အပိုင်း ၁၂၇
Viewers 53k

အခန်း ၁၂၇ “ဧကရာဇ်၏ သေတမ်းစာ”


ဟင်းပွဲက အလွန်တောက်ပလှသောကြောင့် ရှောင်မန်နှင့် ရှောင်ယုတို့ အံ့အားသင့်နေကြသည်။ မြေအိုးထဲမှ လွင့်ပျံလာသော အမွှေးနံ့များနှင့် တောက်ပသော အလင်းတန်းများက သူတို့နှစ်ဦးလုံး၏ မျက်လုံးများကို မလွဲနိုင်အောင် ဆွဲဆောင်ထားလေသည်။ ရှောင်ယုက ဟင်းပွဲ၏ အနံ့ကို ရလိုင်ရုံနှင့်ပင် ရှောင်မန်ကြောင့် ရရှိခဲ့သော ဒဏ်ရာများပင် သက်သာသွားသည်ကို ခံစားလိုက်ရသောကြောင့် တံတွေးမျိုချလိုက်မိသည်။ ရှောင်ယုက မြေအိုးထဲသို့ ကြည့်လိုက်လေသည်။


နီလာရောင်စိတ်ဝိဥာဉ်စွမ်းပြုတ်က ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကဲ့သို့ ခပ်ပြစ်ပြစ်အရည် မဟုတ်ပဲ တောင်ပေါ်မှ စီးဆင်းလာသော စမ်းရေကဲ့သို့ အလွန်ကြည်လင်နေပြီး ဟင်းချို၏ အောက်ခြေမှ ကောင်းကင်လိပ်ပြာ ပင်လယ်ခရုကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။ ချက်ပြုတ်ထားသော ကောင်းကင်လိပ်ပြာပင်လယ်ခရုမှ စွမ်းအားများနှင့် မွှေးရနံ့များက စွပ်ပြုတ်ရည်အတွင်း ပျော်၀င်နေပြီး နီလာရောင် နှလုံးသားသစ်ခွက အစအနပင် ရှာမရလောက်အောင် စွပ်ပြုတ်ရည်အတွင်း ပျော်၀င်သွားပြီဖြစ်သည်။


မသိသူများသာ ကြည့်လိုက်ပါက နီလာရောင်စိတ်ဝိဥာဉ်စွပ်ပြုတ်တွင် ကောင်းကင်လိပ်ပြာ ပင်လယ်ခရုနှင့် နွေဦးစမ်းရည်တို့သာ ပါ၀င်သည်ဟု ထင်မြင်နေပေလိမ့်မည်။ ပုဖန်က သစ်သားပန်ကန်လုံး တစ်လုံးကို ယူလိုက်ပြီး သစ်သားဇွန်းကို အသုံးပြု၍ မြေအိုးထဲမှ စွပ်ပြုတ်ရည်များကို ခပ်ထည့်လိုက်သည်။ စွပ်ပြုတ်ရည်က အလွန်အမင်း ကြည်လင်နေသောကြောင့် မွှေးရနံ့သာ ရှိမနေပါက ရေနှင့်ပင် မှားနိ်ုင်ပေသည်။


ရှောင်ယုက သူ၏ အံ့အားသင့်မှုများကို ကြိုးစားထိန်းချုပ်လိုက်ပြီး ပုဖန်လက်ထဲမှ စွပ်ပြုတ်ပန်းကန်ကို လှမ်းယူလိုက်သည်။ ထို့နောက် သူ့အမေကို ကုလားထိုင်ပေါ်သို့ သေချာစွာ တင်လိုက်လေသည်။ ရှောင်မန်က ရှေ့သို့ တိုးလာပြီး ရှောင်ယုလက်ထဲမှ ပန်းကန်ကို လွဲပြောင်းယူလိုက်သည်။ ရှောင်မန်၏ အေးဆေးတည်ငြိမ်သော အမူအရာက အစောပိုင်းကပင် ပျောက်ကွယ်သွားပြီး အလေးထားမှုနှင့် စိတ်လှုပ်ရှားမှုများသာ ကျန်နေတော့သည်။


