အပိုင်း ၁၃၀
Viewers 62k

အခန်း ၁၃၀ “ငါ့နှလုံးသားက နူးညံ့လွန်းတယ်”


“ဘာတွေဖြစ်နေတာလဲဟ….”


ပုဖန်ကနီယန်ကို မယုံသင်္ကာဟန်နှင့် စိုက်ကြည့်လိုက်ပြီး ကြမ်းပြင်ပေါ်မှ သေခါနီးလူကို ပြန်ကြည့်လိုက်သည်။


“ဒါက … ဂျိချန်းရွဲ့ မဟုတ်လား… သူက ဘယ်လို့ဖြစ်လို့ ဒီလောက်သနားစရာအခြေအနေ ဖြစ်သွားတာလဲ…”


ပုဖန်က လက်ထဲမှ ရေနွေးခွက်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ဂျိချန်းရွဲ့ကို ကူညီရန် ပြင်လိုက်သည်။ ရှောင်ယီကလည်း လာရောက်ကူညီလိုက်သည်။ သူတို့နှစ်ယောက်က ဂျိချန်းရွဲ့ကို ထိုင်ခုံတစ်ခုံပေါ်တွင် တင်လိုက်ပြီး သက်တောင့်သက်သာ လှဲထားလိုက်သည်။


“ဘာဖြစ်ခဲ့တာလဲ…” ပုဖန်က အပေါက်၀တွင် ရပ်နေဆဲဖြစ်သော နီယန့်ကို မျက်မှောင်ကြုံ့၍ စိုက်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။


“ဘာတွေဖြစ်မှာလဲ… ဒီလူငယ်လေးက ချောင်းမြောင်းတိုက်ခိုက်ခံရတာလေ… ငါအဲဒီနားမှာရှိနေတာ သူတော်တော် ကံကောင်းသွားတယ်… မဟုတ်ရင် ခုလောက်ဆို သေနေပြီ…” နီယန်က ဂျိချန်းရွဲ့ကို စာနာသနားဟန်နှင့် စိုက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။


“ဘုရင်ခံယုက သူနဲ့ ပူးပေါင်းထားတဲ့ ဂိုဏ်းတွေကို စေလွှတ်ပြီး ဂျိချန်းရွဲ့ကို လုပ်ကြံခိုင်းတယ်… ဒါပေမယ့် ဂျိချန်းရွဲ့ရဲ့ လက်အောင်ငယ်သားက သူ့ကို ကာကွယ်ပေးပြီး လွတ်မြောက်အောင် လုပ်ပေးလိုက်တယ်… ကံမကောင်းချင်တော့ ဘုရင်ခံယုက စောင့်နေပြီး သူ့ကို သတ်ဖို့ ပြင်လိုက်တယ်… ရှောင်မန်က ပေါ်လာပြီး သူ့ကို ကယ်တင်ပေးလိုက်တယ်… ဒါပေမယ့်လဲ ကျောက်မူရှန်ရဲ့ လက်ထဲကနေ သူပြေးမလွတ်ခဲ့ဘူး…” နီယန်က ဖြစ်ကြောင်းကုန်စင်ကို ပြန်လည်ပြောပြလိုက်သည်။


“ဒီကောင်က တစ်ကယ့်ကို ကံမကောင်းတဲ့ကောင်ပဲ …. သူက ဘာတွေများလုပ်ခဲ့လို့ ဒီလောက်လူတွေအများကြီးက ဝိုင်းသတ်ချင်နေရတာလဲ…” ပုဖန်က တစ်ချက်မဲ့လိုက်ပြီး တွေးလိုက်မိသည်။


“သူက ဘယ်လောက်ဆိုးဝါးတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့လို့ ဒီလောက်လူအများကြီးက လိုက်သတ်ရတာလဲ…” ပုဖန်က သွေးများ ပေပွနေသော ဂျိချန်းရွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။


ထိုအချိန်တွင် နီယန်၏ မျက်နှာအမူအယာက အံ့အားသင့်သွားပြီး ရယ်ချင်စိတ်ကို ထိန်းချုပ်၍ ပြန်ဖြေလိုက်သည်။


