အပိုင်း ၁၂၉
Viewers 62k

အခန်း ၁၂၉ “သေမင်းတခါး၀မှ အနာဂတ် ဧကရာဇ်”


ဘုရင်ခံယု၏ ခန္ဒာကိုယ်မှ အစစ်အမှန်စွမ်းအားများ အဆက်မပြတ် ထွက်ပေါ်နေပြီး ကျဆင်းနေသော နှင်းစက်များကို ပျက်ပြယ်သွားစေသည်။ ဂျိချန်းရွဲ့၏ မျက်နှာက အလွန်အမင်းပျက်ယွင်းနေလေသည်။ အင်ပါယာအဆင့် ဘုရင်ခံယုကို ရင်ဆိုင်ရာတွင် အကူအညီမဲ့မှုကို ခံစားနေရပေသည်။


“မင်းက ငါ့ကိုသတ်ချင်တာလား…” ဂျိချန်းရွဲ့က တည်ငြိမ်သော လေသံနှင့် မေးလိုက်လေသည်။


“မင်းကိုငါ သတိပေးခဲ့တယ်လေ.. ဒီအရှုပ်အထွေးတွေထဲကို ၀င်ပါရင် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်ဆိုတာကို .. ဒါကို နားမထောင်တာတော့ မင်းရဲ့ အကြောင်းပဲ…” ဘုရင်ခံယု၏ အမူအယာက ပြောင်းလဲမှုမရှိပဲ ဂျိချန်းရွဲ့ကို အေးစက်စက် စိုက်ကြည့်၍ ပြောဆိုလိုက်သည်။


ဂျိချန်းရွဲ့က လေးလံထူထဲသော အ၀တ်အစားများကို ချွတ်ပစ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် နတ်ဆိုးတစ်ကောင်၏ အပြုံးက ထွက်ပေါ်လာလေသည်။ ဤအကျပ်အတည်းက နူးညံ့သိမ်မွေ့သော ဂျိချန်းရွဲ့ကို ပြောင်းလဲသွားစေသည်။


“ငါတို့ ငယ်ငယ်လေးထဲက မင်းက အမြဲတမ်းမောက်မာနေခဲ့တယ်..ကောင်းပြီလေ… မင်းက တိုက်ခိုက်ချင်တယ်ဆိုမှတော့ ငါက တိုက်ခိုက်ပေးရမှာပေါ့… ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အနှေးနဲ့ အမြန် တိုက်ခိုက်ကြရမှာပဲလေ…” ဂျိချန်းရွဲ့က ပြောဆိုလိုက်ပြီး မြေပြင်ကို အားဖြင့် နင်းဆောင့်လိုက်သည်။


“ငါတို့သုံးယောက်မှာ ငါ့ရဲ့ သိုင်းအဆင့်က အမြင့်ဆုံးပဲ.. မင်းက ငါ့ကို တိုက်ခိုက်နိုင်မယ် ထင်နေတာလား…”


ဘုရင်ခံယု၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီး ဂျိချန်းရွဲ့ကို ပြန်လည်တိုက်ခိုက်လိုက်သည်။ သူတို့နှစ်ဦး တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော အစစ်အမှန် စွမ်းအင်များက ပတ်၀န်ကျင်ကို ထိခိုက်မိသွားပြီး ဘေးပတ်ပတ်လည်မှ အရာ၀တ္ထုများကို လွင့်ပျံသွားစေသည်။ အေးစက်နေသော ရာသီဥတုအတွင်းတွင် သူတို့နှစ်ယောက်က အပြင်းအထန် တိုက်ခိုက်နေကြလေသည်။ သို့သော် ဂျိချန်းရွဲ့က ဘုရင်အဆင့်ဖြစ်သောကြောင့် ဘုရင်ခံယုနှင့် စွမ်းဆောင်ရည်ခြင်း ကွာခြားနေလေသည်။


ဂျိချန်းရွဲ့က သွေးအန်လိုက်ရပြီး နောက်သို့ လွင့်ပျံသွားကာ နံရံနှင့် ရိုက်မိသွားလေသည်။ နံရံတစ်ခုလုံးပြိုကျသွားပြီး ဂျိချန်းရွဲ့က အပျက်အစီးပုံထဲ နစ်မြုတ်သွားလေသည်။ ဘုရင်ခံယုက အေးစက်စက် စိုက်ကြည့်လိုက်ပြီး အစစ်အမှန်စွမ်းအားများကို လက်တွင်စုစည်းလိုက်သည်။