ရှောင်မန်က တုန်ရင်နေသော လက်ဖြင့် စွပ်ပြုတ်ကို ခပ်ယူလိုက်ပြီး ဂျိရုအာကို ဂရုတစိုက် တိုက်ကြွေးလိုက်သည်။ မျက်တောင်တစ်ချက်ပင် မခတ်ပဲ ဖြူဖျော့နေသော သူမ၏ မျက်နှာကို ကြည့်၍ ရှောင်မန်၏ နှလုံးသားက ပါးစပ်ထဲမှပင် ထွက်လာတော့မယောင် ခုန်ပေါက်နေလေသည်။ စွပ်ပြုတ်ရည်တစ်ဇွန်း သောက်လိုက်ပြီးနောက် ဖြူဖျော့နေသော ဂျိရုအာ၏ မျက်နှာက အနီရောက်အနည်းငယ် သန်းလာလေသည်။ ရှောင်မန်၏ မျက်လုံးများ တောက်ပလာလေသည်။


“ဒီလိုမျိုး အရင်က တစ်ခါမှ ဖြစ်မလာဖူးဘူး… ဒါက တစ်ကယ့်ကို အကျိုးသက်ရောက်မှုရှိတယ်…”


ရှောင်မန်က စိတ်လှုပ်ရှားနေသောကြောင့် လက်ထဲမှ စွပ်ပြုတ်ပန်းကန်ပင် ပြုတ်ကျတော့မယောင် ဖြစ်သွားလေသည်။ သူက တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး စွပ်ပြုတ်ကို ဆက်လက်တိုက်ကြွေးလိုက်သည်။ ပျက်စီးကြေမွလွယ်သော အဖိုးတန်ရတနာတစ်ပါး ကဲ့သို့ သူ၏ ဇနီးကို စွပ်ပြုတ်ရည်များ တစ်ဇွန်းပြီး တစ်ဇွန်း တိုက်ကြွေးနေလေသည်။ ပုဖန်က တူကို အသုံးပြု၍ စွပ်ပြုတ်အိုးအတွင်းမှ ကောင်းကင်လိပ်ပြာ ပင်လယ်ခရုကို ဆယ်ယူလိုက်သည်။


ခရုခွံပေါ်မှ အလင်းတန်းများ ထုတ်လွှတ်နေသော မှော်အစီအရင်ကို ထိလိုက်သည်နှင့် မီးဖိုအသေးစားတစ်ခုကဲ့သို့ တုန်ယန်နေပြီး ခရုသားလေးများက တုန်အိနေပေသည်။ ပုဖန်၏ လက်ကောက်၀တ်မှ မီးခိုးရောင် အငွေ့များ ထွက်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ထုတ်၍ ပင်လယ်ခရုသားကို အပိုင်းပိုင်း ခုတ်ဖြတ်လိုက်သည်။


“သူမကို ဒီအသားတွေ ကြွေးလိုက်…” ပုဖန်က ခရုသားများကို ရှောင်မန့်ကို ပေး၍ ပြောလိုက်သည်။


နီလာရောင် သစ်ခွနှလုံးသားနှင့် အခြားဆေးဘက်၀င် ပစ္စည်းအမျိုးမျိုးမှ အစွမ်းသတ္တိများကို ခရုခွံပေါ်မှ မှော်အစီအရင်က စုပ်ယူထားသောကြောင့် စွပ်ပြုတ်သောက်သည်ထက် ခရုသားကို စားခြင်းက ပို၍ အစွမ်းသတ္တိ ရှိနိုင်ပေသည်။ ရှောင်မန်က ပုဖန်ကို ကျေးဇူးတင်စွာ တစ်ချက်ကြည့်လိုက်ပြီး ဂျိရုအားကို ဂရုတစိုက် ကြွေးမွေးလိုက်သည်။ တုံ့ပြန်မှုမရှိသော ဂျိရုအာ၏ ခန္ဒာကိုယ်က တုန်ယင်လာပြီးသူမ၏ နှုတ်ခမ်းလေးများပွင့်ဟလာကာ လေများ အန်ထုတ်လိုက်လေသည်။