“သူက ဘယ်လိုရက်စက်ရုပ်မာတဲ့ အပြုအမူမျိုးကိုမှ မလုပ်ခဲ့ပါဘူး… သူက သူ့အကိုတွေဆီက နဂါးပလ္လင်လေးကို လုယူလိုက်တာလေး တစ်ခုပဲလေ… အရင်အင်ပါယာမင်းမြတ်က သေတမ်းစာမှာ သူ့ကို နဂါးပလ္လင်တော် လွဲပြောင်းပေးကြောင်း အမိန့်တမ်းပြန်ခဲ့တယ်.. ဒါက လေအလင်းအင်ပါယာရဲ့ နောက်ဆက်ခံမယ့် ဧကရာဇ်ကို သတ်မှတ်လိုက်တာပဲ … ဒီလိုဖြစ်တာတွေက အသေးအဖွဲလေးတွေပဲ ရှိပါသေးတယ်…”


ပုဖန်က အခြေအနေကို နားလည်သွားလေသည်. ညီအကိုများကြားတွင် ဂျိချန်းရွဲ့က သာမာန်သာ ဖြစ်သောကြောင့် နဂါးပလ္လင်ရရှိသွားသည်ကို သူ့အကိုတော်များက လက်ခံနိုင်လိမ့်မည်မဟုတ်ချေ။ ချမ်းသာကြွယ်၀မှုများက အန္တရာယ်ကို လက်ယပ်ခေါ်နိုင်သည်ဟူသော စကားအတိုင်းပင် သူ့တွင် အရည်အချင်းမရှိပါက ဤအခြေအနေကို ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ချေ။


“ငါ့ရဲ့ဆိုင်က ဆေးရုံမဟုတ်ဘူး… စားသောက်ဆိုင်တစ်ဆိုင်လေ… မင်းက ဘာကြောင့်သူ့ကို ခေါ်လာတာလဲ…” ပုဖန်က နီယန့်ကို မျက်နှာသေဖြင့် လှမ်းကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ မေးလိုက်လေသည်။


နီယန်က သူမ၏ မျက်၀န်းများ ကွေးသွားသည်အထိ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။


“ငါသာ သူ့ကို ဆေးရုံခေါ်သွားမယ်ဆို သူသေသွားမှာလေ… မဟာယာနကျွန်းရဲ့ လျို့ဝှက်နည်းလမ်းတွေက အရမ်းပြင်းထန်တယ်… နတ်ဘုရားသမားတော်တစ်ပါတောင် သူ့ကိုကယ်ဖို့ ခက်လိမ့်မယ်….”


“ငါ့ရဲ့ သက်စောင့်ဟင်းပွဲတွေကို ထည့်မတွက်နဲ့… ငါက သက်စောင့်ဟင်းပွဲ နှစ်မျိုးပဲ ချက်နိုင်သေးတယ်… ပြီးတော့ အဲဒီဟင်းပွဲတွေကလဲ သူ့ရဲ့ ဒဏ်ရာနဲ့ မကိုက်ညီဘူး…” ပုဖန်က ပြန်ပြောလိုက်သည်။


“သက်စောင့်ဟင်းပွဲတွေက အလုပ်မဖြစ်ရင်တောင် နင့်မှာဝိဥာဉ်ဆေးပင်တွေရှိသေးတယ် မဟုတ်လား… ဖီးနစ်သွေးဆေးပင်လို အဆင့်ခုနစ်ဆေးပင်က သူ့ကိုကယ်ဖို့ လိုအပ်တာထက်တောင် ပိုနေပြီ…” နီယန်က သူမ၏ ပန်းနုရောင် လျှာဖြားလေးကို ထုတ်၍ နှုတ်ခမ်းများကို သပ်လိုက်ပြီး ပုဖန်ကို ဆွဲဆောင်မှုရှိစွာ စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


“တစ်ပိုင်းလောက်ဆိုရင်ကို လုံလောက်နေပြီလေ…”


ပုဖန်က မချိပြုံးပြုံးလိုက်သည်။ ထိုအမျိုးသမီးက သူမျှော်လင့်ထားသည့် အတိုင်းပင် ဖီးနစ်သွေးဆေးပင်ကို ရည်ရွယ်နေခြင်း ဖြစ်သည်။ ရှေးဟောင်းဖီးနစ်သွေး ပါ၀င်ပြီး သတ္တမအဆင့် နတ်ဝိဥာဉ်ဆေးပင်ဖြစ်သော ဖီးနစ်သွေးဆေးပင်က ပြန်လည်ရှင်သန်နိုင်စွမ်းမြင့်မားပြီး ဂျိချန်းရွဲ့၏ အခြေအနေအတွက် အကောင်းဆုံးရွေးချယ်မှုပင် ဖြစ်သည်။ သို့သော် ပုဖန်က တွန့်ဆုတ်နေလေသည်။


