အပိုင်း ၁၂၅
Viewers 62k

အခန်း ၁၂၅ “သားမိုက်… ဘယ်ကိုပြေးချင်နေတာလဲ…”


နှင်းပွင့်လေးများက ကောင်းကင်ယံထက်မှ တစ်ရွေ့ရွေ့ ကျဆင်းနေကာ ဆောင်းရာသီ၏ အလှအပကို ပံ့ပိုးလျက်ရှိနေပေသည်။ ရှောင်စံအိမ်တော်၏ အတွင်းပိုင်းရှိ အဆောက်အဦးများကြားတွင် ငြိမ်းချမ်းတိတ်ဆိတ်သော နေရာတစ်ခုကို ဦးတည်နေသော လမ်းကြားငယ်လေးတစ်ခု ရှိနေပေသည်။ လမ်းကြားငယ်လေး၏ အဆုံမှ သေသပ်လှပသော အခန်းတစ်ခုထဲတွင် အလင်းတိုင်များကို ထွန်းညှိထားပြီး မီးလင်းဖိုက တစ်ငွေ့ငွေ့ တောက်လောင်နေပြီး အခန်းအတွင်းမှ အပူချိန်ကို ထိန်းညှိထားလေသည်။


သစ်သားပြတင်းပေါက်တစ်ခု၏ ရှေ့တွင် နံ့သာအိုးတစ်အိုးကို ထွန်းညှိထားပြီး အခန်းတစ်ခုလုံးကို အမွှေးနံ့များ သင်းပျံ့နေစေသည်။ ထိုအမွှေးနံ့သာအိုး၏ ဘေးတွင် သားမွှေးခြုံထည်ကို ခြုံထားသော မိန်းမပျိုတစ်ဦးထိုင်နေပြီး သူမ၏ ရှေ့တွင် ဇီသာ ( ဗျက်စောင်းတစ်မျိုး ) တစ်ခုကို ချထားလေသည်။ သူမ၏ အပြစ်အနာအဆာ ကင်းမဲ့၍ သွယ်လျသောလက်ချောင်းများက ဇီသာပေါ်တွင် ပြေးလွှားနေလေသည်။ ထွက်ပေါ်လာသော သံစဉ်က မိုးရေစက်လေးများ တစ်ဖွဲဖွဲ ကျဆင်းနေသကဲ့သို့ နား၀င်ပီယံ ရှိလှပေသည်။


ထိုအချိန်တွင် ရှောင်ရှောင်လုံက အခန်းထဲသို့ ၀င်ရောက်လာပြီး သူ့၀တ်ရုံပေါ်တွင် တင်နေသော နှင်းပွင့်များကို ခါထုတ်လိုက်ပြီး နူးနူးညံ့ညံ့ ပြောလိုက်သည်။


“အမ… ဇီသာတီးနေပြန်ပြီလား… နင်က အမေအနှောက်အယှက်ဖြစ်မှာ မကြောက်ဘူးလား….”


သက်ပြင်းချသံ တစ်ချက်နှင့်အတူ ဇီသာသံက ရပ်သွားလေသည်။


“ဒါကသာ အမေ့ကို အနှောက်အယှက်ပေးနိုင်မယ်ဆိုရင် ငါက နေ့တိုင်း ဇီသာကို တီးနေမှာပဲ…”


ထို့နောက် ရှောင်ရှောင်လုံကို လှည့်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


“ကောင်စုတ်လေး.. အဖေက နင့်ကို ကျင်ကြံခြင်းမြှင့်တင်ဖို့ ပြောထားတယ် မဟုတ်ဘူးလား… နင်က ဒီမှာစကားလာပြောဖို့ အချိန်တွေ ပိုနေတယ်ပေါ့…”


“ဟီးဟီး.. အဖေက တတိယမင်းသားကို သွားတွေ့တယ်…ဒါကြောင့်ငါ့ကိ်ု အနားပေးလိုက်တာလေ… သိုင်းကျင့်ရတာ အရိုးတွေကို ကိုက်ခဲနေတာပဲ .. ငါတို့ ပိုင်ရှင်ပုဆိုင်ကို သွားစားကြရအောင်… အဲကိုမရောက်တာတာ ကြာပြီဆိုတော့ ပိုင်ရှင်ပုဆိုင်က ဟင်းပွဲတွေရဲ့ အရသာကို အရမ်းလွမ်းဆွတ်နေပြီ…”


