အပိုင်း ၁၂၆
Viewers 53k

အခန်း ၁၂၆ “နီလာရောင် စိတ်ဝိဥာဉ်စွပ်ပြုတ်”


“ရှောင်ယုက ရုအာကို ဆိုင်ငယ်လေးထဲခေါ်သွားတာလား… ဒီလူဆိုးကောင်က ဘာတွေလုပ်ဖို့ စီစဉ်ထားတာလဲ… ကြည့်ရတာတော့ ဆိုင်ငယ်လေးကို အကာအကွယ် ယူချင်ပြန်ပြီထင်တယ်…”


ပုဖန်၏ ဆိုင်ငယ်လေးထဲတွင် ရှောင်ယုက ဂျိရုအာကို နာကျင်စေရန် မလုပ်နိုင်ကြောင်း တွေးမိလိုက်သောကြောင့် ရှောင်မန်က စိတ်သက်သာရာ ရသွားလေသည်။ ထို့နောက် သူ၏စွမ်းအင်များကို ချေဖျက်လိုက်သော ဘလက်ကီ၏ စွမ်းအားကို အမှတ်ရသွားပြီး အပေါက်၀သို့ လှမ်းကြည့်လိုက်ပြီး လက်နှစ်ဘက်ကို ဆုတ်၍ တောင်းပန်သည့် အမူအယာမျိုး လုပ်လိုက်လေသည်။ ထိုအမူအယာကို တစ်စုံတစ်ယောက်သာ မြင်တွေ့ပါက အံ့သြလွန်း၍ မေးရိုးများပင် ပြုတ်ကျသွားနိုင်ပေသည်။


အင်ပါယာမြို့တော်၏ နံပါတ်တစ် ကာကွယ်စောင့်ရှောက်သူက ခွေးတစ်ကောင်ကို တောင်းပန်နေဟန်မှာ မြင်ရသူအားလုံးကို အံ့အားသင့်သွားနိုင်ပေသည်။ ဘလက်ကီက ရှောင်မန့်ကို တစ်ချက်ကြည့်လိုက်ပြီး နှာမှုတ်သံပြုလိုက်ကာ ပြန်လှဲအိပ်လိုက်သည်။ ထိုအချိန်မှ ရှောင်မန်၏အပေါ်မှ ဖိအားများ လျော့ကျသွားလေသည်။ ထို့နောက် သူက ဘလက်ကီကို တစ်ချက်ကြည့်လိုက်ပြီး ပုဖန်၏ ဆိုင်ငယ်လေးအတွင်း ၀င်ရောက်သွားလိုက်သည်။


ပုဖန်က စနစ်မှ အစားထိုးပစ္စည်းများကို သုံး၍ နှစ်ရက်ခန့် စမ်းသပ်ချက်ပြုတ်ပြီးသွားသောကြောင့် ယနေ့တွင် ရှောင်ယု၏ သက်စောင့်ဟင်းပွဲကို ချက်ပြုတ်ရမည်ဖြစ်သည်။ မီဖိုခန်းအတွင်မှ ဗီဒိုထဲတွင် ရှောင်ယုပေးထားသော ပါ၀င်ပစ္စည်းများ ရှိနေပေသည်။ ပုဖန်က ထိုပါ၀င်ပစ္စည်းများကို ထုတ်ယူလိုက်သည်။ နီလာရောင်သစ်ခွနှလုံးသားမှ နေတစ်စင်းကဲ့သို့ တောက်ပနေသော ခရမ်းကြည်ရောင် စွမ်းအင်များ ဖြာထွက်နေပြီး ကောင်းကင်လိပ်ပြာ ပင်လယ်ခရုက အနက်ရောင်ပင်လယ်ခရုထက် ကြီးမားပြီး ဝိဥာဉ်စွမ်းအင် ပါ၀င်မှုက ပိုမိုမြင့်မားနေပေသည်။


ကောင်းကင်လိပ်ပြာ ပင်လယ်ခရုခွံပေါ်မှ အစီအရင်ပုံစံက အနက်ရောင်ပင်လယ်ခရုခွံပေါ်မှ အစီအရင်ထက် ပို၍ ကြည်လင်ပြတ်သားနေပြီး အဆင့်ပိုမြင့်လေသည်။ ပုဖန်က လေ့ကျင့်ချက်ပြုတ်ထားသောကြောင့် အဆင့်များကို အလွန်ရင်းနှီးနေပြီး သူဂရုစိုက်ရမည်မှာ စွမ်းအင်ကွာခြားမှုတစ်ခုသာ ရှိနေပေသည်။ ပုဖန်က ပါ၀င်ပစ္စည်းများကို ဆေးကြောသန့်စင်လိုက်ပြီး ကောင်းကင်လိပ်ပြာ ပင်လယ်ခရု ထည့်နိုင်လောက်သော အိုးကြီးတစ်လုံးကို ထုတ်ယူလိုက်သည်။


