အပိုင်း ၁၂၃
Viewers 53k

အခန်း ၁၂၃ “ကိုယ်အရှက်ကိုယ် ခွဲမနေနဲ့”


သူတို့က အလုပ်အတူလုပ်နေကြသောကြောင့် သူမတို့ဂိုဏ်း၏ စွမ်းဆောင်ရည်ကို ဘုရင်ခံယု သိရှိနိုင်ရန် လိုအပ်ပေသည်။ သို့သော် အင်ပါယာမြို့တော်အတွင်းတွင် စွမ်းရည်ပြရန် အခွင့့်အရေးက များစွာ မရှိပေ။ အင်ပါယာမြို့တော်အတွင်း ၀င်ရောက်လာစဉ်ကတည်းကပင် နံမည်ပျက်စားသောက်ဆိုင်အကြောင်းကို နားနှင့်မဆံ့အောင် ကြားခဲ့ရသည့်အပြင် ဟွန်းချွမ်ယွမ်ပင် မယှဉ်ပြိုင်နိုင်ကြောင်း၀န်ခံထားပေသည်။ ထို့ကြောင့် ပုဖန်၏ စားသောက်ဆိုင်ကို သူမတို့၏ စွမ်းရည်ပြနိုင်မည့် အခွင့်အရေးတစ်ခုအဖြစ် မှတ်ယူခဲ့ခြင်း ဖြစ်သည်။


ထို့ကြောင့် ဝေ့ရှန်းစစ်က သူမ၏ ဘုရင်အဆင့် လက်အောက်ငယ်သားနှစ်ယောက်ကို ခေါ်ဆောင်၍ ဆိုင်ငယ်လေးထံ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ဝေ့ရှန်းစစ်အနေဖြင့် ဟွန်းချွမ်ယွမ်က ထိုဆိုင်ကို မယှဉ်နိုင်သည်မှာ သူ၏ စွမ်းဆောင်ရည် နိမ့်ပါး၍ သာဖြစ်ပြီး သူမတို့အနေဖြင့် အနိုင်ယူနိုင်သည်ဟု တွေးထင်နေပေသည်။ အထူးသဖြင့် ဆိုင်ပိုင်ရှင်က လူငယ်တစ်ယောက်ဖြစ်ကြောင်း မြင်လိုက်ရသည်နှင့် သူမတို့က ပို၍ သေချာသွားလေသည်။ သူမတို့ မထိန်းချုပ်နိုင်သော ပုရိသက အင်ပါယာမြို့တော်ထဲတွင် ရှိနေမည် မဟုတ်ပေ။


မိုးမြေဆန့်ကျင်ဂိုဏ်းကြီးဆယ်ဂိုဏ်းအတွင်းမှ ရွှင်လန်းခြင်းအသင်းတော်ဂိုဏ်း၏ ဂိုဏ်းသားအများစုမှာ အမျိုးသမီးများဖြစ်ကြသည်။ ရွှင်လန်းခြင်းအသင်းတော် ဂိုဏ်းမှ ဂိုဏ်းသူများက ကျင့်ကြံခြင်းအဆင့် မြှင့်တင်ရာတွင် ဆိုးဝါးသော နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ထားသော ယန်စွမ်းအင်များကို ရိပ်သိမ်းပြီး ယင်စွမ်းအင်များကို စုဆောင်းသည့် နည်းလမ်းကို အသုံးပြုကြသည်။ သို့သော် သူတို့ဂိုဏ်း၏ နောက်ခံအင်အားက ကြီးမားသောကြောင့် အခြားကျင့်ကြံခြင်း နည်းလမ်းများစွာ ရှိနေပေသည်။ 


ဝေ့ရှန်းစစ်နှင့် အဖော်နှစ်ယောက်က အစီအရင်တစ်ခုသဏ္ဍာန် ပုံဖော်၍ ရပ်လိုက်ကြသည်။ သူတို့၏ ခန္ဒာကိုယ်မှ အစစ်အမှန်စွမ်းအားများ ထွက်ပေါ်လာသည်နှင့် သူတို့အကြားတွင် ပန်းရောင်အခိုးအငွေ့လေးများ ထွက်ပေါ်လာလေသည်။ ထိုပန်းရောင်အငွေ့များကို ရှူရှိုက်မိလိုက်သည်နှင့် အသိစိတ်လွတ်သွားနိုင်ပေသည်။


