အခန်း ၁၂၁ “စိတ်ပုပ်သူဌေးက စားပွဲထိုးအသစ်ရှာတွေ့သွားပြီ”
ဆီးနှင်းများက ပေါ့ပါးနူးည့ံ့သော ငှက်မွှေးများကဲ့သို့ တစ်ဖွဲဖွဲ ကျဆင်းနေသောကြောင့် နန်းတော်ကြီးတစ်ခုလုံးကို ငွေရောင်အလွှာပါးပါးနှင့် တန်ဆာဆင်ထားသကဲ့သို့ ခန့်ညားထည်ဝါနေစေသည်။ အဖြူရောင်၀တ်ရုံကို ၀တ်ဆင်ထားသည့် ဂျိချန်းရွဲ့က နန်းတော်ရှိရာသို့ ဦးတည်နေပေသည်။ သူ၏ ဆံပင်ရှည်များကို သိုးမွှေးကြိုးတစ်ချောင်းနှင့် စည်းနှောင်ထားပြီး ရိုးရှင်းစွာ ၀တ်ဆင်ထားလေသည်။
ဂျိချန်းရွဲ့က လျို့ဝှက်ကောင်းကင်ဘုံဂိတ်တခါးကို ဖြတ်ကျော်လာပြီးနောက် နန်းတော်၏ အဓိကခန်းမရှိရာသို့ ကျောက်တုံးလှေကာထစ်များကို ကျော်၍ တက်လာလိုက်သည်။ ခန်းမထဲတွင် အခန်းအနားပြင်ဆင်နေကြသော မိန်းမစိုးများနှင့် တရားရုံးမှ အမျိုးသမီး အရာရှိများက ဂျိချန်းရွဲ့ကို အလျင်အမြန် အရိုအသေပြုလိုက်ကြသည်။ ဂျိချန်းရွဲ့က အလုပ်ဆက်လုပ်ရန် ညွှန်ကြားလိုက်ပြီး သူ့ဖခင် အင်ပါယာမင်းမြတ်၏ အငွေ့အသက်များ ကျန်နေဆဲဖြစ်သော ခန်းမကျယ်ထဲသို့ လက်နောက်ပစ်၍ လျောက်၀င်သွားလိုက်သည်။
အင်ပါယာမင်းမြတ် သက်ရှိထင်ရှားရှိနေစဉ်က ထိုခန်းမကျယ်ထဲတွင် မကြာခဏ နေထိုင်လေ့ရှိသော်လည်း ယခုအချိန်တွင် အထီးကျန်ခြင်း အငွ့အသက်အချို့ကိုသာ ခံစားလိုက်ရပေသည်။ ထိုအချိန်တွင် ခန်းမ၏ နောက်မှ ထွက်လာသော လျန်ဖုကို တွေ့လိုက်ရသည်။ သူ၏ မျက်၀န်းများက ညိုးရောနေပြီး မျက်ကွင်းများ ညိုနေကာ ဆံပင်များက ပိုဖြူလာသည်ကို တွေ့လိုက်ရလေသည်။
“လျန်ကုန်းကုန်း….” ဂျိချန်းရွဲ့က လှမ်းနှုတ်ဆက်လိုက်သည်။ လျန်ဖုက အိုမင်းရင့်ရော်နေပုံပေါက်သော်လည်း ဂျိချန်းရွဲ့က အထင်မသေးရဲပေ။ သူက သတ္တမအဆင့် သူတော်စင်အဆင့်တစ်ယောက်ဖြစ်ပြီး သူ့ဖခင်၏ အယုံကြည်ရဆုံးသူ ဖြစ်သည်။
“အရှင့်သား… ဘာရည်ရွယ်ချက်နဲ့ ဒီကိုရောက်လာတာပါလဲ…” မိန်းမစိုးလျန်က သားမွှေးတုတ်ကို ရမ်းခါလိုက်ပြီး စူးရှရှ အသံနှင့် မေးလိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများနှင့် ၀မ်းနဲကြေကွဲမှုများ အထင်းသားပေါ်လွင်နေပေသည်။ အင်ပါယာမင်းမြတ်နှင့် မိန်းမလျန်တို့က ကလေးဘ၀မှ စ၍ အတူတကွ ကြီးမြင့်လာကြပြီး တစ်တွဲတွဲနှင့် တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်ကြသူများဖြစ်သည်။ ထို့ကြောင့် အင်ပါယာမင်းမြတ် နတ်ရွာစံချိန်တွင် ၀မ်းနည်းကြေကွဲရဆုံးသူမှာ လျန်ဖုသာ ဖြစ်နေပေသည်။
