အပိုင်း ၁၂၂
Viewers 53k

အခန်း ၁၂၂ “ဘာကြောင့် အရမ်းလှတဲ့ အမကို နဲနဲလောက် မကြည့်ချင်ရတာလဲ…”


ပုဖန်၏ စကားကို ကြားလိုက်သည်နှင့် နီယန်၏ မျက်၀န်းများက လပြည့်၀န်းကဲ့သို့ ဝိုင်းစက်သွားပြီး အလျင်အမြန် ပြန်ပြောလိုက်သည်။


“နင့်ရဲ့ ကတိကို နင်တည်တယ်နော်… အခုလောလောဆယ်… ငါ့ကိ်ု မီးဖိုခန်းအရင်ငှား…”


“ထာ၀ရရှင်သန်သော ဖီးနစ်စားသောက်ဆိုင်က မီးဖိုချောင်ကို သွားငှားချေ… ငါ့ရဲ့ မီးဖိုခန်းကိ ဘယ်သူ့ကိုမှ သုံးခွင့်မပေးနိုင်ဘူး….” ပုဖန်က ထပ်မံငြင်းပယ်လိုက်သည်။


နီယန်က ပုဖန်ကို မကျေမနပ်ကြည့်လိုက်ပြီး မကျေမနပ်ကြည့်လိ်ုက်ကာ ထွက်ခွာသွားလေသည်။ ပုဖန်က မီးဖိုခန်းကို ငှားမပေးသောကြောင့် ထဝရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှ မီးဖိုခန်းကို ငှားရန် ထွက်သွားခြင်းဖြစ်သည်။ ထာဝရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က မီးဖိုခန်းကို မငှားခြင်လျင်ပင် ငှားရပေလိမ့်မည်။ သူတို့က ဘာမှတတ်နိုင်မည်မဟုတ်ချေ။


နီယန်ထွက်ခွာသွားသည်နှင့် ပုဖန်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။ ထိုအမျိုးသမီးက သူ၏ အရိပ်တစ်ခုကဲ့သို့ ပုဖန်နောက်သို့ တစ်ကောက်ကောက်လိုက်ကာ တစ်မနက်လုံး စိတ်အနှောက်အယှက် ပေးနေပေသည်။ လမ်းကြားလေးထဲတွင် နှင်းမှုန်လေးများ အဆက်မပြတ် ကျဆင်းနေပြီး နှင်းမှုန်လေးများက ကျဆင်းနေသေးသော်လည်း ဆိုင်အတွင်းတွင် နွေးထွေးပြီး သက်တောင့်သက်သာ ရှိနေပေသည်။


အဖြူရောင်သိုးမွှေးအင်္ကျီကို ၀တ်ဆင်ထားသော ဂျိချန်းရွဲ့က ဆိုင်အတွင်းသို့ လျောက်၀င်လာလေသည်။ ဆိုင်အတွင်းသို့ ရောက်လာသည်နှင့် နွေးထွေးမှုကို ခံစားလိုက်ရသောကြောင့် စိတ်ကျေနပ်သွားပြီး သူ၏ ထူထဲလှသော သိုးမွှေးကုတ်အင်္ကျီကို ချွတ်၍ မီနူးကို လှမ်းကြည့်လိုက်သည်။ ဆူပူသောင်းကျန်းနေသော ဂိုဏ်းဂဏများနှင့် မြို့ပြင်တွင် သွားရောက်တိုက်ခိုက်နေသည့် အချိန်တွင် ပုဖန်၏ မီနူးပေါ်၌ ဟင်းပွဲအသစ်အနည်းငယ် တိုးလာပြီဖြစ်သည်။


“ပိုင်ရှင်ပု… ဟင်းပွဲအသစ်တွေကိုပဲ အရင်မြည်းကြည့်တော့မယ်… ငါ့ကို အနီရောင်အသားနှပ်တစ်ပွဲနဲ့ အေးခဲကျောက်စိမ်းနှလုံးသားဝိုင် တစ်အိုးပေး….”