“နှုတ်ဆက်ပါတယ်… ညီတော်…”


ဘုရင်ခံယုက မျက်နှာတစ်ချက်ပင် မပျက်ပဲ လဲကျနေသော ဂျိချန်းရွဲ့ကို တိုက်ခိုက်လိုက်သည်။ သူ၏တိုက်ခိုက်မှုသာ တိုက်ရိုက်ထိမှန်ပါက ဂျိချန်းရွဲ့က သေဆုံးသွားနိုင်ပေသည်။


ဂျိချန်းရွဲ့က ဘုရင်ခံယုကို စိုက်ကြည့်လိုက်ပြီ ခါးသီးစွာ ပြုံးလိုက်မိသည်။ တော်၀င်မျိုးနွယ်များကြားတွင် ဆွေမျိုးမရှိဟု ဆိုကြသော်လည်း ဘုရင်ခံယုက ရက်စက်စွာ ပြုမူလိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိပေ။ ဘုရင်ခံယု၏ တိုက်ခိုက်မှုက ဂျိချန်းရွဲ့ထံ ရောက်တော့မည့်အချိန်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက ကြား၀င်လာပြီး သူ၏ စွမ်းအားများကို ချေဖျက်လိုက်သည်။ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ဘုရင်ခံယုနှင့် ဂျိချန်းရွဲ့တို့ကြားတွင် ထွက်ပေါ်လာလေသည်။


“ရှောင်မန်.. မင်းက ၀င်ပြီးနှောက်ယှက်ချင်တာလား…” ဘုရင်ခံယုက မျက်မှောင်ကြုံ့လိုက်ပြီး ရှောင်မန့်ကိ စူးစိုက်ကြည့်၍ မေးမြန်းလိုက်သည်။


“သူက ဘယ်မင်းသားကိုမှ မထောက်ခံဘူးလို့ ပြောထားပြီးတော့ အခုမှ ဂျိချန်းရွဲ့ကို ကယ်တင်ချင်နေတာလား…” ဘုရင်ခံယုက ဒေါသထွက်စွာ တွေးတောလိုက်သည်။ ရှောင်မန်သာ ကြား၀င်လာပါက သူက ဂျိချန်းရွဲ့ကို သတ်နိုင်တော့မည်မဟုတ်ချေ။


“ငါ့မှာ တစ်ခြားဘာကိစ္စမှမရှိဘူး… ဒီနေ့လာတာက မိသားစုအရေးကိစ္စကြောင့်ပဲ… သူက ငါ့ယောက်ဖလေ….” ရှောင်မန်က ဘုရင်ခံယု၏ အတွေးကို နားလည်ဟန်နှင့် ပြောဆိုလိုက်သည်။


“မင်း….” ဘုရင်ခံယုက ဒေါသထွက်သွားလေသည်။


“ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်လဲ… မင်းဂျိချန်းရွဲ့ကို ကယ်မယ်ဆိုလဲ ကယ်ချင်လို့လို့ ပြောလိုက်လေ.. အခုမှဆွေမျိုး လာစပ်နေတာလဲ…”


ဂျိချန်းရွဲ့က လဲကျနေရာမှထလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းမှ သွေးများကို သုတ်လိုက်ပြီး ရှောင်မန့်ကို ကြည့်လိုက်လေသည်။ ရှောင်မန်က ဘာကြောင့် သူ့ကိုကယ်ရသည်ကို သူက နားမလည်ချေ။


“စိတ်မပူနဲ့တော့… မင်းရဲ့အမ ပြန်ပြီးကျန်းမာလာပြီ…” ရှောင်မန်က ဂျိချန်းရွဲ့ဘက်သို့ လှည့်လိုက်ပြီး ညင်သာစွာ ပြောဆိုလိုက်သည်။