ဂျိချန်းရွဲ့က သက်ပြင်းတစ်ချက်ချလိုက်ပြီး အရိုအသေပြု၍ ပြောဆိုလိုက်သည်။
“လျန်ကုန်းကုန်း… ငါ့ရဲ့ ခမည်းတော်ကို တွေ့ချင်တယ်…”
မိန်းမစိုးလျန်က လက်မနှင့် လက်ညိုးကို ပူးကိုင်လိုက်ပြီး ဂျိချန်းရွဲ့ကို စိုက်ကြည့်လိုက်ပြီး ငြင်းဆိုလိုက်သည်။
“မရဘူး… အရှင်မင်းကြီးက သူ့ရဲ့ စျာပန အခမ်းအနားမတိုင်ခင် ဘယ်သူ့ကိုမှ တွေ့ခွင့်မပေးရဘူးလို့ ညွှန်ကြားထားတယ်…”
“သားတစ်ယောက်ဖြစ်တဲ့ငါက ခမည်းတော်ကို နောက်ဆုံးအနေနဲ့တောင် ကြည့်လို့မရဘူးလား…” ဂျိချန်းရွဲ့က မျက်မှောင်ကြုံ့၍ ပြန်မေးလိုက်သည်။
“အရှင့်သား… ဒီသစ္စာရှိ အစေခံအိုကြီးက အရှင်မင်းကြီးရဲ့ အမိန့်တွေကို ဘယ်လိုနာခံလဲဆိုတာ အရှင့်သားလဲ သိပါတယ်… ဒါကြောင့် ဒီအစေခံအိုကြီးကို ခက်ခဲအောင် မလုပ်ပဲနဲ့ ကျေှးဇူးပြုပြီး ပြန်ပါတော့….”
လျန်ဖု၏ အမူအယာကြောင့် ဂျိချန်းရွဲ့က ဆက်မပြောတော့ပဲ သက်ပြင်းတစ်ချက်ချကာ ခန်းမကျယ်အတွင်းမှ လှည့်ထွက်သွာလိုက်သည်။
ပုဖန်က ခုနစ်စင်ကြယ်အသားလွှာထုဆစ်ခြင်း နည်းစနစ်ကို လေ့ကျင့်နေချိန်တွင် ဆိုင်တခါးကို ထုရိုက်သံ ကြားလိုက်ရသောကြောင့် တံခါးဆီသို့ လှမ်းကြည့်လိုက်လေသည်။
“မနက်စောစောစီးစီး ဘယ်သူကတံခါးလာခေါက်နေတာလဲ…”
ပုဖန်က လုပ်လက်စများကို ချထားလိုက်ပြီး တံခါးဆီသို့ သွား၍ ဖွင့်လိုက်လေသည်။ တံခါးဖွင့်လိုက်သည်နှင့် လှပသော မျက်နှာတစ်ခုကို မြင်လိုက်ရလေသည်။ ထိုမျက်နှာပေါ်မှ လှပဝိုင်စက်သော မျက်လုံးလေးများက ပုဖန်ကို စိတ်လှုပ်ရှားစွားစိုက်ကြည့်နေလေသည်။
“ပိုင်ရှင်ပု… နောက်ဆုံးတော့ နင်ဆိုင်ဖွင့်ပြီပေါ့… မြန်မြန်လေး… ငါ့ကို အထဲ၀င်ခွင့်ပေး…” နီယန်က စိတ်မရှည်စွာ ပြောဆိုလိုက်သည်။
သို့သော် ပုဖန်က တံခါး၀တွင် ပိတ်ရပ်ထားရာမှ မဖယ်ပေးပဲ ခပ်တည်တည်နှင့် ပြန်ပြောလိုက်လေသည်။
“အခုဆိုင်ဖွင့်ချိန် မရောက်သေးဘူး… နင်က ဒီကို အစောကြီး ဘာလာလုပ်တာလဲ….”