သူ၏ မူလရည်ရွယ်ချက်က ဖီးနစ်သွေးဆေးပင်ကို အသုံးပြု၍ နဂါးရှင်သန်ခြင်းဝိုင်ထက် ကောင်းမွန်သော ဝိုင်တစ်မျိုးကို ချက်လုပ်ရန် ဖြစ်သည်။ ထို့အပြင် အဆင့်ခုနစ်ဆေးပင်များကို ရှာဖွေရန် လွယ်ကူခြင်းလည်း မရှိသောကြောင့် ဖြစ်သည်။


“ဖီးနစ်သွေးဆေးပင်… ငါက ဖီးနစ်သွေးဆေးပင်ကို သုံးပြီး သူ့ကိုကယ်ရမယ်ဆိုတော့… နင်က အဲဒါကိ်ု မလိုချင်တော့ဘူးလား…” ပုဖန်က ဇဝေဇ၀ါနှင့် မေးလိုက်သည်။


နီယန်က ဂျိချန်းရွဲ့ကို ညွန်ပြလိုက်ပြီး တောက်ပစွာ ပြုံးလိုက်လေသည်။


“ငါက ဂိုဏ်းထဲကနေ အပြင်ကို ထွက်ခဲတယ်.. အခု ငါထွက်လာတာက ဒီဆေးပင်ကို ရဖို့တစ်ခုထဲ ဟုတ်ပါ့မလား…. အဲဒါကို သုံးပြီး သူ့ကိုကယ်လိုက်ပါ… ငါ့ရဲ့ဂိုဏ်းမှာ အဆင့်ခုနစ် နတ်ဝိဥာဉ်ဆေးပင်တွေ ရှိပါသေးတယ်… ငါမနှမျောပါဘူး…”


“နင်မနှမျောတာ နင့်ဟာမှမဟုတ်တာ… ငါကတော့နှမျောတယ်..” ပုဖန်က တွေးလိုက်မိသည်။


ပုဖန်ကနီယန့်ကို စကားပြောချင်စိတ် မရှိတော့သောကြောင့် သေအံ့ဆဲဆဲဖြစ်နေသော ဂျိချန်းရွဲ့ကို လှည့်ကြည့လိုက်သည်။ နူးညံ့သိမ်မွေ့ပြီး ခန်ညားသပ်ရပ်စွာနေထိုင်တတ်ပြီး ချောမောသော လူငယ်လေးက သေချင်းတရားနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ပုဖန်က သက်ပြင်းချလိုက်မိသည်။


“ငါ့ရဲ့နှလုံးသားကလဲ အရမ်းကိုပဲ နူးညံ့လွန်းတယ်…” သူက တီးတိုးရေရွတ်လိုက်ပြီး မီးဖိုချောင်ဖက်သို့ လှည့်ထွက်သွားလိုက်သည်။


သူ၏ ရှေ့တွင် လူတစ်ယောက်သေဆုံးသွားမည်ကို ထိုင်မကြည့်နေနိုင်ချေ။ သူက အခြားသူများ၏ ဘ၀ကို ၀င်ရောက်စွတ်ဖက်လိုခြင်း မရှိသော်လည်း ဂျိချန်းရွဲ့က သူ့ဆိုင်မှ ပုံမှန်စားသုံးသူ တစ်ယောက်ဖြစ်သောကြောင့် ကယ်တင်ရပေလိမ့်မည်။ ပုဖန်က ဗီဒိုထဲမှ ဖီးနစ်သွေးဆေးပင်ကို ထုတ်ယူလိုက်သည်။ ဖီးနစ်သွေးဆေးပင်က အလွန်လှပပြီး ပတ္တမြားဖြင့် ထွင့်ထုထားသကဲ့သို့ နီညိုရောင် တောက်ပနေလေသည်။ စနစ်မှ ထောက်ပံ့ထားသော ဗီဒို၏ အစွမ်းကြောင့် လန်းဆန်းနေပြီး စွမ်းအင်များ ပြည့်နှက်နေဆဲပင် ဖြစ်သည်။