သူမ အန်ထုတ်လိုက်သော လေထဲတွင်ပင် ဝိဥာဉ်စွမ်းအင် အမြောက်အများ ပါ၀င်နေပြီး မွှေးပျံ့လှသော ရနံ့များ က ဆိုင်အတွင်းတွင် ပျံ့လွင့်နေလေသည်။ ရှောင်မန်က စိတ်လှုပ်ရှားစွာဖြင့် သူမကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေလေသည်။ ဂျိရုအာ၏ ရှည်လျားသော မျက်တောင် မွှေးလေးများက လှုပ်ခတ်လာကာ တစ်ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာလေသည်။


ရာသီဥတုက အေးမြလာပြီး ကျဆင်းနေသော နှင်းထုက လဲ ပိုမိုထူးထဲလာကာ အင်ပါယာမြို့တော်၏ လမ်းများထက်တွင် နှင်းများဖြင့် ပြည့်နှက်နေလေသည်။ အဖြူရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး ပခုံးထက်တွင် သားမွှေးခြုံထည်တစ်ခု တင်ထားသော ဂျိချန်းရွဲ့နှင့် သာမာန်ဖျင်အင်္ကျိကို ၀တ်ဆင်ထားသော လူကြီးတစ်ဦးတို့က လမ်းမထက်တွင် တစ်ဖြည်းဖြည်းချင်းလျောက်နေကြသည်။ ထိုသူမ၏ မျက်နှာပေါ်တွင် ရှည်လျားသောမုတ်ဆိတ်များ ရှိနေပြီး မျက်၀န်းများက ကြီးမားကျယ်၀န်းလှသည့် သူတို့ လျောက်လှမ်းလာရာ တစ်တစ်လျောက်တွင် နက်နဲသော ခြေရာများ ထင်ကျန်နေလေသည်။


“အရှင့်သား… အင်ပါယာမင်းမြတ်ရဲ့ အသုဘ အခမ်းအနာမတိုင်ခင် မိန်းမစိုးလျန်က မင်းသားတွေ အကုန်လုံးကို ဆင့်ခေါ်တယ်ဆိုတော့ ကြည့််ရတာ အင်ပါယာမင်းမြတ်ရဲ့ သေတမ်းစာကို ထုတ်ဖော်ကြေညာမို့ ထင်တယ်…”


ထိုလူက မုတ်ဆိတ်များကို သပ်လိုက်ပြီး ပြောဆိုလိုက်သည်။ ဂျိချန်းရွဲ့က ထိုလူကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ပြုံးပြုံးနှင့် ပြောဆိုလိုက်သည်။


“ဒါပေမယ့်လဲ သေတမ်းစာက ဘယ်လိုပဲ ဖြစ်ဖြစ် အကိုတော်နှစ်ယောက်က ထိပ်တိုက်တွေ့ကြမှာပါပဲ…”


“အရှင့်သား အင်ပါယာမင်းမြတ်ရဲ့ နောက်ဆုံး သေတမ်းစာထဲမှာ အရှင့်သားကို ရွေးဖို့ ညွှန်ကြားခဲ့တယ်လို့ရော မထင်ဘူးလား…” ထိုသူက ရုတ်တရက် မေးလိုက်လေသည်။


ထိုမေးခွန်းကို ကြားသောအခါ ဂျိချန်းရွဲ့က ကြောင်အသွားပြီး လမ်းလျောက်နေရာမှ ရုတ်တရက် ရပ်တန့်လိုက်လေသည်။


“မဖြစ်နိုင်ဘူး… ဘယ်နည်းနဲ့မှ ငါ့ကို ရွေးမှာမဟုတ်ဘူး… ပြီးတော့… သားတွေအားလုံးထဲမှာ သူက ငါ့ကို အမုန်းဆုံးလို့ ပြောလို့ရတယ်…”