ရှောင်ယန်ယုက မျက်လုံးလှန်ကြည့်လိုက်မိသည်။ ရှောင်ရှောင်လုံက သူမကို လာတွေ့ချင်းမှာ ထိုရည်ရွယ်ချက်ကြောင့်သာ ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့ ကောင်စုတ်လေးကို မည်သူက ပါရမီရှင်ဟု သတ်မှတ်လိုက်မှန်း သူမတွေးတောနေမိသည်။ ထိုကောင်စုတ်လေးက ပါရမီရှင်မဟုတ်ပဲ အစားကြီးသူတစ်ယောက်သာ ဖြစ်နေပေသည်။


“နင်ကလေ… တစ်ကယ်ကိုပဲ…. ဟမ်… အဲဒီမှာဘယ်သူလဲ…”


ရှောင်ရှောင်လုံကို ဆူပူရန် ပြင်ဆင်နေသော ရှောင်ယန်ယု၏ မျက်နှာက ရုတ်တရက်ပြောင်းလဲသွားပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အပြင်ဘက်တွင်တိုက်ခတ်နေသော ဆောင်းလေပြင်းများကြားတွင် ပုံရိပ်တစ်ခုက တစ်ဖြည်းဖြည်းချင်းပေါ်ထွက်လာလေသည်။ ထိုသူ၏ အနက်ရောင် ၀တ်ရုံစက ကြမ်းတမ်းသော လေပြင်းများကြောင့် လွင့်ခါနေသည့်အပြင် မျက်နှာကိုလည်း ဝါးဦးထုတ်နှင့် ကာကွယ်ထားသောကြောင့် ထင်ထင်ရှားရှား မမြင်ရပေ။ သို့သော် ရှောင်မောင်နှမက ထိုသူကို မြင်လိုက်သည်နှင့် သူတို့၏ မျက်လုံးများက ကျဉ်းမြောင်းသွားလေသည်။


ရှောင်ယုက အခန်းထဲသို့ ၀င်လာလိုက်ပြီး ဝါးဦးထုတ်ကို ချွတ်ပစ်လိုက်သည်။ ထို့နောက် သူ့ကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေသော ရှောင်ယန်ယုနှင့် ရှောင်ရှောင်လုံကို ကြည့်၍ အနည်းငယ်ပြုံးကာ နှုတ်ဆက်လိုက်သည်။


“မတွေ့တာတောင် ကြာပြီနော်…”


သို့သော် တိုက်ခိုက်မှုတစ်ခုဖြင့် တုံ့ပြန်ခံလိုက်ရသည်။ ရှောင်ယုကို ရှောင်ယန်ယုက ဒေါသတကြီး စိုက်ကြည့်နေသကဲ့သို့ ရှောင်ရှောင်လုံကလဲ သတိအပြည့်နှင့် စိုက်ကြည့်နေလေသည်။ ရှောင်စံအိမ်အတွင်းတွင် ရှောင်ယု ရုတ်တရက် ပေါ်ပေါက်လာခြင်း၏ ရည်ရွယ်ချက်ကို သူတို့က မတွေးတောနိုင်ကြချေ။


“နင်က ပြန်လာရဲသေးတယ်လား… နင်က ပြန်လာပြီး နင့်မျက်နှာကို လာပြရဲတယ်ပေါ့…” ရှောင်ယန်ယုက ဒေါသတကြီး အော်လိုက်လေသည်။


ရှောင်ယု၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားလေသည်။ သူက မြေပြင်ကို ခြေထောက်ဖြင့် ခတ်လိုက်ပြီး လျင်မြန်စွာဖြင့် ရှောင်ယန်ယုအနီးသို့ ရောက်လာလေသည်။ ကြောက်မက်ဖွယ်ကောင်းလှသော ဓါးစွမ်းအင်များက ရှောင်ယန်ယု၏ ခန္ဒာကိုယ်အတွင်းသို့ စိမ့်၀င်လာပြီး သူမ၏ အစစ်အမှန်စွမ်းအင်များကို ထိန်းချုပ်ထားလိုက်သည်ကို ခံစားလိုက်ရသည်။ သူမ၏ ခန္ဒာကိုယ်က လှုပ်ရှားမှု မလုပ်နိုင်တော့သောကြောင့် ရှောင်ယန်ယုက ဒေါသထွက်သွားပြီး ရှောင်ယုကို စူးရှစွာ စိုက်ကြည့်နေလေသည်။