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသုံးပြု၍ ပင်လယ်ခရုကို ပိုင်းဖြတ်လိုက်ပြီး ဆေးဘက်၀င်အပင် အနည်းငယ်ကိုပါ တောက်တောက်စင်းလိုက်သည်။ မြေအိုးထဲသို့ နွေဦးစမ်းရည် အပြည့်ဖြည့်၍ ပင်လယ်ခရုကို ထည့်လိုက်ကာ မီးဖိုပေါ်တွင် တင်ထားလိုက်လေသည်။ ထို့နောက် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါကို အသုံးပြု၍ နီလာရောင် သစ်ခွနှလုံးသားကို ဖြတ်တောက်ရန် ပြင်ဆင်လိုက်သည်။ နီလာရောင် သစ်ခွနှလုံးသားက အပြာရောင် အဖူးလေးများ ရှိနေပြီး ပွင့်ချပ်များသာမက အရွက်များတွင်ပါ စွမ်းအင်များ ပြည့်ဝနေလေသည်။


ပုဖန်က အရွက်နှင့် ပွင့်ချပ်များကို သပ်သပ်စီခွဲထားလိုက်သည်။ ပွင့်ချပ်လေးများကိ လှီးဖြတ်လိုက်သောအခါ ခရမ်းရောင် ကြည်လင်နေသော အရည်များ စီးထွက်လာလေသည်။ ထိုအရည်လေးများကို အရည်ပြားပေါ် တင်လိုက်သည်နှင့် လောင်ကျွမ်းသွားစေနိုင်သော ထူးခြားသည့် အာနိသင်ရှိပေသည်။ ပုဖန်က ကျောက်စိမ်းခွက်တစ်ခွက်ကို ယူလိုက်ပြီး စီးကျလာသော အရည်များကို ခွက်ထဲထည့်၍ သိမ်းဆည်းလိုက်လေသည်။ ခရမ်းရောင်ကြည်လင်နေသော ပွင့်ချပ်ရည်များက အလွန်မွှေးပျံ့လှပေသည်။


မြေအိုးဆူပွက်လာသည်နှင့် ပုဖန်က မြေအိုးအဖုံးကိုလှပ်လိုက်ရာ မွှေးပျံ့လှသော ပင်လယ်ခရု၏ အနံ့က ထွက်ပေါ်လာလေသည်။ သူက အငမ်းမရ ရှုရှုက်လိုက်မိလေသည်။ ကောင်းကင်လိပ်ပြာပင်လယ်ခရုက အခြားပင်လယ်စာများကဲ့သို့ ညှီနံ့မထွက်ပဲ ချိန်မြိန်သော ရနံ့များသာ ထွက်ပေါ်နေလေသည်။ အရသာကို မြည်းမကြည့်ရသေးပဲ အနံ့နှင့်ပင် ပုဖန်၏ ခန္ဒာကိုယ်တစ်ခုလုံး လန်းဆန်းသွားသည်ကို ခံစားလိုက်ရသည်။ ပုဖန်က တောက်တောက်စင်းထားသော ပွင့်ချပ်လေးများကို အိုးထဲထည့်လိုက်ပြီး အဖုံးကို ပြန်ပိတ်လိုက်လေသည်။


ထိုအချိန်တွင် ပုဖန်၏ အမူအယာက ပို၍ လေးနက်တည်ကြည်လာပြီး စွမ်းအားများကို လှည့်ပတ်လိုက်ကာ လက်ဝါးမှတစ်ဆင့် အိုး၏မျက်နှာပြင်ကို ဖြတ်သန်းစေလိုက်ပြီး အိုးအတွင်းသို့ ပို့လွတ်လိုက်သည်။ သူ၏ စိတ်ထဲတွင် အိုးထဲမှ ပြောင်းလဲနေသော အခြေအနေများကို ရှင်းလင်းစွာ မြင်နေရပေသည်။ အစစ်အမှန်စွမ်းအင်များက ပင်လယ်ခရုအတွင်း စီး၀င်သွားပြီး ပင်လယ်ခရုမှ ဝိဥာဉ်စွမ်းအင်များ စီးထွက်လာလေသည်။


