အခန်း ၁၂၈ “ချောင်းမြောင်းလုပ်ကြံမှု”
လျန်ဖုက သေတမ်းစာကို ဖွင့်လိုက်သည်နှင့် ခန်းမထဲမှ လူများက အသက်ရှူအောင့်ထားကြပြီး မတူညီသော မျက်နှာအမူအယာ အမျိုးမျိုးနှင့် စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ အိမ်ရှေ့စံမင်းသား၏ အမူအယာက ပျော်ရွှင်ဟန်ပေါက်နေပြီး အောင်မြင်မှုက သူ၏ လက်တစ်ကမ်းအကွာတွင် ရောက်နေသကဲ့သို့ သူ၏ မျက်လုံးများက တောက်ပလင်းလက်နေလေသည်။ အခြားတစ်ဖက်တွင် ဘုရင်ခံယုက သူနှင့် မသက်ဆိုင်သကဲ့သို့ အေးအေးသက်သာ ရှိနေလေသည်။
ဂျိချန်းရွဲ့က ခေါင်းကို ငုံ့ထားပြီး သူ၏ လက်ချောင်းများကို ဆုတ်ချေနေကာ စိတ်လှုပ်ရှားမှုကို ဖြေဖျောက်ရန် ကြိုးစားနေလေသည်။ ကျောက်မိုရှန်က သူ၏ နေရာတွင် တည်ငြိမ်စွာ ရပ်နေပြီး မျက်လုံးများကို မှေးစင်းထားလေသည်။ အကြီးအကဲကွမ်းက စိတ်လှုပ်ရှားစွာဖြင့် လျန်ဖုကို စိုက်ကြည့်နေလေသည်။ တရားရုံတော်အရာရှိများ၏ မျက်နှာက အမျိုးမျိုး ကွဲပြားခြားနား နေကြသော်လည်း သူတို့၏ စိတ်များက လျန်ဖုအပေါ်တင်သာ အာရုံစူးစိုက်ထားပြီး သေတမ်းစာကို ဖွင့်ဖတ်မည့် အချိန်ကို မျှော်လင့်စောင့်စားနေကြသည်။
လျန်ဖု၏ စူးရှကျယ်လောင်သော အသံက ခန်းမကြီးထဲတွင် လွင့်ပျံလာလေသည်။ သေတမ်းစာက ရှည်လျားခြင်းမရှိပဲ အစတွင် အင်ပါယာမင်းမြတ်၏ အောင်မြင်ကျော်ကြားမှု ဂုဏ်ထူးဆောင်မှုများသာ ပါ၀င်လေသည်။ အကြောင်းအရာများကို ဖော်ပြပြီးနောက် အဆုံးတွင် နဂါးပလ္လင်ကို အမွေဆက်ခံနိုင်မည့် သားတော်အကြောင်းပါ၀င်ပေလိမ့်မည်။ ထိုသူက အိမ်ရှေ့စံမင်းသားနှင့် ဘုရင်ခံယုတို့မှ မည်သူဖြစ်နိုင်မည်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။
“တတိယမင်းသား ဂျိချန်းရွဲ့ရဲ့ အမူအကျင့်က ငါကိုယ်တော်နဲ့ အများကြီးဆင်တူတယ်… စစ်ရေးစစ်ရာမှာလဲ ကျွမ်းကျင်လို့ အင်ပါယာကို အမွေဆက်ခံနိုင်မှာသေချာတယ်… ဒါကြောင့် နဂါးပလ္လင်ကို တတိယမင်းသားဂျိချန်းရွဲ့ကို အမွေဆက်ခံစေလိုက်သည်… အမိန်တော်…”
လျန်ဖု၏ စကားသံအဆုံးတွင် ခန်းမတစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
“အင်ပါယာမင်းမြတ်ရဲ့ နောက်ဆုံးသေတမ်းစာ…. သူက ပလ္လင်တော်ကို တတိယမင်းသားကို လွဲပြောင်းပေးလိုက်တာလား…”
ထူးဆန်းသော လေများ တိုက်ခတ်လာသကဲ့သို့ ခန်းမထဲမှ လူများအားလုံး ကြောင်အနေကြလေသည်။ အိမ်ရှေ့စံမင်းသား၏ မျက်နှာက အေးခဲသွားပြီး မယုံကြည်နိုင်မှုကြောင့် တုန်လှုပ်နေလေသည်။ ဘုရင်ခံယုလဲ စိတ်ရှုပ်ထွေးသွားပြီး သူ့အနီးတွင် ရပ်နေသော ဂျိချန်းရွဲ့ကို အံ့အားတသင့်နှင့် လှည့်ကြည့်လိုက်သည်။