“အိုး… ရှောင်ယီလေး… မတွေ့ရတာကြာပြီနော်… အရပ်ရှည်ပြီး ပိုလှလာသလိုပဲ…” ဂျိချန်းရွဲ့က ပုဖန်ကို ဟင်းပွဲများ ပြောဆိုလိုက်ပြီးမှ ရှောင်ယီ၏ ခေါင်းကိုပုတ်၍ ရယ်မောပြောဆိုလိုက်သည်။


“ခဏလောင့်စောင့်ပါ…” ပုဖန်က ပြောဆိုလိုက်ပြီး မီးဖိုခန်းဘက်သို့ လှည့်ထွက်သွားလိုက်သည်။


ဆိုင်၏ လေထုထဲမှ မွှေးရနံ့များကို ရှူရှိုက်မိလိုက်သောကြောင့် ဂျိချန်းရွဲ့က ပြုံးလိုက်မိသည်။ ဆိုင်ထဲရောက်သည်နှင့် စိတ်သက်သာရာရမှုကို ခံစားနေရပေသည်။ ပုဖန်၏ ဆိုင်အတွင်းတွင် အခြားအကြောင်းအရာများကို တွေးတောနေရန် မလိုသကဲ့သို့ သူ၏ လုံခြုံရေးအတွက်ပင် ပူပန်ရန် မလိုအပ်ပေ။ ဆိုင်အတွင်းမှ လေထုက စိတ်ညစ်စရာများကို ပြေပျောက်စေနိုင်သည်ဟု ခံစားနေရပေသည်။ ဂျိချန်းရွဲ့က ဟင်းပွဲများကို စောင့်နေချိန်တွင် လမ်းကြားလေးထဲမှ ဆည်းလည်းသံကဲ့သို့ သာယာချိုသာသော ရယ်သံ တစ်ချို့ထွက်ပေါ်လာလေသည်။


“အမ… အင်ပါယာမြို့တော်ထဲမှာ နံမည်ကြီးနေတဲ့ စားသောက်ဆိုင်လေးလို့ မထင်ဘူးမဟုတ်လား…” ရယ်မောနေသော မိန်းမပျိုလေးက ဇဝေဇဝါနှင့် မေးလိုက်လေသည်။


“ဟိုအဖိုးကြီး ဟွန်းချွမ်ယွမ်ပြောလိုက်တာ… လမ်းကြားလေးထဲက ဆိုင်ငယ်လေးဆိုတော့.. ဒီဆိုင်ပဲဖြစ်ရမယ်… အမ သွားကြည့်ကြစို့ … ဒီဆိုင်သေးသေးလေးမှာ ဘယ်လိုထူးခြားတာတွေ ရှိနေလို့ ဟွန်းချွမ်ယွမ်တောင် ရှုံးနိမ့်လာရတာလဲ … သွားကြည့်ကြတာပေါ့…”


တခဏအကြာတွင် ရယ်သံလွင်လွင်လေးများ ထွက်ပေါ်နေသည့် လှပ၍ ဆွဲဆောင်မှုရှိသော အမျိုးသမီးအချို့က ဆိုင်ထဲသို့ ရောက်လာကြလေသည်။ ဆိုင်ထဲသို့ ခြေချလိုက်သည်နှင့် နွေးထွေးပြီး သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရသောကြောင့် ဝေ့ရှန်းစစ်၏ မျက်လုံးလေးများက ဝိုင်းစက်သွားလေသည်။


ဆိုင်၏ အပြင်ဘက်တွင် နှင်းများ အဆက်မပြတ် ကျဆင်းနေပြီး အေးစက်နေသော်လည်း ဆိုင်အတွင်းတွင် နွေဦးရာသီကဲ့သို့ နွေးထွေးနေပေသည်။ ထိုသို့ ရုတ်တရက်ပြောင်းလဲမှုက သူမကို အလွန် အံ့အားသင့်သွားစေသည်။ ထို့အပြင် ဆိုင်၏ လေထုထဲတွင် ဝေ့၀ဲနေသော အမွှေးအကြိုင်ရနံ့များကလည်း အလွန်မွှေးပျံ့လွန်းလှပေသည်။


“ရှောင်ယီ… ဟင်းပွဲလာချပေး…” ပုဖန်က အနီရောင်အသားနှပ်ပန်းကန်ကို မီးဖိုခန်းအပေါက်၀တွင်တင်လိုက်ပြီး ရှောင်ယီ့ကို လှမ်းအော်လိုက်သည်။


ရှောင်ယီက သွက်လက်စွာပင် ပန်းကန်ကို သယ်ဆောင်သွားလိုက်ပြီး ဂျိချန်းရွဲ့၏ ရှေ့တွင် ချပေးလိုက်သည်။ ပုဖန်ကလည်း အေးခဲကျောက်စိမ်း နှလုံးသားဝိုင်အိုးကို ဂျိချန်းရွဲ့၏ ရှေ့တွင် ချပေးလိုက်ပြီး ပြောဆိုလိုက်သည်။