ပုဖန်က မြေအိုးအတွင်းမှ ပင်လယ်ခရု၏ ပြောင်းလဲမှုကြောင့် အနည်းငယ် စိတ်အေးသွားပြီး သူ၏ စွမ်းအင်များကို ပင်လယ်ခရုကို ဖုံးလွှမ်းသွားစေရန် အားထုတ်လိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် သက်စောင့်ဟင်းပွဲချက်ပြုတ်ခြင်း၏ ပထမအဆင့် ပြီးဆုံးသွားကာ ပုဖန်၏ နဖူးပေါ်တွင် ချွေးစက်များ တွဲခိုနေလေသည်။ အစားထိုးပါ၀င်ပစ္စည်းများနှင့် ချက်ပြုတ်ခြင်းထက် ယခုအချိန်က ပုဖန်ကို ပို၍ ပင်ပန်းနွမ်းနယ်စေလေသည်။


ချွေးများကို သုတ်လိုက်ပြီးနောက် အိုးအဖုံးကို ဖွင့်လှစ်လိုက်ရာ ပိုမိုမွှေးပျံ့သောရနံ့များ ထွက်ပေါ်လာလေသည်။ ပုဖန်က သူ၏ အစစ်အမှန်စွမ်းအင်များဖြင့် ပင်လယ်ခရုကို ဖုံးအုပ်လိုက်သောကြောင့် ခရုခွံပေါ်မှ အစီအရင်က ပို၍ တောက်ပလာပြီး အိုးအတွင်းတွင် အလင်းဖျော့ဖျော့လေးများပင် ဖြာထွက်နေလေသည်။ ပုဖန်က ပွင့်ချပ်ရည်များကြောင့် ပူလောင်နေသော ကျောက်စိမ်းခွက်ကို ယူလိုက်ပြီး အိုးအတွင်းသို့ လောင်းထည့်လိုက်ရာ မွှေးရနံ့က နှစ်ဆတိုးလာလေသည်။


ထိုမွှေးရနံ့ကို ရှူရှိုက်မိလိုက်ချိန်တွင် ပုဖန်က စိတ်သက်သာယာ ရသွားလေသည်။ မွှေးရနံ့က ခန္ဒာကိုယ်ကိုသာမက စိတ်ဝိဥာဉ်ကိုပါ ကျေနပ်နှစ်သိမ့်စေလေသည်။ ပါ၀င်ပစ္စည်းနှစ်ခု၏ ပေါင်းစပ်မှုက မယုံကြည့်နိုင်စရာ ကောင်းလှပေသည်။ ပုဖန်က အိုးအဖုံးကို ပြန်ဖုံးလိုက်ပြီး သူ၏ အစစ်အမှန်စွမ်းအင်များကို ဆက်လက်ပို့လွှတ်နေလိုက်သည်။


ဤအဆင့်တွင် ဟင်းပွဲ၏ အခြေခံအဆင့်က ပြီးမြောက်သွားပြီဖြစ်သည်။ သူ၏ စွမ်းအင်ထိန်းချုပ်နိ်ုင်မှုအပေါ် မူတည်၍ အောင်မြင်မှုရာခိုင်နှုန်းက ကွဲပြားသွားမည်ဖြစ်သည်။ သို့သော် ပုဖန်က နှစ်ရက်တိုင်အောင် လေ့ကျင့်ချက်ပြုတ်ထားသောကြောင့် ယုံကြည်မှု ရှိနေပေသည်။


ရှောင်မန်က ဆိုင်အတွင်းသို့ ရောက်လာသည်နှင့် နွေးထွေးမှုကြောင့် သူ့မျက်နှာပေါ်မှ ဒေါသများ ပြေလျော့သွားသော်လည်း ထိုင်ခုံပေါ်မှ ရှောင်ယုကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ ရှောင်ယုက သူ၏ ရင်ဘက်ကို လက်နှင့် ဆုတ်ကိုင်ထားပြီး အသက်ကို ခက်ခက်ခဲခဲ ရှူနေရသည်။ သူ၏ စွမ်းအင်များကို လှည့်ပတ်နေပြီး အတွင်းဒဏ်ရာများကို ကုစားနေလေသည်။


“မင်းဘာတွေ ကြံစည်နေတာလဲ… ရုအာကို ထိခိုင်အောင်လုပ်တာ မလုံလောက်သေးဘူးလား… ဘာထပ်လုပ်ဖို့ ကြိုးစားနေတာလဲ… မင်းက အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ အမေကိုတောင် သတ်ချင်နေတာလား…”


ရှောင်မန်၏ အသံက အေးစက်နေလေသည်။ သူ၏ စကားလုံးတိုင်းတွင် ဒေါသအငွေ့အသက်များ ပါ၀င်နေလေသည်။


ရှောင်ယုက အနည်းငယ်ရီမောလိုက်ပြီး ခေါင်းခါရမ်းလိုက်ကာ ရှောင်မန့်ကို စေ့စေ့ကြည့်၍ ပြောဆိုလိုက်သည်။


