နီယန်၏ စကားကို ကြားလိုက်ရသောကြောင့် ကျောက်မူရှန်က သွေးအန်မတက် ဖြစ်သွားလေသည်။
“နှစ်ပေါင်းများစွာ ကြာတာတောင် ဒီအရှုပ်ထုတ်က သူ့အကျင့်အတိုင်း စကားကို မရှင်းမရှင်းပြောပြီး သူနဲ့ အတူတူ ဆွဲချသွားဖို့ ကြံနေတုန်းပဲ…”
ဘေးတွင် ရပ်နေသည့် လုရှောင်းရှောင်းနှင့် ထန်းယင်တို့လည်းကြောင်အသွားလေသည်။
“ဆရာက ဘာတွေလျောက်ပြောနေတာလဲ…. ငါတို့ အင်ပါယာမြို့တော်ထဲကိုလာတာ စီနီယာ့ဆီက ဖီးနစ်သွေးဆေးပင်ကို ရယူမလို့လေ… မဟုတ်ဘူးလား… တစ်ခြားရည်ရွယ်ချက်တွေက ဘယ်ကရောက်လာတာလဲ….”
“ဘာအဓိပ္ပါယ်မရှိတာတွေ လျောက်ပြောနေတာလဲ… ဒီလူအိုကြီးက အင်ပါယာမြို့တော်ထဲမှာနေထိုင်လာတာ နှစ်ပေါင်းများစွာ ကြာနေပြီ… အင်ပါယာမင်းမြတ်ကို အလုပ်အကြွေးပြုနိုင်ဖို့ အောက်ခြေ၀န်ထမ်းဘ၀ကနေ လက်ဝဲအမတ်ကြီး ဖြစ်လာတဲ့ထိ တစ်ဖြည်းဖြည်းခြင်း ကြိုးစားလာခဲ့တာ …” ကျောက်မူရှန်က ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး တုံ့ပြန်လိုက်သည်။
ရှောင်မန်က ကျောက်မူရှန်၏ စကားများကို အယုံအကြည်မရှိသောကြောင့် လှောင်ပြောင်ရယ်မောလိုက်လေသည်။
“ဘာ… လူအိုကြီး… ငါက မှားနေတာလား… ဒီလိုဆိုရင် ငါတို့နှစ်ယောက်ဘာလို့ မတိုက်ခိုက်ကြည့်တာလဲ … ဘယ်သူပဲနိုင်နိုင် နိုင်တဲ့သူရဲ့ စကားကို အတည်ယူမယ်လေ… ဘယ်လိုသဘောရလဲ….” နီယန်က ကျောက်မူရှန်ကို သေချာစွာ စိုက်ကြည့်လိုက်ပြီး ပြောဆိ်ုလိုက်သည်။
ကျောက်မူရှန်က ထပ်မပြောတော့ပဲ နှုတ်ခမ်းများကို တင်းတင်းစေ့၍ ခေါင်းခါရမ်းလိုက်ကာ ထွက်ခွာသွားလေတော့သည်။ ရှောင်မန်က နီယန့်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်သော်လည်း နီယန်က ဂရုထားခြင်းမရှိပေ။ ရှောင်မန်က လေအလင်းအင်ပါယာ မြို့တော်၏ ကာကွယ်စောင့်ရှောက်သူတစ်ယောက်ဖြစ်သော်လည်း အဆင့်တက်ပြီးနောက် ရှောင်မန်နှင့် တိုက်ခိုက်ရန် ယုံကြည်ချက် ရှိလာလေသည်။ ရှောင်မန်က ဘာမှမပြောတော့ပဲ လှည့်ထွက်သွားလေတော့သည်။
ရှောင်မန်ထွက်သွားပြီးနောက် နီယန်၏ လှပသော မျက်လုံးများက ပတ်၀န်းကျင်ကို လှည့်ပတ် စစ်ဆေးလိုက်ပြီး ချိုမြန်သာယာသော အသံဖြင့် ပြောဆိုလိုက်လေသည်။