ပုဖန်က ဆေးပင်ကို ယူဆောင်လိုက်ပြီး မီးဖိုချောင်ထဲမှ ထွက်လာသည်နှင့် ဆိုင်အတွင်းတွင် ဆေးပင်၏ မွှေးရနံ့များ ပျံ့နှံ့သွားပြီး ဆိုင်အတွင်းမှ အပူချိန်ကလည်း မြင့်တက်လာလေသည်။ ပုဖန်၏ လက်ထဲမှ ဖီးနစ်သွေးဆေးပင်ကို မြင်လိုက်သည့်အချိန်တွင် နီယန်၏ မျက်၀န်းများ တောက်ပသွားလေသည်။ သူမက ဂရုမစိုက်သကဲ့သို့ ပြောခဲ့သော်လည်း သူတို့ဂိုဏ်း၏ ရတနာများထဲတွင် အဆင့် ခုနစ် ဆေးပင်က များများစားစား မရှိပေ။ ဖီးနစ်သွေးဆေးပင်ပေါ်တွင် မီးတောက်ငယ်လေးများ တုန်ခါနေပြီး ကောင်းကင်ပေါ်သို့ ပျံတက်တော့မယောင် ဖြစ်နေပေသည်။


“သူ့ကို ဒီဖီးနစ်သွေးဆေးပင်ရဲ့ တစ်၀က်ကြွေးလိုက်ပါ… ပြန်ရှင်မယ် မရှင်ဘူးကတော့ သူ့ရဲ့ ကံကြမာပဲပေါ့…” နီယန်က ပြောလိုက်သည်။


ဖီးနစ်သွေးဆေးပင်က အဆင့်ခုနစ် နတ်ဝိဥာဉ်ဆေးပင် ဖြစ်သောကြောင့် ပြန်လည်ကုသနိုင်စွမ်း ကြီးမားပြီး ဆေးပင်ထဲတွင် စွမ်းအင်အမြောက်အများ ပါ၀င်နေသောကြောင့် ဂျိချန်းရွဲ့က ပြန်မသက်သာလာနိုင်ပဲ ချက်ချင်း ပေါက်ကွဲသွားနိုင်ပေသည်။ ပုဖန်က အင်တင်တင်နှင့် တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။ သူ၏ လက်ကောက်၀တ်မှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး ပေါ်လာလေသည်။


သူက တွန့်ဆုတ်မနေပဲ ဖီးနစ်သွေးဆေးပင်ကို ဖြတ်တောက်လိုက်သည်။ နီယန်က ပုဖန်လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ကြည့်၍ သူမ၏ ရင်ထဲတွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ခံစားလိုက်ရပြီး မျက်၀န်းများ တောက်ပလာလေသည်။ ပုဖန်က ဖြတ်တောက်လိုက်ပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ထို့နောက် ဂျိချန်းရွဲ့ထံ လျောက်သွားလိုက်ပြီး သူ၏ စွမ်းအင်များကို လက်ဖဝါးထံပို့၍ ဆေးပင်ကို အရည်ညှစ်လိုက်သည်။ ပြင်းထန်လှသော သွေးနံ့များနှင့်အတူ ဆေးရည်စက်များက ဂျိချန်းရွဲ့၏ ပါးစပ်ထဲသို့ စီးဆင်းသွားလေသည်။


“ဒီလောက်ဆိုရင်တော့အဆင်ပြေလောက်ပါပြီင်္… ဟူး…. ဖီးနစ်သွေးဆေးပင်က တစ်၀က်ကျန်နေသေးတယ်ဆိုပေမယ့် ငါက အဲဒါကို အဓိက ပါ၀င်ပစ္စည်းအနေနဲ့ သုံးလို့မရတော့ဘူး… ကြည့်ရတာတော့ ဝိုင်လုပ်မို့ နတ်ဝိဥာဉ်ဆေးပင်တစ်ပင် ထပ်ရှာရဦးမယ်ထင်တယ်…” ပုဖန်က တွေးတောလိုက်ပြီး ဆေးပင်တစ်၀က်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။


