အခန်း ၁၂၄ “မီးပန်းပင်ဟင်းပွဲ”
ဂျိချန်းရွဲ့ ထွက်ခွာသွားပြီးနောက် နီယန်နှင့် တပည့်နှစ်ယောက်က ဆိုင်အတွင်းသို့ ၀င်လာလေသည်။ နီယန်က သစ်သားခွက်လေးတစ်ခုကို ဂရုတစ်စိုက်သယ်ဆောင်လာပြီး လေအေးများကြောင့် အနံ့အရသာများ မပျက်စီးသွားစေရန် သူမ၏ အစစ်အမှန် စွမ်းအင်များနှင့် ဖုံးအုပ်ထားလေသည်။
“ပိုင်ရှင်ပု… ငါ့ရဲ့ဟင်းပွဲကို ချက်ပြီးသွားပြီ… မင်းစိတ်ကျေနပ်မှု ရှိမရှိ မြည်းကြည့်ပါဦး…” နီယန်က ယုံကြည်မှုရှိစွာနှင့် ပြောလိုက်လေသည်။ သူမ၏ မျက်နှာကို မျက်နှာကာနှင့် ဖုံးအုပ်ထားသော်လည်း မျက်လုံးလေးများက ကျောက်မျက်ရတနာကဲ့သို့ တစ်ဖျပ်ဖျပ် တောက်ပနေလေသည်။
နီယန်က ချက်ပြုတ်သယ်ဆောင်လာမည်ဟု ပုဖန်က မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် ကြိတ်၍သာ သက်ပြင်းချလိုက်လေသည်။ ချက်ပြုတ်ရန် အခြားဟင်းပွဲများလည်း မရှိသောကြောင့် ပုဖန်က ခုံတစ်လုံးတွင် ၀င်ထိုင်လိုက်ပြီး နီယန်၏ ဟင်းပွဲကို တစ်ချက်ကြည့်လိုက်လေသည်။ အနီးတွင် စားသောက်နေသည့် ဘုရင်ခံယုက နီယန့်ကို မှတ်မိသွားသောကြောင့် ကြောင်အသွားလေသည်။ လွန်ခဲ့သောညက ထိုအမျိုးသမီး ထုတ်ဖော်ပြသသွားသော စွမ်းအားများက သေးသေးကွေးကွေးမဟုတ်ပေ။
“ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တဲ့ သူတော်စင်အဆင့် အမျိုးသမီးက ဒီဆိုင်ကိုလာတာလား… ဒါဆိ်ု… သူတို့နှစ်ယောက် တစ်ဖွဲ့ထဲလား…” ဘုရင်ခံယုက တွေးတောလိုက်သည်။
နီယန်က သူမသယ်ဆောင်လာသော သစ်သားခွက်လေးကို ပုဖန်၏ ရှေ့တွင် ချပေးလိုက်ပြီး ဖုံးကွယ်ထားသော အစစ်အမှန် စွမ်းအင်များကို ဖယ်ရှားလိုက်သည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၏ မွှေးပျံ့သော ရနံ့က တမဟုတ်ချင်း လွင့်ပျံထွက်လာလေသည်။ ပုဖန်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး မျက်ခုံးပင့်လိုက်မိသည်။ ဟင်းပွဲ၏ ရနံ့တစ်ခုတည်းနှင့်ပင် ထိုဟင်းပွဲက အရသာကောင်းမွန်မည်ကို ပြောနိုင်ပေသည်။ ဟင်းပွဲက ပုဖန်၏ စားချင်စိတ်ကို နှိုးဆွနိုင်စွမ်းရှိနေပေသည်။ ပုဖန်က ဟင်းပွဲကိုသေချာစွာ စိုက်ကြည့်လိုက်ပြီး နီယန့်ဘက်သို့ အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်လေသည်။