ကျောက်မိုရှန်၏ မှေးစင်းထားသော မျက်၀န်းများက ပြူးကျယ်လာပြီး အကြီးအကဲကွမ်းက သူ၏ မုတ်ဆိတ်များကို ဆွဲနှုတ်မိမတက် ဖြစ်သွာလေသည်။ ဘဏ္ဍာရေး၀န်ကြီး၏ မျက်နှာပေါ်တွင် ကို့ယို့ကားယား အပြုံးတစ်ခု ပေါ်ထွက်လာပြီး သူ၏ လျှာကို ပြန်ကိုက်မိမတက် ထိတ်လန့်သွားလေသည်။ အင်ပါယာမင်းမြတ်က တတိယမင်းသားကို နှစ်သက်ခြင်းမရှိပဲ မြို့ပြင်သို့ စေလွှတ်ထားပြီး နောက်ဆုံးအချိန်မှသာ ဆက်ခံသူနေရာကို ရွှေးချယ်လိုက်မည်ဟု မည်သူကမျှ ထင်မှတ်ထားခြင်းမရှိပေ။
ဟားဟားဟား…
တိတ်ဆိတ်နေသော ခန်းမထဲတွင် ကျယ်လောင်သော ရယ်သံတစ်ခု ထွက်ပေါ်လာလေသည်။
“မင်းတို့ရဲ့ အရင်က ထောင်လွှားမောက်မာတဲ့ အမူအယာတွေက ဘာတွေဖြစ်ကုန်တာလဲ.. နောက်ဆုံးရယ်နိုင်တဲ့သူက ဘယ်သူလဲဆိုတာ သိပြီမဟုတ်လား…”
“ဘုရင်ခံယုရဲ့ ကြောင်အမ်းအမ်း ဖြစ်သွားတဲ့ မျက်နှာကိုလည်း ကြည့်လိုက်ကြပါဦး.. အခုတော့ မင်းရဲ့ကွတ်ကီးမုန့်လေးက ဘယ်ရောက်သွားပါလိမ့်…”
တတိယမင်းသား၏ နောက်မှ မုတ်ဆိတ်မွှေးထူလဗျစ်နှင့် လူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး တွေးတောနေလေသည်။
ဘုရင်ခံယုနှင့် လျို့ဝှက်ကောင်းကင်ဘုံ ဂိတ်တခါး၀တွင် ဆုံတွေ့ခဲ့စဉ်က သူ၏ သရော်သော အပြုံးကို အလွန်စိတ်ဆိုးဒေါသထွက် ခဲ့ရသည်။ ယခုအချိန်တွင် ဖြစ်ပျက်သွားသော အိမ်ရှေ့စံနှင့် ဘုရင်ခံယုတို့၏ မျက်နှာအမူအယာများကို ကြည့်၍ မထိန်းနိုင်တော့ပဲ ကျယ်လောင်စွာ ထုတ်ရယ်မိခြင်း ဖြစ်သည်။
တတိယမင်းသားက အနည်းငယ် အံ့အားသင့်သွားပြီး နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေးရုံ ပြုံးလိုက်ကာ သူ့နောက်မှလူ၏ ပခုံးကို ပုတ်၍ တိုးတိုးပြောလိုက်သည်။
“တော်တော့.. ငါတို့က အခု အဓိက ခန်းမထဲမှာပဲ ရှိနေသေးတယ်…”
ထိုသူက ရယ်မောနေသည်ကို ရပ်လိုက်သော်လည်း သူ၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားခြင်းမရှိပေ။ သေတမ်းစာကို ဖွင့်ဖတ်နေသော လျန်ဖုပင် ယခုမှသာ သိရှိရသောကြောင့် အလွန်အံ့အားသင့်သွားပြီး တွေးလိုက်မိသည်။
“အရှင်မင်းကြီးက တတိယမင်းသားကို နောက်ဆုံးမှ ရွေးချယ်လိုက်တာကို ငါလုံး၀ မမျှော်လင့်ထားဘူး…”
ထို့နောက် ဂျိချန်းရွဲ့က သူ၏အ၀တ်အစားများကို သေသပ်အောင် ပြုပြင်လိုက်ပြီး သေတမ်းစာကို တရိုတသေ လက်ခံလိုက်သည်။ အိမ်ရှေ့စံမင်းသားက အလွန်အမင်း ဒေါသထွက်နေပြီး ခန်းမထဲမှ လှည့်ထွက်သွားလေသည်။ ဘုရင်ခံယုက ဂျိချန်းရွဲ့ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး အမူအယာမပျက် ထွက်ခွာသွားလေသည်။