ရှောင်ယုက သူမ၏ အကြည့်ကို ဂရုမစိုက်ပဲပြုံးလိုက်ကာ ရှောင်ယန်ယု၏ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်ပြီး သူမကိုဖြတ်ကျော်ကာ အိပ်ယာပေါ်မှ လဲလျောင်းနေသူထံ လျောက်သွားလိုက်သည်။


“မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ…” ရှောင်ရှောင်လုံက ပြောဆိုလိုက်ပြီး ရှောင်ယု၏ ရှေ့တွင် ပိတ်ကာလိုက်သည်။


“ဟမ်… အဆော့မက်တဲ့ ကောင်စုတ်လေးတောင် အရွယ်ရောက်လာပြီပဲ… ငါ့ရဲ့လမ်းကိုတောင် ပိတ်ရဲနေပြီပေါ့ ဟုတ်လား…” ရှောင်ယုက ပြောဆိုလိုက်သည်။


ရှောင်ရှောင်လုံ၏ မျက်လုံးများက မှေးကျဉ်းသွားပြီး တတိယအဆင့်၏ အထွတ်အထိပ်စွမ်းအားကို ထုတ်ဖော်ကာ ရှောင်ယုကို တိုက်ခိုက်လိုက်သည်။ ရှောင်ယုက ခေါင်းကိုငဲ့စောင်း ရှောင်လိုက်ပြီး ရှောင်ရှောင်လုံ့အနီးသို့ ရုတ်တရက်ရောက်ရှိလာကာ သူ၏ နဖူးကို လက်ညိုးဖြင့် အသာအယာ ထိတွေ့လိုက်သည်။ ရှောင်ရှောင်လုံ၏ လှုပ်ရှားမှုများက ရုတ်တရက် ရပ်တန့်သွားကာ မျက်လုံးများ ပြူးကျယ်လာပြီး လဲကျသွားလေသည်။


“စိတ်မပူပါနဲ့ … ငါ့မှာမကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး…” ရှောင်ယု၏ အက်ရှရှအသံက ထွက်ပေါ်လာလေသည်။


ရှောင်ယန်ယုက ရှောင်ယုကို မယုံကြည်သော်လည်း သူမ၏ ခန္ဒာကိုယ်က လှုပ်ရှား၍ မရသောကြောင့် အသံကုန် အော်ဟစ်လိုက်လေသည်။ ရှောင်ယုက အိပ်ယာဘေးတွင် ရပ်လိုက်လေသည်။ အိပ်ယာပေါ်တွင် ကျက်သရေရှိလှသော အမျိုးသမီးတစ်ဦးက မျက်လုံးများကို မှေးမှိတ်ထားပြီး လဲလျောင်းနေလေသည်။ သူမ၏ ချောမောလှပသော မျက်နှာက ရှောင်ယန်ယုနှင့် အလွန်ဆင်တူပေသည်။ ရှောင်ယု၏ မျက်နှာပေါ်တွင် အဓိပ္ပါယ်အချို့ ဖြတ်ပြေးသွားပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ထို့နောက် သူ၏ ပခုံးပေါ်မှ ထူထဲလေးလံသော ခြုံထည်ကို ဖယ်ရှားလိုက်ပြီး ထိုအမျိုးသမီးကို လွမ်းခြုံပေးလိုက်သည်။


“မင်း… အမေ့ကို ခေါ်သွားလို့မရဘူး…” ရှောင်ရှောင်လုံက ပြောဆိုလိုက်ပြီး ကြမ်းပြင်ပေါ်မှ လူးလဲထလာလေသည်။ သို့သော် ရှောင်ယုက နောက်တစ်ကြိမ် ဖိနှိပ်လိုက်သောကြောင့် ကြမ်းပြင်ပေါ်သို့ ပြန်လဲကျသွာပြီး သူတို့၏ အမေ ဂျိရုအာကို ခေါ်ဆောင်သွားသော ရှောင်ယုကို သွေးနီရောင် မျက်၀န်းများနှင့် စိုက်ကြည့်နေလေသည်။