ဂျိချန်းရွဲ့က မယုံနိုင်စွာဖြင့် တခဏမျှ ဆွံ့အသွားပြီး ၀မ်းသာသော အမူအယာက သူ့မျက်နှာပေါ်တွင် ပေါ်လာလေသည်။ သူ၏ ခန္ဒာကိုယ်ပေါ်မှ ဒဏ်ရာများ၏ နာကျင်မှုများပင် လျော့နည်းသွားသည်ဟု ခံစားလိုက်ရသည်။ ရှောင်မန်၏ စကားက သူသိချင်သည့် အရာအားလုံးကို ဖြေရှင်းပြီး ဖြစ်သွားစေသည်။ သူ၏အမက မေ့မြောနေရာမှ သတိရလာသောကြောင့် ရှောင်မန်က ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်ရပေမည်။


ဂျိချန်းရွဲ့က ပျော်ရွင်စွာ ရယ်မောလိုက်ပြီး ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားလေသည်။ ဘုရင်ခံယုက လက်မခံနိုင်စွာဖြင့် ရှေ့သို့ခြေလှမ်းလိုက်သော်လည်း ရှောင်မန်၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာပြီး ပြင်းထန်သော ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။


သူမက သတိပြန်ရလာပြီ… အမကသတိရလာပြီ… ဒါက တစ်ကယ့်ကို သတင်းကောင်းပဲ… ကြည့်ရတာ ရှောင်ယုပေးလိုက်တဲ့ ပစ္စည်းတွေနဲ့ ပိုင်ရှင်ပုက ပြီးပြည့်စုံတဲ့ သက်စောင့်ဟင်းပွဲ ချက်ပြုတ်နိုင်လိုက်ပုံရတယ်… ပိုင်ရှင်ပုရဲ့ စွမ်းရည်တွေက တစ်ကယ့်ကို အံ့မခန်းပဲ…”


ဂျိချန်းရွဲ့က နာကျင်နေသော ရင်ဘက်ကို လက်ဖြင့် ဖိထားသော်လည်း စိတ်က ပေါ့ပါးနေလေသည်။ သူ့အမ၏ အစီအစဉ်များကို သိရှိလိုက်ချိန်မှစ၍ သူမပြန်လည်သတိရလာမည်ကို စောင့်နေခြင်းဖြစ်ရာ သူမသတိရလာသောကြောင့် သူ၏ ပျော်ရွှင်မှုက စကားလုံးနှင့်ပင် ဖော်ပြ၍ မရနိုင်တော့ချေ။ ထိုအချိန်တွင် ဂျိချန်းရွဲ့က မူမမှန်မှုကို ရုတ်တရက် ခံစားလိုက်ရသောကြောင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။


ကောင်းကင်ပေါ်မှ ကျဆင်းနေသော နှင်းများက ရပ်တန့်သွားပြီး သူ၏ ပတ်ပတ်လည်တွင် မှန်သားဖြင့် ကာရံထားသကဲ့သို့ သီးခြားဖြစ်နေသည်ကို တွေ့လိုက်ရသည်။


“ဘာတွေဖြစ်နေတာလဲ…”


ဂျိချန်းရွဲ့က အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသောကြောင့် သူ၏ ရှေ့သို့ လှမ်းကြည့်လိုက်ရာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို သိလိုက်ရသည်။ ကျောက်မိုရှန်က ခြေလှမ်း တစ်လှမ်း လှမ်းလိုက်သည်နှင့် ရွှေရောင်အလင်းများ ထွက်ပေါ်နေပြီး အလင်းတန်းတစ်ခုစီက တောက်ပလင်းလက်နေလေသည်။


ဂျိချန်းရွဲ့၏ မျက်၀န်းများက မှေးမှိန်သွားပြီး သူ၏ နှလုံးသားကို ဆုတ်ကိုင်လိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။ သူ၏ နားထဲတွင်လည်း မြည်ကြွေးသံများထွက်ပေါ်လာကာ သူ့ခန္ဒာကိုယ်ကို ရွှေရောင်အလင်းတန်းများက ဖုံလွမ်းလာလေတော့သည်။ ဂျိချန်းရွဲ့က သူ၏ လျှာထိပ်ကို ကိုက်လိုက်လေသည်။ သွေး၏ အရသာက သူ၏ ပါးစပ်တစ်ခုလုံးတွင် ပြည့်နှက်သွားပြီး နာကျင်မှုကြောင့် လန့်နိုးလာလေသည်။ ထို့ကြောင့် သူ့ရှေ့မှ ပေါ်ထွက်လာသူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။