မမျှော်လင့်ထားသော ရလာဒ်ဖြစ်သောကြောင့် တော်တော်များများက အံ့အားသင့်နေမှုမှ သတိပြန်မ၀င်လာကြသေပေ။ ရုံးတော်ရှိ အရာရှိများအားလုံးက ဘက်ရွေးထားကြပြီးဖြစ်ရာ ပလ္လင်တော်ကို ဆက်ခံသူက သူတို့ ရွေးချယ်ထားသောသူ မဟုတ်သောကြောင့် စိတ်ပျက်မှုကို ခံစားနေရလေသည်။ ကျောက်မိုရှန်က အဓိပ္ပါယ်အပြည့်ပါသော အကြည့်တစ်ချက်ဖြင့် ဂျိချန်းရွဲ့ကို စိုက်ကြည့်လိုက်ပြီး ခန်းမထဲမှ ထွက်ခွာသွားလေတော့သည်။
ဂျိချန်းရွဲ့တို့က ခန်းမထဲမှ ပြန်ထွက်လာကြပြီး လာလမ်းအတိုင်း နှင်းထုထဲတွင် လျောက်လှမ်းနေကြသည်။ ဂျိချန်းရွဲ့က တိတ်ဆိတ်နေသော်လည်း သူတို့၏ ခံစားချက်က လာတုန်းကနှင့် ကွာခြားနေလေသည်။ မုတ်ဆိတ်မွှေးထူလဗျစ်နှင့် လူက တတိယမင်းသားအတွက် ပျော်ရွှင်စွာဖြင့် အတောမသတ်နိုင်အောင် ရယ်မောနေလေသည်။ လမ်းမကြီးပေါ်တွင် လေအေးများက တစ်သုန်သုန် တိုက်ခတ်နေကြပြီး နှင်းများဖြင့် ပြည့်နေလေသည်။
ချွင်ချွင်ချွင်…
လမ်းမကြီးတစ်ဖက်မှ ခေါင်းလောင်းသံလေးများက ဆောင်းလေနှင့်အတူ လွင့်ပါလာသောကြောင့် ဂျိချန်းရွဲ့တို့က နေရာတွင် ရပ်တန့်လိုက်ကြသည်။ အချိုးအစားကျနသော ခန္ဒာကိုယ်များ ပေါ်လွင်နေသည့် ပါးလွှာသော အ၀တ်အစားများကို ၀တ်ဆင်ထားသော မိန်းမလှလေး ငါးဦးက သူတို့ဆီသို့ လျောက်လာသည်ကို တွေ့လိုက်ကြရသည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် သူတို့၏ ခြေကျင်း၀တ်တွင် ၀တ်ဆင်ထားသော ခေါင်းလောင်းလေးများမှ တစ်ချွင်ချွင် အသံများ ထွက်ပေါ်နေလေသည်။
အစီအရင်တစ်ခု ပြုလုပ်ထားသကဲ့သို့ ခေါင်းလောင်းသံများက သူတို့ကို ဆွဲဆောင်ထားလေသည်။ မုတ်ဆိတ်များနှင့် လူက ဂျိချန်းရွဲ့၏ ရှေ့တွင် ပိတ်ရပ်လိုက်ပြီး ဒေါသထွံက်စွာဖြင့် အော်ဟစ်လိုက်သည်။
“မင်းတို့ ရွှင်လန်းခြင်း အသင်း ဂိုဏ်းက မကောင်းဆိုးဝါးတွေ… ငါတို့ရှေ့က ထွက်သွားစမ်း…”
မိုးချိန်းသံကဲ့သို့ ကျယ်လောင်လှသော သူ၏အသံက အသံလှိုင်းများအဖြစ် နှင်းလွင်ပြင်ကို ထိုးခွဲသွားကာ ထွက်ပေါ်နေသော ခေါင်းလောင်းသံ တစ်ချွင်ချွင်ကိုပါ ဖုံးလွှမ်းသွားလေသည်။ မိန်းမလှလေးငါးယောက်က ရပ်တန့်လိုက်ပြီး သူတို့၏ ခန္ဒာကိုယ်များကို လှုပ်ရမ်းလိုက်လေသည်။ သူတို့ငါးယောက်၏ အစစ်အမှန်စွမ်းအင်များ ထွက်ပေါ်လာပြီး စုစည်းသွားကာ အစစ်အမှန်စွမ်းအင်များနှင့် ဖွဲ့စည်းထားသော ကြီုးတစ်ခုက လေထဲတွင် လွင့်မျောနေလေသည်။