ကြေကွဲ ၀မ်းနဲနေသော အသံဖြင့် ဂျိချန်းရွဲ့က ပြန်ပြောလိုက်လေသည်။ ထို့နောက် သူတို့နှစ်ယောက်က စကားမပြောတော့ပဲ အင်ပါယာနန်းတော်၏ အဓိကခန်းမဆီသို့ တစ်ဖြည်းဖြည်းချင်း တိတ်ဆိတ်စွာ လျောက်လှမ်းလာကြသည်။


လျို့ဝှက်ကောင်းကင် ဂိတ်တံခါး၀တွင် ကျောက်မျက်ရတနာ စီချယ်ထားသော ခါးပတ်ကို ၀တ်ဆင်ထားပြီး ခေါင်းတွင် ခရမ်းရောင်သရဖူ ဆောင်းထားသော ဘုရင်ခံယုက မတ်တပ်ရပ်နေသည်။ သူ၏ နောက်တွင် ရိုသေလေးစားသော အမူအယာနှင့် သတ်လတ်ပိုင်းလူတစ်ယောက် မတ်တပ်ရပ်နေသည့် ထိုသူ၏ မျက်နှာပေါ်တွင် သိမ်မွေ့သော အပြုံးတစ်ခု ထွက်ပေါ်နေပီး ကြည့်လိုက်သည်နှင့် စိတ်ကူးဥာဏ်ကောင်းသူမှန်း သိနိုင်လေသည်။ ထိုသူက အင်ပါယာမြို့တော်၏ ဘဏ္ဍာရေး၀န်ကြီး စန်းချင်ပင် ဖြစ်သည်။ ဘုရင်ခံယုက အဝေးမှ လျောက်လှမ်းလာသော ဂျိချန်းရွဲ့ကို ကြည့်၍ သရော်ဟန်ပြုံးလိုက်ပြီး နန်းတော်ခန်းမအတွင်းသို့ ၀င်ရောက်သွားလေတော့သည်။


လျို့ဝှက်ကောင်းကင် ဂိတ်တခါးအတွင်းရှိ ကျယ်ပြန့်သော မြေကွက်လပ်အတွင်းတွင် ဖြူဖွေးထူထပ်သော နှင်းများဖုံးလွှမ်းနေပြီး ထိုနေရာမှ အထိမ်းအမှတ် ကျောက်တိုင်များပေါ်တွင်ပါနှင်းများ ဖုံးလွှမ်းနေလေသည်။ ပတ်၀န်းကျင်တစ်ခုလုံးက နှင်းများဖုံးလွှမ်းနေပြီး အဖြူရောင်နှင်းပြင်ကြီးတစ်ခု ဖြစ်နေပေသည်။ နောက်တစ်နေ့တွင် ကျင်းပမည့် အင်ပါယာမင်းမြတ်၏ အသူဘ အခမ်းအနားပွဲသို့ သွားရောက်ရန် လူအများက ထိုနေရာကို ဖြတ်၍ သွားရောက်ကြရမည် ဖြစ်သည်။ ထိုနှင်းထုက လူများကို အဟန့်အတား ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် မိန်းမစိုးလျန်က ကြိုးစားရှင်းလင်းနေလေသည်။


ခန့်ညားထည်ဝါလှသော အဓိက ခန်းမကျယ်ကြီး ရှေ့တွင် လူတစ်စုက လှုပ်လှုပ်ရှားရှားနှင့် စုဝေးနေကြသည်။ ထိုလူစုက အင်ပါယာမြို့တော်အတွင်းမှ လေးစားရသော တရားရုံး၀န်ကြီးများပင် ဖြစ်ကြသည်။ လက်ဝဲ၀န်ကြီးက သူ၏ မျက်၀န်းများကို မှေးမှိတ်ထားပြီး တည်ငြိမ်စွာ မတ်တပ်ရပ်နေလေသည်။ ရှောင်မိသားစု ကွမ်းမိသားစု ဘဏ္ဍာရေး၀န်ကြီး တို့နှင့် တရားရုံးတော်အရာရှိများက တိတ်ဆိတ်စွာဖြင့် မိန်းမစိုးလျန်ကို စောင့်ဆိုင်းနေကြသည်။