ဤဟင်းပွဲကို နီယန်က အားထုတ်ချက်ပြုတ်ထားသည်မှာ အလွန်သိသာလှပေသည်။ ဟင်းပွဲထဲတွင် လက်သီးဆုတ်အရွယ် သစ်သီးတစ်ခုသာ ပါရှိပြီး အသီး၏ မျက်နှာပြင်က မီးတောက်များ ဖုံးလွှမ်းနေသကဲ့သို့ ရဲရဲနီနေလေသည်။ ပုဖန်က မွှေးရနံ့များကို တစ်ချက်ရှူရှိုက်လိုက်ပြီး မေးမြန်းလိုက်သည်။
“ဒီဟင်းပွဲနံမည်က ဘာလဲ…”
“ဒါက ငါ့ရဲ့ ကိုယ်ပိုင်လက်ရာ မီးပန်းပင် ဟင်းပွဲပဲ… ပြီးတော့ ဒီဟင်းပွဲက စွမ်းအင်အမြောက်အများ ပါအောင် ငါထိန်းချုပ်နိုင်တဲ့ ဟင်းပွဲတစ်ခုပဲ… ဒီဟင်းပွဲထဲမှာ ဝိဥာဉ်စွမ်းအင် ၃၀% လောက် ပါ၀င်နေတယ်…” နီယန်က စိတ်အားထက်သန်စွာ ရှင်းပြလိုက်သည်။
ဟင်းပွဲ၏ ရနံ့က မွှေးပျံ့ရုံမကပဲ အတွင်းတွင် ဝိဥာဉ်စွမ်းအင်များ ပါ၀င်နေသောကြောင့် ပုဖန်၏ ဟင်းပွဲများနှင့် ဆင်တူသည်ဟု ပြောနိုင်ပေသည်။ ပုဖန်က ကြွေဇွန်းကို ကောက်ကိုင်လိုက်ပြီး အသီးကို ခွဲ၍ အစာသွပ်ချက်ထားသည့် ရွှေရောက်ထမင်းစိလေးများကို ခပ်ယူလိုက်သည်။ ထိုထမင်း၏ မွှေးရနံ့က ဥထမင်းကြော်၏ မွှေးရနံ့အောက် မနိမ့်ကျသည်ကို ပုဖန်က သတိပြုမိလိုက်သည်။
မွှေးရနံထဲတွင် အသီးများ၏ ရနံ့အပြင် ဇီးသီးအချဉ်ကိုထည့်သွင်းထားသောကြောင့် ကျေနပ်လောက်ဖွယ် အချဉ်နံ့လေးက ခပ်သင်းသင်း ပါ၀င်နေလေသည်။ ပုဖန်က ရွှေရောင်ထမင်းစိလေးများကို ပါစပထဲထည့်၍ ဝါးလိုက်ရာ ချိုချဉ်တုံးတစ်ခုကို ဝါးလိုက်ရသကဲ့သို့ စိတ်ကျေနပ်ဖွယ် ကောင်းသည်ကို သိလိုက်ရသည်။ တစ်ချက်နှစ်ချက် ဝါးလိုက်သည်နှင့်ပင် ကောင်းမွန်သော အရသာက စိမ်းထွက်လာပြီး သူ၏ အရသာခံ အာရုံကြောများအတွင်း ပျံ့နှံ့သွားလေသည်။
“မဆိုးပါဘူး…” ပုဖန်က နှစ်ဇွန်းမျှ ခပ်စားလိုက်ပြီး ပြောဆိုလိုက်သည်။
မီးပန်းပင်ဟင်းပွဲတွင် ပါ၀င်သော ဝိဥာဉ်စွမ်းအင်က ရိုးရိုးဥထမင်းကြော်မှ ဝိဥာဉ်စွမ်းအင်များနှင့် မယှဉ်ပြိုင်နိုင်သော်လည်း အရသာက အံ့အားသင့်ဖွယ် ကောင်းမွန်လှပေသည်။
“ငါ့ရဲ့ဟင်းပွဲအတွက် ဒုတ်ယအဆင့် မီးစိတ်ဝိဥာဉ်သစ်သီးကို ရွေးချယ်ခဲ့တယ်… ဇီးသီးကိုလဲ အရောင်အမျိုးမျိုး အသုံးပြူထားတယ်.. အဲဒီဇီးသီးတွေမှာ အချိုအချဉ်အရသာတွေတင် မကပဲ မီးစွမ်းအင်တွေလဲ အမြောက်အများ ပါ၀င်နေတယ်… ရွှေရောင်ထမင်းရဖို့ မီခေါင်းပျားရဲ့ ပျားရည်ထဲမှာ ဆန်ကို စိမ်ထားလိုက်တယ် … ပြီးတော့ သစ်သီးကို ခွဲပြီး ဆန်ကို အစာသွပ် ခဏလောက်ပေါင်းခံထားလိုက်ပြီး မီးပန်းပင် ဟင်းပွဲက ပြီးပြည့်စုံသွားတယ်…”