“ဒီမှာမင်းမှာထားတဲ့ ဝိုင်နဲ့ ဟင်းပွဲ… ကောင်းကောင်းသုံးဆောင်ပါ…”


ပုဖန်က ဂျိချန်းရွဲ့ကို ပြောဆိုလိုက်ပြီး ဆိုင်အတွင်း၀င်လာသော အမျိုးသမီး သုံးယောက်ကို လှမ်းကြည့်လိုက်သည်။ ထိုအမျိုးသမီးသုံးယောက်က ပေါ်လွင်သော အ၀တ်အစားများကို ၀တ်ဆင်ထားပြီး အလွန်လှပ၍ ဆွဲဆောင်မှု ရှိလှပေသည်။


“အိုး… ဆိုင်ရှင်က ချောမောပြီး ကြည့်ကောင်းတဲ့ လူငယ်လေးပါလား…. ဒီကိုလာပါဦး… ဒီကအမက အော်ဒါမှာချင်လို့…” ဝေ့ရှန်းစစ်က ပုဖန်ကို မြင်လိုက်ရသောအခါ လှမ်းခေါ်လိုက်ပြီး ပါးစပ်ကို လက်ဝါးနှင့် အုပ်၍ တစ်ခစ်ခစ် ရယ်မောလိုက်သည်။


ဂျိချန်းရွဲ့က ခေါင်းကို မသိမသာ စောင်းငဲ့လိုက်ပြီး ကြည့်လိုက်လေသည်။ ရွှင်လန်းခြင်းဂိုဏ်းတော်မှ လူများက ဤနေရာတွင် အစားအသောက်လာစားရုံ ဆိုပါက ပြသနာမရှိသော်လည်း အနှောက်အယှက်လာပေးသည်ဆိုပါက စိတ်၀င်စားဖွယ် ကောင်းလာပြီဖြစ်သည်။ ထိုနောက် ဂျိချန်းရွဲ့က အငွေးတစ်ထောင်းထောင်းထနေသော အနီရောင်အသားနှပ်ပန်းကန်ကို ပြန်ကြည့်လိုက်သည်။ သူက စားချင်စိတ်ကို မထိန်းနိုင်ပဲ တံတွေးမျိုချလိုက်မိသည်။ ဂျိချန်းရွဲ့က တူကို ကောက်ကိုင်လိုက်ပြီး အသားတစ်ဖက်ကို ညှပ်၍ ပါးစပ်ထဲ ထည့်လိုက်လေသည်။


အသား၏ လျှာပေါ်တင်လိုက်သည်နှင့် ပျော်၀င်သွားပြီး ဂျိချန်းရွဲ့၏ အရသာခံ အာရုံကြောအားလုံးကို လှုပ်နှိုးလိုက်သကဲ့သို့ အရသာတွင် နစ်မျောသွားလေသည်။


“မင်းတို့ အော်ဒါမှာမယ်ဆိုရင် မီနူးက မင်းတို့ နောက်မှာရှိတယ်…” ပုဖန်က မလုံ့တစ်လုံ ၀တ်ဆင်ထားသော အမျိုးသမီးသုံးယောက်ကို ခပ်တည်တည်နှင့် တစ်ချက်မျှကြည့်၍ ပြောဆိုလိုက်သည်။ ထို့နောက် မီးဖိုခန်းဘက်သို့ လှည့်ထွက်သွားလေသည်။ ပုဖန်က ထိုသို့ လျစ်လျူရှုလိမ့်မည်ဟု မထင်ထားသောကြောင့် ဝေ့ရှန်းစစ်က အနည်းငယ် ကြောင်အသွားလေသည်။


“ဒီအမကြီးက ဒီလောက်လှတာက မင်းက မင်းရဲ့ အကြည့်လေးတောင် ငါ့ပေါ်မှာကြာကြာ မထားနိုင်ဘူးလား…”


ချွင်ချွင်ချွင်…


ခေါင်းလောင်းမည်သံ အချို့နှင့်အတူ ဝေ့ရှန်းစစ်က ပုဖန်အနီးသို့ ရောက်ရှိလာပြီး လေသံတိုးတိုးနှင့် ထပ်ပြောလိုက်သည်။


“မသွားပါနဲ့.. ဒီကအမနဲ့ ခဏလောက်နေပါဦး… ဒီဆိုင်မှာ ဘယ်ဟင်းပွဲတွေက အကောင်းဆုံးဆိုတာကို အမကို ပြောပြပါဦး…”