“ဒီနားမှာရှိနေတဲ့… တွမ်.. ဒစ်နဲ့ ဟယ်ရီတို့ ထွက်သွားကြစမ်း… ငါ့ကို အနှောက်အယှက်လာမပေးနဲ့… ငါဘယ်သူ့ကိုမှ မမြင်ချင်ဘူး…”
သူ့ဆီသို့ လာနေသော ဘုရင်ခံယုနှင့် အိမ်ရှေ့စံမင်းသားတို့ မျက်နှာများက မည်းမှောင်သွားလေသည်။ သူတော်စင်အဆင့် အမျိုးသမီး၏ အသံက စိတ်မရှည်မှုများ ပါ၀င်နေလေသည်။ ပုဖန်က အိပ်မောကျတော့မည့်အချိန်တွင် အမျိုးသမီးတစ်ယောက်၏ အော်သံကြောင့် လန့်နိ်ုးသွားလေသည်။ သူ၏ ငိုက်မြည်းနေသော မျက်၀န်းများကို ပွတ်သတ်လိုက်ပြီး စဉ်းစားလိုက်သည်။ တခဏမျှ စဉ်းစားလိုက်ပြီးနောက် ထိုအသံရှင်ကို မမှတ်မိသောကြောင့် ပြန်အိပ်ရန် ပြင်ဆင်လိုက်သည်။ သက်စောင့်ဟင်းပွဲ ချက်ပြုတ်ထားသောကြောင့် သူအလွန်ပင်ပန်းနွမ်းနယ်နေလေသည်။
ပထမအကြိမ် စမ်းသပ်ချက်ပြုတ်မှုက ကျရှုံးသွားသည်မှာ မေးစရာမလိုလောက်အောင်ပင် ဖြစ်နေပေသည်။ ကျရှုံးသွားသည်မှာ ဟင်းပွဲက ပျက်စီးသွားခြင်းမဟုတ်ပဲ ပုဖန်၏ စံသတ်မှတ်ချက်နှင့် မကိုက်ညီသောကြောင့် ကျရှုံးသည်ဟု ဆိုခြင်း ဖြစ်သည်။ သူက ဟင်းပွဲကို ချက်ပြုတ်ရာတွင် အစစ်အမှန်စွမ်းအင် ထုတ်ဖော်ရာ၌ အမှားတစ်ခုလုပ်မိသောကြောင့် ဟင်းပွဲ၏ အာနိသင်ကို အကျိုးသက်ရောက်သွားစေခြင်း ဖြစ်သည်။
ရှောင်ယုက ပါ၀င်ပစ္စည်းတစ်စုံသာ ပေးထားသောကြောင့် အမှားအယွင်းအနည်းငယ်ပင် ရှိ၍ မရပေ။ ထို့ကြောင့် နောက်တစ်နေ့တွင် အောင်မြင်မှုရစေရန် ပုဖန်က သူ၏ အမှားအချို့ကို သုံးသပ်ခဲ့ခြင်း ဖြစ်သည်။
နောက်တစ်နေ့ နေထွက်ချိန်တွင် အင်ပါယာမြို့တော်အတွင်း၌ အလုပ်ရှုပ်နေကြလေသည်။ အင်ပါယာနန်းတော်အတွင်းတွင် မိန်းမစိုးများနှင့် တရားရုံးတော်မှ အရာရှိအမျိုးသမီးများက ပင်မခန်းမဆောင် အတွင်းတွင် ခန်းမကို ပြင်ဆင်၍ အလုပ်ရှုပ်နေကြလေသည်။ အင်ပါယာမင်းမြတ်၏ အသုဘအခမ်းအနားက နှစ်ရက်သာ လိုတော့သော်လည်း ပြင်ဆင်စရာများက လိုအပ်နေသေးပေသည်။ နန်းတော်အတွင်းမှ လေထုကလည်း တိတ်ဆိတ်ပြီး ၀မ်းနဲစရာကောင်းနေပေသည်။
လျို့ဝှက်ကောင်းကင် ဂိတ်တံခါး၏ အပြင်ဘက်တွင် ဂျိချန်းရွဲ့က ပင်မနန်းဆောင်သို့ လျောက်လှမ်းနေလေသည်။ သူ၏ မျက်၀န်းထဲတွင်လည်း စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေလေသည်။