နီယန်က ဂုဏ်ယူ၀င့်ကြွားစွာနှင့် သူမ၏ ဟင်းပွဲအကြောင်းကို ရှင်းပြလိုက်သည်။ ဟင်းပွဲ၏ ထူးခြားချက်ကို သိမြင်သွားပြီး ပုဖန်က သူမလက်အောက်သို့ ၀င်ရောက်လာရန် မျှော်လင့်ထားလေသည်။ သို့သော် ခဏအကြာတွင် သူမ၏ တက်ကြွနေသော အမူအယာများက အေးခဲသွားလေသည်။
“ဟင်းပွဲရဲ့ အရသာကတော့ မဆိုးပါဘူး… ဒါပေမယ့် ပစ်ချက်တွေက တော်တော်များတယ်… နင်က မီးစိတ်ဝိဥာဉ်သစ်သီးရဲ့ အခွံကို ရွှေရောင်ထမင်းရဖို့ ပေါင်းခံရာမှာ အသုံးပြုထားပေမယ့် ပေါင်းခံရမယ့် ကြာမြင့်ချိန်ကို သတိထားဖို့ လိုအပ်တယ်… ပြီးတော့ ဆန်စေ့တစ်စေ့ချင်းစီကို ပျားရည်ထဲ နစ်မြုတ်နေအောင် သေသေချာချာ စိမ်ဖို့လဲ လိုတယ်…”
ပုဖန်က သူ၏ မေးစိကို ပွတ်၍ ဆရာကြီးတစ်ယောက်၏ ဟန်ပန်နှင့် ပြောဆိုလိုက်သည်။နီယန်ကိုယ်တိုင်ပင် သတိမပြုမိသော ပြစ်ချက်များကို ပုဖန်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ငါ့ရဲ့ အဓိကအားနည်းချက်က ဝိဥာဉ်စွမ်းအင် တွေကို ကောင်းကောင်းမထိန်းသိမ်းထားနိုင်တာပဲ… အဲဒီစွမ်းရည်သာ ငါ့မှာနည်းနည်းလောက်ရှိမယ်ဆိုရင် ဒီဟင်းပွဲက ပိုပြီး အရသာရှိလာမှာ အမှန်ပဲ…”
နီယန်က သူမ၏ ပြစ်ချက်များ အတွက် စိတ်မသက်မသာ ဖြစ်သွားပြီး ပြန်လည်ပြောဆိုလိုက်သည်။ ပုဖန်က နီယန့်ကို မျက်လုံးလှန်၍ စိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ဟင်းပွဲတစ်ပွဲရဲ့ အရသာရှိမရှိက ဝိဥာဉ်စွမ်းအင် များတာ နည်းတာနဲ့ မသက်ဆိုင်ဘူး…ဘာလဲ… ဝိဥာဉ်စွမ်းအင်မပါရင် ဟင်းပွဲက အရသာမရှိဘူးလို့ မင်းက ပြောချင်နေတာလား… ဒီလိုစဉ်းစားနေတဲ့လူက စားဖိုမှုးတစ်ယောက်တောင် ဖြစ်သင့်ရဲ့လား…”
ပုဖန်၏ စကားကြောင့် နီယန့်နောက်တွင် ရပ်နေသော ထန်းယင်နှင့် လုရှောင်းရှောင်းတို့ အံ့အားသင့် မှင်သက်သွားကြလေသည်။ တစ်စုံတစ်ယောက်က သူတို့ဆရာ ချက်ပြုတ်ထားသော ဟင်းပွဲများကို ဝေဖန်ပြောဆိုနေသည်မှာ ပထမအကြိမ်ပင် ဖြစ်သည်။
“ငါမင်းကိုအကြံပေးရမယ်ဆိုရင် စွမ်းအင်တွေမပါ၀င်တဲ့ ရိုးရိုးဟင်းပွဲ တစ်ပွဲကို ချက်ပြုတ်သင့်တယ်.. အဲဒီဟင်းပွဲရဲ့ အရသာကို မြည်းစမ်းပြီးတော့ မင်းရဲ့ အရည်အချင်းကို စမ်းသပ်ကြည့်လို့ရတယ်…”
နီယန်က ပုဖန်၏ အကြံပေးချက်ကြောင့် အချိန်ကြာမြင့်စွာ တွေဝေငေးမောသွားလေသည်။