ပုဖန်၏ မျက်၀န်းများက ရေခဲတမျှ အေးစက်လာလေသည်။ မွှေးကြိုင်လှသည့် ဟင်းရနံ့များ လွမ်းခြုံနေသည့် သူ့ဆိုင်ထဲသို့ ပန်းရောင်အငွေ့အသက်များ ထုတ်လွှတ်နေခြင်းက စွပ်ပြုတ်အိုးအတွင်းမှ ကြွက်သေကဲ့သို့ ရွံရှာဖွယ်ကောင်းလှပေသည်။ ပုဖန်၏ စိတ်ရှည်သည်းခံနိုင်မှုများ ကုန်ဆုံးသွားပြီး ဝှိုက်တီကို ပြောဆိုလိုက်သည်။


“ဝှိုက်တီ… သူတို့သုံးယောက်လုံးကို အပြင်ပစ်ထုတ်လိုက်….”


ပုဖန်၏ ညွှန်ကြားချက်ကို ရလိုက်သည်နှင့် ဝှိုက်တီ၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ချက် လက်ခနဲပေါ်ထွက်လာပြီး ရပ်နေသည့် နေရာမှ ပျောက်သွားလေသည်။ 


“ဒီအသုံးမကျတဲ့ သံနဲ့လုပ်ထားတဲ့ အရုပ်တစ်ရုပ်က ငါတို့သုံးယောက်ကို ယှဉ်နိုင်မယ်လို့ နင်ထင်နေတာလား….”


“အခု နင့်ခန္ဒာကိုယ်ထဲက သွေးတွေ ဆူပွက်နေတာကို မခံစားရဘူးလား… နင်သက်တောင့်သက်သာရော ရှိရဲ့လား…” ဝေ့ရှန်းစစ်က ထီမထင်ဟန်နှင့် ပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။


၀ှိုက်တီ၏ ခန္ဒာကိုယ်မှ အစစ်အမှန်စွမ်းအား အနည်းငယ်မျှပင် မခံစားမိသောကြောင့် အထူးပြုလုပ်ထားသော စက်ရုပ်မဟုတ်ပဲ သာမာန်တိုက်ကွက်မျှနှင့် ဖျက်ဆီးပစ်နိုင်မည်ဟု ဝေ့ရှန်းစစ်က ယုံကြည်နေပေသည်။ သို့သော် အလင်းရောင်တစ်ချက်သာ မြင်လိုက်ရပြီး စက်ရုပ်က သူမရှေ့သို့ ရောက်လာသည်ကို မြင်လိုက်ရသည်။ သူမကိုယ်သူမ မကာကွယ်နိုင်သေးခင်တွင် လေထဲသို့ လွင့်ပျံတက်သွားလေတော့သည်။


သူမ၏ ခန္ဒာကိုယ်က လေထဲသို့ လွင့်ပျံသွားချိန်တင် ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုကို ခံစားလိုက်ရပြီး မလုံ့တစ်လုံ ၀င်ဆင်ထားသော သူမ၏ ၀တ်စုံတစ်ခုလုံးကွာကျသွားကာ ပန်းနုရောင်အတွင်းခံတစ်ထည်သာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။ အမျိုးသမီးသုံးယောက် ဖွဲ့စည်းထားသော မှော်အစီအရင်ကို ဝှိုက်တီက လက်တစ်ဖက်ကို ဝှေ့ရမ်း၍ ဖျက်ဆီးလိုက်လေသည်။ ထို့နောက် ဝေ့ရှန်းစစ်၏ အဖော်နှစ်ယောက်ကိုပါ အ၀တ်အစားများချွတ်၍ ဆိုင်ပြင်သို့ ပစ်ထုတ်လိုက်လေသည်။


မြေပြင်ပေါ်တွင် ဖုန်းလွှမ်းနေသည့် နှင့်ထုပေါ်သို့ သူမတို့သုံးယောက် ပြုတ်ကျသွားသည်နှင့် စူးရှသော အော်သံအချို့ပါ ထွက်ပေါ်လာလေသည်။ ဝေ့ရှန်းစစ်၏ မျက်နှာက နှင်းထုကဲ့သို့ ဖြူဖျော့နေပေသည်။ သူမ၏ ခန္ဒာကိုယ်ပေါ်တွင် ပန်းနုရောင်အတွင်းခံတစ်ထည်သာ ကျန်ရစ်ခဲ့ပြီး သွယ်လျှသော ခြေထောက်များက အကာအကွယ် မဲ့နေလေသည်။ သူမ၏ ကြောင်အမနေပဲ သိုလှောင်လက်စွပ်အတွင်းမှ ၀တ်စုံတစ်စုံကို ထုတ်၀တ်လိုက်လေသည်။