ရှောင်ယန်ယု၏ ခန္ဒာကိုယ်က တုန်လှုပ်နေပြီး ရှောင်ယုကို ခပ်စူးစူး စိုက်ကြည့်၍ အော်လိုက်လေသည်။ ဂျိရုအာကို ကျောပေါ်တွင် တင်ထားသော ရှောင်ယုက တခါးပေါက်သို့ ရောက်မှ လှည့်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


“မင်းတို့နှစ်ယောက်က အရင်ကထက် ပိုပြီး ချစ်ဖို့ကောင်းလာတာပဲ… စိတ်မပူပါနဲ့ ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး… ငါက အမေ့ကို နှိုးပေးဖို့ပါ…”


ရှောင်ယုက ပြောပြီးသည်နှင့် ဝါးခမောက်ကို ပြန်ဆောင်းလိုက်ကာ လေထုထဲသို့ ခုန်တက်လိုက်ပြီး သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ လေအရှိန်ကြောင့် ရမ်းခါနေသော တံခါးရွက်နှစ်ခုသာ ကျန်ရစ်ခဲ့လေတော့သည်။ သူမ၏ခန္ဒာကိုယ်ပေါ်တွင် ပိတ်ဆို့ထားသော ဓါးစွမ်းအင်များ ပျေက်ကွယ်သွားသည်နှင့် ရှောင်ယန်ယုက တံခါး၀သို့ အလျင်အမြန် ပြေးသွားလိုက်ပြီး ဆီးနှင်းများကြားတွင် ရှောင်ယန်ယု၏ ပုံရိပ်ကို ရှာဖွေလိုက်သည်။ သို့သော် လူရိပ်တစ်ရိပ်ပင် မတွေ့ရတော့ပေ။


တခဏမျှ ကြာပြီးနောက် ဆီးနှင်းများကြားမှ လူရပ်တစ်ခု ပျံသန်းလာသည်ကို တွေ့လိုက်ရပြီး အနီးသို့ လျင်မြန်စွာ ရောက်ရှိလာလေသည်။ ရှောင်မန်က မြေပေါ်သို့ ဆင်းသက်လိုက်သည်နှင့် စိတ်ပျက်လက်ပျက်ထိုင်နေသော အမူအယာနှင့် ထိုင်နေသော ရှောင်ရှောင်လုံနှင့် ငိုနေသော ရှောင်ယန်ယုတို့ကို တွေ့လိုက်ရသည်။


“အဖေ.. အမေ့ကိုခေါ်သွားတယ်…” ရှောင်ယန်ယုက ရှောင်မန်ကို မြင်လိ်ုက်သည်နှင့် သူမ၏ မကျေနပ်ချက်များကို ဖွင့်ထုတ်ပြောဆိုလိုက်လေသည်။


“ရှောင်ယု…”


ရှောင်မန်၏ မျက်လုံးထဲတွင် ဒေါသရောင်များ ထွက်ပေါ်လာသော်လည်း သူက တစ်စုံတစ်ခုကို တွေးတောမိသွားလေသည်။ တတိယမင်းသားက အကြောင်းအရာတစခုကို ဆွေးနွေးချင်သည်ဟု ဖိတ်ခေါ်ခဲ့ချိန်တွင် ရှောင်ယုက အိမ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုအချက်က သွေးရိုးသားရိုး တိုက်ဆိုင်မှု မဖြစ်နိုင်ပေ။ ရှောင်မန်က ရှောင်စံအိမ်အထက်သို့ ပျံတက်လိုက်ပြီး စံအိမ် ၀န်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။


“ဟမ်….”