ညအချိန်ကျရောက်လာသည်နှင့် တစ်ရက်တာလုံးတိုက်ခတ်နေသော နှင်းမုန်တိုင်းများက ရပ်တန့်သွားပြီ ဖြစ်သည်။ အေးစက်သော လေပြင်းများ တိုက်ခတ်သံကိုသာ ကြားနေရပြီး ည၏ တိတ်ဆိတ်မှုကို ဖြုခွင်းလျက်ရှိလေသည်။ ပုဖန်က ဝိဥာဉ်သားရဲအတွင်းမှ စွမ်းအင်များ မပျောက်ဆုံးစေရန် ထိန်းချုပ်နည်းကို မသင်ပေးသေးချေ။ ပုံမှန်ဟင်းပွဲများကို ချက်ပြုတ်ပြင်ဆင်စေပြီး သူမ၏ စွမ်းဆောင်ရည်ကို အကဲခတ်ခိုင်လိုက်သည်။ နေ့စဉ်နေ့တိုင်း ပုံမှန်ဟင်းလျာများကို လေ့ကျင့်ချက်ပြုတ်ပြီး သူမ၏ အချက်အပြုတ်စွမ်းရည်ကို ကိုယ်တိုင်ကျေနပ်မှသာ တစ်ခေါက်ပြန်လာရန် ညွှန်ကြားလိုက်သည်။
လင်းလင်းချင်းချင်းရှိနေသော မီးဖိုခန်းအတွင်းတွင် ပုဖန်က သက်စောင့်ဟင်းပွဲချက်ပြုတ်ရန် ဂရုစိုက်၍ ပြင်ဆင်နေလေသည်။ ရှောင်ယုက သက်စောင့်ဟင်းပွဲချက်ရန် ပါ၀င်ပစ္စည်း တစ်စုံစာသာ ထောက်ပံ့ထားသောကြောင့် ပုဖန်က ယုံကြည်မှု အပြည့်အ၀ မရှိသေးပဲ ဟင်းပဲကို မချက်ပြုတ်ရဲသေးပေ။ ထို့ကြောင့် စနစ်မှ အဆင့်နိမ့်ပါ၀င်ပစ္စည်းများကို ၀ယ်ယူ၍ လေ့ကျင့်ချက်ပြုတ်နေခြင်း ဖြစ်သည်။
နောက်တစ်နေ့မနက်ခင်းတွင် ပုဖန်က အိပ်ယာမှ ထလာပြီး ခုနစ်စင်ကြယ် အသားလွှာထွင်းထုခြင်း နည်းစနစ်ကို လေ့ကျင့်လိုက်သည်။ စနစ်မှ စီစဉ်ပေးသော မစ်ရှင်များကို ပြုလုပ်ရန်သာမကပဲ သူ၏ စွမ်းဆောင်ရည်များ တိုးတက်စေရန် လေ့ကျင့်နေရပေသည်။ ချက်ပြုတ်ခြင်းနတ်ဘုရာ တစ်ပါး ဖြစ်လာစေရန် အဖက်ဖက်မှ ကြိုးစားရပေမည်။ ပုဖန်က ပုံမှန်အတိုင်း ဆိုင်ဖွင့်လိုက်ပြီး ညအချိန်သို့ ရောက်လာသည်နှင့် ဆိုင်ပိတ်လိုက်ကာ သက်စောင့်ဟင်းပွဲကို နောက်တစ်ကြိမ် ကြိုးစားချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။
နှစ်ရက်မျှ လေ့ကျင့်ချက်ပြုတ်ပြီးနောက် ရှောင်ယု၏ သက်စောင့်ဟင်းပွဲကိ ချက်ပြုတ်ရတော့မည်ဖြစ်သည်။
ရှောင်စံအိမ်တော်တွင် ရှောင်မန်က တတိယမင်းသားထံမှ အရေးကြီးကိစ္စ ဆွေးနွေးလိုသော ဖိတ်ခေါ်စာတစ်စောင်ကို ရရှိလိုက်လေသည်။ အင်ပါယာမြို့တော်အတွင်း မငြိမ်မသက်ဖြစ်နေသောအချိန်တွင် ရှောင်မန်က ကိစ္စရပ်တိုင်းကို လျစ်လျူမရှုနိုင်သောကြောင့် သူကတတိယမင်းသားထံ ချက်ချင်း သွားရောက်လိုက်သည်။ ရှောင်မန်ထွက်သွားသည်နှင့် ဝါးဦးထုပ်ဆောင်းထားပြီး ဓါးရှည်ကို ကိုင်ထားသော ရှောင်ယုက နှင်းလေးပြင်းများကြားတွင် ပေါ်လာပြီး ရှောင်စံအိမ်တော်ကို စိုက်ကြည့်နေလေသည်။