ထို့နောက် နီယန့်ဘက်သို့ လှည့်လိုက်ရာ သူ၏ လက်ကောက်၀တ်ကို စိုက်ကြည့်နေသော နီယန်ကို တွေ့လိုက်ရသည်။


“နင်က တစ်ကယ့်ကို နတ်ဘုရားတစ်ပိုင်းလတ်နတ် ပိုင်ဆိုင်ထားတာပဲ…”


“နတ်ဘုရားတစ်ပိုင်းလတ်နတ်…” ပုဖန်က သံယောင်လိုက်လိုက်မိသည်။


နီယန်က သူမ၏ နှုတ်ခမ်းများကို ကိုက်လိုက်ပြီး အကြည့်လွှဲလိုက်လေသည်။ နတ်ဘုရားတစ်ပိုင်းအဆင့် လတ်နတ်က နဂါးမြို့ဟောင်းနယ်မြေတွင် ရှားပါးလှသောပစ္စည်းဖြစ်သည်။ အာကာသအာနန်ဂိုဏ်းက ကမ္ဘာပေါ်မှ သတင်းအချက်အလက်များကို စုဆောင်းထားနိုင်သော်လည်း ပုဖန်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်လတ်နတ် ပိုင်ဆိုင်သည်ကို မသိရှိထားခဲ့ချေ။ မီးဖိုချောင်သုံးဓါးက အစိမ်းရောင်အခိုးအငွေ့များအဖြစ် ပုဖန်၏ လက်ကောက်၀တ်သို့ ပြန်လည်၀င်ရောက်သွားခြင်းကို မတွေ့ခဲ့ပါက နတ်ဘုရားတစ်ပိုင်အဆင့် လတ်နတ်ဟု သူမက ပြောနိုင်လိမ့်မည်မဟုတ်ချေ။


“ဒီမီးဖိုချောင်သုံးဓါးက တစ်ကယ်ပဲ နတ်ဘုရားတစ်ပိုင်းအဆင့် လတ်နတ်ဖြစ်နေတာလား.. ဒီလောက်တန်ဖိုးရှိတဲ့ပစ္စည်းကို သူက ဒီလိုအသုံးပြုနေတာလား…”


နီယန်နှင့် ပုဖန်တို့ အတွေးနက်နေစဉ်အချိန်တွင် ဖီးနစ်သွေးဆေးပင်၏ တစ်၀က်ကို စားသောက်ထားသော ဂျိချန်းရွဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်၀န်းများက ပွင့်ဟလာပြီး မီးတောက်များ တောက်နေသကဲ့သို့ သွေးနီရောင် ပြောင်းလဲသွားလေသည်။ ပြာပုံထဲမှ ပြန်လည်ရှင်သန်ခြင်းဖြစ်စဉ်က စတင်နေပြီဖြစ်သည်။ ဂျိချန်းရွဲ့၏ သေခြင်းရှင်ခြင်းက သူ့အပေါ်တွင်သာ မူတည်နေလေသည်။ ပုဖန်က ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်ပြီး နီယန့်ကို မောင်းထုတ်လိုက်ကာ ကွမ်းရှောင်ယီကိုလည်း ပြန်လွှတ်လိုက်ပြီး ဆိုင်တံခါး ပိတ်လိုက်လေသည်။


ဆိုင်ထဲတွင် ဂျိချန်းရွဲ့က ညည်းညူအော်ဟစ်နေလေသည်။ သူ၏ ခန္ဒာကိုယ်ထဲတွင် မည်မျှ နာကျင်နေသည်ကို ပုဖန်က မသိရှိနိုင်ချေ။ သူကမီးဖိုချောင်ထဲ ၀င်သွားလိုက်ပြီး အေးခဲကျောက်စိမ်းနှလုံးသားဝိုင် အိုးကြီးတစ်အိုး ပြုလုပ်လိုက်ပြီး အိပ်စက်ရန် အပေါ်ထပ်သို့ တက်သွားလိုက်လေသည်။ သူ့အတွက် အိပ်ရေး၀ရန် အလွန်အရေးကြီးပေသည်။ အခန်းတံခါးများက အသံလုံသောကြောင့် ဂျိချန်းရွဲ့၏ အော်သံကို မကြားရချေ။ ထို့ကြောင့် ပုဖန်က အိပ်မောကျသွားလေတော့သည်။