ဆိုင်အတွင်းမှ အ၀တ်အစားချွတ်၍ ပစ်ထုတ်ခံလိုက်ရသောကြောင့် သူမ၏ မျက်နှာက အလွန်အမင်း တင်းမာနေပေသည်။ ဘာတစ်လျောက်လုံးတွင် ယခုကဲ့သို့ ကြီးမားသော အရှက်ကွဲမှုမျိုးကို သူမက ကြုံဘူးခဲ့ခြင်း မရှိပေ။ ဝေ့ရှန်းစစ်က အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး နှင်းပြင်ကို ရိုက်ချလိုက်ပြီး သူမ၏ ခန္ဒာကိုယ်ကို ဖုံးလွှမ်းစေလိုက်သည်။ ထို့နောက် ဆိုင်ငယ်လေးထံသို့ ဦးတည်၍ တိုက်ခိုက်လိုက်လေသည်။


အပေါက်၀တွင် ရပ်နေသည့် ဝှိုက်တီက သူမ၏ တိုက်ခိုက်မှုကို မြင်လိုက်သောအခါ လက်ကို အသာအယာ ဝေ့ရမ်း၍ ကာကွယ်လိုက်လေသည်။ သူမ၏ တိုက်ခိုက်မှုက ဝှိုက်တီထံ ကျရောက်သွားသည်နှင့် ပြန်ကန်ထွက်လာသော ခွန်အားကြောင့် သူမက အနောက်သို့ လွင့်စင်သွားသည်။ သူမ၏ ခန္ဒာကိုယ်က နံရံတစ်ခုအတွင်း နစ်မြုတ်သွားလေည်။


“ပြစ်မှုကျူးလွန်သူ… ပြစ်မှုကျူလွန်တဲ့သူတွေဆိုရင် အမြစ်ပြတ် ချေမှုန်းရမယ်…” ဝှိုက်တီ၏ အသံက ထွက်ပေါ်လာပြီး သူ၏ မျက်လုံးအရောင်က ခရမ်းရောင်အဖြစ် ပြောင်းလဲသွားကာ နံရံအတွင်းမှ ပြန်ထွက်လာသော ဝေ့ရှန်းစစ်ကို စိုက်ကြည့်လိုက်လေသည်။


“ဘယ်… ဘယ်လိုတောင် ကြောက်စရာကောင်းတာလဲ…” ဝေ့ရှန်းစစ်၏ လှပသော မျက်နှာလေးက သေမင်းနှင့် ရင်ဆိုင်တွေ့နေရသကဲ့သို့ ဖြူဖျော့သွားလေသည်။ ယခုအချိန်တိုင် ဝှိုက်တီ၏ စွမ်းအားများကို သတိမပြုမိသေးပါက ကမ္ဘာပေါ်တွင် အတုံးအဆုံး လူသားတစ်ယောက် မှာ သူမပင် ဖြစ်နေပေလိမ့်မည်။


နံမည်ပျက်စားသောက်ဆိုင်က ကောလဟာလများအတိုင်းပင် အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထိုစားသောက်ဆိုင်မှ သာမာန်စက်ရုပ်တစ်ရုပ်ကိုပင် သူမတို့သုံးယောက်က မယှဉ်ပြိုင်နိုင်ပေ။ လမ်းကြားလေးထဲတွင် ဝှိုက်တီကို ကြောက်ရွံ့စိုးထိတ်စွာ စိုက်ကြည့်နေသော ဝေ့ရှန်းစစ်၏ အသက်ရှူသံက ကြီးစိုးနေလေသည်။ ထိုအချိန်တွင် ခြေသံအချို့ကို ကြားလိုက်ရကာ ကျက်သရေရှိ၍ ခန့်ညားသော ပုံရိပ်တစ်ခုက လမ်းကြားလေး၏ အ၀တွင် ပေါ်ထွက်လာလေသည်။


ဝေ့ရှန်းစစ်က သူမ၏ ခေါင်းကို ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်လေသည်။ ထိုသူကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားလေသည်။ 


“အရှင့်သား…”