“ကျောက်မူရှန်…”


ကျောက်မူရှန်၏ မျက်နှာက နှစ်သက်ဖွယ်ကောင်းလှပြီး ခပ်ပြုံးပြုံးအမူအယာနှင့် ဂျိချန်းရွဲ့ကို စိုက်ကြည့်နေလေသည်။


“အိမ်ရှေ့စံမင်းသားက ငါ့ကို သတ်ဖို့ လွှတ်လိုက်တာလား….” ဂျိချန်းရွဲ့က မေးလိုက်သည်။


ကျောက်မူရှန်က အိမ်ရှေ့စံအနီးတွင်သာ အမြဲလိုလို ရှိနေတတ်သောကြောင့် ဤနေရာတွင် ပေါ်လာခြင်းက ဘုရင်ခံယု၏ ရည်ရွယ်ချက်ကဲ့သို့သာ ဖြစ်နိုင်ပေသည်။ သေတမ်းစာ တစ်ခုကြောင့် သွေးရင်ညီအကိုနှစ်ယောက်က သူ့ကို သတ်ဖြတ်ချင်နေပေသည်။ ဂျိချန်းရွဲ့၏ နှလုံးသားထဲတွင် ထိန်းချုပ်ထားသော ဒေါများ ဆောင့်ထွက်လာသည်ကို ခံစားလိုက်ရသည်။


ကျောက်မူရှန်က ခေါင်းခါလိုက်ပြီး အေးဆေးတည်ငြိမ်စွာပြန်ပြောလိုက်သည်။


“အရှင်မင်းကြီးက သတိမပြတ်နဲ့ ငါ့ကို အမြဲတမ်းစောင့်ကြည့်နေလိမ့်မယ်လို့ မထင်ထားမိဘူး… အရှင်မင်းကြီးက ဘုရင်ခံယုကို ရွေးချယ်မယ်လို့ ငါထင်ခဲ့ပေမယ့် မင့်ကို ရွေးချယ်သွားခဲ့တယ်… ဒါပေမယ့် ဘယ်သူ့ကိုပဲရွေးရွေး ကိစ္စမရှိပါဘူး… နောက်ဆုံးပလ္လင်ကို ပိုင်ဆိုင်ရမယ့် သူက အိမ်ရှေ့စံမင်းသားပဲ ဖြစ်ရမယ်…”


“မင်းက တစ်ကယ်ကို သစ္စာရှိတာပါလား… မင်းရဲ့ ကျင့်ကြံခြင်းနည်လမ်းတွေက မဟာယာနကျွန်းက လာတာမဟုတ်လား… မင်က အင်ပါယာကို စိတ်ပူနေတယ်ဆိုတော့ မမောပန်းဘူးလား…..” ဂျိချန်းရွဲ့က လှောင်ပြောင်ရယ်မောလိုက်သည်။


ကျောက်မူရှန်က ဂျိချန်းရွဲ့ကို စိုက်ကြည့်လိုက်ပြီး လက်ကို မြှောက်လိုက်လေသည်။ အစစ်အမှန်စွမ်းအားများ ထွက်ပေါ်လာပြီး တည်ငြိမ်အေးဆေးသော အမူအယာနှင့် ရုပ်ပွားတော်တစ်ခုက သူ၏ ရှေ့တွင် ဖြစ်ပေါ်လာသည်။ ကျောက်မူရှန်က လက်ကို မုဒြာသဏ္ဍာန် ပြုလုပ်လိုက်ပြီး ရှေ့သို့တွန်းလွတ်လိုက်ရာ ရွှေရောင် ရုပ်ပွားတော်က ကောင်းကင်ထက်သို့ မြင့်တက်လာပြီး ဂျိချန်းရွဲ့ပေါ်သို့ ကျဆင်းလာလေသည်။