“အဖေ… ငါ့ရဲ့ ရည်ရွယ်ချက်ကို မင်းသိမှာပါ… ငါက ဒီနေ့ အမေ့ကို ခေါ်ပြီး ပိုင်ရှင်ပုရဲ့ဆိုင်ကို လာတာက သူမကို ထပ်ပြီး ဒုက္ခပေးဖို့ မဟုတ်ဘူး… သူမကို ကုသပေးဖို့ပဲ…”


“သူမကို ကုသပေးမယ်…” ရှောင်မန်က တခဏမျှ ဆွံ့အသွားပြီး မျက်မှောင်ကြုံ့၍ ဆက်လက်ပြောဆိုလိုက်သည်။


“ဘာလဲ… မင်းက ပိုင်ရှင်ပုကို သက်စောင့်ဟင်းပွဲ ချက်ပြုတ်ပေးဖို့ တောင်းဆိုထားတာလား…”


“မဖြစ်နိုင်ဘူး… ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်က ရုအာရဲ့ ဒဏ်ရာကို ကုစားမပေးနိုင်ဘူးဆိုတာ မင်းသိပါတယ်… မင်းရဲ့ ဓါးရှည်က သူမရဲ့ နှလုံးကိုပဲထိခိုက်သွားစေတာမဟုတ်ပဲ သူမရဲ့ စိတ်ဝိဥာဉ်ကိုပါ ထိခိုက်သွားစေတာလေ…”


ရှောင်မန်က စိတ်ပျက်လက်ပျက် အမူအယာနှင့် ရှောင်ယုကို ပြောဆိုလိုက်သည်။ သို့သော် ရှောင်ယုက ပြန်မပြောပဲ မီးဖိုခန်းဘက်သို့ ငေးမောနေလေသည်။ မီးဖိုခန်းဘက်မှ အမွှေးနံ့များ ကြိုင်လှိုင်နေပြီး အငွေ့တစ်ထောင်းထောင်းထနေသော မြေအိုးကို သယ်ဆောင်လာသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ မွှေးရနံ့များက ဆိုင်အတွင်းသို့ တမဟုတ်ချင်းပျံ့နှံ့သွားရာ ဆိုင်အတွင်းမှ လူတိုင်းက အသက်ပြင်းပြင်း ရှိုက်လိုက်မိသည်။ သူတို့၏ စိတ်များက လန်းဆန်းသွားပြီး အားအင်ပြည့်ဖြိုးလာသည်ကို ခံစားလိုက်ကြရသည်။


ရှောင်မန်က ပုဖန်လက်ထဲမှ မြေအိုးကို အံ့အားတသင့်နှင့် စိုက်ကြည့်နေလေသည်။ မွှေးရနံ့များကို ရှူရှိုက်လိုက်ပြီးနောက် အိုးအတွင်းမှ သက်စောင့်ဟင်းပွဲက ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ် မဟုတ်သည်ကို သိရှိသွားလေသည်။


ပုဖန်က တံခါး၀တွင် ရပ်နေဆဲဖြစ်သော ရှောင်မန်ကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်ယုရှိရာသို့ လျောက်သွားလိုက်သည်။ သူ့လက်ထဲမှ မြေအိုးကို စားပွဲပေါ်သို့ ဂရုတစိုက်တင်လိုက်ပြီးနောက် စွမ်းအင်လှည့်ပတ်မှုကို ရပ်တန့်လိုက်ကာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။ နီလာရောင်စိတ်ဝိဥာဉ်စွပ်ပြုတ်က သူ၏ အစစ်အမှန်စွမ်းအင်များကို ကုန်ဆုံးလုလု ဖြစ်သွားစေပြီး ပုဖန်ကို လဲပြိုကျလုမတက် ဖြစ်နေစေသည်။ သူ၏ စွမ်းအင်အဆင့်က နိမ့်ကျနေသောကြောင့် ယခုကဲ့သို့ အလွန်အမင်း မောပန်းနွယ်နယ်စေခြင်း ဖြစ်သည်။


“ဒီမှာ… မင်းရဲ့ နီလာရောင် စိတ်ဝိဥာဉ်စွပ်ပြုတ်… ကောင်းကောင်း အသုံးပြုပါ…”


ပုဖန်က ပြောဆိုလိုက်ပြီး မြေအိုးအဖုံးကို ဖွင့်လိုက်လေသည်။ တောက်ပသော အလင်းတန်းများ နှင့် ကြွယ်၀လတ်ဆတ်သော မွှေးရနံ့များက တမဟုတ်ခြင်း ထွက်ပေါ်လာလေတော့သည်။