မွှေးရနံ့များထဲတွင် နစ်မြုတ်နေသော ရှောင်ယီက ထိုအမျိုးသမီး ပုဖန်အနီးကို ကပ်သွားသည်ကို မြင်လိုက်ရသောကြောင့် သူမ၏ မျက်၀န်းများ ပြူးကျယ်သွားပြီး ဒေါသချောင်းချောင်းထွက်သွားကာ တွေးလိုက်မိသည်။


“ဒီလိုအရှက်မရှိတဲ့ မိန်းမတွေ ဘယ်က ရောက်လာတာလဲ… သူက စိတ်ပုပ်သူဌေးကိုမြူဆွယ်ဖို့ ကြိုးစားနေတာလား…”


ပုဖန်က သူ့အနီးမှ အမျိုးသမီးကို မျက်မှောင်ကြုံ့၍ စိုက်ကြည့်လိုက်ပြီး အေးစက်စက် ပြောဆိုလိုက်သည်။


“မင်းရဲ့လက်ကို ဖယ်ပြီး ငါနဲ့ ဝေးဝေးမှာနေ… မင်းခန္ဒာကိုယ်က အနံ့တွေက အရမ်းစူးရှလွန်းတယ်…”


“အိုး…. မောင်ငယ်လေးက ရှက်နေတာလား…” ဝေ့ရှန်းစစ်က အနည်းငယ် အံ့အားသင့်သွားသော်လည်း ပြန်ပြောလိုက်ပြီး ပုဖန်၏ မေးစိကို ကိုင်၍ ကျီစယ်လိုက်လေသည်။


ဖြန်း…


ပုဖန်၏ မျက်နှာအမူအယာက ပြောင်းလဲခြင်းမရှိပဲ ဝေ့ရှန်းစစ်၏ လက်ကို ရိုက်ထုတ်လိုက်လေသည်။ ဝေ့ရှန်းစစ်က ဆွံ့အသွားပြီး သူမ၏ မျက်နှာအမူအယာက တစ်ဖြည်းဖြည်း အေးစက်လာခဲ့သည်။ သူမ၏ ခန္ဒာကိုယ်မှလည်း စွမ်းအင်လှိုင်းများ ထွက်ပေါ်လာလေသည်။


“မင်းက တယ်ကယ်ပဲ ဒီအမကို မျက်နှာသာ နည်းနည်းလေးတောင် မပေးဘူးပေါ့…”


ဝေ့ရှန်းစစ်က လှောင်ပြောင်လိုသော အမူအယာနှင့် မေးလိုက်လေသည်။ သူမက အင်ပါယာမြို့တော်အတွင်း ၀င်ရောက်လာချိန်မှစ၍ နံမည်ပျက်ဆိုင်ပိုင်ရှင်၏ မာနကြီးပုံကို နားနှင့်မဆံ့အောင်ပင် ကြားခဲ့ရသည်။ ဆိုင်မှ ဟင်းပွဲများက စျေးကြီးရုံမကပဲ ဆိုင်ရှင်၏ စိတ်နေစိတ်ထားက ကြောက်မက်ဖွယ်ကောင်းသည်ကို ကြားခဲ့ရပေသည်။


“မင်းက ဆိုင်ထဲမှာ ပြသနာရှာချင်နေတာလား…” ပုဖန်က မှင်သေသေဖြင့် မေးခွန်းထုတ်လိုက်သည်။


“အခုချိန်ထိတောင်…ငါ့ဆိုင်ထဲမှာ ပြသနာရှာရဲတဲ့ တုံးအတဲ့ သူတွေ ရှိနေသေးတာလား… ဒီလူတွေက လေထဲက ဒါမှမဟုတ် မြေကြီးထဲက ထွက်လာတာပဲ ဖြစ်ရမယ်…” ပုဖန်က တွေးလိုက်မိသည်။


အနီးတွင် ထိုင်နေသော ဂျိချန်းရွဲ့က စိတ်ကျေနပ်စွာဖြင့် ဝိုင်သောက်လိုက် အသားစားလိုက်ဖြင့် ဇိမ်ကျနေပေသည်။ ရုတ်တရက်ဖြစ်ပေါ်လာသော ပုဖန်၏ ကျီစားခံရသော အခြေအနေကို စောင့်ကြည့်ရသည်က သက်တောင့်သက်သာဖြစ်စေသောကြောင့် တစ်ရက်လုံးထိုင်နေရလျင်ပင် သူက ပျင်းရိနေမည်မဟုတ်ချေ။


“ဒီအရှက်မရှိတဲ့ မိန်းမကတော့….” ကွမ်းရှောင်ယီက အကြည့်စူးစူးနှင့် ဝေ့ရှန်းစစ်ကို ကြည့်၍ တွေးလိုက်မိသည်။