“သစ္စာရှိတာလား… တစ်ကယ်လို့ သူ့မှာသာ ဘုရင်ခံယုလို ရည်မှန်းချက် ကြီးကြီးရှိမယ်ဆိုရင် ငါသူ့ကိုကူညီမှာ မဟုတ်ဘူး… သူက အရမ်းကို အားနည်းလို့ ငါသူ့ကို ကူညီတာ… ငါပြောတာ မင်းနားလည်မှာပါ… ငါလိုအပ်တာက အမိန့်နာခံတတ်တဲ့ ရုပ်သေးရုပ်တစ်ရုပ်ပဲ….” ကျောက်မူရှန်က ခပ်ပြုံးပြုံးနှင့် ပြောဆိုလိုက်သည်။


ထိုစကားကို ကြားလိုက်ချိန်တွင် ဂျိချန်းရွဲ့၏ ခန္ဒာကိုယ်ပေါ်မှ ရုပ်ပွားတော်က ဖိကျလာပြီး သူ၏ ပါးစပ်နားနှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာကာ သေမင်းတံခါး၀သို့ ရောက်ရှိခါနီး အခြေအနေ ဖြစ်နေလေသည်။


ကျောက်မူရှန်က ဂျိချန်းရွဲ့ထံ ခပ်ဖြည်းဖြည်းလျောက်သွားလိုက်ပြီး သနားဟန်နှင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုအချိန်တွင် ကောင်းကင်ထက်မှအမျိုးသမီးတစ်ယောက်၏ ကြွေးကြော်သံက ရုတ်တရက် ထွက်ပေါ်လာပြီး အလင်းတန်းများ ဖြာထွက်နေသော ကျောက်စိမ်းအဆောင်တစ်ခုက ကျောက်မူရှန်ထံသို့ ဆင်းသက်လာလေသည်။ ကျောက်မူရှန်က မျက်၀န်းများက မှေးစင်းသွားပြီး လက်ကို မုဒြာပုံစံဖော်၍ ကျောက်စိမ်းအဆောင်ကို တားဆီးလိုက်သည်။


သို့သော် ကျောက်စိမ်းအဆောင်မှ အလင်းတန်းများက ပိုမိုအားကောင်းလာပြီး ကျောက်မူရှန်ကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေလေသည်။


“ဒါက … အာကာသအာနန် ဂိုဏ်းက ဂမ္မီရ စိတ်ဝိဥာဉ်အစီအရင်ပဲ…” ကျောက်မူရှန်က တီးတိုးရေရွတ်လိုက်သည်။


ပွယောင်းယောင်း အ၀တ်အစားများကို ၀တ်ဆင်ထားသော ပုံရိပ်တစ်ခုက ဂျိချန်းရွဲ့အနီးသို့ ရောက်ရှိလာလေသည်။ သူမ၏ သေးသွယ်နူးညံ့သော လက်ကလေးကို တစ်ချက်ဝေ့ရမ်းလိုက်ရာ ရုပ်ပွားတော်ပေါ်တွင် အက်ရာများ ထင်လာပြီး ပြိုကွဲ ပျက်ဆီးသွားလေသည်။ ထို့နောက် ဂျိချန်းရွဲ့ကို လက်တစ်ဖက်ဖြင့် ကောက်ပွေ့လိုက်ပြီး ပြောဆိုလိုက်သည်။


“အဖိုးကြီး အညှာအတာ ကင်းမဲ့လွန်းတာလဲ သိပ်မကောင်းဘူးနော်….”


နီယန်က ကျောက်မူရှန်ကို ခပ်ပြုံးပြုံးကြည့်၍ ပြောဆိုလိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။


ဖန်ဖန်ဆိုင်ငယ်လေးထဲတွင် ပုဖန်က ထိုင်ခုံပေါ်တွင် ထိုင်နေပြီး ရေနွေးကြမ်းကို သက်တောင့်သက်သာ သောက်နေလေသည်။ ထိုအချိန်တွင် နီယန်က ရုတ်တရက် ရောက်ရှိလာပြီး သူ့ရှေ့သို့ သွေးများ ဖုံးလွှမ်းနေသော လူတစ်ယောက်ကို ပစ်ချလိုက်သည်။


“ပိုင်ရှင်ပု .. ဒီကောင်လေးက လေအလင်းအင်ပါယာရဲ့ အနာဂတ် ဧကရာဇ်ပဲ ဒါပေမယ့်အခုတော့ သေခါနီးနေပြီး သူ့ကို ကယ်လိုက်ပါဦး….”