နီယန်က တခဏမျှ ကြောင်အသွားပြီးမှ သူမလက်ထဲမှ ပစ္စည်းများကို ပုဖန်ကိုမြှောက်ပြလိုက်ပြီး ပြန်ပြောလိုက်သည်။
“ငါမနေ့က မင်းရဲ့ဟင်းပွဲတွေ အများကြီးစားပြီး အကျိုးကျေးဇူးတွေရခဲ့တယ်… ဒါကြောင့် ငါ့ရဲ့ ဟင်းချက်စွမ်းရည်ကို မင်းသိအောင် ပြန်ပြချင်တယ်…”
အာကာသအာနန်ဂိုဏ်းထဲတွင် သူမချက်ပြုတ်ထားသော ဟင်းပွဲများကို လူတိုင်းက နှစ်သက်ကြသောကြောင့် နီယန်က သူမ၏ စွမ်းရည်ကို များစွာ ယုံကြည်မှုရှိနေပေသည်။
ပုဖန်က မျက်နှာသေနှင့် တွေးတောနေလေသည်။
“ဒီအမျိုးသမီးက တစ်ခုခုတော့ မှားနေပြီ… ဒီကို အစောကြီးလဲလာသေးတယ်.. ငါ့အတွက်ချက်ပြုတ်ပေးမယ်လဲ ပြောနေသေးတယ်… မဟုတ်မှလွဲရော ငါ့ရဲ့ မီးဖိုချောင်ကို ငှားသုံးချင်နေတာလား…”
“ငါ့ရဲ့ မီးဖိုချောင်က ငှားဖို့မဟုတ်ဘူး….” ပုဖန်က ခပ်တည်တည်နှင့် ငြင်းဆန်လိုက်သည်။
နီယန်က ဆွံ့အသွားလေသည်။ သူမက ပုဖန်က မီးဖိုခန်းကို ငှားရမ်းအသုံးပြုရန် ကြံစည်နေခြင်းဖြစ်သည်။ မီးဖိုခန်းမရှိပါက သူမက ချက်ပြုတ်နိုင်မည်မဟုတ်ပေ။ ကြောင်အနေသော နီယန်ကို လျစ်လျူရှု၍ ပုဖန်က တံခါးကို ပြန်ပိတ်ရန် ပြင်လိုက်လေသည်။ ထို့ကြောင့် နီယန်က ဒေါသထွက်သွားပြီး သူမခန္ဒာကိုယ်အတွင်းမှ စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး တံခါးရွက်ကို ကိုင်ကာ ပုဖန်ကို အော်ပြောလိုက်လေသည်။
“ခဏနေဦး….”
“နင်က ပြသနာရှာဖို့ ကြိုးစားနေတာလား…” ပုဖန်က နီယန်၏ အစစ်အမှန်စွမ်းအင်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသောကြောင့် ပုံမှန်လေသံနှင့် ပြန်မေးလိုက်သည်။
ထိုအချိန်တွင် ဝှိုက်တီက ပုဖန်၏ နံဘေးသို့ ရောက်လာလေသည်။
“ပြသနာကောင်… တစ်ခြားသူတွေကို ဥပမာပေးဖို့ မင်းရဲ့ အ၀တ်တွေကို ချွတ်ပစ်ရမယ်…” ဝှိုက်တီ၏ မျက်လုံးများက အနီရောင်လင်းလက်လာပြီး ပြောလိုက်လေသည်။
“နင်က တော်တော် လက်ပေါက်ကပ်တဲ့သူပဲ… ငါက နင့်အတွက် ချက်ပြုတ်ပေးဖို့ဆိုတာတောင် နင်က ငါ့ကို မောင်းထုတ်နေသေးတယ်… ငါ့လိုအလှလေးကို ဘာလို့များ ရက်ရက်စက်စက် မောင်းထုတ်နိုင်တာလဲ…” နီယန်၏ လှပဝိုင်းစက်သော မျက်၀န်းများထဲတွင် မျက်ရည်များ ဝေ့သီလာပြီး စီးကျလာတော့မည်ကဲ့သို့ ဖြစ်လာလေသည်။
နီယန်က ပုဖန်၏ ဘေးတွင် ရပ်နေသော ဝှိုက်တီထံမှ အန္တရာယ်အငွေ့အသက်များ ရနေသောကြောင့် တွေးလိုက်မိသည်။
“ဖီးနစ်သွေးဆေးပင်ကို ဘယ်လိုလုပ်မှ ပြန်ရနိုင်မလဲနော်….ဟူး…”
“ပေါက်ကရတွေ ပြောမနေနဲ့… လိုရင်းက ဘာလဲ… ပြော….” ပုဖန်က မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ နီယန်၏ မျက်၀န်းထဲမှ ကျလုဆဲဆဲ မျက်ရည်များက ပျောက်ကွယ်သွားပြီး သနားစဖွယ် ပုံစံမှ သူမ၏ မော်ကြွားကြွားပုံစံသို့ ပြန်ပြောင်းသွားလေသည်။