ယနေ့တွင် အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားသော အင်ပါယာမင်းမြတ်၏ နောက်ဆုံးသေတမ်းစာကို ထုတ်ပြန်ကြေညာပြီး ပလ္လင်ဆက်ခံသူကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ ထိုနေရာကို အိမ်ရှေ့စံမင်းသားနှင့် ဘုရင်ခံယုတို့ မည်သူရမည်ကို အရာရှိများက တီးတိုးဆွေးနွေးနေကြသည်။ သို့သော် ထိုနေရာမှ အရာရှိများစွာက တတိယမင်းသားကို ထင်မြင်ခြင်းမရှိကြချေ။ အင်ပါယာမင်းမြတ် သက်ရှိထင်ရှားရှိစဉ်ကပင် တတိယမင်းသားကို အရေးမစိုက်ခဲ့သောကြောင့် တတိယမင်းသားကို ပလ္လင်ရမည်ဟု အရာရှိများသာမက တတိယမင်းသားကိုယ်တိုင်ပင် မတွေးခဲ့ဖူးချေ။


မင်းသားသုံးပါးက ခန်းမကျယ်ကြီးထဲတွင် ရပ်နေကြပြီး သူတို့ ရှေ့တွင် နဂါးပလ္လင် ရှိနေပေသည်။ လူအများ၏ ရှေ့တွင် ထိုင်နိုင်ရန် လက်တစ်ကမ်းသာ လိုတော့ပေသည်။ ထိုအချိန်တွင် မိန်းမစိုးလျန်က လူအုပ်ကြားမှ ၀င်လာသောကြောင့် ဆူညံနေသော လူအုပ်ကြီးက တိတ်ဆိတ်သွားလေသည်။ သူ၏ လက်ထဲတွင် သေတမ်းစာကို သယ်ဆောင်၍ ဂရုတစိုက် လျောက်နေလေသည်။


သူ၏ အမူအယာက တည်ကြည်လေးနက်နေသော်လည်း လူအများက အေးစိမ့်မှုကို ခံစားနေရသည်။ သတ္တမအဆင့် သူတော်စင်အဆင့်တစ်ယောက်ဖြစ်သောကြောင့် သူ၏ စိတ်ခံစားချက်က ပတ်၀န်းကျင်ရှိ လူအများကို သက်ရောက်စေလေသည်။


“ကုန်းကုန်း… အဲဒါက ခမည်းတော်ရဲ့ နောက်ဆုံးသေတမ်းစာလား…”


အိမ်ရှေ့စံမင်းသားက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သောကြောင့် လျန်ဖု၏ လက်ထဲမှ စာလိပ်ကို ကြည့်၍ မေးလိုက်သည်။ လျန်ဖုက အိမ်ရှေ့စံမင်းသားကို တည်ကြည်စွာ စိုက်ကြည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။ အိမ်ရှေ့စံတစ်ယောက်ဖြစ်သည့်အပြင် ခမည်းတော်ယုံကြည်အားကိုးရသော လူတစ်ယောက်ဖြစ်သောကြောင့် ပလ္လင်တော်အတွက် အခွင့်အရေး ပိုများသည်ကို တွေးလိုက်မိပြီး အိမ်ရှေ့စံမင်းသားက ပျော်ရွှင်နေလေသည်။


လျန်ဖုက သူ၏ လက်ညိုးနှင့် လက်ခလယ်ကို ပူလိုက်ပြီး ခပ်နွဲ့နွဲ့အမူအယာနှင့် လက်ထဲမှ သေတမ်းစာကို ဖွင့်ဖတ်လိုက်သည်။ အောက်တွင် ရှိနေသော လူများအားလုံးက နဂါးပလ္လင်ရှေ့မှ လျန်ဖုကို အသက်ရှူရပ်မတက် စိုက်ကြည့်နေပြီး နောက်တက်လာမည့် ဧကရာဇ်ကြေညာမည့် အချိန်ကို စောင့်ဆိုင်းနေကြလေသည်။