ဘုရင်ခံယုက ပိုးထည်၀တ်စုံကို ၀တ်ဆင်ထားပြီးခေါင်းပေါ်တွင် ခရမ်းရောင် သရဖူတစ်ခုကို ဆောင်းထားလေသည်။ သူ၏ခါးတွင် ရတနာစီချယ်ထားသော ခါးပတ်တစ်ခုကို ၀တ်ဆင်ထားသောကြောင့် သန်မာသော ခန္ဒာကိုယ်ကို ပေါ်လွင်နေစေသည်။ သူက လက်နောက်ပစ်၍ မျက်ခုံးကြုံ့လိုက်ပြီး အ၀တ်အစားများ ဖိုသီဖတ်သီဖြစ်နေသော ဝေ့ရှန်းစစ်ကို ကြည့်လိုက်လေသည်။


“ပြန်တော့… ကိုယ်ကိုကိုယ် ဒီထက်ပိုပြီး အရှက်မခွဲနဲ့…” ဘုရင်ခံယုက အေးစက်စက် ပြောဆိုလိုက်ပြီး အမျိုးသမီးသုံးယောက်ကို ဖြတ်ကျော်၍ ဆိုင်အတွင်းသို့ လှမ်း၀င်လိုက်လေသည်။ 


အေးခဲနေသော ရေခဲကမ္ဘာကြီးမှ နွေဦးရာသီရောက်ရှိသွားသကဲ့သို့ သက်တောင့်သက်သာဖြစ်မှုက ဘုရင်ခံယု၏ ခန္ဒာကိုယ်ကို လွှမ်းခြုံသွားလေသည်။ ထိုအချိန်တွင် ဘုရင်ခံယုက အနီရောင်အသားနှပ်ကို စားသောက်နေသော ဂျိချန်းရွဲ့ကို သတိပြုမိသွားလေသည်။ ဂျိချန်းရွဲ့က ဘုရင်ခံယု၏ အကြည့်ကို ခံစားမိသောကြောင့် ခပ်ဟဟ ရယ်လိုက်ပြီး သူ၏ ဟင်းပွဲကို ဆက်၍ စားသောက်နေလေသည်။ ထို့နောက် ဝိုင်ကို ပါးစပ်အပြည့် သောက်လိုက်လေသည်။


“ပိုင်ရှင်ပု … ငါ့ကို အနီရောင်အသားနှပ်နဲ့ အေးခဲကျောက်စိမ်းနှလုံးသားဝိုင် တစ်အိုးချပေးပါ…” ဘုရင်ခံယုက ပုဖန်ဘက်သို့ လှည့်လိုက်ပြီး ပြောဆိုလိုက်လေသည်။


သူက ဝေ့ရှန်းစစ်တို့နှင့် ကွာခြားစွာပင် ဆိုင်ငယ်လေး၏ ခွန်အားကို ကောင်းစွာနားလည်နေပေသည်။ ဆိုင်ငယ်လေး၏ လျို့ဝှက်ချက်က ဝှိုက်တီမဟုတ်ပဲ အပေါက်၀တွင် ပျင်းရိနေဟန်နှင့် အိပ်နေသော ဘလက်ကီဖြစ်ကြောင်းကို သူက သိရှိနေပေသည်။ ထို့ကြောင့် သူက ဆိုင်ငယ်လေးအတွင်းတွင် ပြသနာရှာရန် မဟုတ်ပဲ အလည်သက်သက်သာ လာရောက်ခြင်း ဖြစ်သည်။ မီးဖိုချောင်အတွင်းသို့ ပုဖန် ၀င်ရောက်သွားသည်နှင့် ဘုရင်ခံယုက ဂျိချန်းရွဲ့၏ စားပွဲရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး ငုံ့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ဖိနှိပ်ချုပ်ချယ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ 


“မင်းကဘာလို့ပြန်လာတာလဲ… မင်းသာ အမိန့်နာခံပြီး မြို့ပြင်မှာရှိနေဦးမယ်ဆိုရင် အရာအားလုံးက အဆင်ပြေပြေ နဲ့ ပြီးဆုံးသွားမှာ…. မင်းက ဘာလုပ်ချင်နေတာလဲ…” ဘုရင်ခံယုက ခပ်တိုးတိုးမေးလိုက်သည်။


ဂျိချန်းရွဲ့က လက်ထဲမှတူကို ချထားလိုက်ပြီး ဝိုင်ကို ခွက်ထဲထည့်လိုက်ကာ အေးအေးသက်သာ အမူအယာနှင့် ပြန်ပြောလိုက်လေသည်။