ပုဖန်က ဘာမှဆက်မပြောတော့သော ဝေ့ရှန်းစစ်ကို တစ်ချက်ကြည့်လိုက်ပြီး မီးဖိုခန်းသို့ ဆက်သွားလိုက်သည်။ သို့သော် ပုဖန် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ဝေ့ရှန်းစစ်က သူ့အနားသို့ ကပ်ရန် ထပ်မံကြိ်ုးစားလိုက်သည်ကို တွေ့လိုက်ရသည်။


အနီရောင်အလင်းတန်းတစ်ခုနှင့်အတူ ဝှိုက်တီက ဝေ့ရှန်းစစ်၏ ရှေ့တွင် ပေါ်ထွက်လာကာ သူမကို စိုက်ကြည့်၍ ပြောဆိုလိုက်သည်။


“ပြသနာကောင်… တစ်ခြားသူတွေကို ဥပမာပေးဖို့အတွက် မင်းရဲ့ အ၀တ်အစားတွေကို ချွတ်ပစ်ရမယ်…”


“အိုး… လူရမ်းကားလေး… မင်းက ဒီလှပတဲ့ အမရဲ့ အ၀တ်အစားတွေကိုတောင် ချွတ်ပစ်ချင်နေတာလား… ဘယ်လိုတောင် စိတ်တိုစရာကောင်းနေတာလဲ….”


“ဒါပေမယ့်လဲ… ဒီအမက အဲလိုလူရမ်းကားလေးတွေကို အရမ်းသဘောကျတယ်…” ဝေ့ရှန်းစစ်၏ အမူအယာက အေးစက်သွားပြီး လှောင်သလို ပြောလိုက်လေသည်။ သူမ၏ ခန္ဒာကိုယ်မှ အစစ်အမှန်စွမ်းအားများကို စုစည်းလိုက်ပြီး ပုဖန်ကို ကုတ်ဆွဲလိုက်လေသည်။ ထိုအချိန်တွင် ဝေ့ရှန်းစစ်၏ အော်သံသာ ထွက်ပေါ်လာပြီး သူမက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရလေသည်။ သူမကို တွန်းလိုက်သော ဝှိုက်တီကိုကြည့်၍ ဝေ့ရှန်းစစ်က အံ့့အားသင့်သွားလေသည်။


“ဒီစက်ရုပ်က အရမ်း အံ့သြဖို့ကောင်းတာပဲ … ကြည့်ရတာတော့…ဟွန်းချွမ်ယွမ်ပြောတဲ့ ဒီဆိုင်ရဲ့ လျို့ဝှက်လက်နတ်ဆိုတာ ဖြစ်မယ်….”


“ကဲ ညီမတို့ ငါတို့ တူတတိုက်ပြီးတော့ ဒီစက်ရုပ်ကို တစ်စစီ လုပ်ကြရအောင်…. ပြီးတော့ ဒါတွေကို ဟွန်းချွမ်ယွမ်ရှေ့ကို ယူသွားရမယ်… ဒီလိုမှမဟုတ်ရင်လဲ ဒါတွေကို အရှင့်သားကို လက်ဆောင်ပေးနိုင်တာပေါ့….” ဝေ့ရှန်းစစ်က ရယ်မောပြောဆိုလိုက်သည်။


သူတို့က ဘုရင်ခံယုအတွက် တာ၀န်ထမ်းဆောင်နေခြင်း ဖြစ်သောကြောင့် ဘုရင်ခံယုကို လက်ဆောင်ပေးရပေလိမ့်မည်။ ထို့အပြင် ရွှင်လန်းခြင်းဂိုဏ်း၏ စွမ်းဆောင်ရည်ကို ဘုရင်ခံယုက ပိုမိုသိရှိသွားပြီး ဘုရင်ခံယုက အသိအမှတ် ပြုသွားနိုင်ပေသည်။ လက်ရှိအချိန်တွင် ဘုရင်ခံယုက ဟွန်းချွမ်ယွမ်၏ စွမ်းအားကို အသိအမှတ် ပြုထားသော်လည်း ဟွန်းချွမ်ယွမ်က ဤဆိုင်ကို မယှဉ်နိုင်ကြောင်း ၀န်ခံထားလေသည်။ သူမတို့သာ ဤစက်ရုပ်ကို အနိုင်ယူနိုင်ပါက သူမတို၏ စွမ်းရည်က ပိုမိုသာလွန်ကြောင်းသက်သေပြပြီး ဖြစ်သွားနိုင်ပေသည်။