“ငါက ဝိဥာဉ်သားရဲကောင်တွေရဲ့ အသားထဲက စွမ်းအင်တွေကို မပျောက်ကွယ်သွားအောင် ထိန်းသိမ်းနိုင်တဲ့ နင့် ရဲ့ နည်းစနစ်ကို လေ့လာချင်တာ…” နီယန်က ပြောဆိုလိုက်သည်။
ပုဖန်က မှုန်သေသေနှင့် နီယန့်ကို စိုက်ကြည့်လိုက်ရာ နီယန်ကလည်း အလျော့မပေးပဲ ပြန်စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်၏ အကြည့်ချင်းဆုံနေရာမှ မီးပွားများပင် ထွက်လာတော့မယောင် ထင်နေရပေသည်။ နီယန်၏ အကြည့်များက စူးရှထက်မြတ်လှသောကြောင့် ပုဖန်က သူ၏ အရှုံးကို ဝန်မခံပဲ ဆိုင်တံခါးကို ပိတ်လိုက်လေသည်။
“ငါနင့်ကို မသင်ပေးနိုင်ဘူး….”
ဖြစ်ပျက်သွားသည်များက လျင်မြန်လွန်းသောကြောင့် ပုဖန်၏ စကားကို ကြားလိုက်ရချိန်တွင် နီယန်က ဆိုင်တံခါးပေါက်တွင် ရပ်နေဆဲပင် ဖြစ်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် ပုဖန်က မနက်ခင်းလေ့ကျင့်ခန်း ပြီးဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ချက်ပြုတ်ပြင်ဆင်ထားသော ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို သယ်ဆောင်လာ၍ ဆိုင်တံခါးကို ဖွင့်လိုက်လေသည်။ ဆိုင်တံခါး၀တွင် ဆောင့်ကြောင့်ထိ်ုင်နေသော နီယန်က ပုဖန်ကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်လိုက်လေသည်။
“ဒီအမျိုးသမီးက ဘယ်လိုဖြစ်လို့ ရှိနေသေးတာလဲ…” ပုဖန်က ခေါင်းကိုက်သွားပြီး တွေးလိုက်မိသည်။
“ဘလက်ကီ… စားချိန်ရောက်ပြီ…” ပုဖန်က နီယန့်ကို လျစ်လျူရှုထားလိုက်ပြီး ညင်သာသော အသံနှင့် ဘလက်ကီကို ပြောဆိုလိုက်သည်။ ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို ဘလက်ကီ၏ ရှေ့တွင် ချပေးလိုက်ပြီး နူးညံ့သော အမွှေးများကို ပွတ်သပ်ပေးလိုက်ကာ ဆိုင်အတွင်းသို့ ပြန်၀င်သွားလေသည်။
“စိတ်ပုပ်သူဌေး… ငါလာပြီ…”
လမ်းကြားလေး၏ အ၀မှ ပြေးလွှားလာသံနှင့်အတူ ကွမ်းရှောင်ယီ၏ အသံကိုပါ ကြားလိုက်ရသည်။ ဖက်တီးဂျင်တို့ရှေ့တွင် ဟင်းပွဲများကို ချပေးနေသော ပုဖန်က လှမ်းကြည့်လိုက်ရာ ရက်အနည်းငယ်မျှ ပျောက်နေသော ရှောင်ယီကို တွေ့လိုက်ရသည်။ ရှောင်ယီ၏ မျက်နှာပေါ်တွင် လှောင်အိမ်ထဲမှာလွတ်မြောက်လာသော ငှက်လေးတစ်ကောင်၏ လွတ်မြောက်ချိန်တွင် ဖြစ်ပေါ်နေသော အမူအယာမျိုး ဖြစ်ပေါ်နေပေသည်။
ကွမ်းရှောင်ယီက ဆိုင်အတွင်း၀င်လိုက်သည်နှင့် မျက်နှာကာတပ်ထားပြီး ပွယောင်းယောင်း အ၀တ်အစားများကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က စိတ်ပုပ်သူဌေး၏ နောက်သို့ လိုက်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက သိချင်စိတ်ပြင်းပြစွာနှင့် မေးလိုက်မိသည်။
“နင်က ဘယ်သူလဲ….”