“ခမည်းတော်က နတ်ရွာစံသွားပြီ…. ဒါကြောင့် သားတစ်ယောက်ဖြစ်တဲ့ငါက ငါ့ရဲ့တာ၀န်ကို ကျေပြွန်ရမှာပေါ့…”


“အခမ်းအနားတက်ချင်တာလား…. မင်းရဲ့စစ်တပ်ကို မြို့ပြင်မှာစခန်း ချပြီးတော့လား…”


ဘုရင်ခံယု၏ ဂျိချန်းရွဲ့နှင့် မျက်နှာခြင်းဆိုင်တွင် ၀င်ထိုင်လိုက်ပြီး သူ၏ အကြည့်များက အေးစက်လာလေသည်။ ဤအခြေအနေတွင် ဂျိချန်းရွဲ့က ခမည်းတော်၏ အသူဘအခမ်းအနားကို တက်ချင်ရုံဆိုပါက တစ်ယောက်တည်းသာ ပြန်လာသင့်ပေသည်။ စစ်ပွဲမှ စစ်သည်တော်တို့ကို ပြန်လည်ခေါ်ဆောင်လာခြင်းက သူ၏ ရည်ရွယ်ချက် အစစ်အမှန်ကို တွေးတောဖွယ်ရာ ဖြစ်နေပေသည်။ 


ဆိုင်အတွင်းမှ လေထုက ရုတ်တရက်ပြောင်းလဲသွားပြီး စိတ်မသက်မသာ ခံစားမိလာသောကြောင့် ကွမ်းရှောင်ယီ၏ မျက်၀န်းများက ပြူးကျယ်လာပြီး ပုဖန်ရှိရာ မီးဖိုခန်းအနီးသို့ တိုးသွားလိုက်လေသည်။ ဘုရင်ခံယုနှင့် ဂျိချန်းရွဲ့တို့က စကားစမည် ပြောနေဟန်ဖြစ်နေသော်လည်း သူမက အန္တရာယ်၏ အငွေ့အသက်များကို ခံစားမိနေပေသည်။ ထို့ကြောင့် သူမက စိတ်သက်သာရာရရန် စိတ်ပုပ် သူဌေးနား တိုးကပ်သွားခြင်း ဖြစ်သည်။


မကြာခင်မှာပင် ပုဖန်က မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသော အနီရောင်အသားနှပ်ပန်းကန်နှင့် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်အိုးကို သယ်ဆောင်၍ မီးဖိုခန်းမှ ထွက်လာပြီး ဘုရင်ခံယု၏ ရှေ့တွင် ချပေးလိုက်ကာ ခေါင်းညိမ့်ပြလိုက်သည်။ စားသောက်ပြီးဆီးသွားသော ဂျိချန်းရွဲ့က လက်ကျန်ဝိုင်ခွက်ကို တစ်ရှိန်တိုး မော့သောက်လိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ကျသင့်သော သလင်းကျောက်တုံးများကို ပေးချေလိုက်သည်။ ထို့နောက် အပြင်မထွက်ခင် သို့မွှေးကုတ်ကို ပြန်လည်၀တ်ဆင်လိုက်လေသည်။


“မင်းက ဒီအခြေအနေထဲကို ပါ၀င်ဖို့ ဆုံးဖြတ်ထားရင် ထိုက်သင့်တဲ့ တန်ဖိုးကိုပေးရလိမ့်မယ်… ပြီးတော့ အဲဒီတန်ဖိုးက မင်းမတတ်နိုင်တာလဲ ဖြစ်နိုင်တယ်...”


အပေါက်၀ကို ရောက်နေသော ဂျိချန်းရွဲ့က ဘုရင်ခံယု၏ စကားကို ကြားလိုက်သောကြောင့် ရပ်တန့်လိ်ုက်ကာ အနည်းငယ်ရယ်မောလိုက်ပြီး ဘုရင်ခံယုကို လှည့်ကြည့်လိုက်သည်။


“ဘယ်လိုတန်ဖိုးမျိုးလဲ… ငါ့ရဲ့ဘ၀လား….:


ထို့နောက် ခပ်သာသာရယ်မောလိုက်ပြီး ဆိုင်ပြင်သို့ ထွက်ခွာသွားလေသည်။ သူ၏ ပုံရိပ်က နှင်းများအတွင်း တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေတော့သည်။