“ဘုရင်ခံယု… ဒီခွေးလိုကောင်က သေတမ်းစာအရ ရွေးချယ်ထားတဲ့ နောက်ဧကရာဇ်ကို ဘာကြောင့် လုပ်ကြံရတာလဲ… သူက ပုန်ကန်ဖို့ ကြိုးစားနေတာလား…” မုတ်ဆိတ်မွှေးထူလဗျစ်နှင့်လူက ဒေါသထွက်စွာနှင့် ပြောဆိုလိုက်လေသည်။
ထိုအချိန်တွင် ဂျိချန်းရွဲ့နှင့် ထိုလူ၏ နောက်ဘက်မှ ခြေသံအချို့ကြားလိုက်ရပြီး အနက်ရောင်၀တ်ရုံနှင့် ဟွန်းချွမ်ယွမ်က ရောက်ရှိလာလေသည်။ သူ၏ မျက်လုံးထဲတွင် ဝိဥာဉ်မီးတောက်တစ်ခု ကခုန်နေလေသည်။
“မင်းရဲ့သခင်သာ ဧကရာဇ်ဖြစ်ဖို့ အရွေးချယ် မခံရရင် ဘုရင်ခံယုက မင်းတို့ကို သတ်ဖို့ စေလွှတ်လိုက်မှာမဟုတ်ဘူး… တစ်ကယ်လို့ တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်တော့…” ဟွန်းချွမ်ယွမ်၏ အက်ရှရှအသံထွက်ပေါ်လာပြီး သူ၏ ခန္ဒာကိုယ်မှ အစစ်အမှန်စွမ်းအင်များနှင့် ဂျိချန်းရွဲ့ကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သည်။
“ဟားဟားဟား… ငါတို့လဲ ပါ၀င်ရမှာပေါ့… ဒီတိုင်းသေဖို့စောင့်နေရတာက စိတ်ပျက်ဖို့ကောင်းတယ်…”
ကျယ်လောင်သော အသံနှင့်အတူ အနီးရှိ နံရံတစ်ခုမှ တွယ်ဆင်းလာသော အရိုးဘုရင်ကို တွေးလိုက်ရသည်။ အခြေအနေက ဂျိချန်းရွဲ့အတွက် အကြပ်အတည်း ကျရောက်နေလေသည်။ မိုးမြေဆန့်ကျင် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ သုံးဂိုဏ်း၏ ထိတ်သီးကျွမ်းကျင်သူများက အင်ပါယာမြို့လယ်တွင် ရုတ်တရက်ပေါ်လာလေသည်။ ထိုဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျွမ်းကျင်သူများက ဂျိချန်းရွဲ့ကို စကားထပ်မပြောတော့ပဲ သူတို့၏ စွမ်းအင်များကို ထုတ်ဖော်၍ တိုက်ခိုက်နေသောကြောင့် အသေသတ်ရန် ကြံစည်ထားသည်မှာ သိသာနေပေသည်။
ထက်မြိလှသော စွမ်းအင်များက ဂျိချန်းရွဲ့၏ ခန္ဒာကိုယ်သို့ တစ်ရှိန်တိုး တိုး၀င်လာလေသည်။ မုတ်ဆိတ်မွှေးထူလဗျစ်နှင့် လူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်၀န်းများက ပိုမိုကြီးမားလာလေသည်။ သူ၏ ခန္ဒာကိုယ်မှ အင်ပါယာအဆင့်တစ်ယောက်၏ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာလေသည်။
“အရူးလေးတွေ… မင်းတို့က သေဖို့တောင်းဆိုနေမှတော့… ငါက မင်းတို့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့…”
“အရှင့်သား … ဒီနေရာက မြန်မြန်ထွက်သွားပါ…”
ထိုသူက အော်ပြောလိုက်ပြီး သူ၏ ချည်အင်္ကျီကို ဆုတ်ဖြဲ၍ ကြွက်သားများကို ဖော်ထုတ်လိုက်လေသည်။ သူ၏ ခန္ဒာကိုယ်က အလျင်အမြန် ကြီးထွာလာပြီး ဧရာမခန္ဒာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ စွမ်းအင်များက ရေနွေးငွေ့များကဲ့သို့ ပူပြင်းနေရာ သူ၏ ခန္ဒာကိုယ်ပေါ်ကျလာသော နှင်းများက ချက်ချင်းပင် အရည်ပျော်သွားကြလေသည်။