“စိတ်ပုပ်သူဌေးက စားပွဲထိုးအသစ်ရှာတွေ့သွားတာလား… သူငါ့ကို အလုပ်ထုတ်တော့မှာလား…” ကွမ်းရှောင်ယီက တွေးတောနေမိသည်။
“ဒီကလေးစုတ်လေးကရော ဘယ်သူလဲ…” နီယန်က နှာခေါင်းရှုံ့၍ ကွမ်းရှောင်ယီကို ကြည့်လိုက်ပြီး ပုဖန်ကို မေးမြန်းလိုက်သည်။ ထို့နောက် ပုဖန်၏ နောက်သို့ တစ်ကောက်ကောက် ဆက်လက်လိုက်ပါနေလေသည်။ ပုဖန်က မီးဖိုခန်းအတွင်း ၀င်သွားချိန်တွင် နီယန်က လိုက်၀င်သွားမည် ပြင်လိုက်လေသည်။ သို့သော် ဝှိုက်တီက တံခါး၀တွင် ရုတ်တရက်ပေါ်လာပြီး သူမကို တားဆီးလိုက်သည်။ ဝှိုက်တီထံမှ ပြင်းထန်သော အန္တရာယ်အငွေ့အသက်များ ရနေသောကြောင့် နီယန်က မလှုပ်ရှားရဲတော့ချေ။
ရှောင်ယီက သူမ၏ နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး သူမ၏ နှလုံးသားထဲမှ နာကျင်မှုများပင် ခံစားလိုက်ရလေသည်။ စိတ်ပုပ်သူဌေးက စားပွဲထိုးအသစ် ရှာတွေ့သွားသောကြောင့် သူမကို အရေးမစိုက်တော့ကြောင်း တွေးလိုက်မိသည်။ သူမ၏ ကမ္ဘာကြီး ပြိုပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရှောင်ယီ၏ လှပဝိုင်းစက်သော မျက်၀န်းများထံမှ ရေတံခွန်မှ စီးကျနေသော ရေများကဲ့သို့ မျက်ရည်များ စီးကျလာချိန်တွင် ပုဖန်၏ အသံက ထွက်ပေါ်လာလေသည်။
“ရှောင်ယီ… ဟင်းပွဲလာချပေး…”
ကွမ်းရှောင်ယီက တခဏမျှ မှင်သက်သွားပြီး သူမ၏ မျက်နှာလေးက ၀င်းလက်လာကာ နှာခေါင်းတစ်ချက်ရှုံ့၍ မီးဖိုခန်းအပေါက်ထံသို့ စိတ်အားထက်သန်စွာ ပြေးသွားလိုက်လေသည်။
“စိတ်ပုပ်သူဌေးက စားပွဲထိုး မပြောင်းလိုက်ဘူးပဲ…”
ပျော်ရွှင်နေသော ကွမ်းရှောင်ယီကို ဟင်းပွဲပေးလိုက်ပြီးနောက် ပုဖန်က နီယန့်ကို ကြည့်၍ ပြောဆိ်ုလိုက်သည်။
“နင်ငါ့နောက်ကို တစ်ကောက်ကောက် လိုက်မနေလို့ မရဘူးလား….”
“တစ်ကယ်လို့ နင်သာ ဝိဥာဉ်သားရဲရဲ့ အသားထဲက စွမ်းအင်တွေကို ထိန်သိမ်းနည်း သင်ပေးမယ်ဆိုရင် ငါနင့်ကို မနှောက်ယှက်တော့ဘူး…” နီယန်က သူမလိုချင်သည်ကို ထက်မံပြောဆိုလိုက်သည်။
ပုဖန်က အချိန်အနည်းငယ်မျှ တွေးတောလိုက်ပြီး ပြန်ပြောလိုက်သည်။
“ကောင်းပြီ… ဒါဆို အကောင်းဆုံးလို့ထင်တဲ့ ဟင်းပွဲတစ်ပွဲကို သွားချက်လိုက်… အဲဒီဟင်းပွဲက ငါ့ကို စိတ်ကျေနပ်စေမယ်ဆိုရင် သင်ပေးမယ်… အဲလိုမှမဟုတ်ရင်တော့ သင်ပေးဖို့ စိတ်ကူးတောင် ယဉ်မနေနဲ့…”