ရှောင်မန်က စိတ်လှုပ်ရှားစွာနှင့် အလျင်အမြန်ရွေ့လျားလိုက်သည်။ ဂျိရုအာကို နောက်ကျောတွင် ထမ်းပိုးထားသော ရှောင်ယုက သူ့အမေ၏ ခန္ဒာကိုယ် အေးခဲသွားမည်စိုးသောကြောင့် အစစ်အမှန် စွမ်းအင်များဖြင့် သူမခန္ဒာကိုယ်ကို ကာကွယ်ထားပြီး လမ်းကြားလေးထံသို့ ဦးတည်နေလေသည်။ ထိုအချိန်တွင် သူ၏ နောက်ကျောမှ မိုးချိန်းသံကဲ့သို့ အသံတစ်ခု ရုတ်တရက်ကြားလိုက်ရလေသည်။ ရှောင်ယုက ထိတ်လန့်သွားပြီး သူ၏ ဓါးစွမ်းအင်များကို ထုတ်ဖော်ကာ အနောက်သို့ လှည့်၍ ခုတ်ချလိုက်လေသည်။


ဓါးရှည်မှ ထွက်ပေါ်လာသော အသံက ပျောက်ဆုံးသွားသော်လည်း သူ၏ ခန္ဒာကိုယ်က အနည်းငယ် ဆက်လက်တုန်လှုပ်နေလေသည်။ ထို့နောက် နီးကပ်နေပြီဖြစ်သော ပုဖန်၏ ဆိုင်ငယ်လေးရှိ်ရာ လမ်းကြားလေးထံသို့ ခပ်သုတ်သုတ် သွားလိုက်လေသည်။ ရှောင်မန်၏ မျက်နှာပေါ်တွင် ဒေါသများ ပြည့်နှက်လာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်လေသည်။ ထို့နောက် သူ့ရှေ့မှ ရှောင်ယုကို ကြည့်၍ အော်ဟစ်လိုက်လေသည်။


“သားဆိုး သားမိုက်… မင်းအခု ဘာလုပ်နေတယ်လို့ ထင်နေတာလဲ…”


ရှောင်မန်က အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် သူတို့ကြားမှ အကွာအဝေးက တစ်ဖြည်းဖြည်း နီးကပ်လာကာ ရှောင်ယုပေါ်မှ ဖိအားက ပြင်းထန်လာလေသည်။ စွမ်းအင်များက လှိုင်းလုံးတစ်ခုကဲ့သို့ ပတ်၀န်းကျင်မှ နှင်းများကို ဖယ်ရှားလိုက်လေသည်။ ရှောင်ယုက နောက်သို့ လှည့်လိုက်ပြီး သူ၏ ဓါးရှည်ကို ဆွဲထုတ်လိုက်ကာ လေထဲသို့ လွဲခုတ်လိုက်ပြီး အစီအရင်တစ်ခုကို ရေးဆွဲလိုက်သည်။


သို့သော် ထိုအစီအရင်က ရှောင်မန့်ကို အနည်းငယ်မျှပင် မဟန့်တားနိုင်ပဲ သူ၏ လက်သီးတစ်ချက်နှင့်ပင် ပြိုကွဲသွားလေသည်။ ရှောင်ယုက အနည်းငယ်ညည်းညူလိုက်ပြီး တန်ပြန်သက်ရောက်အားကို အသုံးချ၍ ပုဖန်၏ ဆိုင်ငယ်လေးသို့ အားကိုးတစ်ကြီး ပြေးလွားသွားလေသည်။ ရှောင်မန်၏ မျက်လုံးများက နီရဲသွားပြီး သူ၏ အစစ်အမှန်စွမ်းအားများကို လက်ဝါးတွင် စုလိုက်ပြီး ဆိုင်ငယ်လေးထံ ပစ်လွှတ်တိုက်ခိုက်လိုက်သည်။


အပေါက်၀တွင် လဲလျောင်းနေသော ခွေးနက်ကြီးက ရှောင်မန့်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ၏ လက်ဖဝါးကိုမြောက်၍ ဆိုင်သို့ ဦးတည်လာသော စွမ်းအင်များကို ချေဖျက်လိုက်သည်။ စွမ်းအင်များက လေထုထဲတွင် ပေါက်ကွဲသွားပြီး ရှောင်မန့်ကို နောက်သို့ လွင့်စင်သွားစေလေသည်။ ထိုအချိန်မှ ရှောင်ယုက ဆိုင်ငယ်လေးအတွင်းသို့ ပြေး၀င်သွားသည်ကို သတိပြုမိသွားပြီး ရှောင်မန်က ထိတ်လန့်တုန်လှုပ်သွားလေသည်။