သူ၏ခြေထောက်ဖြင့် မြေပြင်ကို ဆောင့်လိုက်ရာ အေးခဲနေသော နှင်းထုက အပိုင်းပိုင်းအစစ ကွဲကြေသွားလေသည်။ သူ၏ ခန္ဒာကိုယ်က ရုတ်တရက် ေ၀၀ါးသွားပြီး ဝေ့ရှန်းစစ်တို့၏ ရှေ့တွင် ပေါ်လာကာ သူတို့၏ လမ်းကို ပိတ်ဆို့လိုက်လေသည်။ ဂျိချန်းရွဲ့၏ အမူအယာက တည်ကြည်လေးနက်နေပြီး မြေပြင်ကို ခြေဖျားဖြင့်ထောက်ကန်လိုက်ကာ မုတ်ဆိတ်မွှေးနှင့် လူနောက်သို့ လိုက်သွားလေသည်။
နွားရိုင်းတစ်ကောင်ကဲ့သို့ သန်မာပြီး ကြောက်မက်ဖွယ်စွမ်းအင်များက ဝေ့ရှန်းစစ်နှင့် သူမ၏အဖော်များ ဖော်ထုတ်ထားသော စွမ်းအင်ကြိုးထံ တိ်ုး၀င်သွားပြီး တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ အမျိုးသမီးငါးယောက် ဖော်ထုတ်ထားသော စွမ်းအင်များက ချက်ချင်းပင် ပျက်ဆီးသွားလေသည်။ မုတ်ဆိတ်မွှေးနှင့် လူ၏ ခန္ဒာကိုယ်ပေါ်တွင် သွေးကြောများလှည့်ပတ်နေသည်ကို မြင်နေရလေသည်။
“အရှင့်သား ဒီလူတွေကို ကျွန်တော်မျိုးထိန်းထားလိုက်မယ်… မြန်မြန်သွားတော့..”
ဂျိချန်းရွဲ့ မျက်မှောင်ကြုံ့၍ ထိုသူကို စိုက်ကြည့်လိုက်ပြီး အံတင်းတင်းကြိတ်၍ အဝေးသို့ ထွက်ခွာသွားလေတော့သည်။ ဟွန်းချွမ်ယွမ်နှင့် အခြားသူများက ဂျိချန်းရွဲ့ကို တာဆီးရန် အလျင်အမြန် ပြေးလာကြသော်လည်း မုတ်ဆိတ်မွှေး ထူလဗျစ်နှင့်လူက သူတို့ကြားသို့ ပြေး၀င်လာလေသည်။ သူ၏ ကြီးမားလေးလံသော ခြေထောက်အားကြောင့် မြေပြင်တစ်ခုလုံး သိမ့်သိမ့်တုန်သွားလေသည်.
“ဟားဟားဟား… အရူးကောင်တွေ မင်းတို့ အရှင့်သားကို သတ်ချင်ရင် ငါ့ကိုကျော်မှရမယ်…” ထိုသူက ရယ်မောလိုက်ပြီး ပြောဆိုလိုက်လေသည်။
ဟွန်းချွမ်ယွမ်နှင့် အခြားသူများက ချက်ချင်းပင် ထိုသူကို တိုက်ခိုက်လိုက်ကြသည်။ စွမ်းအင်လှိုင်းလုံးများက ထိုသူ့ထံ လွင့်ပျံသွားပြီး နစ်မြုတ်သွားလေသည်။ ထွက်ပြေးသွားသော ဂျိချန်းရွဲ့က သူ၏ ရှေ့တွင် လက်နောက်ပစ်၍ ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် အရှိန်ကိုလျော့လိုက်ပြီး ရပ်လိုက်သည်။ ဘုရင်ခံယုက တစ်ဖြည်းဖြည်းချင်းလှည့်လာပြီး ဂျိချန်းရွဲ့ကို အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်လေသည်။
“ခမည်းတော်က နောက်ဆုံးမှာ မင်းကိုရွေးလိုက်မယ်လို့ ငါလုံး၀မထင်ထားမိဘူး…”
သူ၏အသံက ငြင်သာအေးဆေးနေသော်လည်း ဂျိချန်းရွဲ့၏ ခန္ဒာကိုယ်ကို ချွန်မြသောလက်နတ်များနှင့် အပေါက်ဖောက်လိုက်သကဲ့သို့ အန္တရာယ်အငွေ့အသက်ကို ရလိုက်လေသည်။